စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ဆေးလုံး
Vol. 27 Ch. 370
အသံတစ်သံက မန်ဟို၏စိတ်ဆန္ဒအတွင်းသို့ ရောက်ရှိလာသည်။ "မဟာအကြီးအကဲမန်၊ ကျုပ်က ရန်စုန့်ပါ..... တာအိုရောင်ရင်းမန်နဲ့ အဲ့ဒီနေ့က လမ်းခွဲခဲ့တဲ့နောက်ပိုင်း ဖြစ်ခဲ့တာတွေ စဥ်းစားကြည့်တော့ ကျိုးဒယ်ခွန်နဲ့ပတ်သက်ပြီး မသင်္ကာဖြစ်မိတယ်ဗျ..... ဒါပေမဲ့ အနောက်ပိုင်းသဲကန္တာရကို အပို့ခံလိုက်ရပြီဆိုတော့ ကျုပ်ရဲ့အထင်ကို အတည်မပြုနိုင်တော့ဘူး။ တာအိုရောင်ရင်းမန် တကယ်တော့ ဒီနေ့ ကျုပ် ရောင်ရင်းကို လာရှာတာပါ။ ဒါက ကျုပ်ရဲ့ ခန္ဓာကိုယ်အစစ်မဟုတ်ဘူး စိတ်ဆန္ဒအမျှင်လေးတစ်မျှင်ပါပဲ
"တာအိုရောင်ရင်း ရဲ့ ဆေးဝါးတာအိုကို ကျုပ် အရမ်းလေးစားတယ် ... ကဲပါလေ ဒါက လေကြောရှည်နေရမယ့် အချိန်မဟုတ်ဘူး။ နှစ်ခုပဲထပ်ပြောပါ့မယ်။ ရောင်ရင်းရဲ့ ဆေးဝါးတာအိုအသိနဲ့ဆိုရင် ကျုပ်တို့နှစ်ယောက် စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ဆေးလုံးအကြောင်း ပြောလို့ရတယ်။ စိတ်ဝင်စားရင် သုံးရက်မြောက်နေ့ကျရင် မြို့ရဲ့အရှေ့အရပ်မှာ လာတွေ့ပါ။ ကျုပ်တို့ အေးဆေးဆွေးနွေးကြတာပေါ့"
အသံ ရုတ်ခြည်း ပျောက်သွားသည့်အခါတွင် မန်ဟို့၏မျက်လုံးများ လင်းလက်သွားသည်။ မြို့အပြင်က မချိတင်ကဲအော်သံများလည်း တစတစတိုးသွား၏။ လျှို့ဝှက်ပညာရပ်၏ စက်ကွင်းမှ ကျင့်ကြံသူအနည်းစုသာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အများစုမှာ ခြောက်ကပ်နေသော အလောင်းများဖြစ်ကျန်ခဲ့သည်။
မန်ဟိုက ဆူးမြို့ရိုးဆီမှ စိတ်ဆန္ဒကို ဖြေးဖြေးချင်း ဖယ်ရှားပြီး ဆယ်သွယ်မှုလေးတစ်ခုသာ ချန်ရစ်ခဲ့၏။ သူသည် တစ်မြို့လုံးပြည့်နေသော ဆူးပင်များကို တဖြေးဖြေး နောက်ပြန်ဆုတ်လာစေရာ ယခုတွင် ပင်မပင်စည်မှာ ပို၍ထင်ရှားပေါ်လွင်သွားတော့သည်။
စစ်ခရာမှုတ်သံများ ပျံ့လွင့်လာသည်။ ဤအနောက်ပိုင်းသဲကန္တာရနှင့် အနက်ရောင်နယ်မြေနန်းတော်စစ်တပ်မှာ ဆုတ်ခွာရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ သို့ရာတွင် စစ်ပွဲကား မပြီးဆုံးသေး။ အနက်ရောင်နယ်မြေနန်းတော်နှင့် အနောက်ပိုင်းသဲကန္တာရ၏ အင်အား လျော့နည်းသွားသော်လည်း အဝေးတွင် ရောင်စုံအလင်းတန်းများက ကောင်းကင်အပြည့်နေရာယူထားဆဲရှိ၏။
ညကုန်ဆုံးပြီး မနက်ခင်းက ချဥ်းကပ်လာလေပြီ။ မြို့ထဲရှိ လူတိုင်းမှာ ခြေကုန်လက်ပန်းကျနေကြသည်။ အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေသည့်အချိန်တွင် အကြီးအကဲလေးဦး ရောက်လာသဖြင့် မန်ဟိုက ထရပ်လိုက်သည်။
သူတို့သည် မျက်တွင်းများ ချောင်ကျနေပြီး အကြီးအကဲသုံးနှင့်လေးမှာ ဒဏ်ရာရထား၏။ သူတို့က မန်ဟို့ကို ခံစားချက်များ ရှုပ်ထွေးနေသော မျက်နှာများဖြင့် ကြည့်ရင်း အရှေ့၌ ရပ်နေကြသည်။
အချိန်အနည်းငယ်ကြာသော် အကြီးအကဲတစ်က ဖြေးဖြေးချင်း ပြောသည်။ "ဆူးမြို့ရိုးက တစ်လ ရှင်လိမ့်မယ်။ အဲ့ဒီအတောအတွင်းတော့ အန္တရာယ်ကင်းလောက်မှာပါ။ ငါတို့လေးယောက် အေးခဲနှင်းပိုးကောင်ကို အပြီးသတ်ပေးဖို့ အတတ်နိုင်ဆုံးကြိုးစားပေးပါ့မယ်" သူက မန်ဟို့ကို လေးလေးနက်နက် ကြည့်ပြီးနောက် လှည့်ထွက်သွားသည်။
ကျန်အကြီးအကဲများလည်း စကားတစ်ခွန်းမဆိုဘဲ ကြည့်ပြီးနောက် လမ်းလျှောက်ထွက်သွားကြသည်။ အဘွားကြီးက မန်ဟို့ကို ပြန်လှည့်ကြည့်သော်လည်း ဘာမှမပြောပေ။
အေးခဲနှင်းမျိုးနွယ်စုမှ အသက်ရှင်ကျန်ခဲ့သော မျိုးနွယ်ဝင်များသည် မြို့နှင့် မန္တန်အစီအရင်များအား ပြန်လည်ပြုပြင်တည်ဆောင်ရေးလုပ်ကိုင်ရန် အလျှိုလျှို ထွက်သွားကြလေသည်။ တစ်လအတွင်းတော့ အန္တရာယ်ကင်းသည့်တိုင် ပြုပြင်စရာများက အတော်များလေသည်။
လူတိုင်းမှာ ပင်ပန်းနေကြပြီဖြစ်သည်။ ဒဏ်ရာများ ပျောက်ကင်းသွားသော်လည်း စိတ်ဒဏ်ရာများကျန်ရှိသေးလေသည်။ ကျင့်ကြံသူများအများစုမှာ တင်ပျဥ်ခွေ၍ တရားထိုင်နေကြသဖြင့် တစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်နေတော့သည်။
အနောက်ပိုင်းသဲကန္တာရမှ အသစ်ရောက်ရှိလာသောတပ်ဖွဲ့က ရန်သူစစ်တပ်၏ အင်အားကို ထောင်ချီသွားစေသည်။ သို့သော် သူတို့က မတိုက်ခိုက်ဘဲ သန့်စင်နှင်းမြို့တော်ကို ထွက်ပေါက်မရှိအောင် ဝိုင်းထားကြလေသည်။
မန်ဟိုလည်း ပင်ပန်းနေ၏။ သူ မြို့ကိုဖြတ်၍ လမ်းလျှောက်သွားစဥ် ဆုံတွေ့သည့်ကျင့်ကြံသူများအားလုံးက သူ့ကို ကြောက်ရွံ့ရိုသေသော မျက်နှာထားများဖြင့် ကြည့်ကြသည်။ သူတို့သည် သူနှင့် အကြည့်ချင်းမဆုံရဲသဖြင့် မျက်လွှာချ၍ သူ့ကို အရိုအသေပေးကြလေသည်။
ဆူးမြို့ရိုးပေါ်ပေါက်လာခြင်းကြောင့် လူတိုင်းမှာ မန်ဟို့ကို ကြောက်မက်ဖွယ်ကောင်းသောလူအဖြစ် မြင်သွားကြ၏။ သူ၏ မဟာအကြီးအကဲဟူသော အဆင့်အတန်းသည်ပင် ဤအကြောက်တရားကို ဖ ယ်ရှားခြင်းမပြုနိုင်ပေ။
အေးခဲနှင်းမျိုးနွယ်ဝင်များလည်း သူ့ကို အတိုင်းထက်အလွန် ရိုသေလေးစားသော မျက်ဝန်းများဖြင့် ကြည့်နေကြသည်။ မန်ဟိုက တစ်ယောက်တည်းနှင့် စစ်ပွဲ၏ အောင်မြင်မှုကို ဆောင်ကြဥ်းပေးခဲ့သည် မဟုတ်ပါလော။ သူသာမရှိလျှင် သန့်စင်နှင်းမြို့တော်မှာ ယခုအချိန်တွင် မြို့ပျက်ကြီးထက်ပိုတော့မည် မဟုတ်ပေ။
အနက်ရောင်နယ်မြေနန်းတော်နှင့် တိုက်ခိုက်ရာတွင် ရရှိသော တိုက်ပွဲဝင်ရမှတ်များအပေါ်မူတည်၍ အေးခဲနှင်းမျိုးနွယ်စုသည် မြို့အတွင်းရှိ တပ်ဖွဲ့များထံသို့ မှော်ရတနာများ ဖြန့်ဝေပေး၏။ စုဝေးရာရင်ပြင်အနားက တိုက်ပွဲဝင်ရမှတ် မှတ်တမ်းများနှင့် ဆုကြေးများဖြန့်ဝေပေးသည့် စံအိမ်တစ်လုံးတွင် ကျင့်ကြံသူအမြောက်အမြား ကျိတ်ကျိတ်တိုးနေကြသည်။
မန်ဟိုမှာ ပင်ပန်းနေသော်လည်း သူ့ခြံဝင်းသို့ ပြန်ရာလမ်း၌ ထိုစံအိမ်ကို မြင်သောအခါ လမ်းကြောင်းပြောင်းပြီး ထိုနေရာသို့ လျှောက်သွား၏။
စံအိမ်သည် ဝင်လိုက်ထွက်လိုက်လုပ်နေသော ကျင့်ကြံသူများနှင့် အတော်လေးရှုပ်ယှက်ခတ်လျက် ရှိသည်။ လူတစ်ရာကျော်က ဤနေရာကို မြို့၏ လူသူကင်းမဲ့နေသော နေရာများထက် ပို၍စည်းကားနေစေသည်။
မန်ဟို ဝင်လာသည်နှင့်တစ်ပြိုင်နက် လူအများ သူ့ကို သတိထားမိသွားကြပြီး မကြာခင် လူတိုင်း သူ့ကို စိတ်နှလုံးတုန်လှုပ်စွာဖြင့် ကြည့်နေကြလေပြီ။ သူတို့က မျက်နှာပေါ်ရှိ ကြောက်လန့်နေသော မဖုံးကွယ်နိုင်ဘဲ ခေါင်းငုံ့ပြီး လက်ယှက်အရိုအသေပေးလိုက်ကြသည်။
"မဟာအကြီးအကဲမန်..... "
"ဂါဝရပြုပါတယ် မဟာအကြီးအကဲမန်"
မန်ဟိုက ခေါင်းညိတ်ပြီး ပင်မခန်းမဆောင်၏ အလယ်ရှိ တိုင်လုံးပုံသဏ္ဍာန် အလင်းတန်းတစ်တန်းအရှေ့ ရောက်သည်အထိ လျှောက်သွားလိုက်သည်။ အလင်းတန်းသည် ပုံရိပ်ယောင်ဖြစ်ပြီး အထဲ၌ နာမည်စာရင်းများကို မြင်ရ၏။ နာမည်တစ်ခုစီ၏ဘေးတွင် ကိန်းဂဏန်းများရှိသည်။
ဤသည်မှာ မြို့ကို ကာကွယ်နေရသည့်အတောအတွင်း ရရှိခဲ့သော တိုက်ပွဲဝင်ရမှတ်များဖြစ်သည်။ လူတစ်ယောက် ရရှိနိုင်သည့်ဆုကြေးများက ရန်သူဘယ်လောက်သတ်နိုင်ခဲ့လဲအပေါ် မူတည်သည်။
အလင်းတန်း၏ဘေးတွင် အေးခဲမျိုးနွယ်ကျင့်ကြံသူနှစ်ယောက် ထိုင်နေကြသည်။ သူတို့ မန်ဟို့ကို မြင်သောအခါ ချက်ချင်း ထရပ်ပြီး လက်ယှက်အရိုအသေပေးကြသည်။
စံအိမ်ထဲရှိ လူတိုင်း အလွန်တိတ်ဆိတ်သွားကြသည်။
မန်ဟိုက ဘာမှမပြောပေ။ သူသည် အလင်းတန်းနှင့် နာမည်စာရင်းကို တိတ်ဆိတ်စွာ ကြည့်ရှုနေသည်။
"မဟာအကြီးအကဲမန် တိုက်ပွဲဝင်ရမှတ် ၉၇၅၄၂"
ဒုတိယနေရာရှိ လူ၏ တိုက်ပွဲဝင်ရမှတ်မှာ နှစ်ထောင်ပင် မကျော်ပေ။ မန်ဟိုက ဆုကြေးစာရင်းကို လှမ်းကြည့်လိုက်သည်။
ကျင့်စဥ်ကျမ်းများ၊ မှော်ပစ္စည်းများ၊ ဆေးရည်များ၊ ဆေးဖော်စပ်ခြင်းအတွက် အထူးကုန်ကြမ်းများနှင့် ပန်းပဲလက်နက်များ ရှိလေသည်။ မြင်လိုက်သည်နှင့် မန်ဟို့ကို ရင်ခုန်သွားစေသော ပစ္စည်းတချို့လည်း ရှိ၏။
အရေးအကြီးဆုံးမှာ ဤပစ္စည်းများကို ရယူရန် လိုအပ်သည့် တိုက်ပွဲရမှတ်များက မန်ဟို စုပေါင်းရရှိခဲ့သော ရမှတ်များနှင့် မယှဥ်နိုင်သလောက်ပင်။
မန်ဟိုက အကုန်လုံး ယူရမလား ၊ မယူရမလား စဥ်းစားနေစဥ် ရုတ်တရက် ပစ္စည်းလေးခုက ဆုစာရင်းအပေါ်၌ ပေါ်လာသည်။
ဤပစ္စည်းလေးခုက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို အုတ်အုတ်ကျက်ကျက်ဖြစ်သွားစေ၏။
"ဆူးမြို့ရိုးအစေ့ တိုက်ပွဲဝင်ရမှတ် ၁၀၀၀၀၀"
"အေးခဲနှင်းမျိုးနွယ် လျှို့ဝှက်မိစ္ဆာသားရဲသခင်ပညာရပ် တိုက်ပွဲဝင်ရမှတ် ၂၀၀၀၀"
"ဂြိုဟ်ငါးလုံးနှင်းဝင်္ကပါ တိုက်ပွဲဝင်ရမှတ် ၅၀၀၀၀"
"မိစ္ဆာအားဖြည့်ဆေးလုံးဖော်စပ်နည်း တိုက်ပွဲဝင်ရမှတ် ၁၀၀၀၀၀"
မန်ဟို့၏မျက်လုံးများ တောက်ပလင်းလက်သွားပြီး ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာတော့ အသက်ပြင်းပြင်းရှူနေကြလေသည်။ မိစ္ဆာသားရဲသခင်ပညာရပ်က ဘာလဲ သူတို့မသိသည့်တိုင် ဆူးမြိို့ရိုးအစေ့ကိုတော့ အသေအချာမှတ်မိလေသည်။ စောစောက တိုက်ပွဲတုန်းက ဆူးမြို့ရိုး၏ ကြောက်မက်ဖွယ်ကောင်းပုံမှာ သူတို့ ဘယ်တော့မှ မမေ့နိုင်သည့်အရာဖြစ်သည်။
"ဂြိုဟ်ငါးလုံးနှင်းဝင်္ကပါ အဲ့ဒါက အေးခဲနှင်းမျိုးနွယ်စုရဲ့ အထူးမန္တန်ဝင်္ကပါပဲ။ ဂြိုဟ်ငါးလုံးမှော်ဒိုင်းကို ဖန်တီးလို့ရတယ်....."
ကျင့်ကြံသူများ ပစ္စည်းအသစ်များအကြောင်း ဆွေးနွေးနေကြစဥ် မန်ဟိုသည် အလေးအနက်တွေးတောရင်း မလှုပ်မယှက်ရပ်နေ၏။ ဆူးမြို့ရိုးအစေ့မှာ အကုန်အကျများသော်လည်း မယုံနိုင်လောက်အောင် အစွမ်းထက်သည်။ စောစောက သူအသုံးပြုခဲ့သော အစေ့ကို ဟန်ရွှယ့်ရှန်းဆီက ရခဲ့ခြင်းဖြစ်သည်။ နောင်တစ်ချိန်တွင် ထပ်သုံးချင်ပါက အလွယ်တကူရနိုင်မည်မဟုတ်ချေ။
သို့ရာတွင် ပို၍မျက်စိကျစရာကောင်းသည်က ဂြိဟ်ငါးလုံးနှင်းဝင်္ကပါ ဖြစ်သည်။
"အဲ့ဒီ ဂြိုဟ်ငါးလုံးနှင်းဝင်္ကပါက မြို့အပေါ်က ဟာတွေလား" သူကတွေးသည်။ ထို့နောက် မိစ္ဆာအားဖြည့်ဆေးလုံးကို လှမ်းကြည့်လိုက်၏။
"အဲ့ဒါ ဘာဆေးလုံးပါလိမ့်" မန်ဟိုက ပြုံးလိုက်သည်။ အေးခဲနှင်းမျိုးနွယ်စုမှ သူ၏အာရုံ၏အာရုံကို ဆွဲဆောင်ရန် ဤပစ္စည်းများ တမင်ထည့်သွင်းလိုက်ခြင်း ဖြစ်ကြောင်း သိသာလေသည်။ "ကြည့်ရတာ ဒီစစ်ပွဲကြောင့် အေးခဲနှင်းမျိုးနွယ်စု ငါ့ကို တကယ် တန်ဖိုးထားသွားတယ် ထင်တယ်" သူက တွေးနေသည်။ သူသည် မည်သည့်ပစ္စည်းကိုမှ မယူသေးဘဲ အလင်းတန်း၏ဘေးတွင် ရပ်နေသော အေးခဲနှင်းမျိုးနွယ်ဝင်တစ်ယောက်ကို မေးလိုက်သည်။
"အကြွေးယူလို့ရလား" သူက ပြုံးရင်း မေးလိုက်သည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ မန်ဟို့်ကို တအံ့တသြ စိုက်ကြည့်လိုက်ကြ၏။ သူတို့အနေဖြင့် ထိုသို့လုပ်ရန် တစ်ခါမှမတွေးခဲ့ဖူးပေ။
အေးခဲနှင်းမျိုးနွယ်စု လက်ရှိရောက်ရှိသော အခြေအနေကို စဥ်းစားလျှင် ၄င်းက စည်းကျော်သွားပုံရသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ မျက်လုံးများမှာ ထူးဆန်းသောအရောင်များ လက်လာတော့သည်။
မန်ဟို မေးခွန်းမေးခဲ့သည့် အေးခဲနှင်းမျိုးနွယ်ဝင်မှာ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမမှာ ဘာပြောရမှန်းမသိဘဲ သူ့ကို မျက်လုံးအပြူးသားနှင့်ကြည့်နေ၏။ ဤအခိုက်အတန့်တွင် ရုတ်တရက် မန်ဟို့နာမည်ဘေးရှိ တိုက်ပွဲဝင်ရမှတ်မှာ တစ်သိန်းတိုးသွားလေသည်။ ယခုတွင် သူ့တွင် စုစုပေါင်းရမှတ် ၁၉၀၀၀၀ကျော် ရှိသွားပြီဖြစ်၏။
မန်ဟိုက တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် သူအလိုရှိသည့် ပစ္စည်းများကို လက်ညှိုးထိုးတော့သည်။ အလင်းတန်းက ပြိုးပြိုးပြက်ပြက် လက်သွားပြီး ကျောက်စိမ်းပေလွှာ ပျံထွက်လာသည်။ တစ်ခုက ဂြိုဟ်ငါးလုံးမန္တန်ဝင်္ကပါခင်းနည်း ဖြစ်ပြီး နောက်တစ်ခုက မိစ္ဆာအားဖြည့်ဆေးလုံးအတွက် ဖော်စပ်နည်းပင်။
ထို့နောက် မန်ဟို့၏နာမည်သည် အလင်းတန်းထဲတွင် ပထမနေရာမှ နောက်ဘိတ်ဆုံးသို့ ထိုးကျသွားတော့သည်။ ယခုတွင် သူ၏နာမည်ဘေးရှိ ကိန်းဂဏန်းမှာ အနုတ် ၅၀၀၀၀ ခန့်ဖြစ်သွားလေပြီ။
မန်ဟိုက ကျောက်စိမ်းပေလွှာများကို ကိုင်၍ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အားကျမနာလိုနေသော အကြည့်များအောက်ဝယ် စံအိမ်မှ ထွက်ခွာလာခဲ့သည်။ သူသည် မြို့ထဲမှ သူ၏ခြံဝင်းဆီသို့ တရွေ့ရွေ့လမ်းလျှောက်သွား၏။
သူသည် ကြာပန်းများကြားတွင် တင်ပျဥ်ခွေထိုင်ပြီးနောက် ကျောက်စိမ်းပေလွှာများကို ငုံ့ကြည့်လိုက်သည်။ အချိန်များ တရွေ့ရွေ့ကုန်လွန်သွား၏။ သူ ခေါင်းပြန်မော့လာသောအခါ ညနေစောင်းနေပြီဖြစ်ပြီး သူ၏မျက်လုံးများသည် လင်းလက်တောက်ပလျက်ရှိလေသည်။
"မန္တန်ဝင်္ကပါက တော်တော်လေး အံ့သြစရာကောင်းပုံပဲ။ သိပ်နားမလည်တာ ဆိုးတယ်။ ဒါပေမဲ့ နားလည်တဲ့ သူတစ်ယောက်ယောက်နဲ့တွေ့ရင် အကူအညီရတန်ကောင်းပါရဲ့
"မိစ္ဆာအားဖြည့်ဆေးလုံးက တကယ်စိတ်ဝင်စားစရာကောင်းတယ်။ ဒါက ကျင့်ကြံသူတွေအတွက် မဟုတ်ဘဲ ကမ္ဘာသစ်မိစ္ဆာနဲ့ သားရဲတွေ စားသုံးဖို့အတွက်ပဲ" မန်ဟိုက ကျောက်စိမ်းပေလွှာများကို သိမ်းပြီးနောက် အားပြန်ဖြည့်ရန် တရားထိုင်လိုက်သည်။
ရက်အနည်းငယ်ကြာသော် ညသည် တိတ်ဆိတ်ငြိမ်သက်နေပြီး လက ကောင်းကင်တွင် ထွန်းလင်းတောက်ပနေသည်။ ဆူးမြို့ရိုးမှာ မြို့တော်အတွက် နောက်ဆုံးခုခံရေးစနစ် ဖြစ်လာခဲ့လေပြီ။ အနက်ရောင်နယ်မြေနန်းတော်ကျင့်ကြံသူများက ၄င်းကို ထိုးဖောက်၍ ဝင်ရောက်ရန် ကြိုးစားကြသော်လည်း အချည်းနှီးပင်။ သေဆုံးသူ သိပ်မရှိသော်လည်း ဆူးပင်များ၏ ထိရောက်မှုက ထင်ရှားသည်။
မန်ဟိုသည် သူ၏ခြံဝင်းထဲတွင် တင်ပျဥ်ခွေရင်း တရားထိုင်နေ၏။ ရုတ်တရက် သူ၏မျက်လုံးများ ပွင့်လာပြီး ညလက်ခလယ်ဖြင့် မြေကြီးကို ညွှန်လိုက်သည်။ ချက်ချင်းပင် မိစ္ဆာချီသည် ခဲလာပြီး သူ့အရှေ့တွင် သူနှင့် တစ်ထေရာတည်းတူသော ပုံသဏ္ဍာန်တစ်ခု ဖြစ်ပေါ်လာသည်။ ၄င်းသည် မန်ဟို့အသွင်ပြောင်းပြီး ရိပ်ခနဲ လေပေါ်ပျံတက်သွား၏။
မြို့၏အရှေ့ပိုင်းတွင် အတော်လေးချောင်ကျသော လမ်းတစ်လမ်းရှိ၏။ ၄င်းသည် လောလောဆယ်တွင် လူသူကင်းမဲ့နေသော်လည်း ပုံရိပ်တစ်ခုပေါ်လာသည်။ ၄င်းက မန်ဟိုကလွဲ၍ တခြားမဟုတ်ပေ။
သူသည် အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာသည်အထိ လေတဟူးဟူး တိုက်နေသော လမ်းတစ်လျှောက် လျှောက်လာပြီး ချောင်ကျသော ထောင့်တစ်နေရာတွင် ရပ်လိုက်သည်။ သူက ခေါင်းလှည့်ကြည့်ပြီး ပြော၏။ "ဘယ်အထိ နောက်ကလိုက်နေမှာလဲ"
ခပ်စူးစူးအသံတစ်သံ ထွက်လာသည်။ "တာအိုရောင်ရင်းမန်က ဆေးဝါးတာအိုရဲ့ မဟာအကြီးအကဲတင် ဖြစ်ရုံမကဘူး စိတ်ဝိညာဥ်အာရုံက ကျုပ်တွေ့ဖူးတဲ့ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူတွေကြားမှာ အစွမ်းထက်ဆုံးပဲ ။ ကျုပ်နဲ့တောင် ယှဥ်နိုင်လောက်တယ်" မန်ဟို့အနောက်ရှိ အရိပ်တစ်ခုက တွန့်လိမ်ပြီး ရန်စုန့်အသွင်ပြောင်းသွားသည်။ သူက မန်ဟို့ကို အပြုံးတစ်ခုဖြင့် ကြည့်နေ၏။
"ရှင်းပြဖို့ စကားသုံးခွန်း ပြောခွင့်ပေးမယ်" မန်ဟိုက သိပ်အရေးမစိုက်သလို ပြောသည်။ သူစကားပြောနေစဥ် မြေကြီးထဲမှ ဆူးလက်တံများ ရုတ်တရက် ထိုးထွက်လာကြသည်။
ရန်စုန့်က ကပျာကယာဖြေသည်။ "ကျုပ် စိတ်ဝိညာဥ်ခွဲထွက်ခြင်းဆေးလုံးလို့ ခေါ်တဲ့ ရှေးဆေးလုံး ဘယ်လိုဖော်စပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး အချက်အလက်တွေပါတဲ့ စာအုပ်ကို အမှတ်မထင်ဘဲ တွေ့ခဲ့တယ်။ အဲ့ဒီဆေးလုံးကို စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ကို ဖောက်ထွက်ရာမှာ သုံးစွဲမယ်ဆိုရင် ကြိမ်းသေ အောင်မြင်လိမ့်မယ်။ ကျုပ် နှစ်ပေါင်းများစွာ လေ့လာပြီးတဲ့နောက်တော့ ဆေးဝါးတာအိုရဲ့ အမွေအနှစ် ကိန်းအောင်းတဲ့နေရာကို ရှာဖွေနိုင်ခဲ့တယ်။ အဲ့ဒါက ကျုပ်တစ်ခါ အလည်သွားဖူးတဲ့ အနောက်ပိုင်းသဲကန္တာရရဲ့ တစ်နေရာမှာ ရှိတယ်။ ကျုပ်တစ်ယောက်တည်းတော့ ဆေးလုံးကို ယူလို့မရနိုင်ဘူး။ ဒါပေမဲ့ တာအိုရောင်ရင်းမန်ရဲ့ ဆေးဝါးတာအိုအသိနဲ့ဆိုရင် အောင်မြင်မှာသေချာတယ်။ ပြီးရင် ဆေးဖော်နည်းကို အတူတူမျှဝေကြတာပေါ့"
"ကျုပ်ရဲ့ ကျင့်ကြံခြင်းအခြေခံကို စဥ်းစားရင် အဲ့ဒီလိုဆေးလုံးမျိုးကို ကျုပ် သိပ်စိတ်မဝင်စားဘူး"
"တာအိုရောင်ရင်းမန် ကျေးဇူးပြုပြီး ပြန်စဥ်းစားကြည့်ပါဦး။ ခင်ဗျားရဲ့ဆေးဝါးတာအိုအသိနဲ့ဆိုရင် အနုသုခုမရုပ်ခန္ဓာအဆင့်ကို အလွယ်လေး တက်နိုင်မှာ။ အခုကတည်းက စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်အတွက် စပြီးမပြင်ဆင်ရင် ပထမဖျက်စီးခြင်းက ခက်နေလိမ့်မယ်နော်။ ဉာဏ်အလင်းလေးရဖို့ပဲ အားကိုးနေလို့မရဘူး။ ဒါ့အပြင် ကျုပ် သွားချင်တဲ့နေရာမှာ ဖော်စပ်နည်းတင်မကဘူး ဖော်ပြီးသား စိတ်ဝိညာဥ်ခွဲထွက်ခြင်းဆေးလုံးလည်း ရှိတယ်" ရန်စုန့်က ညာလက်ကို မြှောက်လိုက်ရာ သစ်သားပေလွှာတစ်ခု ပျံထွက်လာသည်။ "ဒီသစ်သားပေလွှာက စာအုပ်ရဲ့ အပိုင်းတစ်ပိုင်းပဲ။ တာအိုရောင်ရင်းမန် ကျုပ် အမှန်ပြောလား မပြောလားဆိုတာ စစ်ဆေးကြည့်လို့ရပါတယ်။ စိတ်ပြောင်းသွားရင် သစ်သားပေလွှာကိုသုံးပြီး ကျုပ်ကို ဆက်သွယ်လိုက်ပါ။ နေရာက အနောက်ပိုင်းသဲကန္တာရမှာရှိတဲ့ လူရိုင်းမျိုးနွယ်စုတော်တော်များများနဲ့ နီးတယ်။ ကျုပ်အကူအညီမပါရင် ခင်ဗျားရဲ့ ကျင့်ကြံသူချီကို ဖုံးကွယ်ပြီး ဝင်လို့ရမှာမဟုတ်ဘူး" ထို့နောက် ရန်စုန့်သည် မန်ဟို့ကို နောက်ဆုံးတစ်ချက်ကြည့်ပြီးနောက် တစတစ မှေးမှိန်ပျောက်ကွယ်သွားတော့သည်။
***