← Chapters

ခွေးမသား မန် ငါနဲ့ တိုက်ရဲလား မတိုက်ရဲဘူးလား

Vol. 27 Ch. 367

ခွေးမသား မန် ငါနဲ့ တိုက်ရဲလား မတိုက်ရဲဘူးလား

Vol. 27 Ch. 367

လျှပ်တပြက်အတွင်း သုံးလ ကုန်ဆုံးသွားလေပြီ။ ထိုအတောအတွင်း သန့်စင်နှင်းမြို့သူမြို့သားတိုင်းမှာ စစ်ရေးလေ့ကျင့်မှုမျိုးစုံ လုပ်ဆောင်နေကြရသည့်အတွက် တစ်မြို့လုံး လှုပ်လှုပ်ရှားရှား ဖြစ်နေတော့သည်။ ထိုအချိန်တွင် အနက်ရောင်နယ်မြေ၌ အလွန်အရေးပါသော အဖြစ်အပျက်များ ဖြစ်ပွားခဲ့သည်။ ကိုးပြည်ထောင်စုမှာ နာမည်ရှိသေးသော်လည်း တကယ့်လက်တွေ့တွင် မတည်ရှိတော့ပေ။ ကိုးပြည်ထောင်စုအနက်မှ သန့်စင်နှင်းမြို့တော်အပြင် ပိုက်ကွန်မြို့တော်သာ ကျန်ရှိတော့လေသည်။

ပိုက်ကွန်မြို့ ကျန်ရစ်နေသေးသည့်အကြောင်းရင်းမှာ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးအပြင် အသားစီးရသောနေရာကို သိမ်းပိုက်ထားခြင်းကြောင့်ဖြစ်သည်။ ထိုမျှသာမက မြို့တွင် ကျင့်ကြံသူတစ်ထောင်နီးပါး တည်ရှိ၏။ ၄င်း၏ ကြီးမားသောအရွယ်အစားကြောင့် အနက်ရောင်နယ်မြေနန်းတော်သည် သန့်စင်နှင်းမြို့တော်ကို အချိန်တစ်ခုအထိ လျစ်လျူရှု၍ ပိုက်ကွန်မြို့တော်သို့ အင်အားအများစုအား စေလွှတ်ထားလေသည်။

မှန်ပါသည်၊ သန့်စင်နှင်းမြို့တော်၏ မြေမျက်နှာသွင်ပြင်အနေအထားနှင့်လည်း အများကြီးသက်ဆိုင်သည်။ ၄င်းမှာ ချောင်ကျပြီး တစ်နှစ်ပတ်လုံး နှင်းတို့ဖြင့်ဖုံးလွှမ်းနေသည် မဟုတ်ပါလော။

တစ်ခါက ထင်ရှားကျော်ကြားခဲ့သော ကိုးပြည်ထောင်စုတွင် သန့်စင်နှင်းမြို့နှင့် ပိုက်ကွန်မြို့သာ တည်ရှိတော့သည်။ တခြားမြို့အားလုံးမှာ ဖျက်စီးခံလျှင်ခံရ၊ မဟုတ်လျှင် စွန့်ပစ်ခံခဲ့ရသည်။ ယခုအချိန်တွင် အနက်ရောင်နယ်မြေ၏ ဒေသအတော်များများမှာ အနက်ရောင်နယ်မြေနန်းတော်၏ အပိုင်ဖြစ်နေလေပြီ။

အမှန်တော့ အနက်ရောင်နယ်မြေနန်းတော်ကို ဟန့်တားနေသည့် တတိယမြောက်နေရာတစ်ခု ရှိနေ၏။ ထိုနေရာသည် ယခင်က တုန်းလော့မြို့ဟု အသိများခဲ့သော်လည်း ယခုတွင် ရွှေအလင်းဘုရားကျောင်းတော်ဟု ကျော်ကြားနေသောနေရာဖြစ်သည်။

ရွှေအလင်းဘုရားကျောင်းသည် ဤသုံးလအတောအတွင်း အနက်ရောင်နယ်မြေတစ်ခွင် ပြဲပြဲစင်အောင် ထင်ရှားကျော်ကြားလာခဲ့၏။ ၄င်းတွင် အံ့ဖွယ်မန္တန်အစီအရင်တစ်ခုနှင့်အတူ အဖွဲ့ဝင်ငါးထောင်ရှိသည်။ ယခုလောလောဆယ်တွင် အနက်ရောင်နယ်မြေနန်းတော်မှာ ရွှေအလင်းဘုရားကျောင်းအား အလျှော့ပေး၍ ထိုနေရာတွင် နေခွင့်ပေးရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

လျှို့ဝှက်ပြီး ပဟေဠိဆန်သော ခေါင်းဆောင်ကြီးရွှေအလင်းမှာမူ အနက်ရောင်နယ်မြေတွင် ပို၍ပင် နာမည်ကြီးလာပြီး သူနှင့်ပတ်သက်သော ဇာတ်လမ်းများ တိုးပွားလာသည်။

သုံးလလွန်သော် အနက်ရောင်နယ်မြေ၏ အခြေအနေမှာ မတည်ငြိမ်တော့ပေ။ ထိုအချိန်က အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများနှင့်အတူ အနက်ရောင်နယ်မြေနန်းတော်၏ ကျင့်ကြံသူစစ်တပ် သန့်စင်နှင်းမြို့တော်၏ အပြင်တွင် နောက်တစ်ဖန်ပေါ်လာသော အချိန်ဖြစ်သည်။ စစ်တပ်တစ်တပ်လုံးတွင် ကျင့်ကြံသူထောင်ပေါင်းများစွာနှင့် မိစ္ဆာသားရဲသုံးသောင်းပါဝင်၏။

ဤတစ်ခေါက်တွင်တော့ အင်အားစမ်းပွဲမဟုတ်တော့၊ စစ်ပွဲအစစ်ဖြစ်သည်။ မှော်စွမ်းအားတို့ဖြင့် တဂျိန်းဂျိန်းမြည်ဟည်းလျက် ရွေ့လျားလာသော စစ်ရထားများသည် မြေပြင်တွင် ပြည့်နေ၏။ စစ်ရထားများမှ ဆူးချွန်များက ထောင်မတ်နေပြီး ကြောက်မက်ဖွယ်စွမ်းအားကြီးဖြင့် ထိုးဖောက်ပစ်နိုင်ကြောင်း ညွှန်ပြနေသည့်အလား စူးရှသောအလင်းရောင်တို့ကို ထုတ်လွှတ်နေသည်။

မိစ္ဆာသားရဲသုံးသောင်းကျော်မှာမူ မြေပြင်ကိုသာမက ကောင်းကင်ကိုပါ ဖုံးလွှမ်းလျက်ရှိသည်။

ကျင့်ကြံသူများအကြား၌ တွေ့ရသည့် အဆင့်နိမ့်ဆုံးကျင့်ကြံခြင်းအခြေခံမှာ ချီအခြေတည်အဆင့်ဖြစ်၏။ အမြုတေဖြစ်တည်မှုအဆင့်မှာမူ အင်အားငါးရာခန့်ရှိသည်။

ဤမျှ များပြားသော အင်အားက အနက်ရောင်နယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေရန် လုံလောက်လေသည်။ သို့သော် ပို၍ပင် အံ့သြစရာကောင်းသည်က စစ်တပ်ထဲ၌ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ တစ်ယောက်မဟုတ်ဘဲ လေးယောက်ပါဝင်နေသည့်အချက် ဖြစ်သည်။

သိသာစွာပင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူလေးဦးသည် အေးခဲနှင်းမျိုးနွယ်စု၏ အကြီးအကဲလေးဦးနှင့် ရင်ဆိုင်ရန် ဖြစ်သည်။ နှစ်ယောက်က အနက်ရောင်နယ်မြေနန်းတော်မှ ငွေရောင်မျက်နှာဖုံးအဆင့် ကျင့်ကြံသူများဖြစ်ပြီး နှစ်ယောက်က အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ ဖြစ်သည်။

တဝေါဝေါကျနေသော နှင်းအလွှာများနှင့်တူသည့် အကာအကွယ်မန္တန်အစီအရင်များက သန့်စင်နှင်းမြို့ကို ဝန်းရံထားသည်။ မြို့အထက်က ကောင်းကင်တွင် မရေမတွက်နိုင်သော စွမ်းအားမျှင်များ ထုတ်လွှတ်လျှက် လည်နေသော ဧရာမကြယ်ကြီးဆယ်လုံးလည်း ရှိသည်။

မြို့ထဲတွင်တော့ အေးခဲနှင်းမျိုးနွယ်ဝင်များအပါအဝင် ကျင့်ကြံသူတစ်ထောင်စွန်းစွန်း ရှိသည်။ အပြင်ဘက်ရှိ စစ်တပ်နှင့်ယှဥ်လျှင် အင်အားမှာ မိုးနှင့်မြေပမာ ကွာခြားလှ၏။ သန့်စင်နှင်းမြို့စစ်တပ်ကို တပ်စိတ်လေးစိတ် ပိုင်းခြား၍ မြို့တံတိုင်းများကို ကာကွယ်ရန် တာဝန်ပေးထားသည်။

မြို့ထဲရှိ ကျင့်ကြံသူများ၏ မျက်နှာများမှာ စိုးရိမ်သောကများဖြင့် တင်းမာခက်ထန်နေကြသည်။ သူတို့မှာ ကြောက်သော်လည်း ထွက်ပြေး၍မရပေ။ အကြီးအကဲလေးဦးက မြို့၏ မတူညီသောအပိုင်းများတွင် နေရာယူထားကြသည်။ သူတို့၏မျက်နှာများမှာလည်း စိုးရိမ်သောကများပြည့်နှက်နေသည်။

မန်ဟိုက ခြံဝင်းထဲမှ ထွက်လာပြီး မြို့တံတိုင်းတစ်ခုထံ လျှောက်သွားသည်။ သူသည် ရန်သူစစ်တပ်၏ ကြောက်မက်ဖွယ်ရာ အင်အားကို လှမ်းကြည့်လိုက်၏။ ယခင်က စစ်ပွဲများအား သူကြည့်ရှုခဲ့ဖူးသော်လည်း ဤနေရာမှနေ၍ ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်မည်။

ဤကဲ့သို့သော ခမ်းနားကြီးကျယ်သည့် ကျင့်ကြံသူစစ်ပွဲနှင့် ပတ်သက်လျှင် မန်ဟို့၏စွမ်းအားက အရေးပါကောင်း အရေးပါနိုင်သော်လည်း အောင်မြင်မှုအား အသေအချာရယူရန် မလုံလောက်ပေ။ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်သာ ထိုသို့လုပ်နိုင်၏။

စစ်ပွဲကား အချိန်မရွေး စတင်ပေတော့မည်။

ရုတ်တရက် စစ်ခရာသံများ ပဲ့တင်ထပ်လာသည်။ အသံများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဝေဟင်သားရဲကြီးများနှင့် မြေပြင်ပေါ်က ကမ္ဘာသစ်မိစ္ဆာများအားလုံး ဟိန်းဟောက်ပြီး ချီတက်လာကြသည်။

သူတို့၏အနောက်တွင် ကျင့်ကြံသူထောင်ပေါင်းများစွာက စစ်ရထားများကို မောင်းနှင်ရင်း သန့်စင်နှင်းမြို့တော်သို့ ချီတက်လာကြသည်။

"မိုးကြိုးပင်လယ်ဆေးလုံး" အေးခဲနှင်းမျိုးနွယ်စု၏ အကြီးအကဲတစ်က အော်သည်။ လေထဲ၌ ဝုန်းခနဲ ပေါက်ကွဲသံ ထွက်ပေါ်သွားပြီး အရာအားလုံး မှုန်ဝါးလာသည်။ သန့်စင်နှင်းမြို့တော်ကို ဝန်းရံထားသည့် နှင်းအလွှာ ကွဲအက်သွားသည့်ပုံရသည်။

သူ၏စကားလုံးများ ပဲ့တင်ထပ်သွားသည်နှင့် မြို့ထဲမှ ဆေးလုံးလေးလုံးအား လှမ်းပစ်လိုက်သည်။ တစ်လုံးကို ပျံသန်းနေသော ရေနဂါးတစ်ကောင်က လှမ်းဟပ်လိုက်သည်။ ရုတ်တရက် ၄င်း၏ခန္ဓာကိုယ်မှာ တုန်ရီလာပြီး ဝုန်းခနဲ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားတော့သည်။ သွေးအမှုန်အမွှားများအတွင်းမှ လျှပ်စီးတန်းအမြောက်အမြား ထိုးထွက်လာ၏။

၄င်းတို့က အဘက်ဘက်သို့ ဖြာထွက်ပြီး မီတာသုံးရာကျော်ခန့် ကျယ်ဝန်းသည့် ဧရာမမိုးကြိုးပင်လယ်ကြီးတစ်စင်း ဖန်တီးလိုက်သည်။

မိုးကြိုးပင်လယ်အတွင်း၌ ပိတ်မိသွားသည့် ဝေဟင်သားရဲအားလုံး တစစီစုတ်ဖြဲခံလိုက်သဖြင့် စူးစူးဝါးဝါး အော်ဟစ်သံများ ဆူညံသွားတော့သည်။

အောက်သို့ ကျသွားသည့် မိုးကြိုးပင်လယ်ဆေးလုံးသုံးလုံးက ပထဝီမြေကြီးအား တသိမ့်သိမ့် လှုပ်ခတ်သွားစေသည်။ ရုတ်တရက် မီတာသုံးရာအကျယ် မိုးကြိုးပင်လယ်များ ပေါ်ပေါက်လာသည်။ သားရဲများ၊ ကျင့်ကြံသူများ မည်သည့်အရာမဆို လျှပ်စီးတန်းများ၏ နုတ်နုတ်စဥ်းခံလိုက်သဖြင့် မချိတင်ကဲအော်ဟစ်ရင်း သေဆုံးသွားကြ၏။

တစ်ချိန်တည်းမှာပင် ခေါင်းအထက်တွင် တိမ်မည်းတိမ်စိုင်ကြီးများ ပေါ်ပေါက်လာသည်။ စူးရှတောက်ပနေသော မိုးကြိုးက ဂျိန်းခနဲ ထစ်ချုန်းရင်း မြေပြင်ပေါ် ပစ်ချလိုက်သည်။

ဤမိုးကြိုးပင်လယ်ဆေးလုံးလေးလုံး၏ ထိရောက်မှုမှာ တကယ်တမ်း မန်ဟို မျှော်လင့်ထားခဲ့သည်ထက်ပင် ကျော်လွန်နေသည်။ သူသည် ၄င်းတို့ကို ယခင်သုံးလက ဖော်စပ်၍ အေးခဲနှင်းမျိုးနွယ်စုကို ပေးခဲ့ခြင်းဖြစ်သည်။

သူ၏တွက်ချက်မှုအရ ဤဆေးလုံးများသည် မီတာဒါဇင်အနည်းငယ်ကျယ်သော မိုးကြိုးပင်လယ်များကိုသာ ထုတ်ပေးနိုင်သည်။ သို့ရာတွင် သူ့အတွက် အကြောင်းရင်းကို နားလည်ရန် တခဏသာ ကြာလိုက်သည်။ ဤနေရာတွင် နှင်းမုန်တိုင်းများက စဥ်ဆက်မပြတ် ရစ်သိုင်းလျက်ရှိသည် မဟုတ်လော။ ရေခဲတို့ဖုံးလွှမ်းနေသော မြေကြီးနှင့် တဝေါဝေါတိုက်ခတ်နေသော လေပြင်းတို့က တကယ်တမ်း သန့်စင်နှင်းမြို့တော်၏ အထူးမန္တန်အစီအရင်များ ဖြစ်သည်။ ၄င်းတို့က မိုးကြိုးပင်လယ်ဆေးလုံးများ၏ ထိရောက်မှုကို မြှင့်တင်ပေးကာ စွမ်းအားကို ဆတိုးသွားစေခဲ့ခြင်းပင်။

"မြှင့်တင်ပေးတာက အကန့်အသတ်ရှိတယ်" မန်ဟိုက တွေးသည်။ "ဒီလောက်အရွယ်အစား သုံးတာ အရမ်းများရင် မန္တန်အစီအရင်တွေ အလိုလိုပျက်စီးကုန်လိမ့်မယ်"

ဝမ်းမြောက်ဝမ်းသာကြွေးကြော်သံများ မြို့တောက်လျှောက် ကြားလိုက်ရသည်။

"မဟာအကြီးအကဲမန်က တော်လိုက်တာ"

"အဲ့ဒါက မဟာအကြီးအကဲမန် ဖော်စပ်ထားတဲ့ မှော်ဆေးလုံးပဲ။ ဘယ်လောက်အစွမ်းထက်လိုက်သလဲကြည့်။ ကောင်းကင်နဲ့မြေကြီးကိုတောင် ကိုင်လှုပ်ပစ်နိုင်တယ်"

"မဟာအကြီးအကဲမန်"

အော်ဟစ်ကြွေးကြော်သံများက မြို့တံတိုင်းကို ကျော်လွန်၍ အပြင်ဘက်သို့ ပျံ့လွင့်လာသည်။ ထိုကြွေးကြော်သံများ၏အနောက်မှ ကျင့်ကြံသူများလိုက်လာကြ၏။ သူတို့ပျံထွက်လာသည်နှင့် မြို့အထက်က ကြယ်တစ်လုံးလည်း ပျံထွက်လာကာ အနက်ရောင်နယ်မြေနန်းတော်ကျင့်ကြံသူများအား ခေါင်းတခြားကိုယ်တခြား ဖြစ်သွားစေသည်။

မြေပြင်သည် တသိမ့်သိမ့်တုန်ခါနေပြီး အလောင်းများ တောင်ပုံရာပုံ ပြည့်နေတော့သည်။ တဝုန်းဝုန်းပေါက်ကွဲသံများနှင့်အတူ သွေးပျက်မတတ် အော်ဟစ်သံများက ဆူညံပွက်လောရိုက်လျက်ရှိ၏။ သွေးစက်တို့ကလည်း မိုးပေါက်များသဖွယ် ဖွားခနဲ ဖွားခနဲ လွင့်စင်နေသည်။ မန်ဟိုသည် ဤအဖြစ်အပျက်အားလုံးကိို မြို့တံတိုင်းပေါ်မှ ကြည့်ရင်း စိတ်နှလုံးတုန်လှုပ်နေတော့သည်။

စစ်ရထားများမှ မှော်အလင်းတို့က ပြိုးပြိုးပြက်ပြက်လက်နေပြီး မြို့၏အကာအကွယ်များကို ဝင်တိုက်သည်။ မြေကြီးပေါ်ရှိ ရေခဲလွှာမှာ စတင်အက်ကွဲလာပြီး ကောင်းကင်ပင်လျှင် စုတ်ဖြဲခံရတော့မည် ပုံပေါ်သည်။

ဤအချိန်တွင် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်ယောက် လေပေါ် ပျံတက်လာ၏။ သူသည် အမြုတေဖြစ်တည်မှု နှောင်းပိုင်းအဆင့်ဖြစ်ပြီး ခန္ဓာကိုယ်ပေါ်၌ အရုပ်ဆေးမင်ကြောင်သုံးခု ရှိသည်။ တစ်ရုပ်က ရေနဂါးအရုပ်ဖြစ်ကာ နောက်တစ်ရုပ်က တောင်ဝိညာဥ်ဖြစ်ပြီး တတိယမြောက်ကတော့ ဧရာမမြစ်ကြီးတစ်စင်းဖြစ်သည်။ သူက သွေးတို့ စက်လက်စက်လက်ကျနေသည့် ခေါင်းပြတ်တစ်လုံးကို ကိုင်ရင်း လေလယ်တွင် ရပ်နေသည်။ ထို့နောက် မြို့ရှိရာသို့ လှမ်းကြည့်ပြီး အားပါးတရ အော်ရယ်၏။

"မဟာအကြီးအကဲမန် ထွက်လာပြီး ငါနဲ့တိုက်ရဲလား" သူ၏အနောက်တွင် ရေနဂါးတစ်ကောင်ပေါ်လာပြီး ဟိန်းဟောက်ကာ ကောင်းကင်သို့ ထိုးတက်သွား၏။ ရေနဂါးဘေးတွင် မထီမဲ့မြင်ပြုံးနေသော ဧရာမတောင်ဝိညာဥ်ကြီးတစ်ကောင်ရှိသည်။ အဆိုပါကျင့်ကြံသူ၏ခြေထောက်အောက်တွင်ကား ဧရာမမြစ်ကြီးတစ်စင်း ပေါ်လာလေသည်။

"ငါက တလောင်။ အနောက်ပိုင်းသဲကန္တာရ ဆူးနွယ်မျိုးနွယ်စုရဲ့ အရုပ်သုံးရုပ်ကျင့်ကြံသူ။ သန့်စင်နှင်းမြို့တော်က မဟာအကြီးအကဲမန် မင်းကို ငါ စိန်ခေါ်တယ်။ ဟေ့ကောင် ငါ့ကို တိုက်ရဲလား။ ဆေးပဲဖော်တတ်တာလို့ လာမပြောနဲ့နော်။ မန် ခွေးမသား ငါနဲ့တိုက်ရဲလား မတိုက်ရဲဘူးလား။ မင်းက ချောင်တစ်ချောင်မှာပဲကုပ်ပြီး ဆေးဖော်တတ်တဲ့ နလပိန်းတုံး ဆေးဝါးပညာရှင်လေးတစ်ယောက်ပဲ။ အခု အများရှေ့မှာ ငါနဲ့ လာတိုက်ရဲလား"

သူ၏စကားလုံးများ ပဲ့တင်ထပ်နေစဥ် မန်ဟိုသည် အာကျယ်နေသော ကျင့်ကြံသူနှင့် သူ၏အရုပ်များကို ကြည့်ရင်း မြို့တံတိုင်းပေါ်၌ ရပ်နေသည်။

"တောင်ဝိညာဥ်အရုပ်" မန်ဟိုက တွေးသည်။ "တောင်နဲ့လည်းတူတယ်၊ ဝိညာဥ်နဲ့လည်း တူတယ်။ ဒါကို လေ့လာကြည့်မှဖြစ်မယ်" ရုတ်တရက် သူ၏မျက်လုံးများ ဝင်းလက်သွား၏။

သူ၏ဘေးတွင် အကြီးအကဲသုံးဖြစ်သည့် အဘွားအိုရှိသည်။ သူမက မျက်မှောင်ကြုတ်သွား၏။

"မင်းကို ရန်စနေတာ" သူမက ပြောသည်။ "ဒါ သေချာပေါက် လှည့်ကွက်တစ်ခုပဲ။ မဟာအကြီးအကဲမန် မင်း..." အဘွားကြီး စကားပြောမပြီးသေးခင် မန်ဟို၏ခန္ဓာကိိုယ်က ရိပ်ခနဲဖြစ်သွားပြီး မြို့တံတိုင်းမှ ထွက်ခွာသွားလေပြီ။

အဘွားကြီး မျက်နှာပျက်သွားပြီး သူ့နောက်လိုက်ရန် တဟုန်ထိုးထွက်သွားသည်။ သို့သော် သူမ ထွက်သွားသည့်အချိန်မှာပင် အနက်ရောင်နယ်မြေနန်းတော်မှ ငွေရောင်မျက်နှာဖုံးနှင့် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်က အကျည်းတန်စွာ ရယ်ပြီးနောက် ပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာသောအခါ အဘွားအို၏ အရှေ့တည့်တည့်တွင် လမ်းကို ပိတ်ထားလေပြီ။

ခေါင်းပြတ်ကို ကိုင်ထားသည့် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူက မန်ဟိုချဥ်းကပ်လာသည်ကို ကြည့်ရင်း လေတွင် ရပ်နေသည်။ သူက အသံကျယ်ကြီးဖြင့် အော်ရယ်ပြီး ညာလက်ကို ခပ်တင်းတင်းဆုပ်လိုက်ရာ ခေါင်းပြတ်အား ပေါက်ကွဲသွားစေ၏။ အသားအစအနနှင့် သွေးတို့က သူ၏ခန္ဓာကိုယ်ကို လာစင်သည်။ သူက ကောက်ကျစ်သောအပြုံးဖြင့် မန်ဟိုထံ ပြေးထွက်သွားသည်။

သူတို့က အမြင့်ဆုံးအရှိန်ဖြင့် တစ်ယောက်ထံ တစ်ယောက် ချဥ်းကပ်လာနေရာ နှစ်ဖက်လုံးမှ ကျင့်ကြံသူများ၏ အာရုံကို ဆွဲဆောင်လိုက်၏။ သန့်စင်နှင်းမြို့တော်မှ ကျင့်ကြံသူအားလုံးမှာ ရင်တထိတ်ထိတ်ဖြစ်နေကြပြီး အကြီးအကဲသုံးဦးက အကူအညီပေးရန် ကြိုးစားပါသော်လည်း အနက်ရောင်နယ်မြေနှင့် အနောက်ပိုင်းသဲကန္တာရမှ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများက လမ်းပိတ်ထားလေသည်။

"မန် ခွေးမသား အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတွေ ဘယ်လိုလူသတ်လဲဆိုတာ မင်းနားလည်အောင် လုပ်ပေးမယ်" ဤလူထွားကြီး၏ အမြုတေဖြစ်တည်မှုနှောင်းပိုင်းအဆင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားသည် ကြောက်မက်ဖွယ် အတိုင်းအတာအထိ ထွက်ပေါ်လာ၏။ သူ့အနောက်ရှိ ရေနဂါးကြီးက ဟိန်းဟောက်နေပြီး တောင်ဝိညာဥ်မှ ရက်စက်သောအခိုးအငွေ့တို့ ထုတ်လွှတ်နေသည်။ ဧရာမမြစ်ကြီးကတော့ တဝေါဝေါအော်မြည်လျက်ရှိ၏။ ၄င်းတို့အားလုံးကား အလွန်အမင်းခံညားထည်ဝါနေတော့သည်။

ဤလူသည် သူ၏ပြိုင်ဘက်ကို သတ်နိုင်သည်ဟူ၍ တထစ်ချယုံကြည်နေ၏။မဟာအကြီးအကဲမန် သူ၏ထောင်ချောက်ထဲ ဝင်လာသည်နှင့် သူ့ကို သတ်ရန် တစ်ခဏ နှစ်ခဏသာ ကြာလိမ့်မည်ဟု တွေးနေသည်။

"မြို့တံတိုင်းကနေ ထွက်လာကတည်းက သူ့ကံကြမ္မာက သတ်မှတ်ပြီးသွားပြီ" အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူက ကောက်ကျစ်စွာပြုံးရင်း တွေးနေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် တစ်ယောက်ထံမှတစ်ယောက် မီတာသုံးဆယ်ခန့်သာ ကွာတော့၏။ မန်ဟို၏အမူအရာမှာ ပြောင်းလဲခြင်းမရှိသော်လည်း ရုတ်တရက် သူ၏ခန္ဓာကိုယ်မှ သွေးရောင်အလင်း ဖြာထွက်လာသည်။ မြန်နှုန်းမြင့်သွေးအလင်းက သူ့ကို ကောက်ကျစ်စွာ ပြုံးနေသော အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူ၏အရှေ့တည့်တည့်သို့ ရုတ်ခြည်း ရောက်သွားစေသည်။

ထိုလူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး စဥ်းပင်မစဥ်းစားမိဘဲ နောက်သို့ဆုတ်လိုက်၏။ သို့သော် မန်ဟို၏လက်က လျှပ်စီးကဲ့သို့အမြန်နှုန်းဖြင့် ဝင်လာပြီး သူ၏အဝတ်ကိုဆွဲကာ ခေါင်းအထက်သို့ မြှောက်လိုက်သည်။ သူက ဤတိုက်ကွက်ကို အကြိမ်များစွာ လေ့ကျင့်ထားခဲ့သည့်အလား ဟာကွက်မရှိဘဲ လှုပ်ရှားလိုက်ခြင်းဖြစ်သည်။

၄င်းက ထူးဆန်းသော တိုက်ကွက်ဖြစ်ပြီး မြင်လိုက်သည့်လူတိုင်းအား ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။

မန်ဟို ကြောင်နေသော အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူကို ဆွဲပြီး အပေါ်သို့မြှောက်လိုက်သည့် အခိုက်အတန့်၌ ကောင်းကင်တွင် လျှပ်စီးတန်းတစ်တန်း ကောက်ကာငင်ကာ ပေါ်လာသည်။ ဤလျှပ်စီးတန်းက သာမန်လျှပ်စီးတန်းနှင့် ကွဲပြားနေသယောင်ပင်။

အကြောင်းရင်းကား ၄င်းက သာမန်မဟုတ်ဘဲ ပြစ်ဒဏ်မိုးကြိုးဖြစ်နေ၍ပင်။

ကြည့်နေသူများမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်။ ကောင်းကင််ပြစ်ဒဏ်မိုးကြိုးက အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ပစ်ချလိုက်သည်။ ရေနဂါးကြီးမှာ စူးစူးဝါးဝါးအော်ရင်း အစိတ်စိတ်အမြွှာမြွှာဖြစ်သွား၏။ တောင်ဝိညာဥ်လည်း ပြိုကွဲသွားပြီး မြစ်မှာ ပေါက်ကွဲသွားလေသည်။ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူမှာ အော်ရန်ပင်အချိန် မရလိုက်။ ပြစ်ဒဏ်မိုးကြိုးက သူ၏ခန္ဓာကိုယ်ကို ဝင်တိုက်ပြီး .... မည်းတူးသွားစေသည်။

သူကား အသက်မရှိတော့ပေ။

သူသည် ထိုကဲ့သို့ မိုးကြိုးဒဏ်ကို ခုခံနိုင်သော မန်ဟိုမဟုတ်ပေ။ သိသာစွာပင် ဤလူမှာ မည်သည့်ပညာရပ်မှ အသုံးမပြုနိုင်သဖြင့် အသက်ထွက်သွားခဲ့လေပြီ။

"တောင်ဝိညာဥ်အရုပ်တော့ နှမြောစရာပဲ" မန်ဟိုက ခေါင်းတခါခါနှင့် ပြောရင်း အလောင်းကို ပစ်ချလိုက်၏။ လူတိုင်းမှာ မန်ဟို မြန်နှုန်းမြင့်သွေးအလင်းကိုသုံး၍ မြို့တံတိုင်းထံ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ပြန်သွားနေသည်ကို ကြောင်တောင်တောင်ဖြင့် ကြည့်နေကြလေသည်။

***

All Chapters