လျှို့ဝှက်မဟာမိစ္ဆာသားရဲသခင်ပညာရပ်
Vol. 27 Ch. 368
စစ်မြေပြင်တစ်ခုလုံး ရုတ်တရက်ကြီး တိတ်ဆိတ်သွားသည်.....
စစ်မြေပြင်ပေါ်ရှိ လူများအဖို့ ကျင့်ကြံသူတစ်ယောက် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသည်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်၏။ မိုးကြိုးသည် စွမ်းအားကြီးမားပါသော်လည်း ကျင့်ကြံသူများမှာ နယ်နယ်ရရမဟုတ်ပေ။ တစ်ယောက်နှင့်တစ်ယောက် ကျိန်ဆဲရာ၌ မိုးကြိုးပစ်ခံရလိမ့်မည်ဟု ပြောတတ်ကြသော်လည်း ယခုလို အမှန်တကယ်ဖြစ်ပျက်သည်ကိုတော့ မြင်ဖူးသူမရှိသလောက်ပင်.....
သာမန်မိုးကြိုးကြောင့် အသက်ဆုံးရှုံးရသူ မရှိသလောက် နည်းပါးလျှင် ဒဏ္ဍာရီလာ ကောင်းကင်ပြစ်ဒဏ်မိုးကြိုးကား ဆိုဖွယ်မရှိတော့ပေ။
လူအများစုအနေဖြင့် ကောင်းကင်ပြစ်ဒဏ်မိုးကြိုးကို မြင်ပင်မမြင်ဖူးကြချေ။ တချို့တချို့သော ဆေးလုံးများ သို့မဟုတ် ကောင်းကင်အဆင့်ပစ္စည်းများ၊ လောကဓာတ်ရတနာများပေါ်ပေါက်လာသည့် အခါများမှသာလျှင် မြင်တွေ့ဖူးလေသည်။ ထို့အပြင် ၄င်းက လူများကို ပစ်မှတ်မထားသော ပြစ်ဒဏ်မိုးကြိုးဖြစ်၏......
"မိုးကြိုးနဲ့ သုတ်သင်ခြင်း...."
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ အဲ့ဒါ ဘာမိုးကြိုးကြီးတုံး။ ကြောက်ဖို့ကောင်းလိုက်တာ"
"ကြောက်ဖို့ကောင်းတာက မိုးကြိုးမဟုတ်ဘူး မဟာအကြီးအကဲမန်ဟ။ သောက်ကျိုးတော့နည်းပြီ ဘယ်နှယ့်ကြောင့် ကောင်းကင်ဘုံက မိုးကြိုးကတောင် သူ့ကို ကူညီနေတာတုန်း။ ဒါမှမဟုတ် အဲ့ဒါမှော်ပညာရပ်တစ်ခုခုများ ဖြစ်နိုင်မလား"
အနက်ရောင်နယ်မြေနန်းတော်ကျင့်ကြံသူများ တုန်လှုပ်နေကြတော့သည်။ ဤမိုးကြိုးဖြင့် သုတ်သင်ခြင်းမှာ သူတို့အတွက် အင်မတန်ကြောက်စရာကောင်းလေသည်။
ကျင့်ကြံသူများသည် ကောင်းကင်ဘုံ၏အောက်တွင် တည်ရှိပြီး မိုးကြိုးဆိုသည်မှာ ကောင်းကင်ဘုံမှ လာခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့သည် မိုးကြိုးအား ..... ရှောင်လွှဲ၍မရနိုင်သော အရာအဖြစ် မြင်ကြလေသည်။
အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများပင် တဖျပ်ဖျပ်လက်နေသော မျက်လုံးကြီးများဖြင့် စိုက်ကြည့်နေကြသည်။ စောစောက မန်ဟို့၏ လှုပ်ရှားမှုများမှာ သူတို့ခန့်မှန်းနိုင်စွမ်းထက် သိသိသာသာ ကျော်လွန်နေချေသည်။ ၄င်းက မှော်ပညာရပ်တစ်ခုသာ ဖြစ်လျှင်တော့ ချောက်ချားစရာကောင်းသည်။ သို့သော်..... မန်ဟို ထိုလူ့ကို လေပေါ်သို့ မြှောက်လိုက်သည့်ပုံစံက လုပ်နေကျအရာကို လုပ်လိုက်သည့်အလားပင်။
အနက်ရောင်နယ်မြေနန်းတော်နှင့် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများနှင့် ဆန့်ကျင်ဘက် ၊ သန့်စင်နှင်းမြို့သူမြို့သားများမှာ ရက်အနည်းငယ်ကြာတိုင်း သူတို့၏မဟာအကြီးအကဲမန်ကို မိုးကြိုးပစ်ချလေ့ရှိသည့်အဖြစ်နှင့် အသားကျနေပြီဖြစ်သည်။
ထိုအကြောင်း လူတိုင်းသိလေသည်။ တစ်ခါတရံ ဆေးဖော်ပေးဖို့ သွားရောက်တောင်းဆိုသည့်အခါများတွင် မိုးကြိုးကိုပင် မြင်ရတတ်သည်။
အနောက်ပိုင်းသဲကန္တာရနယ်မြေကျင့်ကြံသူ မိုးကြိုးဖြင့် သုတ်သင်ခံရလိုက်သည်ကို မြင်သောအခါ သန့်စင်နှင်းမြို့ရှိ လူများ၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ပြည့်နှက်သွားတော့သည်..... သူတို့၏မန်ဟို့အပေါ် လေးစားမှုမှာ ပို၍ပင်ထက်သန်လာလေပြီ။
"ကောင်းကင်ဘုံက အမျက်ထွက်လောက်အောင် မဟာအကြီးအကဲမန်တစ်ယောက် ဘာတွေလုပ်ခဲ့ပါလိမ့်။ ပြီးခဲ့တဲ့ လတွေတုန်းကလည်း တောက်လျှောက် သူ့ကို သုတ်သင်ပစ်ဖို့ မိုးကြိုးက ခဏတိုင်းပစ်ချနေတာ"
"အဲ့ဒီအနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတော့ တကယ်ကံဆိုးတာပဲ။ လူအများကြီးထဲကမှ မဟာအကြီးအကဲမန်ကို ရန်သွားစရတယ်လို့..... မင်းသိလား ပြီးခဲ့တဲ့ လအနည်းငယ်တုန်းကလေ မဟာအကြီးအကဲမန် မိုးကြိုးဝိညာဥ်ကို အပေါ်လှမ်းပစ်လိုက်တာ မြင်ခဲ့ဖူးတယ်...."
မန်ဟိုက မြို့တံတိုင်းအပေါ်တွင် ရပ်၍ သု့အပေါ်ကျရောက်နေသော အကြည့်အားလုံးကို လျစ်လျူရှုရင်း ချောင်းဟန့်လိုက်သည်။ သူသည် အချိန်အတော်ကြာကတည်းက မိုးကြိုးနှင့် ယဥ်ပါးလာခဲ့ရာ ယခုတွင် ၄င်းကို ခန့်မှန်းနိုင်သည့်အဆင့်သို့ပင် ရောက်နေလေပြီ။
အတန်ကြာသော် စစ်မြေပြင်ပေါ်ရှိ တိုက်ပွဲများ ပြန်စသည်။ သတ်ဖြတ်မှုများ ဆက်လက်ဖြစ်ပွားနေသော်လည်း ကျင့်ကြံသူများမှာ ရံဖန်ရံခါ ကောင်းကင်ကို မော့မော့ကြည့်တတ်သည်။ ထစ်ချုန်းသံ အများစုက မှော်ပညာရပ်များကြောင့် ဖြစ်သည့်တိုင် ကျင့်ကြံသူများမှာ မိုးကြိုးပစ်ခံရမှာစိုး၍ ဘေးသို့ အလန့်တကြား ခုန်မိတတ်ကြလေသည်။
ထိုကဲ့သို့ အပြုအမူများ ပျောက်ကွယ်ရန် သုံးရက်ခန့်ကြာလိုက်သည်။ သုံးရက်အတောအတွင်း အနက်ရောင်နယ်မြေနန်းတော်က မရပ်မနား တိုက်ခိုက်နေလေရာ ပေါက်ကွဲသံများ ပြည့်နှက်နေပြီး မြေပြင်မှာ တသိမ့်သိမ့်တုန်နေတော့သည်။ သုံးရက်မြောက်နေ့ညတွင် သန့်စင်နှင်းမြို့တော်၏ နှင်းမုန်တိုင်းမန္တန်အစီအရင်တစ်ခု ပျက်စီးသွားသည်။
အစီအရင်ကျိုးပျက်သွားသည်နှင့် မရေမတွက်နိုင်သော သားရဲများနှင့်အတူ အနက်ရောင်နယ်မြေနန်းတော်ကျင့်ကြံသူအမြောက်အမြား ထိုးဖောက်ဝင်ရောက်လာတော့သည်။ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများလည်း လိုက်ပါလာသည်။
ဂျိန်းခနဲ ထစ်ချုန်းသံကြီးနှင့်အတူ ကောင်းကင်ထက်ရှိ ကြယ်များမှ တောက်ပနေသော အမျှင်တန်းများ ဖြာထွက်လာသည်။ ညသည် မှောင်မိုက်နေပါသော်လည်း စစ်မြေပြင်ကတော့ နေ့အချိန်အလား လင်းထိန်လျက်ရှိသည်။
နောက်ဆုံးတွင် အရေးကြီးသောအခိုက်အတန့်သို့ ရောက်ရှိလာခဲ့လေပြီ။ လေအလယ်တွင် အကြီးအကဲလေးဦးမှာ အနက်ရောင်နယ်မြေနန်းတော်နှင့် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများဖြင့် အကြိတ်အနယ် တိုက်ခိုက်နေကြသည်။
မန်ဟိုသည် မြို့တံတိုင်းထက်တွင် ရပ်ကြည့်နေရင်း မျက်နှာမသာမယာ ဖြစ်နေ၏။ သူက ရုတ်တရက် ညာလက်ကို မြှောက်လိုက်သည်။ သူ့ထံသို့ ဦးတည်လာနေသည့် ဝေဟင်သားရဲကြီးတစ်ကောင် မြေပြင်ပေါ်သို့ ပြုတ်ကျ သေဆုံးသွား၏။
"သုံးလ" သူက တွေးသည်။ "မြို့ ကျရှုံးသွားရင် အေးခဲနှင်းပိုးကောင်ကို ဘယ်တော့မှ ပေးနိုင်မှာမဟုတ်တော့ဘူး" အဆုံးသတ်တွင် သန့်စင်နှင်းမြို့တော် ကျရှုံးခြင်း၊ မကျရှုံးခြင်းသည် သူနှင့်မသက်ဆိုင်သော်လည်း ခြောက်လမတိုင်ခင်တော့ ကျရှုံးသွား၍မဖြစ်ပေ။
ဤအခိုက်အတန့်တွင် ဘီလူးရိုင်းကြီးနှစ်ကောင် အဝေးတွင် ပေါ်လာသဖြင့် မြေကြီးကား လှုပ်ခါလာတော့သည်။ သူတို့၏အနောက်တွင်ကား အနက်ရောက်နယ်မြေနန်းတော်နှင့် အနောက်ပိုင်းသဲကန္တာရမှ ကျင့်ကြံသူထောင်ပေါင်းများစွာ ဖြစ်သည်။ မည်းမည်းလှုပ်နေသော ကမ္ဘာသစ်မိစ္ဆာများလည်း ဟိန်းဟောက်လျက် လိုက်ပါလာသည်။
"ဘာလို့ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီး ပေါ်မလာသေးတာလဲ" မန်ဟိုက တွေးသည်။ ကျိုးဒယ်ခွန်ပါသွားသည့်နေ့တုန်းက မြေကြီးအောက်မှ ပဲ့တင်ထပ်လာသော ဟိန်းဟောက်သံကြီးကို မန်ဟိုကြားခဲ့ရသည်။ ထိိုရိုးရိုးတန်းတန်းဟိန်းဟောက်သံက မြို့တံတိုင်း၏အပြင်ရှိ မရေမတွက်နိုင်သော သားရဲများ၊ ကျင့်ကြံသူများကို ဇီဝိန်ခြွေခဲ့လေသည်။
ယခုတော့ နှင်းမုန်တိုင်းမန္တန်အစီအရင် ပျက်စီးသွားသည့်တိုင် အေးခဲနှင်းမျိုးနွယ်စု၏ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးကား ထွက်မလာသေးပေ။
"ဟန်ရွှယ့်ကျုံး ပြောခဲ့တာ နဲ့ အပြင်မှာ ပျံ့နေတဲ့ ကောလဟာလတွေက မှန်နေပုံပဲ။ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီး သေချာပေါက် သေခါနီးနေပြီ။ ဒါပေမယ့် အနက်ရောင်နယ်မြေနန်းတော်က သူ့က ကြောက်နေသေးတယ်။ သည်းသည်းမဲမဲ တိုက်ခိုက်နေပုံရပေမယ့်လို့ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးအကြောင်း အကဲခတ်နေသေးတယ်" သူသည် ဟန့်ရွှယ်ရှန်းထံ တဟုန်ထိုးသွားနေသော အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူနှစ်ယောက်ကို လှမ်းကြည့်ပြီး မျက်လုံးများ အရောင်လဲ့သွား၏။ ဟန်ရွှယ်ရှန်းကို ဝန်းရံထားကြသော အစောင့်များမှာ ထိုလူနှစ်ယောက်၏ အရုပ်များကို ပြန်တိုက်ခိုက်နိုင်စွမ်း မရှိသဖြင့် သွေးအန်လိုက်ရသည်။
မန်ဟိုက အေးစက်စက်နှာမှုတ်၍ မြန််နှုန်းမြှင့်သွေးအလင်းဖြင့် ထွက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း သူသည် ဟန့်ရွှယ်ရှန်း၏ဘေးသို့ ရောက်သွားလေပြီ။ သူက လက်ချောင်းတစ်ချောင်းအား ဝှေ့ယမ်းပြီး အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ဖြင့် အနောက်ပိုင်းသဲကန္တာရ ကျင့်ကြံသူနှစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံနှင့် အသက်စွမ်းအားကို ဖိနှိပ်လိုက်သည်။ မန်ဟို့သိုလှောင်အိတ်ထဲမှ ဓားပျံတစ်လက်က ဓားအရှိန်အဝါကို ထုတ်ဖော်လျက် ပျံထွက်လာသည်။ ၄င်းသည် ထိုနှစ်ယောက်ကို ချက်ချင်း ခေါင်းဖြတ်ပြီး ပြန်လာကာ မန်ဟို့ကိုပတ်၍ ပျံဝဲနေသည်။
ဟန်ရွှယ့်ရှန်းက ဖျော့တော့နေသောမျက်နှာလေးဖြင့် မန်ဟို့ကို လှမ်းကြည့်ကာ ပြုံးပြသည်။
"နင် ငါ့ကို ကယ်လိုက်ပြန်ပြီ" သူမက ပြောသည်။
ဆီးနှင်းများ တဖွဲဖွဲကျလာပြီး တွန်းထိုးတိုက်ခတ်နေသော လေ၏အဝှေ့တွင် နှင်းပွင့်ချပ်ကလေးများသည် ဟိုဟိုသည်သည်ယိမ်းနွဲ့ ကခုန်လျက်ရှိ၏။ လေတိုးသံမှာ ဝမ်းနည်းကြေဖွယ်ကောင်းသော တေးတစ်ပုဒ်နှင့်တူနေသည်။ အော်ဟစ်ကြိမ်းဝါးသံများနှင့်အတူ တဝုန်းဝုန်း ပေါက်ကွဲသံများအားလည်း ကြားနေရသည်။ မြို့တစ်ခုလုံး တသိမ့်သိမ့်တုန်နေပြီး ကောင်းကင်ထက်က ကြယ်များ တစ်ခုပြီးတစ်ခု ပျက်စီးပြိုကျလာနေသည်။ အနောက်ပိုင်းသဲကန္တာရနှင့် အနက်ရောင်နယ်မြေကျင့်ကြံသူများမှာ သူသေကိုယ်သေ တိုက်ခိုက်နေကြလေ၏။ ကောင်းကင်တွင် နှင်းတို့ပြည့်နှက်နေသော်လည်း မြေပြင်မှာတော့ သွေးချင်းနီလျက်ရှိ၏။
မန်ဟိုက ဟန်ရွှယ့်ရှန်းကို ဘာမှပြန်မပြောပေ။ သူက မြေကြီးအပေါ်သို့ ခြေဆောင့်နင်းလိုက်ရာ သူတစ်ယောက်တည်းမြင်ရသည့် မိစ္ဆာချီမျှင်များ မရေမတွက်နိုင်အောင် ထွက်ပေါ်လာသည်။ ၄င်းတို့က သူ၏အနောက်တွင် ဝိုးတိုးဝါးတား ဒြပ်ထုကြီးတစ်ခုအဖြစ် အတူတကွ ပေါင်းစည်းပြီး အနီးရှိ စစ်ရထားတစ်လုံးမှ ယခုလေးတင် ပစ်လွှတ်လိုက်သော အလင်းတန်းကို ပိတ်ဆို့ကာဆီးလိုက်သည်။
ဂျိန်းခနဲ ထစ်ခြုန်းသံကြီး ရိုက်ညောင်းသွားသည်။ မိစ္ဆာချီသည် ပြေးဝင်လာသော အလင်းတန်းကို ပိတ်ဆို့နိုင်ခဲ့သော်လည်း တိုက်ကွက်၏စွမ်းအားက ကျန်ရှိနေသေးရာ ဘေးပတ်ဝန်းကျင်သို့ ပြန့်ထွက်သွားသည်။ မန်ဟိုက ဟန်ရွှယ့်ရှန်း၏ခါးလေးကို ဖက်ပြီး တိုက်ကွက်ကို ရှောင်ရန် မြို့တံတိုင်းထံသို့ ပြန်ဆုတ်လိုက်၏။
ဟန်ရွှယ့်ရှန်းက ပြိုကျနေသော ကြယ်များ၊မြို့တံတိုင်း၏ ဧရိယာအနှံ့အပြား၌ ပေါ်လာနေကြသော အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများနှင့် မှော်ပညာရပ်များကြောင့် ပြိုးပြိုးပြက်ပြက် လက်နေသော ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူမက နာကြည်းနေသော အသံလေးဖြင့် ပြော၏။ "နင် ထွက်သွားသင့်တယ်။ သူတို့သတ်ချင်တာက အေးခဲနှင်းမျိုးနွယ်စု၊ နင့်ကို မဟုတ်ဘူး။ နင့်ကျင့်ကြံခြင်းအခြေခံနဲ့ဆိုရင် အခုဒီကနေ အလွယ်တကူထွက်သွားနိုင်မှာပါ"
အဝေးတွင် အကြီးအကဲသုံးအဘွားအိုသည် သွေးတစ်ပွက်အန်ပြီးနောက် အံတင်းတင်းကြိတ်၍ ဆက်လက်တိုက်ခိုက်နေသည်။
"ဘာမှ အသုံးမဝင်တော့ဘူး" ဟန်ရွှယ့်ရှန်းက ဝမ်းနည်းစိတ်ပျက်နေသော မျက်ဝန်းလေးများဖြင့် ဆက်ပြောသည်။ "ငါ အားအကုန်ထုတ်ပြီး အေးခဲနှင်းဆူးမြို့ရိုးကို သုံးရင်တောင်မှ ခေါင်းဆောင်ကြီးက သတိတောင် ရတစ်ချက် မရတစ်ချက်ဖြစ်နေတာဆိုတော့.... ဆူးပင်တွေ ထွက်လာအောင် လုပ်ဖို့ လျှို့ဝှက်မိစ္ဆာသားရဲသခင်ပညာရပ်ကို ဘယ်လိုမှ သုံးလို့မရဘူး......" ဝုန်းခနဲ မြို့တံတိုင်း၏ ဧရိယာတစ်ခု ပြိုကျသွားပြီး ရုပ်ဆိုးဆိုးနှင့် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်ယောက် မြို့ထဲ ဝင်ရောက်လာသည်။
"ဆူးမြို့ရိုးက ဘာလဲ" မန်ဟိုက မျက်မှောင်ကြုတ်ရင်း မေးသည်။
"အေးခဲနှင်းဆူးမြို့ရိုးက ဖျက်စီးလို့မရဘူး။ မြို့ကို တစ်လတိတိ အကာအကွယ်ပေးနိုင်တယ်" သူမသည် ဝမ်းနည်းနေသောအသံလေးဖြင့် ခပ်တိုးတိုးပြောသည်။ "အဲ့ဒါက အေးခဲနှင်းမျိုးနွယ်စု အနောက်ပိုင်းသဲကန္တာရကနေ ဒီကိုပြောင်းလာတုန်းက ယူဆောင်လာခဲ့တဲ့ အမွေအနှစ်ပဲ။ နှစ်တွေကြာလာတော့ ခြောက်ကပ်ပြီး သေဆုံးခါနီး ဖြစ်နေပြီ။ အထူးလျှို့ဝှက်မှော်ပညာရပ်တစ်ခုနဲ့ပဲ အဲ့ဒါကို ပြန်ရှင်အောင်လုပ်လို့ရတယ်
"အဲ့ဒီပညာရပ်ကို ကျင့်ကြံဖို့ အကြီးအကဲတွေနဲ့ တချို့သွေးဆက်စစ်စစ်တွေကိုပဲ ပြောပြထားတာ။ အခုလက်ရှိတော့ ဘယ်သူမှ ဆူးပင်တွေကို ဓာတ်ကူမပေးနိုင်ဘူး။ ခေါင်းဆောင်ကြီးတစ်ယောက်မှာပဲ အဲ့ဒီလိုလုပ်နိုင်တဲ့ ကျင့်ကြံခြင်းအခြေခံရှိတာလေ" သူမက သိုလှောင်အိတ်ကို ပုတ်ပြီး အစေ့ခြောက်တစ်ခု ထုတ်လိုက်သည်။
"ဒါက အစေ့ ရှစ်စေ့ထဲက တစ်စေ့ပဲ။ အကြီးအကဲအားလုံးမှာ တစ်စေ့စီရှိတယ်။ ကျန်တဲ့အစေ့တွေကတော့ ခေါင်းဆောင်ကြီးဆီမှာ။ ငါတို့တစ်ယောက်မှ အောင်မြင်အောင် မလုပ်နိုင်ခဲ့ပါဘူး"
"ဓာတ်ကူရမယ် ဟုတ်လား" မန်ဟို၏မျက်လုံးများ တောက်ပသွားသည်။ သူစကားဆက်ပြောတော့မည့်အချိန်တွင် ရုတ်တရက် လေထဲ၌ ပေါက်ကွဲသံကြီး မြည်ဟည်းသွားပြီး မြို့တံတိုင်းတစ်ခုလုံး တုန်ခါသွားသည်။ မန်ဟို့၏မျက်နှာ ရိပ်ခနဲဖြစ်သွား၏။ သူက ဟန်ရွှယ့်ရှန်းကို ဖက်ကာ နောက်ထပ်ဆုတ်လိုက်သည်။ အဝေးတွင် အနက်ရောက်နယ်မြေကျင့်ကြံသူ အဖွဲ့လိုက်ကြီး ချဥ်းကပ်လာနေလေပြီ။
မြို့တံတိုင်း ပြိုကျလာသဖြင့် သနားစဖွယ်အော်သံများ ပျံ့လွင့်လာ၏။ မန်ဟိုသည် ဟန်ရွှယ့်ရှန်းကို ဖက်ထားရင်း နောက်သို့ဆက်ဆုတ်နေသည်။ သူက အလျင်လိုနေသောအသံဖြင့် ပြော၏။ "အဲ့ဒီ ဓာတ်ကူနည်းကိုပြော။ ငါက ဆေးဝါးပညာရှင်မလို့ ကိုယ်ပိုင်ဓာတ်ကူနည်းတွေ ရှိပြီးသား။ အဲ့ဒါကြောင့် မင်းရဲ့နည်းကို နားလည်ရင်နားလည်လောက်တယ်"
ဟန်ရွှယ့်ရှန်း မှင်သက်သွားသည်။ ပုံမှန်အခြေအနေဆိုလျှင် သူမသည် မျိုးနွယ်စု၏ လျှို့ဝှက်ပညာရပ်အား ဘယ်တော့မှ ထုတ်ပြောမည်မဟုတ်ပေ။ ဝိညာဥ်ရှာဖွေခြင်းသည်ပင် အသုံးတည့်မည်မဟုတ်။ သို့သော် သူမက အတန်ကြာစဥ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။ အေးခဲနှင်းမျိုးနွယ်စု အနောက်ပိုင်းသဲကန္တာရတွင် တည်ရှိခဲ့စဥ်အခါက သြဇာအာဏာကြီးမားရခြင်းမှာ သူတို့၏ မဟာမိစ္ဆာသားရဲသခင်မျိုးဆက်များ အသုံးပြုခဲ့သော လျှို့ဝှက်ပညာရပ်ကြောင့် ဖြစ်သည်။ သူမက အသံတိုးတိုးလေးဖြင့် မန်ဟို့ကို ရှင်းပြလေသည်။
လျှို့ဝှက်ပညာရပ်မှာ သိပ်မရှည်၊ စာလုံးရေ တစ်ထောင်ခန့်သာရှိသည်။ စာလုံးများ မန်ဟို့၏နားထဲ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် သူ၏စိတ်နှလုံးတုန်ရီလာတော့သည်။ သူ၏ပတ်ပတ်လည်ရှိ အသံဗလံများ၊ မြင်ကွင်းများအားလုံး ပျောက်ကွယ်သွားသည့်အလားပင်။ လျှို့ဝှက်ပညာရပ်ဖြစ်စေသော စာလုံးတစ်ထောင်သာ ကျန်ရစ်ခဲ့လေသည်။
"..... အချိန်ကို တိမ်ကောသွားစေ၊ လမင်းရဲ့ အတက်အကျ၊ တောက်ပနေတဲ့နေရဲ့ စိတ်ဆန္ဒကို ဖမ်းဆုပ်လေ ၊ သက်ရှိအားလုံးမှာ ထာဝရအသက်ရှင်လိုတဲ့ဆန္ဒ ပါရှိနေ....." ဟန်ရွှယ့်ရှန်းသည် ထိုစကားလုံးများအား အနောက်ပိုင်းသဲကန္တာရသိရှိသွားလျှင် ဝရုန်းသုန်းကားဖြစ်သွားမည်စိုး၍ တိုးတိုးကလေးပြောနေ၏။ အမှန်တွင် အေးခဲနှင်းမျိုးနွယ်စု၏ သစ္စာဖောက် ဟန်ရွှယ့်ကျုံးအား သူ၏ဖခင်မှ အသက်ချမ်းသာပေးခဲ့စဥ်က ဤလျှို့ဝှက်ပညာရပ်နှင့်ပတ်သက်သမျှ မှတ်ဉာဏ်အကုန် ဖျက်ပစ်ခဲ့လေသည်။ ယင်းက သူ အေးခဲနှင်းမျိုးနွယ်စုကို သုတ်သင်ရန် ပြန်ရောက်လာရသော အကြောင်းရင်းများထဲက တစ်ခုဖြစ်၏။ သူ့အတွက် ထိုပညာရပ်ကို ပြန်လည်သိရှိရဖို့ မျိုးနွယ်ဝင်တစ်ယောက်အား ပြောပြခိုင်းရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
မန်ဟို၏စိတ်ကား ချာချာလည်နေချေပြီ။ သူသည် မျက်လုံးများပိတ်ပြီး ပညာရပ်၏ ကောက်နုတ်ချက်အမျိုးမျိုးအား သူ၏စိတ်ထဲတွင် တရိပ်ရိပ် ပေါ်နေစေသည်။ ရုတ်တရက် ဇီယွင်ဂိုဏ်း၏ ဓာတ်ကူခြင်းဆိုင်ရာကျင့်စဥ်များအပြင် အချိန်မှော်ပညာအား ရှာဖွေသိရှိခဲ့ရသော အချိန်မွမ်းမံကျောက်စိမ်းစာရွက်အား သူပြန်တွေးလိုက်မိ၏။
ဤမတူညီသော ဆောင်ပုဒ်နှစ်ခုအနက်မှ ဓာတ်ကူနည်းလမ်းက ပထမအနက်အဓိပ္ပါယ်။ လျှို့ဝှက်အချိန်မှော်ပညာက ဒုတိယအနက်အဓိပ္ပါယ် ဖြစ်ပြီးတော့... ယခု မန်ဟိုမူးနောက်သွားလေပြီ။ အေးခဲနှင်းမျိုးနွယ်စု၏ လျှို့ဝှက်ပညာရပ်ကို နားထောင်ပြီးနောက် ၄င်းသည် တတိယအနက်အဓိပ္ပါယ် ဖြစ်ကြောင်း သူသဘောပေါက်လိုက်၏။
လျှို့ဝှက်မိစ္ဆာသားရဲသခင်ပညာရပ်
ပညာရပ်တစ်ခုစီတိုင်းက အောင်မြင်မှု အသင့်အတင့် ပေးစွမ်းနိုင်သည်။ သို့သော် အဆိုပါးသုံးခုလုံးကို ရယူနိုင်လျှင်တော့ ထိုအသိအမြင်သည် ထိရောက်မှုစွမ်းအားကို အဆများစွာ တိုးတက်အောင် လုပ်ဆောင်တိုင်သွားလိမ့်မည်။
သူသည် လျှို့ဝှက်ဓာတ်ကူနည်းနှင့် လျှို့ဝှက်အချိန်မှော်ပညာကိုလည်း သိသည့်အတွက် မိစ္ဆာသားရဲသခင်ပညာရပ်အကြောင်းကြားသောအခါ ချက်ချင်း နားလည်ပြီး စိတ်ထဲ၌ စွဲမှတ်သွားလေပြီ။
***