← Chapters

လိမလို့ သူဖြစ်နေတာလား

Vol. 27 Ch. 373

လိမလို့ သူဖြစ်နေတာလား

Vol. 27 Ch. 373

သန့်စင်နှင်းမြို့တော်ရှိ လူတစ်ယောက်မှ မန်ဟိုဘာပြောနေသည်လဲ နားမလည်ပေ။ အနက်ရောင်နယ်မြေနန်းတော်တာအိုကလေးနှင့် ဇာတ်လမ်းတစ်ခုခုရှိမည်ဖြစ်ကြောင်း ပြောနိုင်သော်လည်း အသေးစိတ်ကိုတော့ သူတို့မသိပေ။

သို့သော် ထိုစကားလုံးများ လောင်ချုံး၏နားထဲ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် သူ၏စိတ်မှာ ချက်ချင်းဆိုသလို ချာချာလည်သွားတော့သည်။ မျက်နှာဖုံးအောက်ရှိ သူ၏မျက်နှာမှာ မယုံနိုင်မှုများဖြင့် ပြည့်နှက်သွား၏။ သူ့ဘဝတွင် အကြောက်ဆုံးလူနှစ်ယောက်ရှိသည်။ တစ်ယောက်က တောင်ပိုင်းဒေသ၏ ဖန်မုဖြစ်ပြီး နောက်တစ်ယောက်က အနက်ရောင်နယ်မြေ၏ မိစ္ဆာသခင်ပင်။

မန်ဟို၏စကားလုံးများ ကြားသောအခါ  ထိုအဓိပ္ပါယ်ကို သူ ချက်ချင်း နားလည်လိုက်၏။ သူ၏သူငယ်အိမ်များ ကျဥ်းမြောင်းသွားလေပြီ။

"သူပဲ သေချာပေါက် သူပဲ။ သူတစ်ယောက်ပဲ အဲ့ဒီကိစ္စကို သိနိုင်တာ။ ငါ့ချီးတဲ့မှ လိ့မလို့ သူဖြစ်နေရတာလား" လောင်ချုံးမှာ ရင်ခုန်သံတို့ မြန်လာပြီး ထိုနေ့က မြင်ကွင်းကို ပြန်မြင်ယောင်မိလိုက်သဖြင့် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ သူသည် အဆိပ်ဖြေရန် အနက်ရောင်နယ်မြေနန်းတော်သို့ ပြန်ရောက်ပြီးနောက်ပိုင်း သူ့ဘဝ မည်မျှဆိုးရွားခဲ့သည်ကို ပြန်သတိရလိုက်ရာ ရင်တုန်းပန်းတုန် ဖြစ်သွားတော့သည်။

လတိုင်း သူ့မှာ တစ်ကိုယ်လုံးအား ဓားဖြင့် ထိုး၍ နှိပ်စက်နေသကဲ့သို့ ခံစားရသည့် ရက်အပိုင်းအခြားရှိသည်။ နာကျင်မှုမှာ သည်းခံရခက်ပြီး အထိတ်တလန့် အော်ဟစ်ငိုရုံနေရုံသာ တတ်နိုင်သည်။ သူ့ဆရာပင် သူ့ကို လက်ပိုက်သာ ကြည့်နေနိုင်ပြီး အရှေ့ဘက်နယ်မြေ ဆေးဝါးပညာရှင်အားလုံးလည်း သက်ပြင်းသာ ချနိုင်ကြသည်။ ထိုအရာအားလုံးက လောင်ချုံး၏ခေါင်းထဲတွင် ပေါ်ထွက်လာကာ သူ့ကို ကြောက်ဒူးတုန်သွားစေတော့သည်။

သူ၏စိတ်မှာ ဝီခေါ်နေပြီး ဗလာကျင်းနေလေပြီ။ မိစ္ဆာသခင်အား အစွမ်းကုန် ရှောင်ခဲ့ပြီးနောက် သူ ပထမဆုံးအကြိမ် တောကြိုအုံကြားတစ်နေရာကို ထွက်လာသည့်အခါမှာမှ ဤအိပ်မက်ဆိုးကြီးနှင့် ပက်ပင်းတိုးလိမ့်မည်ဟု သူ ဘယ်လိုလုပ် တွေးနိုင်ခဲ့မည်နည်း။

သူသည် နောင်တကြီးစွာရရင်း တွေတွေကြီးကြည့်နေသည်။ သူ့မှာ မိစ္ဆာသခင် ဤနေရာမှာရှိနေသည်ကို အမှန်တကယ် မသိကြောင်း အော်ဟစ်ပစ်လိုက်ချင်နေသည်။ သိခဲ့လျှင် အသက်ထွက်မတတ် ရိုက်ခံရမည်ဟု ခြိမ်းခြောက်စေကာမူ လုံးဝမလာရေးချမလာပေ။

ထို့နောက် သူသည် စောစောက သူပြောခဲ့သည့်စကားများနှင့် မိစ္ဆာသခင်၏ ကီလိုမီတာသုံးရာအတွင်း မလာခိုင်းသည့်သတိပေးချက်ကို ပြန်တွေးမိလိုက်ပြီး တစ်ကိုယ်လုံး တုန်ရီလာတော့သည်။ ဖွင့်ဟပြောဆို၍မရသည့် အကြောက်တရားသည် သူ၏နှလုံးသားထဲ၌ လေမုန်တိုင်းသဖွယ် သောင်းကျန်းနေလေပြီ။

မိစ္ဆာသခင်၏ ကြောက်စရာကောင်းပုံ၊ ထိုလူပေးသွားခဲ့သည့် မရဏကမ္ဘာရောက်သွားသကဲ့သို့သော ခံစားချက်၊ ထိုလူ့အတွေးတစ်ချက်ဖြင့် သူ့ကို သတ်နိုင်ပုံတို့ကို သူပြန်တွေးမိနေသည်။ ဤအတွေးအားလုံးက လောင်ချုံးအပေါ်သို့ တောင်ကြီးများ တရစပ် ဖိချနေသည့်အလားပင်။

အနက်ရောင်နယ်မြေတာအိုကလေးဆိုသော ဂုဏ် ၊ သိက္ခါ ၊ ကြီးကျယ်ခမ်းနားမှု အလုံးစုံ လောင်ချုံးဆီမှ ရေစုန်မျောပျောက်ကွယ် သွားလေပြီ။ အရေးအကြီးဆုံးက သူ၏အသက်ဖြစ်သည်။ ထို့ကြောင့် လောင်ချုံး သေးထွက်မတတ် ကြောက်နေ၏။

"လိ့မလို့ သူက ဒီရောက်နေတာတာလား သောက်ကျိုးနည်း"

လောင်ချုံးမှာ ချာချာလည်နေပြီး ကြောက်စိတ်တို့ မွှန်ထူလျက် ငူငူကြီး ရပ်နေ၏။

သူ့ဘေးရှိ ကျင့်ကြံသူများမှာ အံ့အားသင့်နေကြသည်။ မန်ဟို့၏စကားလုံးများက ကြီးစိုးခြယ်လှယ်နေသော အသံကြီးဖြင့် ပြည့်နှက်နေရာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို အတော်လေး စိုးရိမ်ထိတ်လန့်သွားစေ၏။ ရုတ်တရက် တစ်ယောက်ရှေ့တက်လာပြီး ပြောသည်။ "ရာရာစစ ဒါက အနက်ရောင်နယ်မြေနန်းတော်ရဲ့ တာအိုကလေးကွ။ ကီလိုမီတာသုံးရာ ခွာနေရမှာက မင်းလို သေးနုပ်ညံ့ဖျင်းတဲ့ ဆေးဝါးပညာရှင်တစ်ယောက်ပဲ အရူးချီးပန်း လျှောက်ပြောမနေနဲ့ "

စကားလုံးများက လောင်ချုံးကို နွေခေါင်ခေါင် မိုးကြိုးပစ်ချလိုက်သည့်အလားပင်။ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး ရုတ်တရက် စိတ်နှင့်ကိုယ် ပြန်ကပ်သွားသည်။ အကြောက်တရားက ရင်ထဲ၌ ကိန်းဆောင်းနေဆဲဖြစ်ပြီး စကားလုံးများဖြင့် ဖော်ပြ၍မရသော ဒေါသလည်းပါရှိသည်။ သို့သော် သူ ဒေါသပင်မထွက်နိုင်ခင်....

နောက်ကျင့်ကြံသူတစ်ယောက်က သစ္စာရှိသောဟိတ်ဟန်ဖြင့် အပြေးအလွှားရှေ့တက်သွား၏။ သူက ဒေါသတကြီးဆိုသည်။ "မင်းကိုယ်မင်း ဘာကောင်ထင်နေလဲ။ တာအိုကလေးဆိုတာ အလေးအမြတ်ထားရမယ့် ရာထူးကွ။ မင်းစကားနဲ့ အသတ်ခံရသင့်တယ်"

သူတို့၏ ပြောဆိုပုံများက လောင်ချုံး၏နားထဲ ဝင်ရောက်သွားပြီး သူ့ကို ပို၍ပင် ပြင်းပြင်းထန်ထန် တုန်ရီသွားစေသည်။ သူ၏ဒေါသမှာ ယခုတော့ ငယ်ထိပ်အထိ ဆောင့်တက်သွားပြီဖြစ်ပြီး အဆုံးအစမဲ့သော အကြောက်တရားက သူ့ကို အလုံးစုံလွှမ်းမိုးနေတော့သည်။ အဘယ်ကြောင့်ဆိုသော မန်ဟို့မျက်ဝန်းထဲရှိ အေးစက်သောအလင်းရောင်ကို မြင်လိုက်၍ပင်။

သူ့မှာ ခေါင်းပေါက်ထွက်တော့မတတ်ပင် ခံစားရနေ၏။

ကျင့်ကြံသူနောက်တစ်ယောက်က ရှေ့တက်လာပြန်သည်။ "မင်း.... " ထိုလူ စကားပင်ဆုံးအောင် မပြောရခင် လောင်ချုံးက ကောင်းကင်ကို မျက်နှာမူပြီး ဒေါသတကြီးအော်ဟစ်လိုက်တော့သည်။

"ပိတ်ထားစမ်း၊ ခွေးမသားတွေ တာအိုကလေး အသတ်ခံရအောင် လုပ်နေကြတာလား" သူက ရှေ့လျှောက်လာပြီး စကားပြောရန်ပြင်နေသည့် ကျင့်ကြံသူကို ပါးချလိုက်သည်။

ဖြန်းခနဲ အသံကြီး မြည်ဟည်းသွားပြီး ကျင့်ကြံသူမှာ ပါးစပ်မှ သွေးများပန်းထွက်သွားပြီး မျက်လုံးကလေး ကလယ်ကလယ်နှင့် လည်ထွက်သွား၏။ ထို့နောက် လောင်ချုံးက ချာခနဲလှည့်ပြီး မုဒြာလက်ကွက် ဖော်လိုက်သည်။ ချက်ချင်းပင် ကြယ်အလင်းရောင်က စောစောက ပါးစပ်သရမ်းခဲ့သော ကျင့်ကြံသူတစ်ယောက်ကို လွှမ်းခြုံရင်း တောက်ပလာသည်။

မချိတင်ကဲအော်သံအား ကြားလိုက်ရသည်။ ဤလူ့အား ရန်သူဟု သတ်မှတ်ထား၍ လောင်ချုံးသည် သူ့ကို သတ်ရန် မည်သည့်အရာကိုမဆို လုပ်တော့မည့်အလားပင်။

"သောက်သုံးမကျတဲ့အစေခံ" လောင်ချုံးက ငေါက်သည်။ "မင်း တာအိုကလေးတစ်ယောက်ကို အကောက်ကြံရဲတယ်ပေါ့ မင်းသေပြီသာမှတ်" ကျင့်ကြံသူမှာ အစိတ်စိတ်အမြွှာမြွာဖြစ်သွားသဖြင့် ပေါက်ကွဲသံကြီး မြည်ဟည်းသွားတော့သည်။

"ငါ့ကို မခန့်မလေးစားလုပ်ချင်ရင် ရတယ်။ ဒါပေမဲ့ မိစ္ဆာသခင်ကြီးကို ရိုင်းပျတာကတော့ အကြီးမားဆုံးပြစ်မှုပဲ။ မင်းတို့အားလုံး သေသင့်တယ်။ ကမ္ဘာပေါ်က ဘယ်သူ့ကိုမဆို မလေးမစားလုပ်လို့ရတယ် မိစ္ဆာသခင်ကြီးကိုတော့ သွားမလုပ်နဲ့" သူက ဟိန်းဟောက်ရင်း ပထမဆုံးစကားပြောခဲ့သည့် ကျင့်ကြံသူထံသို့ လျှောက်သွားသည်။ ထိုလူက သူ့ကို မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် ကြည့်နေ၏။ သူ့မှာ ရှင်းပြရန် ကြိုးစားချင်ပါသော်လည်း လောင်ချုံးက နားထောင်ပေးမည်လော။ လောင်ချုံးသည် မန်ဟို နားလည်မှုမလွဲစေရန်အတွက် ထိုလူ့ကို အသေသတ်ပစ်ချေနေလေသည်။

သူသည် သူ၏ဒေါသအားလုံး ထိုသုံးယောက်အပေါ်ပုံချရန် ဆုံးဖြတ်ချက်ချပြီးလေပြီ။ ထိုသုံးယောက်က တာအိုကလေးဖြစ်သည့်သူ့ကို အကောက်ကြံချင်၍ ပြောခဲ့သည်ဟု မိစ္ဆာသခင်နားလည်ပေးရန် သူမျှော်လင့်နေလေသည်။

လောင်ချုံးတစ်ယောက် မီးကုန်ယမ်းကုန် တိုက်ခိုက်လိုက်သဖြင့် ပေါက်ကွဲသံများ လေတွင် ပဲ့တင်ထပ်သွားသည်။ သူက လျှပ်စီးသဖွယ် လှုပ်ရှားရင်း စကားပြောရန် ပြင်ခဲ့သည့် ကျင့်ကြံသူကို ချက်ချင်း သတ်ပစ်လိုက်၏။ သူ တုန်တုန်ရီရီဖြင့် မန်ဟို့ဘက်လှည့်လိုက်စဥ် သူ၏ ဆံပင်မှာ ဖွာလန်ကြဲနေပြီး မျက်လုံးများ ရဲတွတ်နေလေပြီ။ သူက လက်ယှက်ပြီး ခေါင်းနှင့်မြေကြီးထိတော့မတတ် အရိုအသေပေးလိုက်သည်။

"ဂျူနီယာ ဂါဝရပြုပါတယ် ဆရာမိစ္ဆာသခင်" သူက တုန်တုန်ယင်ယင်ဖြင့် ပြောသည်။ "အဲ့ဒီကောင်တွေက လျှာရိုးမရှိ လျှောက်ပြောနေတာပါ။ ဂျူနီယာ သူတို့ကို သတ်ပြီးပါပြီ။ မိစ္ဆာသခင်ကြီး ကျွန်တော်တောင်းပန်ပါတယ်..... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါနော် မိစ္ဆာသခင်ကြီးရယ်" သူက မြန်မြန်ပြောသွားသော်လည်း သူ၏အသံမှာ တုန်ယင်နေပြီး ထိတ်လန့်မှုက အထင်းသားပေါ်လွင်နေသည်။ ပတ်ဝန်းကျင်ရှိလူတိုင်း ၄င်းကို ကောင်းကောင်းကြားနေရ၏။

မြို့၏အတွင်းရော အပြင်ကိုပါ တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။

အကြီးအကဲလေးဦးနှင့်ဟန်ရွှယ့်ရှန်းအပါအဝင် မြို့ထဲရှိ ကျင့်ကြံသူအားလုံးမှာ မှင်သက်နေတော့သည်။

အပြင်တွင် လောင်ချုံးကို ဝန်းရံလျက်ရှိသော ကျင့်ကြံသူများမှာ ကြောင်တောင်တောင် ဖြစ်နေကြသည်။ အဝေးက အနက်ရောင်နယ်မြေနန်းတော် ကျင့်ကြံသူများ၏ မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာများရှိ၏။ သူတို့မှာ ဤအဖြစ်ကို မည်သို့တုံ့ပြန်ရမည်လဲ မသိတော့ပေ။

အနုသုခုမရုပ်ခန္ဓာကျင့်ကြံသူငါးယောက် မျက်လုံးပြူးသွား၏။ ယခု လောင်ချုံးကလုပ်သင့်လုပ်ထိုက်သည်နှင့် တခြားစီ ပြုမူနေလေသည်.....

"သခင်ကြီး ဒီမှာရောက်နေတာ ဂျူနီယာ မသိလို့ပါ။ တကယ်ပါဗျာ တကယ်မသိတာပါ။ ကျွန်.....ကျွန်တော်..... "လောင်ချုံးမှာ ကြောင်စိတ်တို့ မွှန်ထူရင်း တုန်ရီနေတော့သည်။ ဘယ်သူ့မှ သူ့ကို မကယ်တင်နိုင်ကြောင်း သူသိသည်။ သူ့ဆရာ၊ အရှေ့ဘက်နယ်မြေဆေးဝါးပညာရှင်များ၊ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူငါးယောက် ဘယ်သူဆိုဘယ်သူမှ သူ့ကိုမကယ်နိုင်....

သူ့ရင်ထဲတွင် နောင်တများပြည့်နေတော့သည်။ သူ့မှာ အမှန်တကယ်ကို အနက်ရောင်နယ်မြေနန်းတော်မှ ထွက်မလာခဲ့သင့်ပေ...

***

All Chapters