မေ့သွားတာလား
Vol. 27 Ch. 372
လဝက်ဆိုသော အတိုင်းအတာမှာ သိပ်မကြာလိုက်ပေ။ သို့သော် ဝူမုအတွက်တော့ အရှင်လတ်လတ် ငရဲကျနေသည့်အလားပင်။ သူ့မှာ အရုပ်ဆေးမင်ကြောင်များကို အရူးအမူးလေ့လာလိုနေသည့်သူနှင့်မှ တည့်တည့်တိုးခဲ့မိသည် မဟုတ်ပါလော။ သူ၏သွေးမှ အရိုး၊ အရုပ်ဆေးမင်ကြောင်များမှ ကျင့်စဥ်များအထိတစ်ဆုံး သူ့တစ်ကိုယ်လုံးမှာ မန်ဟို့၏ထိန်းချုပ်မှုအောက်သို့ လုံးလုံးကျရောက်နေလေပြီ။
မန်ဟိုသည် နက်နက်နဲနဲလေ့လာလေလေ၊ အနုသုခုမရုပ်ခန္ဓာဖော်စပ်ခြင်းနှင့်ပတ်သက်၍ ယုံကြည်ချက် ပိုပိုရှိလာတော့သည်။ ဝူမုမှာ မန်ဟို့အား ကျင့်ကြံခြင်းအခြေခံနှင့် ဆေးဝါးတာအိုကို မည်ကဲ့သို့ပေါင်းစည်းရမည်လဲ နားလည်အောင် ကူညီပေးရမည့် ကံပါပုံရသည်။ တစ်လကြာသည့်အခါတွင်တော့ မန်ဟို့အတွက် ထိုလူ့ထံမှ လေ့လာစရာ မရှိတော့သဖြင့် ဆက်လက်ဒုက္ခပေးနေမည့်အစား လွှတ်ပေးလိုက်လေသည်။
ဝူမုက ထွက်မသွားခင် ကတုန်ကယင်ဖြင့် မန်ဟို့ကို ကြည့်သည်။ သူ့မှာ ဤလူနှင့် ဘယ်တော့မှ ထပ်မတွေ့ရန် ဆုတောင်းပြီးနောက် တတ်နိုင်သမျှ မြန်မြန်ထွက်ပြေးသွားတော့သည်။
"ငါ့အတွေးကို ခိုင်မာစေဖို့ အရုပ်တွေ ထပ်လိုတယ်" မန်ဟိုသည် ဝူမုထွက်သွားသည်ကို ကြည့်ရင်း တွေးလိုက်၏။ မြို့အပြင်မှ တဂျိန်းဂျိန်း ထစ်ချုန်းသံများ ထွက်ပေါ်လာသည်။ ပြီးခဲ့သည့်လဝက်အတောအတွင်း အနက်ရောင်နယ်မြေနန်းတော်နှင့် အနောက်ပိုင်းသဲကန္တာရမှ တပ်ဖွဲ့များ တဖွဲဖွဲရောက်လာခဲ့လေသည်။ နေ့စဥ်နေ့တိုင်း အပြင်ဘက်ရှိ တပ်ဖွဲ့များနှင့် ပူးပေါင်းရန် ရာနှင့်ချီရောက်လာကြပုံရသည်။
လောလောဆယ်တွင် မြို့အပြင်၌ ကျင့်ကြံသူငါးထောင်ခန့် စုဝေးရောက်ရှိနေကြပြီဖြစ်သည်။ သန့်စင်နှင်းမြို့တော်မှာ ထီးတည်းတည်ရှိနေတော့၏။ သားရဲများက ဝေဟင်ထက်မှ တိုက်ခိုက်နေကြပြီး စစ်ရထားများက မြေပြင်ပေါ်တွင် ပြည့်လျက်ရှိသည်။
ဆူးမြို့ရိုးသည် တစ်လအတောအတွင်း မည်သည့်တိုက်ခိုက်မှုကိုမဆို မဖြုံခဲ့ပေ။ သို့သော် နောက်ဆုံးတွင်တော့ တရစပ်တိုက်ခိုက်မှုများနှင့် ပေါက်ကွဲမှုများအောက်တွင် ၄င်းသည် ယိုယွင်းလာသည့်လက္ခဏာများ ပြလာ၏။ သိသိသာသာပင် ၄င်းမှာ သိပ်ကြာကြာခံတော့မည်မဟုတ်ပေ။
ရက်အနည်းငယ်ကြာသော် အနက်ရောင်နယ်မြေနန်းတော် ကျင့်ကြံသူနှစ်ထောင်နီးပါးရှိသည့် တပ်ဖွဲ့တစ်ဖွဲ့ လေကိုခွင်း၍ ရောက်လာကြသည်။ သူတို့ကို ဦးဆောင်နေသူက ရွှေရောင်မျက်နှာဖုံးနှင့် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ ထိုလူကား အနက်ရောင်နယ်မြေနန်းတော် တာအိုကလေး လောင်ချုံးပင်။
သူ၏မျက်လုံးများမှာ ခက်ထန်နေပြီး အလိုမကျဖြစ်နေမှုက ပြည့်နှက်နေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှလည်း ထူးဆန်းသော အရှိန်အဝါကို ထုတ်လွှတ်နေ၏။ သူသည် ယခုနောက်ပိုင်း အတော်လေး စိတ်ဆင်းရဲနေခဲ့ရလေသည်။ ထိုနှစ်က အဆိပ်ခတ်ခဲ့ရပြီးနောက်တွင် အနက်ရောင်နယ်မြေနန်းတော်ကို ပြန်၍ စဥ်းစားရသမျှ နည်းပေါင်းစုံဖြင့် သူ့ကိုယ်သူ ကုသခဲ့သည်။ ကံဆိုးစွာနှင့် အဆိပ်ကို ဖြေမရခဲ့ပေ။ ထိုအခြေအနေက သူ၏ရင်ထဲတွင် စိုးရိမ်သောကတို့ဖြင့် ပြည့်ကြပ်သွားစေသည်။ သူ့မှာ သူ၏သေခြင်းရှင်ခြင်းအားလုံး သူ့ကို အဆိတ်ခတ်ခဲ့သောလူ၏လက်ထဲ၌ ကျရောက်နေသည်ဟူ၍ ခံစားနေရတော့သည်။
အဆိပ်မိထားကြောင်း လူအများသိသွားမည်စိုး၍ သူ့မှာ နည်းလမ်းမျိုးစုံဖြင့် သူ့ကိုယ်သူ ကြိတ်ကုခဲ့သော်လည်း အကုန်လုံးက အချည်းနှီးဖြစ်ခဲ့သည်။ သူ့ဆရာပင်လျှင် အဆိပ်ကို အာရုံခံပြီးနောက် စိတ်ဝင်စားသွားခဲ့၏။
သူ့ဆရာသည် သူ့ကို ကြည့်ရှုပေးရန် အရှေ့ဘက်နယ်မြေမှ ဆေးဝါးပညာရှင်တစ်ယောက်ကို ဖိတ်ခေါ်ခဲ့သည်။ ထိုလူ စမ်းသပ်ပြီးနောက်တွင် လေးနက်သောအမူအရာက သူ၏မျက်နှာကို ဖုံးလွှမ်းသွားပြီး ဤသို့ပြောခဲ့သည်။ "အဆိပ်ကို ကျင့်ကြံသူတွေအနေနဲ့ ဖယ်ပေးလို့မရဘူး။ ဆေးပင်တွေနဲ့ပဲ ဖြေလို့ရမယ်"
သူ့ကို အဆိပ်ခတ်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော မိစ္ဆာသခင်သည် သူ့အတွက် အိပ်မက်ဆိုးကြီးပမာ ဖြစ်လာ၏။ ထိုလူ့အကြောင်း တွေးလိုက်မိတိုင်း ပြင်းထန်သော အေးစက်မှုက သူ၏ရင်ထဲတွင် ပြည့်နှက်သွားတတ်သည်။
သူ့မှာ မတော်တဆတစ်ခုခု မဖြစ်ရအောင် အနက်ရောင်နယ်မြေနန်းတော်တွင် အချိန်တစ်ခုအထိ ပုန်းအောင်းနေခဲ့ရလေသည်။ ဤတစ်ခေါက်မှာ သူ အဆိပ်မိပြီးနောက် ပထမဆုံးအကြိမ် အပြင်ထွက်လာခြင်းဖြစ်၏။ သူ၏တွက်ချက်မှုအရ ဤတောကြိုအုံကြားဇနပုဒ်တွင်တော့ ကြောက်မက်ဖွယ် မိစ္ဆာသခင်နှင့် ဘယ်နည်းနှင့်မှ ပက်ပင်းတိုးနိုင်မည် မဟုတ်ပေ။
သူသည် စိတ်ဓာတ်ကျနေသောခံစားချက်ကို အတတ်နိုင်ဆုံး ဖုံးကွယ်ရန် ကြိုးစားပါသော်လည်း တချို့တလေက တိုးထွက်လာသေးလေသည်။
"အေးခဲနှင်းမျိုးနွယ်စုမှာ ဟန်ရွှယ့်ရှန်းဆိုတဲ့အလှလေး ရှိတယ်ကြားတယ်" သူက ရမ္မက်ခိုးဝေနေသော မျက်လုံးများဖြင့် တွေးလိုက်သည်။
သူ့အနောက်တွင်ကား အနုသုခုမရုပ်ခန္ဓာအဆင့်၏ အံ့မခန်းလိလိ စွမ်းအားတို့ကို ထုတ်လွှတ်နေသော ငွေရောင်မျက်နှာဖုံးနှင့် အဘိုးကြီးတစ်ဦး ဖြစ်သည်။ သူ၏ ရောက်ရှိလာမှုက စစ်တပ်ထဲရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ အရေအတွက်ကို ငါးယောက်အထိ တိုးသွားစေလေသည်။
အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက် ထပ်တိုးလာခြင်းက ဤတိုက်ပွဲအခြေအနေများအား မည်သို့ပြောင်းလဲသွားစေမည်လဲ ပြောရခက်သည်။
လောင်ချုံးနှင့် အခြားသူများ ရောက်လာသည်နှင့် အနက်ရောင်နယ်မြေနန်းတော်ကျင့်ကြံသူအများစုက သူတို့ကို ကြိုဆိုရန် လေပေါ် ပျံတက်လိုက်ကြသည်။
ဆူးမြို့ရိုးနှင့် ပျက်စီးနေသော သန့်စင်နှင်းမြို့တော်ကို ကြည့်လိုက်စဥ် ရွှေရောင်မျက်နှာဖုံးအောက်က လောင်ချုံး၏ မျက်နှာသည် မောက်မာထောင်လွှားမှုတို့ဖြင့် ပြည့်နှက်နေ၏။
" အေးခဲနှင်းမျိုးနွယ်စုက တာအိုရောင်ရင်းတို့၊ သန့်စင်နှင်းမြို့တော်က ဂုဏ်သရေရှိလူကြီးမင်းများနှင့် အမျိုးသမီးတို့ ။ ကျုပ်က အနက်ရောင်နယ်မြေနန်းတော်ရဲ့ တာအိုကလေး လောင်ချုံး။ ကျုပ် ဒီကနေ့ ဒီကိုလာရတဲ့အကြောင်းရင်းက တိုက်ခိုက်ဖို့မဟုတ်ဘဲ သူရဲကောင်းတွေကို စိန်ခေါ်ချင်လို့ဖြစ်တယ်" သူသည် သန့်စင်နှင်းမြို့တော်အရှေ့တည့်တည့်သို့ ရောက်သည်အထိ လမ်းလျှောက်လာသည်။
" ကျုပ် လောင်ချုံးကို အသက်ဆယ်ရှိုက်စာအထိ ထိန်းထားနိုင်တဲ့ ၊ အေးခဲနှင်းမျိုးနွယ်ဝင်မဟုတ်တဲ့ ဘယ်သူ့ကိုမဆို ထွက်သွားခွင့်ပေးမယ်" သူ၏စကားလုံးများက ပဲ့တင်ထပ်သွားသည်။
သူ့ကို အနက်ရောင်နယ်မြေနန်းတော်နှင့် အနောက်ပိုင်းသဲကန္တာရမှ အစွမ်းထက်ဆုံးကျင့်ကြံသူတစ်ဖွဲ့က ခြံရံထားသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူငါးဦးလည်း မလှမ်းမကမ်းတွင်ရှိ၏။ သန့်စင်နှင်းမြို့တော်၏ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ ရုတ်တရက် တိုက်ခိုက်လျှင် ထိုငါးယောက်က သူတို့နှင့် ရင်ဆိုင်ဖို့ အသင့်ဖြစ်နေလိမ့်မည်။
"ဒါက သမိုင်းဝင်မယ့် အခိုက်အတန့်ပဲ" လောက်ချုံးက အထက်စီးဆန်စွာ ကြည့်ရင်း ဆက်ပြောသည်။ "လဝက်အတွင်း အနက်ရောင်နယ်မြေနန်းတော်က ဒီမြို့ကို မြေလှန်ပစ်တော့မှာ။ အဲ့ဒီနေ့ကျရင် အထဲမှာ ကျန်ခဲ့တဲ့လူတိုင်း အေးခဲနှင်းမျိုးနွယ်စုနှင့်အတူ မြေမြှုပ်ခံရမယ်"
တာအိုကလေးတစ်ယောက်၏ စကားလုံးများသည် အားကောင်းပြီး အထင်ကြီးစဖွယ်ကောင်း၏။
"ဒါကြောင့် ပြောစမ်းပါ။ ဘယ်သူ ငါနဲ့ တိုက်ခိုက်ရဲလဲ"
သူ့ဘက်က ကျင့်ကြံသူတချို့ထံမှ မခံချင်အောင် ရန်စနေသော စကားသံများထွက်လာသည်။
အေးခဲနှင်းမျိုးနွယ်ဝင်မဟုတ်သည့် ကျင့်ကြံသူများ၏ မျက်နှာများ အရုပ်ဆိုးသွားသော်လည်း ထိုကမ်းလှမ်းချက်ကို စဥ်းစားနေကြခြင်းဟုတ်မဟုတ် ပြောရခက်သည်။
အကြီးအကဲလေးဦးနှင့် အခြားအေးခဲနှင်းမျိုးနွယ်ဝင်များက အလေးအနက်တွေးရင်း ရပ်နေကြသည်။ သူတို့အနေဖြင့် ဘယ်သူ့ကိုမှ ထွက်မသွားအောင် ဟန့်တားနိုင်ခြင်းမရှိပေ။ ထိုသို့ဟန့်တားလိုက်ပါက ပုန်ကန်မှုများပင် ဖြစ်လာနိုင်သည်။ ထိုမျှသာမက လောင်ချုံးသည် အနက်ရောင်နယ်မြေနန်းတော်၏ တာအိုကလေးဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံက အနုသုခုမရုပ်ခန္ဓာအဆင့်မဟုတ်သော်လည်း တာအိုကလေးတစ်ယောက်အနေဖြင့် အနက်ရောင်နန်းတော်ကို တိုက်ရိုက်ကိုယ်စားပြုသည်။
အကြီးအကဲတစ်က ခဏတွေးပြီးနောက် သက်ပြင်းချလိုက်သည်။ သူက အက်ကွဲကွဲအသံကြီးဖြင့် ပြောသည်။ "မပူကြနဲ့။ ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်ပဲ။ ငါတို့မြို့ဟာ အခု ဒုက္ခရောက်နေတာမလို့ တိုက်ခိုက်ချင်တဲ့စိတ်မရှိရင် မနေတာ အကောင်းဆုံးပဲ။ ထွက်သွားချင်တဲ့ ဘယ်တာအိုရောင်ရင်းကိုမဆို မတားဘူး ထွက်သွားချင်ရင် ထွက်သွားနိုင်တယ်။ အေးခဲနှင်းမျိုးနွယ်စုအပေါ် ဒီလောက်ကူညီပေးတာ ကျေးဇူးတင်ပါတယ်"
မန်ဟိုသည် လူကြားထဲတွင် ရပ်နေ၏။ သူက ဆူးမြို့ရိုးကြားမှတစ်ဆင့် လေလယ်တွင် ပျံဝဲနေသော လောင်ချုံးကို ကြည့်နေပြီး အပြုံးတစ်ခုက သူ၏မျက်နှာပေါ်တွင် ဖြစ်ထွန်းသွားသည်။ လောင်ချုံးကိုယ်ထဲက အဆိပ်သည် ယခုထက်ထိ မဖယ်ရှားရသေးပေ။ မန်ဟိုကိုယ်တိုင် ၄င်းကို ဖော်စပ်ခဲ့ခြင်းဖြစ်သည့်အတွက် သူ့အပြင် ဖယ်ရှားပေးနိုင်သည့်သူ မရှိကြောင်း ယုံကြည်လေသည်။
တိတ်ဆိတ်မှုက သန့်စင်နှင်းမြို့တော်ကို ကြီးစိုးနေသည်။ ရုတ်တရက် လူတစ်ယောက် ရှေ့ထွက်လာ၏။ ထိုလူသည် မန်ဟို သတိထားမိသော သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်သည်။ သူသည် ယခင်က ဆေးဖော်စပ်ပေးရန် လာရောက်တောင်းဆိုခဲ့ဖူးပြီး အမြုတေဖြစ်တည်မှု အလယ်အလတ်အဆင့် ကျင့်ကြံခြင်းအခြေခံ ရှိ၏။ သန့်စင်နှင်းမြို့တော်၏တပ်ဖွဲ့များအကြားတွင် သူ့ကို အတော်လေး အစွမ်းထက်သောသူဟူ၍ သတ်မှတ်နိုင်သည်။ အပြင်လောကတွင်ဆိုပါက သူ၏ကျင့်ကြံခြင်းအခြေခံက သူ့ကို အလွန်သြဇာရှိသော နေရာသို့ ရောက်စေလိမ့်မည်။
"ငါ တတ်နိုင်တာ အကုန်လုပ်ခဲ့ပြီးပြီ" သူက တွေးသည်။ "အဲ့ဒီနှစ်က အေးခဲနှင်းမျိုးနွယ်စုရဲ့ သဘောထားကြီးမှုအတွက်လည်း သေချာပေးဆပ်ပြီးပြီ" သူက ရှေ့တက်သွားပြီး လောင်ချုံးကို လက်ယှက်အရိုအသေပေးကာ ပြော၏။ "တာအိုကလေးရဲ့သဘောအတိုင်း ကျုပ် အသက်ကိုကျုပ် ကယ်တင်ဖို့ ခင်ဗျားနဲ့တိုက်ပါ့မယ်"
စကားလုံးများ ထိုလူ့၏ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် လောင်ချုံး၏မျက်လုံးများတွင် ကောက်ကျစ်သော အရိပ်အယောင် ဖြတ်ပြေးသွားသည်။ တစ်ချိန်တည်းမှာပင် လောင်ချုံးဘေးတွင် ရပ်နေသော ကျင့်ကြံသူသုံးယောက်က အမြင့်ဆုံးအရှိန်ဖြင့် ပျံထွက်သွား၏။ ချဥ်းကပ်လာနေသော ကျင့်ကြံသူ၏မျက်နှာ ကွက်ခနဲ ပျက်သွားသည်။
သူက ချက်ချင်း မုဒြာလက်ကွက်ဖော်လိုက်ရာ မှော်အလင်းရောင် တောက်ပသွားသည်။ ဓားနက်အရှိန်အဝါတစ်ခု ဖြစ်တည်လာသဖြင့် ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွား၏။ အသက်ငါးရှိုက်ကြာသော် လူသုံးယောက်က လောင်ချုံး၏ဘေးသို့ ပြန်ရောက်လာသည်။ တုန်လှုပ်ဖွယ်ကောင်းစွာ သူတို့ထဲက တစ်ယောက်သည် သက်လတ်ပိုင်းလူ၏ခေါင်းကို ကိုင်ထားပြီး လောင်ချုံးကို ဆက်သလိုက်သည်။
"ဘယ်လောက် နှမြောဖို့ကောင်းလိုက်လဲ" လောင်ချုံးက ခေါင်းပြတ်ကို လေပေါ်သို့ မြှောက်၍ ခြေမွပစ်ရင်း တဟားဟားရယ်လိုက်သည်။
"စမ်းကြည့်ချင်တဲ့သူရှိသေးလား။ မရှိရင် နောက်ရွေးချယ်စရာတစ်ခု ပေးမယ်။ အေးခဲနှင်းမျိုးနွယ်စုရဲ့ နံပါတ်တစ် အလှလေး ဟန်ရွှယ့်ရှန်းကို ငါ့ဆီ ခေါ်လာခဲ့။ ခေါ်လာပေးတဲ့ဘယ်သူမဆို သေဒဏ်ကနေ ကင်းလွတ်မယ့်အပြင် ဆုအကြီးကြီးချခံရမယ်" သူက သန့်စင်နှင်းမြို့တော်ထံ လှမ်းကြည့်ရင်း ထပ်ရယ်လိုက်သည်။ မြို့ထဲတွင်တော့ သုဿန်တစပြင်ပမာ တိတ်ဆိတ်နေ၏။ ကျင့်ကြံသူအားလုံး၏ မျက်နှာများမှာ တင်းမာခက်ထန်နေလေသည်။
အထူးသဖြင့် အေးခဲနှင်းမျိုးနွယ်ဝင်များနှင့် ဟန်ရွှယ့်ရှန်းဖြစ်သည်။ သူမ၏ ဖီးနစ်ငှက်သဖွယ် မျက်ဝန်းလေးများမှာ အသတ်အဖြတ်စိတ်ဆန္ဒဖြင့် တောက်ပနေလေသည်။ သူမသည် မိန်းမလှလေးဖြစ်၍ သူမ၏မျက်နှာထားကို လောင်ချုံး ချက်ချင်း သတိထားမိလိုက်သည်။ "အနက်ရောင်နယ်မြေရဲ့ အလှဆုံးမိန်းကလေး ဒီမှာရှိနေတာ ဆိုတော့ ငါ ဒီကို လာရတာ အလကားမဖြစ်ဘူးပဲ"
သန့်စင်နှင်းမြို့တော်ရှိ ကျင့်ကြံသူများမှာ သူ့ကို မလှောင်ဘဲ မနေနိုင်တော့ပေ။
"မင်းက အနက်ရောင်နယ်မြေနန်းတော်ရဲ့ တာအိုကလေးဆိုပေမယ့် ဘာလို့ဒီလောက် ရွံစရာကောင်းနေတာလဲ"
"တစ်ယောက်ချင်းတိုက်ခိုက်မယ်လို့ ပြောပြီး မင်းက အောက်တန်းကျတဲ့နည်းလမ်းနဲ့ လှည့်စားခဲ့တယ်။ မင်းတို့ အနက်ရောင်နယ်မြေနန်းတော်က ကောင်တွေအားလုံး ဒီပုတ်ထဲက ဒီပဲတွေပဲ"
မြို့ထဲမှ အသံများ ပျံ့လွင့်လာစဥ် လောင်ချုံးက ဟားတိုက်ရယ်နေဆဲပင်။ သူသည် ဤလူများ သေသေရှင်ရှင် ဂရုမစိုက်ပေ။ သည်အတိုင်း အပျင်းပြေကစားနေခြင်းသာ ဖြစ်၏။ ဆူးမြို့ရိုးတည်ရှိနေသေးသရွေ့ သန့်စင်နှင်းမြို့တော်အနေဖြင့် မည်သည့်တိုက်စစ်မှဆင်မည် မဟုတ်ကြောင်း သူသိသည်။ ထို့ကြောင့် ဤအခြေအနေကို အခွင့်ကောင်းယူကာ လှောင်နေခြင်းဖြစ်၏။
"ကဲပါ ကဲပါ" သူက ရယ်သည်။ "ပြဿနာ ထပ်မရှာတော့ပါဘူး။ ဒီလိုဆို ဘယ်လိုလဲ။ တာအိုရောင်ရင်းဟန်ရွှယ့် ဒီည ကျုပ်အိပ်ရာလေးနွေးအောင် လာလုပ်ပေးပါလား။ ကျုပ်နဲ့အတူပါလာတဲ့ ဒီကျင့်ကြံသူနှစ်ထောင်ကို ခေါ်ပြီး ထွက်သွားပေးမယ်။ ဒါဆို သန့်စင်နှင်းမြို့ နည်းနည်းပါးပါး အသက်ရှုချောင်သွားမှာပေါ့။ ဘယ်လိုထင်လဲ" သူသည် ဟန်ရွှယ့်ရှန်း၏ လှပသောကိုယ်လုံးလေးကို စိုက်ကြည့်ပြီး ရင်ခုန်လာတော့သည်။
ဟန်ရွှယ့်ရှန်းမှာ ဒေါသထွက်လွန်း၍ တဆတ်ဆတ်တုန်နေချေသည်။ သူမသည် လောင်ချုံးကို သတ်ဖြတ်တော့မတတ် ကြည့်နေသော်လည်း သူမနှလုံးသားလေးမှာတော့ ဝမ်းနည်းမှုတို့ ပြည့်နှက်နေသည်။ သူမ အနီးပတ်ဝန်းကျင်ရှိ မျိုးနွယ်ဝင်တချို့မှာ သူမကို ကြည့်နေကြလေသည်။ ဘယ်သူမှ ဘာမှမပြောသော်လည်း ထိုအကြည့်များတွင် သူတို့ ဘာတွေးနေသည်လဲ မြင်နေရသဖြင့် သူမ၏နှလုံးသားလေးအား တဆစ်ဆစ်နာကျင်စေလေသည်။
သူမသည် ခါးခါးသီးသီးပြုံးပြီးနောက် စဥ်းပင်မစဥ်းစားမိဘဲ မန်ဟို့ကို လှမ်းကြည့်မိလိုက်သည်။ ဤအခြေအနေနှင့်ပတ်သက်၍ သူဘာလုပ်မည်လဲ သူမ သိချင်နေသယောင်ပင်။
မန်ဟိုသည် စောစောက တိုက်ခိုက်ရန် ရှေ့ထွက်လာခဲ့သော ကျင့်ကြံသူသုံးယောက်ကို မျက်လုံးများ ကျဥ်းမြောင်းလျက် ကြည့်နေသည်။ တစ်ယောက်က အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူ ဖြစ်၏။ သူသည် သက်လတ်ပိုင်းကျင့်ကြံသူကို သတ်ခဲ့သူဖြစ်ပြီး သူအသုံးပြုခဲ့သည့် အရုပ်မှာ ဓားတစ်လက်ပင်။
၄င်းက မှော်ဓားပုံရိပ်ကို ဖန်တီးပေးသော ဓားအရုပ်ဆေးမင်ကြောင်တစ်ခု ဖြစ်ပြီး တမူထူးခြားသောစွမ်းအားကို ထုတ်လွှတ်ပေးခဲ့လေသည်။
"ဒါက သတ္တုအမျိုးအစားအရုပ်များလား" သူက တွေးလိုက်သည်။ ရုတ်တရက် သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းပြီးနောက် လေပေါ်ပျံတက်လိုက်သည်။ သူ၏အကြည့်က လောင်ချုံးအပေါ် ကျရောက်လာသည်။
သူ ထွက်လာခြင်းက အတော်လေး အာရုံစိုက်ရာ ဖြစ်သွားလေသည်။ ကျင့်ကြံသူများက လောင်ချုံးအနား ကပျာကယာ သွားရောက်ပြီး မန်ဟိုအကြောင်း ပြောပြလိုက်ကြသည်။ လောင်ချုံး၏မျက်လုံးများ တောက်ပသွားပြီး ကောက်ကျစ်သောအပြုံးတစ်ခုက မျက်နှာဖုံးအောက်ရှိ သူ၏မျက်နှာပေါ်တွင် ဖြစ်ထွန်းလာသည်။
"တလောက နာမည်ကြီးလာတဲ့ ဒီမဟာအကြီးအကဲမန်အကြောင်း ငါကြားဖူးတယ်" လောင်ချုံးသည် မျက်လုံးများ၌ အသတ်အဖြတ်စိတ်ဆန္ဒ တောက်ပနေရင်း တွေးလိုက်သည်။ "သူ့ကို သတ်လိုက်ရင် ဒီမြို့ နေ့ချင်းညချင်း ကျရှုံးသွားလိမ့်မယ်" အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူငါးယောက်၏အကြည့်က မန်ဟို့အပေါ်ကျရောက်လာသည်။ သူ ဆူးမြို့ရိုးအတွင်းမှ ထွက်လာသည်နှင့် သူတို့ တစ်ပြိုက်နက်တိုက်ခိုက်ကြမည် ဖြစ်၏။
သို့သော် မန်ဟိုက မြို့တံတိုင်းကို ကျော်မလာခင် ရပ်လိုက်သည်။ သူသည် လေလယ်တွင် ရပ်ပြီး တောက်ပစွာပြုံးရင်း လောင်ချုံးကို ကြည့်နေ၏။
"လောင်ချုံး" သူက ပြောသည်။ "ငါ့ဆီကနေ အနည်းဆုံး မီတာသုံးရာအကွာမှာနေလို့ ပြောခဲ့ဖူးတယ် ထင်တယ်။ မင်း မေ့သွားတာလား"
***