ဆေးဖော်သလို အနုသုခုမရုပ်ခန္ဓာကိုဖော်စပ်ခြင်း
Vol. 27 Ch. 371
မန်ဟိုက ရန်စုန့် တဖြေးဖြေး ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း မျက်လုံးများ လင်းလက်တောက်ပနေသည်။ သူသည် သူ့အရှေ့၌ ပျံဝဲနေသော သစ်သားပေလွှာကို ယူပြီးနောက် ချာခနဲ လှည့်ထွက်လာ၏။
သူသည် ထိုလူ့ကို မယုံကြည်သောကြောင့် မိစ္ဆာချီကိုယ်ပွားဖြင့်သာ သွားတွေ့ခြင်းဖြစ်လေသည်။
မှန်ပါသည်၊ ရန်စုန့်မှာ ဆူးမြို့ရိုးကျေးဇူးကြောင့် မန်ဟို့ကို အတော်လေးကြောက်နေလေသည်။ ထို့ကြောင့် သူလည်း ကိုယ်အစစ်နှင့်လာမည့်အစား တခြားနည်းလမ်းသုံး၍ လာရောက်ဆုံတွေ့ခြင်းဖြစ်၏။
"တစ်ယောက်ကို တစ်ယောက်တောင် မယုံဘဲ ဘာလို့ ငါ့ကို လိုက်ခဲ့ဖို့ ခေါ်တာလဲ......" မန်ဟိုက အပြန်လမ်းတွင် တွေးနေသည်။ "ထားပါလေ ငါတို့ကြားမှာမှ ရန်ငြိုးမရှိတာ ငါ့ကိုလှည့်စားဖို့ ဘာလို့ အပင်ပန်းခံနေတော့မလဲ။ သူပြောခဲ့တာတွေကို နည်းနည်းတော့ ယုံရလောက်မလား"
ညဥ့်နက်နေပြီဖြစ်၍ မြို့၏အရှေ့ပိုင်းမှာ တိတ်ဆိတ်လျက်ရှိသည်။ စစ်ပွဲမတိုင်ခင်က တည်ရှိခဲ့သော ဟေးလားဝါးလား အော်သံများနှင့် ခြေချင်းလိမ်မတတ် စည်ကားသိုက်မြိုက်မှုတို့မှာ ယခုတော့ ဆိတ်သုဥ်းသွားလေပြီ။ အရာအားလုံးနီးပါးကား ပြိုကျပျက်စီးနေတော့သည်။
သူသည် မီတာသုံးရာပင် လျှောက်မပြီးသေးခင် ရုတ်တရက် ရပ်ပြီး နောက်သို့ သုံးလှမ်းဆုတ်လိုက်သည်။
သူ ထိုသို့ဆုတ်လိုက်ချိန်မှာပင် စောစောက သူရပ်နေခဲ့သောနေရာတွင် ရုတ်တရက် အစိမ်းရောင်လှိုင်းများ ဖြာထွက်လာသည်။ တစ်ချိန်တည်းမှာပင် လှိုင်းများအတွင်း၌ လူတစ်ယောက်၏ လိမ်ဖယ်နေသော ပုံရိပ်တစ်ခု မြင်သာလာ၏။ ပုံရိပ်ကို ပြတ်ပြတ်သားသားတော့ မမြင်ရပေ။ သို့သော် အစိမ်းရောင်အလင်းအတွင်း၌ အရုပ်အရှိန်အဝါ၏ အခိုးအငွေ့များကို မန်ဟို အာရုံရနေသည်။
"အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူ" ထိုးအတွေးက သူ့ခေါင်းထဲတွင် ဖြတ်ပြေးသွား၏။ "ဆူးမြို့ရိုးက ဒီဧရိယာအထိ ရောက်မလာသေးဘူး။ ဒါဆို ရန်စုန့် အသာစီးကနေ လှုပ်ရှားလို့ရတာပဲ" မန်ဟို့၏မျက်ဝန်းများ အေးစက်သွားသည်။ သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းဖြာထွက်လာပြီး သူက နောက်ဆုတ်လိုက်၏။ ထို့နောက် ညာလက်သီးကိုဆုပ်၍ လာနေသော အစိမ်းရောင်အလင်းကို ထိုးချလိုက်သည်။
ဝုန်းခနဲ မြည်ဟည်းသွား၏။ မန်ဟိုလက်သီးက မည်သည့်အရာကိုမှ ထိတိုက်သွားခြင်းမရှိသော်လည်း အားပြင်းသောတိုက်ကွက်တစ်ကွက်က အစိမ်းရောင်အလင်းထံ ဦးတည်သွားသည်။ သို့ရာတွင် မန်ဟို့အတွက် ပြင်ဆင်မှုများ သီးသန့် ပြုလုပ်လာခဲ့သယောင်ပင်။ သူ၏လက်သီး အစိမ်းရောင်အလင်းကို မထိခင် ၄င်းသည် သေးငယ်သော အလင်းအစက်အပြောက်လေးများအဖြစ် ပြိုကွဲကာ လေထဲသို့ ပျံ့နှံ့သွားသည်။ ထို့နောက် ၄င်းတို့က တစ်ခုထံတစ်ခု ပြန်ပြေးဝင်ပြီး မန်ဟို့ကို ရိုက်ချလိုက်သော အစိမ်းရောင်ကြာပွတ်အဖြစ် စုပေါင်းသွာသည်။
မန်ဟို အံ့အားသင့်သွားသည်။ ဤသည်မှာ သူ၏ညာလက်သီးကို ရှောင်နိုင်သောအရာကို ပထမဆုံး ကြုံဖူးခြင်းပင်။ မှန်ပါသည် လက်သီးက ပုံရိပ်ယောင်ဖြစ်ခဲ့သော်လည်း သူ၏ပြိုင်ဘက် ၄င်းကို ရှောင်နိုင်ခြင်းက ထိုလူ မည်မျှအစွမ်းထက်ကြောင်း သက်သေပြနေသည်။
"ဒီလူက ရန်စုန့်နဲ့ လိုက်လာတာ မဟုတ်ဘူး။ ရန်စုန့်က သူ့ကိုယ်သူ ဖုံးကွယ်ထားပြီးတော့ ငါကိုယ်တိုင်မလာဘူးဆိုတာ ကောင်းကောင်းသိတယ် ။ ဒါပေမဲ့ ဒီကျင့်ကြံသူက ငါ့လက်သီးရှောင်လိုက်တယ်ဆိုတော့.....ဒါက ပုံရိပ်ယောင်လက်သီးမှန်းမသိတာ ထင်ရှားတယ်။ ဒါ့ကြောင့် ငါ့ကိုယ်အစစ်မဟုတ်ဘူးဆိုတာလည်း မသိနိုင်ဘူး။ ဒီလိုသာဆိုရင် သူနဲ့ ပက်ပင်းတိုးတာ တိုက်ဆိုင်တာဖြစ်မယ်......ဒီလောက်ကြီးတဲ့မြို့ထဲမှာမှ ဒီလူနဲ့ ဒီနေရာမှာ အမှတ်မထင်တွေ့နိုင်ခြေကလည်း မများဘူး။ ကြည့်ရတာ မြို့ထဲလာပြီဆိုမှတော့...... တစ်ယောက်တည်းတော့ မဟုတ်တန်ဘူး" မန်ဟိုက ကြာပွတ်ကို သူ၏ခန္ဓာကိုယ်အား ရစ်ပတ်ခွင့်ပြုရင်း နှာမှုတ်လိုက်သည်။
ဝုန်းခနဲအသံနှင့်အတူ မန်ဟို၏ခန္ဓာကိုယ်မှာ မရေမတွက်နိုင်သော ချီမျှင်များအဖြစ် ပြိုကွဲကာ လေထဲ၌ လွင့်စင်ပျောက်ကွယ်သွားတော့သည်။
အစိမ်းရောင်ကြာပွတ်က နောက်ပြန်ဆုတ်သွားပြီး တအံ့တသြ ရေရွတ်လိုက်သံတစ်သံ ကြားလိုက်ရသည်။ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူမှာ ရုတ်တရက် ခံစားချက်မကောင်းတော့ပေ။
သို့သော် သူနောက်ဆုတ်သွားသည့်အချိန်မှာပင် ပြိုကွဲသွားသော ချီမျှင်များသည် ရုတ်တရက် ရှေ့သို့တိုးဝင်လာပြီး နောက်တစ်ဖန် မန်ဟို ပြန်ဖြစ်သွား၏။ သူ၏ဘယ်လက်က ကြာပွတ်ကို လှမ်းဖမ်းပြီး သူ့ထံသို့ ဆွဲယူလိုက်သည်။
"ဒီကိုလာခဲ့"
မိုးထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားသည်။ ကြာပွတ်က ခပ်တင်းတင်းပြန်ဆွဲလိုက်ပြီး အစိမ်းရောင်လှိုင်းများအတွင်း၌ ထွက်ပြေးနေသောလူတစ်ယောက်၏ ပုံရိပ် ဝိုးတိုးဝါးတားပေါ်လာသည်။
မန်ဟိုက အစိမ်းရောင် ကြာပွတ်ကို ဆောင့်ဆွဲလိုက်ရာ ၄င်းသည် ညှိုးနွမ်းခြောက်ကပ်လာပြီးနောက် ရုတ်ခြည်း ပြာကျသွားတော့သည်။
မန်ဟိုက လှိုင်းများ အဝေးတွင် ပျောက်ကွယ်သွားသည်ကို ကြည့်နေပြီး အေးစက်မှုက သူ၏မျက်လုံးများတွင် လင်းလက်သွားသည်။ "ရန်စုန့်နဲ့ ဘာမှမဆိုင်တာ သေချာတယ်။ ဒါပေမဲ့ ဘယ်သူမှ မန်ဟို့တိုက်ခိုက်ပြီး ထွက်ပြေးသွားလို့မရဘူး" သူ၏ခန္ဓာကိုယ်သည် ဝေဝါးသွားပြီးနောက် ရုတ်တရက် နောက်ထပ်မန်ဟိုဆယ်ယောက် ခွဲထွက်လာသည်။ သူတို့က မတူညီသော အရပ်မျက်နှာများသို့ အလျှိုလျှို ထွက်သွားကြလေသည်။
ထိုစဥ် မန်ဟို၏ကိုယ်အစစ်သည် ခြံဝင်းထဲ၌ ကြာပန်းများကို ထိုင်ကြည့်နေ၏။ ဤနေရာရှိ အရာအာလုံးမှာ ဆိတ်ငြိမ်အေးချမ်းလျက်ရှိပြီး သူသည် မိစ္ဆာချီကိုယ်ပွားများနှင့်ပတ်သက်၍ ဖြစ်ပျက်နေသည်တို့ကို သိပ်အာရုံစိုက်မနေပေ။
အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် သူက ထုံးစံအတိုင်း မပြောင်းလဲသောမျက်နှာထားဖြင့် ထရပ်လိုက်သည်။ ထို့နောက် ညအမှောင်ထုအတွင်းသို့ ဖြေးဖြေးမှန်မှန် လျှောက်သွားလေသည်။ မကြာမီ သူသည် ခြံဝင်းမှ မီတာသုံးရာခန့်အကွာသို့ ရောက်သွား၏။
သူသည် ချောင်ကျသောလမ်းတစ်လမ်းသို့ ရောက်သောအခါ တစ်စုံတခုကို စောင့်နေသည့်အလား ရပ်လိုက်၏။ အသက်နှစ်ရှိုက်ကြာသောအခါ လှိုင်းများက လေကိုခွင်း၍ သူ့ထံ ဦးတည်လာသည်။ လှိုင်းများ၏အနောက်တွင် သူနှင့်တစ်ပုံစံတည်းတူသော ပုံရိပ်ရှစ်ခုက အေးစက်တင်းမာသော မျက်နှာထားများဖြင့် ထပ်ကြပ်မကွာ လိုက်နေကြသည်။
ဝူမုမှာ လိပ်ပြာလွင့်မတတ် ကြောက်နေ၏။ သူသည် အနောက်ပိုင်းသဲကန္တာရမှ ကျီးကင်းထောက်မျိုးနွယ်စု၏ အဖွဲ့သားတစ်ဦးဖြစ်ပြီး အနက်ရောင်နယ်မြေနန်းတော်၏ စစ်ပွဲ၌ ဝင်ရောက်တိုက်ခိုက်နေသော တပ်ဖွဲ့ဝင်လည်းဖြစ်သည်။ သူ့တွင် သစ်သားအမျိုးအစား အရုပ်များ ပိုင်ဆိုင်ထားသောကြောင့် ယခုညတွင် လုပ်ကြံသတ်ဖြတ်ရမည့်တာဝန်ဖြင့် မြို့အတွင်းသို့ စေလွှတ်ခံခဲ့ရသည်။
သူ့နှင့်အတူ ပါလာသော လူအရေအတွက်မှာ တစ်ဒါဇင်ကျော်ခန့်ရှိ၏။ ထိုလူတို့၏ကျင့်ကြံခြင်းအခြေခံအဆင့်ကို သူသေချာမသိသော်လည်း သူကတော့ အမြုတေဖြစ်တည်မှုနှောင်းပိုင်းအဆင့်ပင်။ ယင်းနှင့် မျိုးနွယ်စုမှ လျှို့ဝှက်ပညာရပ်များအပြင် သူ၏ သစ်သားအမျိုးအစားအရုပ်များဖြင့် ပေါင်းစည်းသွားသောအခါ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် သူ၏တိုက်ကွက်ကို ထိုးဖောက်ရခက်သွားစေသည်။
သို့သော်လည်း မြို့ထဲဝင်ဝင်ချင်း တည့်တည့်တိုးသည့် ပထမဆုံးလူမှာ ဆူးမြို့ရိုးကို ဆင့်ခေါ်ခဲ့သော မဟာအကြီးအကဲမန်ဖြစ်နေလိမ့်မည်ဟု သူ မည်သို့ကြိုသိနိုင်ခဲ့မည်နည်း။ သူက သစ်သားအမျိုးအစားအရုပ်များကြောင့် ဆူးမြို့ရိုးအနေဖြင့် သူ့ကို ရှာတွေ့နိုင်မည်မဟုတ်ဟု ယူဆပြီး တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်လေသည်။
သူ၏အမြင်အရ ပဟေဋ္ဌိဆန်သော မဟာအကြီးအကဲမန်ကို သတ်နိုင်ခဲ့လျှင် ၄င်းက မယုံနိုင်ဖွယ်ရာ တိုက်ပွဲဝင်ရမှတ် ဖြစ်လိမ့်မည်။ မျိုးနွယ်စု ပြန်ရောက်ပါက သေချာပေါက် ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ခံရမည် ဖြစ်သည်။ သူ့ကို မသတ်နိုင်လျှင်တောင်မှ အနည်းဆုံးတော့ ဒဏ်ရာရအောင် လုပ်နိုင်၏။ မည်သို့ဆိုစေ သူသည် သူ၏ အသက်အန္တရာယ်မရှိနိုင်ကြောင်း ယုံကြည်ချက်အပြည့်အဝရှိသည့်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သူတိုက်ခိုက်ခဲ့သည့်အရာက မဟာအကြီးအကဲမန်၏ ကိုယ်အစစ်မဟုတ်ဘဲ ကိုယ်ပွားဖြစ်နေလိမ့်မည်ဟု သူမည်သို့ ခန့်မှန်းနိုင်ခဲ့မည်နည်း။ ယင်းက သူ့ကို အံ့သြမှင်သက်၍ ကြောက်လန့်သွားစေသည်။ သူသည် ညသန်းခေါင်ကြီး ကိုယ်ပွားပုံစံဖြင့် ထွက်လာသော မန်ဟို့ကို ဆဲဆိုရင်း ဖနောင့်နှင့်တင် တစ်သားတည်းကျအောင် ထွက်ပြေးခဲ့လေသည်။
ထို့နောက် ရုတ်တရက်ကြီး မဟာအကြီးအကဲမန်၏ ကိုယ်ပွားဆယ်ခုပေါ်လာပြီး သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်လာသောအခါတွင်တော့ သူ၏အကြောက်တရားမှာ ပို၍ပင်ကြီးမားလာခဲ့၏။ သူ၏ အထူးပုန်းအောင်းခြင်းနည်းလမ်းများနှင့် သစ်သားအမျိုးအစား အရုပ်များကြောင့်သာမဟုတ်လျှင် အဖမ်းခံလိုက်ရပြီဖြစ်သည်။
သူ ကိုယ်ပွားများလက်မှ လွတ်အောင် အသည်းအသန်ပြေးနေစဥ် ရုတ်တရက် အရှေ့တွင် ရပ်နေသော မန်ဟို့ကို မြင်လိုက်ရသည်။
"သောက်ကျိုးနည်း" သူကတွေးသည်။ "ဒီမဟာအကြီးအကဲမန်က ဆေးလုံးတင် ဖော်စပ်တာမဟုတ်ဘူး။ မိုးကြိုးကျင့်စဥ်လည်း ကျင့်ထားတယ် ပြီးတော့ ကိုယ်ပွားတွေကလည်း တစ်ပုံကြီး။ ငါချီးတဲ့မှ သူလို လူမဟုတ်တဲ့ လူမျိုး ကမ္ဘာပေါ်မှာ ရှိသေးတယ်လား"
သူသည် အထင်သေးသောမျက်ဝန်းများဖြင့် ရပ်နေသော မန်ဟို့ကို ကြည့်ပြီး စိတ်ထဲတွင် ဆဲဆိုနေတော့သည်။
"အေး သူ့မှာ ထူးဆန်းတဲ့ပညာရပ်တွေ ရှိရင်ရှိမယ်၊ ဒါပေမဲ့ ငါ့ကို ဖမ်းနိုင်လောက်တဲ့အထိ မတော်ဘူး" ဝူမုက ရိပ်ခနဲ လှုပ်ရှားရင်း အေးစက်စက် နှာမှုတ်လိုက်သည်။ သူသည် အင်္ကျီလက်စကို ခါလိုက်ရာ သူ့ကို ဝန်းရံထားသည့် လှိုင်းစက်ကွင်းများက သူ ကိုယ်ပွားဟု ယူဆထားသော မန်ဟို့၏ကိုယ်အစစ်ထံ ပြေးဝင်သွားသည်။ ဤသည်မှာ ကိုယ်ပွားများ လွင့်ပြယ်ပျောက်ကွယ်သွားအောင် သူ စောစောက အသုံးပြုခဲ့သော နည်းလမ်းဖြစ်၏။
ဝူမု မန်ဟိုအပေါ်သို့ လှစ်ခနဲ ရောက်သွားစဥ် ရုတ်တရက် စကားပြောသံ ကြားလိုက်ရသည်။ "အရုပ်တာအိုနဲ့ပတ်သက်ပြီး လေ့လာစရာတွေက အများသားပဲ"
ဝူမု ထိုစကားလုံးများအား မတုံ့ပြန်နိုင်ခင် မန်ဟိုက လက်ကို မြှောက်ပြီး သူ့ထံ ညွှန်လိုက်သည်ကို မြင်လိုက်ရလေသည်။
ဝုန်းခနဲ အသံကြီး ရိုက်ညောင်းသွားကာ မမြင်နိုင်သော စုတ်ဖြဲအားတစ်ရပ်က ဝူမုကိုဝန်းရံလိုက်၏။ သူ့မှာ အံ့အားသင့်သွားပြီး နောက်ဆုတ်တော့မည့်အချိန် သွေးရောင်အလင်းက ပတ်ဝန်းကျင်တွင် လွှမ်းခြုံသွားသည်။ ထိုသွေးအလင်းက သူ့ကို ကိုယ်ပျောက်နေစေသည့် အလွှာများကို စုတ်ဖြဲပစ်ရင်း ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသဖြင့် သူ့မှာ ဘွားခနဲ လူလုံးပေါ်လာတော့သည်။
" လခွမ်း ကိုယ်ပွားမဟုတ်ဘူးဟ " သူ့မှာ ချာချာလည် မူးနောက်သွားလေပြီ။ သူ၏မျက်နှာသည် လူသေကောင်ပမာ ဖြူဆုပ်နေလျက်ရှိပြီး နောက်မှော်ပညာရပ်တစ်ခု အသုံးပြုရန် ပြင်လိုက်စဥ် မန်ဟိုက သူ၏မျက်လုံးများကို စိုက်ကြည့်သည်။ သူ့အကြည့်တွင် အချိန်စွမ်းအား ပါရှိနေသယောင်ပင်။ ဝူမု၏ စိတ်အစဥ်မှာ တွေးတောနိုင်စွမ်း မရှိတော့သကဲ့သို့ လည်ထွက်သွားသည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ အချိန်သည် ပြောင်းလဲသွားခဲ့သည့်အလား အရာအားလုံး ရုတ်တရက်ကြီး နှေးကွေးသွား၏။
သူ စိတ်နှင့်ကိုယ် ပြန်ကပ်သောအခါ မန်ဟို့၏ ညာလက်သည် သူ၏လည်မျိုကို ဖမ်းဆုပ်ရန် လေကို ထိုးခွင်း၍ လာနေလေပြီ။ ထို့နောက် အရာအားလုံး အမှောင်ဖုံးသွားတော့သည်။
မန်ဟိုက ဝူမုကို မလိုက်သည်။ တစ်ချိန်လုံး သူ၏အမူအရာမှာ ပြောင်းလဲခြင်းမရှိခဲ့ပေ။ သူသည် လမ်းတစ်လျှောက် အေးအေးလူလူ လမ်းလျှောက်လာသည်။ သူ၏အနောက်တွင် မိစ္ဆာချီကိုယ်ပွားဆယ်ခုမှာ လွင့်ပျယ်ပျောက်ကွယ်သွား၏။ တစ်ချိန်တည်းမှာပင် သစ်သားပေလွှာတစ်ခု မန်ဟို့ဆီ ပျံသန်းလာသည်။ သူက ၄င်းကို ယူ၍ တစ်ချက်ကြည့်ပြီးနောက်် ဝူမုကို လက်တစ်ဖက်ဖြင့် သယ်ရင်း တရွေ့ရွေ့လျှောက်သွားလေသည်။
ယခုညသည် သန့်စင်နှင်းမြို့တော်အတွက် အေးချမ်းသောညတစ်ည မဟုတ်ပေ။ လုပ်ကြံသတ်ဖြတ်မှု ငါးဆယ်ကျော် ဖြစ်ပွားခဲ့ပြီး အေးခဲနှင်းမျိုးနွယ်ဝင်တချို့ပင် သေဆုံးခဲ့၏။
နောက်ဆုံးတွင် အကြီးအကဲလေးဦးက ကျင့်ကြံခြင်းအခြခံစွမ်းအားများ ထုတ်ဖော်လိုက်ရတော့သည်။ ပေါက်ကွဲမှုများက မိုးလင်းသည်အထိ ညကောင်းကင်ယံတွင် ဖြစ်ပွားလျက်ရှိ၏။
အပြင်က ရုတ်ရုန်းဆန်ခတ်အခြေအနေများသည် ခြံဝင်းထဲရှိ မန်ဟို့အပေါ် သက်ရောက်မှုမရှိပေ။ သူက ဝူမုထံမှ သွေးတချို့ထုတ်ယူပြီး သူ၏အရုပ်ဆေးမင်ကြောင်များကို လေ့လာရန် အရှင်လတ်လတ် ခွဲစိတ်နေ၏။
သူ့မှာ အရုပ်များအား နားလည်လိုစိတ်အပေါ် လက်မလျှော့နိုင်သေးပေ။ ၄င်းတို့က ပြီးပြည့်စုံသောအနုသုခုမရုပ်ခန္ဓာလမ်းစဥ်၏ အဓိကသော့ချက်ဖြစ်ကြောင်း သူခံစားနေရသည်။
"သစ်သားအမျိုးအစားအရုပ်တွေက.... ဆူးမြို့ရိုးကို ရှောင်ကွင်းနိုင်တယ်။ ဒါက သစ်သားသဘောတရားနဲ့ တစ်ခုခုပတ်သက်လိမ့်မယ်" မန်ဟိုသည် ဝူမု၏ ခဲထားသော အသက်စွမ်းအားတချို့ ပါဝင်သည့်ခွက်ကို ကိုင်ထား၏။ ၄င်းက သစ်သားဓာတ်ကို ထုတ်လွှတ်နေသည့်အတွက် မန်ဟို့အား ထိုလူနှင့် သူ၏လက်မောင်းပေါ်ရှိ အစိမ်းရောင်သစ်ရွက်အရုပ်ဆေးမင်ကြောင်ကို ငုံ့ကြည့်မိလိုက်စေသည်။
"သစ်သားဓာတ်က ဓာတ်ငါးပါးထဲက တစ်ခုပဲ" သူ၏ ခေါင်းထဲတွင် အတွေးပေါင်းစုံ ဖြတ်ပြေးနေ၏။ "သတ္တု၊ သစ်သား၊ ရေ၊ မီး ၊ မြေကြီး။ ဓာတ်ငါးပါး အရောင်ငါးမျိုး။ အဖြူ၊ အစိမ်း၊ အနက်၊ အနီ၊ အဝါ။ ပြီးပြည့်စုံခြင်းက ငါးရောင်ခြယ်အနုသုခုမရုပ်ခန္ဓာ..... သစ်သားအနုသုခုမရုပ်ခန္ဓာက အစိမ်းရောင်ဖြစ်မယ်။ အကယ်လို့ ငါသာ မတူညီတဲ့ ဓာတ်တွေနဲ့ အရုပ်ငါးမျိုး ရပြီး ထိပ်ဆုံးအဆင့်အထိ ကျင့်ကြံနိုင်ရင်တော့ ဓာတ်ငါးပါးဆေးဖော်နည်းကို သုံးတာနဲ့အတူတူ ဖြစ်လိမ့်မယ်။ ငါးရောင်နဲ့ဆိုရင် ငါးရောင်ခြယ်အနုသုခုမရုပ်ခန္ဓာကို ဖော်စပ်နိုင်ပြီ" ဤသည်မှာ အရုပ်များနှင့်ပတ်သက်၍ သူလုပ်ဆောင်ခဲ့သည့် လေ့လာစမ်းသပ်မှုအားလုံး၏ ရလဒ်ဖြစ်သည်။
သူသည် ယခင်က ဤရလဒ်၏ အခြေခံသဘောတရားကို တွေးခဲ့မိသော်လည်း လက်ရှိစမ်းသပ်မှုပြီးသည့်နောက်တွင်တော့ ပို၍ယုံကြည်ချက်ရှိသွားလေသည်။
"ဒါက ငါ့ဆေးဝါးတာအိုနဲ့လည်း ကိုက်ညီတယ်။ ငါ့ရဲ့ခန္ဓာကိုယ်က ဆေးပေါင်းဖို၊ ငါ့နှလုံးသား ဆေးဖော်နည်း။ ကောင်းကင်နဲ့မြေကြီးရဲ့ ကြီးကြယ်ခမ်းနားတဲ့ ငါးရောင်ခြယ်အနုသုခုမရုပ်ခန္ဓာကို ငါကိုယ်တိုင် ဖော်စပ်မယ်" သူ၏မျက်လုံးများ တောက်ပလင်းလက်သွားသည်။ အနုသုခုမရုပ်ခန္ဓာကို ဤကဲ့သို့ ဖော်စပ်ရန် အကြံမှာ သူ့အရှေ့က ဘယ်သူမှ မတွေးမိခဲ့သောအရာဖြစ်သည်။
အခြားသူများက အနုသုခုမရုပ်ခန္ဓာကို ဖန်တီးရန် ကျင့်စဥ်ကို အသုံးပြုသည်။ သို့သော် မန်ဟို့၏ဆုံးဖြတ်ချက်က ဆေးဖော်စပ်နည်းများကို အသုံးပြု၍ အနုသုခုမရုပ်ခန္ဓာဖော်စပ်ရန်ပင်။
"ဒါက ပြီးပြည့်စုံခြင်းကို အရယူဖို့ တစ်ခုတည်းသောနည်းလမ်းပဲ" သူက မျှော်လင့်ချက်များပြင်းထန်နေသော အမူအရာဖြင့် တွေးနေသည်။
***