← Chapters

စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ရောက်ရှိလာသော်

Vol. 27 Ch. 374

စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ရောက်ရှိလာသော်

Vol. 27 Ch. 374

ဟန်ရွှယ့်ရှန်းက အံ့အားသင့်နေသော သမင်မျက်ဝန်းလေးများဖြင့် စိုက်ကြည့်နေသည်။  အစွမ်းထက်သူများအား လေးစားခြင်းသည် နယ်မြေ၏ စည်းမျဥ်းတစ်ခုပင်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကြောင့် ယခုတွင် မန်ဟို့၏မျက်နှာသည် သူမ၏နှလုံးသားလေးအပေါ်၌ ပို၍ပင် နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်သွားလေပြီ။

အထူးသဖြင့် စောစောက မန်ဟို၏လုပ်ရပ်သည် သူမအတွက် ဖြစ်သည်ဟူ၍ ခံစားရခြင်းကြောင့်ဆိုလျှင် ပိုမှန်မည်။

ရုတ်တရက် သူမမျက်နှာလေးမှာ ရဲတွတ်သွားပြီး သူ့ကိုကြည့်နေသော သူမမျက်ဝန်းလေးမှာ ယခင်နှင့် ခြားနားသွားတော့သည်။

မခန့်မှန်းနိုင်လောက်အောင် အဆင့်အတန်းမြင့်သော အနက်ရောင်နယ်မြေတာအိုကလေး လောင်ချုံးက မန်ဟို၏ရှေ့မှောက်၌ ရှိခိုးတော့မတတ်ဖြစ်နေသည်ကို မြင်သောအခါ သန့်စင်နှင်းမြို့၏ အကြီးအကဲလေးဦးလုံး အံ့သြမှင်နေတော့သည်။ မန်ဟိုမှာ သူတို့ထင်ထားခဲ့သည်ထက်ပင်ပို၍ ပဟေဠိဆန်ကြောင်း သူတို့ သဘောပေါက်သွားကြလေပြီ။

ဤလျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါက အကြီးအကဲများ ကျိုးဒယ်ခွန်နှင့်ပတ်သက်၍ ရရှိခဲ့သည့် ခံစားချက်နှင့် ဆီနှင့်ရေပမာ ကွာခြားသည်။  မန်ဟိုက.....  အဆများစွာ ပိုကြောက်စရာကောင်းပုံရလေသည်။

သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ရသော မန်ဟို့၏ ဆေးဝါးတာအို၊ သူ၏ ဓာတ်ကူနည်းနှင့် ဆူးမြို့ရိုးကို နိုးထစေနိုင်စွမ်း၊ အနက်ရောင်နယ်မြေနန်းတော် တာအိုကလေး၏ ထိတ်လန့်ကြောက်ရွံ့နေမှု ထိုအရာအားလုံးက သူတို့၏မန်ဟို့အပေါ် အထင်ကြီးလေးစားမှုကို ဆတိုးသွားစေသည်။

"ငါ ရောက်နေတာမသိဘူးဆိုမှတော့ ဒီကိစ္စကို မေ့လိုက်ပါ့မယ်" မန်ဟိုက လောင်ချုံးကို ကြည့်ရင်း အေးစက်စွာ ပြောသည်။ "ဒါပေမဲ့ ဒီတစ်ခါပဲ။ နောက်တစ်ခါရှိလာမယ်မထင်နဲ့" မန်ဟို၏စကားအား ကြားသောအခါမှ လောင်ချုံးအသက်ရှူချောင်သွားတော့သည်။ သူက စိတ်လှုပ်ရှားနေပြီး ကတုန်ကယင်ဖြင့် မန်ဟို့ကို အရိုအသေပေးလိုက်သည်။

သူ့မှာ မတရားသဖြင့် ခံရသည်ဟု ခံစားခဲ့ရသော်လည်း ယခု မန်ဟို၏နားလည်ပေးမှုကို မြင်တွေ့ရသောအခါ ထိုခံစားချက်သည် ကျေးဇူးတင်စိတ်အဖြစ် ပြောင်းသွားတော့သည်။ မှန်ပါသည်၊ သူ့မှာ မန်ဟိုကြောင့် အဆိပ်မိနေသည်ဖြစ်၍ တကယ်တော့ မုန်းသင့်၏။ ရှုပ်ထွေးနေသောခံစားချက်များက သူ့ရင်ထဲတွင် ပြည့်နှက်နေပြီး ဤဘဝတွင်..... ထိုလူရှိသည့်နေရာသို့ ဘယ်တော့မှ မသွားတော့ဟူ၍ သန္နိဋ္ဌာန်ချလိုက်တော့သည်။

မန်ဟိုက ဖန်မုဖြစ်သည်ကိုသာ သူသိလျှင်တော့ သစ်ငုတ်တိုမှာ ဖင်ဆောင့်သေသွားလိမ့်မည်။

"ငါ ဟိုနားက အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူပုံစံကို သဘောကျတယ်" မန်ဟိုက အလေးအနက်မထားသလို ပြောသည်။ "သူ့က်ု ငါ့ လေ့လာချင်လို့ ရက်ပိုင်းလောက် ခဏငှားပေးလို့ရမလား။ ပြီးရင် ပြန်ပေးမယ်" အမှန်တော့ ဤသည်မှာ သူရှေ့ထွက်လာရသော အကြောင်းရင်းဖြစ်သည်။ သူသည် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူ၏ အရုပ်ဆေးမင်ကြောင်များကို ကြည့်ရင်း မျက်လုံးများ တဖျပ်ဖျပ်လက်နေ၏။

မန်ဟို့စကားကြားသောအခါ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူလူငယ် မျက်နှာပျက်သွားသည်။ သူထွက်ပြေးနိုင်ခင် လောင်ချုံးက သူ့ကို လှည့်ကြည့်၏။ လောင်ချုံးအတွက် မန်ဟို့၏စကားသည် မြေဝယ်မကျနားထောင်ရမည့် အမိန့်ဖြစ်သည်။

"သူ့ကို သွားဖမ်း" သူက အော်လိုက်သည်။ ပတ်ဝန်းကျင်ရှိကျင့်ကြံသူများကား တွန့်ဆုတ်နေခြင်းမရှိ။ သူတို့၏လက်များက အနောက်ပိုင်းသဲကန္တာရ ကျင့်ကြံသူကို လှမ်းဆွဲရန် ဆန့်ထွက်သွားကြသည်။ သူက အတန်ငယ်ရုန်းကန်သော်လည်း သူတို့အတွက် သူ့ကို ဖမ်းမိရန် အသက်ရှိုက်စာအနည်းငယ်သာ ကြာလိုက်သည်။

လူငယ်မှာ တုန်ရီနေပြီး သူ၏မျက်ဝန်းထဲတွင် အကြောက်တရားတို့ ကိန်းအောင်းနေသည်။

"မိစ္ဆာသခင်ကြီးက မင်းကို သဘောကျနေတယ်" လောင်ချုံးက ရက်စက်မှုသော မျက်လုံးများဖြင့် ပြောသည်။ "အဲ့ဒါက မင်းအတွက် ကံကောင်းတာပဲ။ မရုန်းနဲ့" သူသည် သူ၏အပြုအမူများက အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများအကြား အမုန်းပွား ရန်ငြိုးထားမှုများ ဖြစ်စေမည်ကို ဂရုမစိုက်ပေ။ သူ့အတွက် မန်ဟို့၏ ညွှန်ကြားချက်များက အရေးကြီးဆုံးဖြစ်၏။

"မိစ္ဆာသခင်ကြီး သခင်ကြီးက ခဏငှားလို့ပြောပေမယ့် ကျေးဇူးပြုပြီး ဒီကောင်လေးကို လက်ဆောင်အဖြစ် ပေးခွင့်ပြုပါ။ လက်ခံမယ်လို့ မျှော်လင့်ပါတယ်" သူသည် သူ့အနောက်၌ ချီတုံချတုံဖြစ်နေသော ကျင့်ကြံသူများအား အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူလူငယ်ကို မန်ဟို့ဆီ ပို့ဆောင်ရန် ညွှန်ကြားလိုက်သည်။ သူတို့က ဆူးမြို့ရိုးထံ ချက်ချင်း ပျံသန်းသွားပြီး ခံပြင်းနေသောလူငယ်ကို ပစ်ချကာ ပြန်လာကြသည်။

ထို့နောက် လောင်ချုံးက မန်ဟို့ကို လှမ်းကြည့်လိုက်သည်။ မန်ဟိုက အတော်လေး စိတ်ကျေနပ်သွားသော ပုံစံဖြင့် လူငယ်ကို ပခုံးပေါ်တင်၍ မြို့ထဲ ပြန်ဝင်သွားလေသည်။ ဤအခါမှနောက်ဆုံး လောင်ချုံးမှာ ဟင်းခနဲ သက်ပြင်းချနိုင်တော့သည်။ သူက လက်ယှက်အရိုအသေပေးပြီးနောက် အမြန်ဆုံးနှုန်းဖြင့် တစ်ချိုးတည်း လှည့်ထွက်သွားတော့သည်။ ငွေရောင်မျက်နှာဖုံးနှင့် အဘိုးအိုအပါအဝင် လိုက်ပါလာသော ကျင့်ကြံသူနှစ်ထောင်လုံးလည်း သူနှင့်အတူ ထွက်သွားကြသည်။ ကံကောင်းစွာနှင့် သူတို့၏မျက်နှာဖုံးများက သူတို့၏ ရှက်ရွံ့နေသောမျက်နှာထားများကို ဖုံးကွယ်ထားပေး၏။

သူတို့အဖွဲ့ ထွက်သွားကြစဥ် အနောက်ပိုင်းသဲကန္တာရမှ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူနှစ်ယောက်က ပြောသည်။ " ဒီအတွက် အနက်ရောင်နယ်မြေနန်းတော် အနောက်ပိုင်းသဲကန္တာရကို ဖြေရှင်းချက်ပေးတာ ကောင်းမယ်" သူ၏အသံသည် အေးစက်နေပြီး ဒေါသသံ မစွက်နေသည့်တိုင် သြဇာဖြင့် ပြည့်နှက်နေ၏။

အဘိုးကြီး၏ စကားလုံးများ ပဲ့တင်ထပ်နေပြီး လောင်ချုံးနှင့် အခြားသူများ ထွက်ခွာရန် ပြင်နေသည့်အချိန်မှာပင် ရုတ်တရက် အေးစက်စက် နှာမှုတ်သံတစ်သံ ဟိန်းထွက်လာသည်။ နှာမှုတ်သံကြီးက အရာခပ်သိမ်းကို တသိမ့်သိမ့် တုန်ခါသွားစေသော ထစ်ချုန်းသံကြီးအသွင်ပြောင်းရင်း ကောင်းကင်နှင့်မြေကြီးကို လှုပ်ရမ်းပစ်လိုက်သည်။ အက်ကြောင်းများ မြေကြီးပေါ်တွင် ပေါ်လာပြီး လေထုသည်ပင် တစစီစုတ်ဖြဲခံရတော့မည့်ပုံရသည်။

ပထဝီမြေကြီးသည် နှာမှုတ်သံ၏ အင်အားကြီးမားမှုကို တောင့်မခံနိုင်တော့သည့်အတွက် အစိတ်စိတ်အမြွှာမြွှာ အက်ကွဲတော့မည့်အလားပင်။

နှာမှုတ်သံက အနောက်ပိုင်းသဲကန္တာရမှ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူကို နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားစေသည်။ တစ်ချိန်တည်းမှာပင် လောင်ချုံးနှင့်အခြားသူများမှာ ရင်တဒိန်းဒိန်းခုန်လာပြီး သွားနေရာမှ ရပ်လိုက်ကြသည်။ လောင်ချုံး၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး အသက်ရှူသံများမြန်ဆန်လာ၏။

မြေပြင်ပေါ်ရှိ သားရဲများလည်း တုန်ရီသွားကြပြီး ဝမ်းလျားမှောက်၍ တအီးအီးအော်ဟစ်နေကြတော့သည်။ ဝေဟင်သားရဲကြီးများလည်း တုန်ရီလာကြပြီး လှုပ်ရှားနေခြင်း ရပ်သွားကြ၏။

ကျင့်ကြံသူထောင်ပေါင်းများစွာမှာ နှာမှုတ်သံကြီးကြောင့် ချာချာလည်သွားပြီး တွေးတောနိုင်စွမ်းပင် ကင်းမဲ့ကုန်ကြသည်။

ခေါင်းအထက်ရှိ ကောင်းကင်သည် အရောင်ပြောင်းသွားပြီး မြေကြီးကား နိမ့်ချည်မြင့်ချည် လှုပ်နေတော့သည်။

သန့်စင်နှင်းမြို့တော်ကို ဝန်းရံထားသည့် ဆူးပင်များလည်း အပိုင်းပိုင်းပြတ်ထွက်လာသည်။ တစ်မြို့လုံး တုန်ခါနေပြီး အလွန်တရာကျယ်လောင်သော ထစ်ချုန်းသံကြီးဖြင့် ပြည့်နှက်နေသဖြင့် စူးစူးဝါးဝါးအော်သံများ ပွက်လောရိုက်နေတော့သည်။

မြို့တော်၏ အကာအကွယ်မန္တန်အစီအရင်များအားလုံးမှာ အရင်တစ်ခေါက် ထိုးဖောက်ကျူးကျော်ခံခဲ့ရကတည်းက ပြန်လည်ပြုပြင်ထားပြီး ဖြစ်သည်။ သို့ရာတွင် ဤနှာမှုတ်သံကြီး၏စွမ်းအားအောက်တွင် ၄င်းတို့သည် ကြေမွကွဲထွက်ကာ ဖုန်ဖြစ်သွားတော့သည်။

မြို့အတွင်းရှိ မရေမတွက်နိုင်သော နေအိမ်အဆောက်အဦးများ နစ်ဝင်ကျွံကျကုန်၏။ မြို့တံတိုင်းများအပေါ်ရှိ ကျင်ကြံသူများ သွေးအန်ပြီး မျက်နှာပျက်သွားကြသည်။ ခန္ဓာကိုယ်များ တိုက်ရိုက်ပေါက်ကွဲသွားသော ချီအခြေတည်အဆင့်ကျင့်ကြံသူ တစ်ရာနီးပါးပင် ရှိ၏။

အကြီးအကဲလေးဦး မျိုးနွယ်စုဝင်များအား အလျင်အမြန် ကာကွယ်လိုက်ခြင်းကြောင့်သာ မဟုတ်လျှင် မျိုးနွယ်စုအနေဖြင့် အထိအခိုက်များခဲ့မည် ဖြစ်သည်။ သို့ရာတွင် ဤအတွက် ပေးဆပ်ရသည့် တန်ရာတန်ကြေးက သူတို့ကို သွေးအန်လိုက်ရစေသည်။ ဒဏ်ရာရထားသည့် အကြီးအကဲအဘွားအိုဆိုလျှင် သူမ၏ကျင့်ကြံခြင်းအခြေခံ ရုတ်ခြည်းထိုးကျသွားသည်ကို ခံစားလိုက်ရ၏။ သူမ၏ခန္ဓာကိုယ်မှာ အားနည်းသွားပြီး ယခင်ထက်ပင်ပို၍ အသက်ကြီးသွားပုံရသည်။

မန်ဟိုက သွေးလေးငါးလုပ်အန်ရင်း နောက်ဆုတ်လိုက်စဥ် သူ၏မျက်နှာ ရိပ်ခနဲ ဖြစ်သွား၏။ သူ ကောင်းကင်ကို မော့ကြည့်လိုက်သည့်အချိန် နေနှင့်တူသောအရာတစ်ခု ချဥ်းကပ်လာသည်ကို မြင်လိုက်ရသည်။

ဤနေသည် အနက်ရောင်ဖြစ်ပြီး ကောင်းကင်ယံတွင် ပုံမှန်အတိုင်း ထွန်းလင်းတောက်ပလျက်ရှိသော နေနှင့်အတူ ယှဥ်လျက် တည်ရှိနေသည်။ သို့သော်  သေသေချာချာကြည့်ပါက ဤအနက်ရောင်နေကား အနက်ရောင်ဝတ်ရုံဝတ်ထားသော ကျင့်ကြံသူတစ်ယောက်ဖြစ်နေလေသည်။

သူသည် အသက်လေးဆယ်အရွယ် ဖြစ်ပုံရသော်လည်း သူထံမှ ထုတ်လွှတ်နေသည့် ရှေးဆန်သောအငွေ့အသက်က သူ၏ငယ်ရွယ်သော ပုံပန်းသွင်ပြင်နှင့် တခြားစီဖြစ်နေသည်။ သူ့ကို ပတ်ဝန်းကျင်ရှိ မည်သည့်အလင်းရောင်ကိုမဆို စုပ်ယူနေပုံရသော အနက်ရောင်အလင်းက ဝန်းရံလွှမ်းခြုံလျက်ရှိ၏။ ၄င်းက သူ့ကို အနက်ရောင်နေတစ်စင်းနှင့် တူစေခြင်း ဖြစ်သည်။

သူနှင့်အတူ မယုံကြည်နိုင်ဖွယ်ဖိအားကြီးတစ်ခုက မိုးကောင်းကင်ထံမှ အောက်သို့ သက်ရောက်လာလေသည်။

အဆိုပါအနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူ၏အနောက်တွင် လေးစားကြည်ညိုနေသည့် မျက်နှာထားနှင့် လူငယ်တစ်ယောက်ရှိ၏။ ထိုလူကား....  ဟန်ရွှယ့်ကျုံး။

"စိတ်ဝိညာဥ်ခွဲထွက်ခြင်း" မန်ဟို့၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး အသက်ရှူရခက်လာသည်။

သူတစ်ယောက်သာမဟုတ်၊ ရှိရှိသမျှလူတိုင်း စိတ်နှလုံးတုန်ရီလာကြလေသည်။

"ဂါဝရပြုပါတယ် စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီး" လောင်ချုံးက စိတ်လှုပ်တရှား ပြောသည်။ သူသည် လေအလယ်မှ ချက်ချင်း အရိုအသေပေးလိုက်သည်။ သူ့ကိုခြုံရံလျက်ရှိသည့် ကျင့်ကြံသူအားလုံးလည်း ကြောက်လန့်တကြား ဝပ်တွားအရိုအသေပေးလိုက်ကြ၏။

မြေပြင်ပေါ်ရှိ အနက်ရောင်နယ်မြေနန်းတော်ကျင့်ကြံသူ ထောင်ပေါင်းများစွာလည်း ဒူးထောက်လိုက်ကြလေသည်။ အနောက်ပိုင်းသဲကန္တာရမှ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူနှစ်ယောက် အံ့အားသင့်သွားပြီး ဦးညွှတ်အရိုအသေပေးလိုက်ကြ၏။

မန်ဟို စိတ်လေးသွားသည်။ အနက်ရောင်ဝတ်ရုံနှင့်လူရောက်လာခြင်းက ဤတိုက်ပွဲသည် သေချာပေါက် အဖွင့်တိုက်ပွဲမဟုတ်နိုင်တော့ကြောင်း ညွှန်ပြနေလေပြီ။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်မှာ စစ်ပွဲအား အဆုံးသတ်ရန် စေလွှတ်ခံလိုက်ရပြီ ဖြစ်၏။

မန်ဟို မျက်မှောင်ကြုတ်နေသည်။ "အေးခဲနှင်းပိုးကောင် ပြီးမြောက်ဖို့ နှစ်လလိုသေးတယ်....." သူက သက်ပြင်းချပြီး သိုလှောင်အိတ်ထဲမှ ကံကောင်းခြင်းအဆောင်ကို ထုတ်လိုက်သည်။ "ထားလိုက်ပါတော့။ အေးခဲနှင်းပိုးကောင်မရနိုင်တော့ဘူးဆိုတော့ ပြစ်ဒဏ်မိုးကြိုးကို ကျော်လွှားဖို့ တခြားနည်း စဥ်းစားရုံပဲရှိတာပေါ့" သူ့မှာ စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချလိုက်သည်။ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးတစ်ယောက် ဤနေရာသို့ ရောက်နေပြီဖြစ်ရာ အခြေအနေကား အမှန်တကယ် အဆုံးသတ်ရန်သာ ရှိတော့၏။

"သွေးခွေးကြီးသာ နိုးလာလို့ကတော့ ဒါမှမဟုတ် ငါ့ကျင့်ကြံခြင်းအခြေခံသာ အနုသုခုမရုပ်ခန္ဓာအဆင့်ဆိုရင်....." မန်ဟိုက သက်ပြင်းခိုးချရင်း  အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူကို မော့ကြည့်လိုက်သည်။ အမှန်တော့ သူသိပါသည်။ သူအနေဖြင့် အနုသုခုမရုပ်ခန္ဓာအဆင့်ဆိုလျှင်တောင်မှ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ရှေ့တွင် ဂျပိုးသဖွယ်သာဖြစ်နေလိမ့်မည်။

"စိတ်ဝိညာဥ်ခွဲထွက်ခြင်း ...... တာအိုကို ဉာဏ်အလင်းရပြီး ကိုယ်ကို သုံးကြိမ် ခွဲထုတ်ဖျက်စီးခြင်း....." စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်သည် အပတ်တကုတ်ကြိုးစားခြင်းဖြင့်မဟုတ်ဘဲ ကံကောင်းမှသာ ရောက်ရှိနိုင်သော ဒဏ္ဍာရီလာ အဆင့်တစ်ခုဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းလုံး၌ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူ မြောက်မြားစွာရှိပြီး အနုသုခုမရုပ်ခန္ဓာအဆင့်လည်း အတန်အသင့်များပြားသည်။ သို့သော် စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများမှာ ကြီးမားကျယ်ဝန်းသော တောင်ပိုင်းဒေသတွင်ပင် ရှားပါးလှ၏။ တစ်ခါတရံ သူတို့သည် ဂိုဏ်းကြီးများ၏ တာအိုအစောင့်အရှောက်အဖြစ်နှင့်သာ တည်ရှိတတ်ကြသည်။

စိတ်ဝိညာဥ်ခွဲထွက်ခြင်းအကြောင်း စဥ်းစားကြည့်သောအခါ မှီခိုရာဂိုဏ်းချုပ်အား မန်ဟို သတိရလိုက်မိသည်။

အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူ ကောင်းကင်ထက်မှ ပျံဆင်းလာစဥ် သန့်စင်နှင်းမြို့တော်သည် သုဿန်တစပြင်ပမာ တိတ်ဆိတ်နေ၏။ ဝမ်းနည်းစိတ်ပျက်မှုတို့က အေးခဲနှင်းမျိုးနွယ်ဝင်များအပြင် အခြားကျင့်ကြံသူများ၏ ကိုယ်စိတ်နှလုံးသုံးပါးလုံးအား ချင်းနင်းနှိပ်စက်နေတော့သည်။ တစ်ယောက်ချင်းစီတိုင်း တန်ပြန်တိုက်ခိုက်ရန် မျှော်လင့်ထားသမျှအားလုံး စွန့်လွှတ်လိုက်လေပြီ။

ဟန်ရွှယ့်ကျုံးသည် ကျေနပ်အားရနေသော မျက်နှာပေးဖြင့် အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူ၏ အနောက်မှ လိုက်လာ၏။ သူ့အကြည့်က အေးခဲနှင်းမျိုးနွယ်ဝင်များအပေါ်  ဖြတ်ပြေးသွားပြီး အကြင်နာကင်းမဲ့မှုက သူ၏မျက်လုံးများတွင် ထင်ရှားလာသည်။

သို့သော် အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူက မြို့၏အထက် မီတာသုံးထောင်ခန့်အကွာတွင်သာ ရှိနေသေးစဥ် ရုတ်တရက် ရပ်လိုက်၏။ သူသည် တစ်လောကလုံး၏ အာဏာကို ဆုပ်ကိုင်ထားသည့်အလား၊ မိုးကောင်းကင်၏ ကြီးကျယ်မြင့်မြတ်သော တာအိုက သူ့ကို သက်ရှိသတ္တဝါတိုင်းအား အထင်သေးပိုင်ခွင့်ပေးအပ်ထားသည့်အလား လျှို့ဝှက်နက်နဲသောအလင်းက သူ၏မျက်လုံးများတွင် လင်းလက်နေသည်။

သူ ထိုနေရာတွင် ပျံဝဲနေစဥ် ကောင်းကင်နှင့်မြေကြီးသည် ပိုင်းခြား၍မရလောက်အောင် တစ်သားတည်းဖြစ်သွားပုံရသည်။ သို့ထိတိုင် တစ်ချိန်တည်းမှာပင် ကွဲကွာပြီး သူ၏ကိုယ်ပိုင်တာအိုအဖြစ် ပေါင်းစည်းကာ မိုးကောင်းကင်၏စိတ်ဆန္ဒကို ဖျောက်ဖျက်မရအောင် လုပ်နေသည့်ပုံပေါ်ပြန်သည်။

သူ၏စိတ်ဆန္ဒကြောင့်သာ လောကကြီး၌ အရာအားလုံး တည်ရှိနေရသကဲ့သို့ပင်။ ဤသို့ဖြစ်ရသည့်အကြောင်းရင်းမှာ သူသည် စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်သို့ အချိန်အတော်ကြာကတည်းက ရောက်ရှိနေခဲ့သည့်အချက်အပြင် သူ၏ ပထမခွဲထုတ်ဖျက်စီးခြင်းကြောင့် ဖြစ်သည်။ မည်သည့်အရာကို ခွဲထုတ်ခဲ့သည်လဲဆိုရာတွင် အဆင့်တူသူများသာလျှင် အရိပ်အမြွက်သိနိုင်လောက်၏။

"တာအိုရောင်ရင်းဟန်ရွှယ့် ၊ ခင်ဗျားနဲ့ကျုပ် မတွေ့ရတာ နှစ်ရာနဲ့ချီနေပြီ။ ဒါတောင် ခင်ဗျားက အသက်ငင်နေသေးတုန်းပဲလား။ ဘယ်တော့မှ ကျုပ်ကို အသုဘ ပို့ခွင့်ပေးမှာလဲ" သူ၏မျက်လုံးများ မြေပြင်အပေါ်သို့ ကျရောက်လာစဥ် ထိုနေရာရှိ ဘယ်သူ့မှ သူ့အကြည့်နှင့် မထိုက်တန်သည့်အလားပင်။ သူကြည့်နေသောအရာက မြေအောက်အခန်းတစ်ခန်းထဲ၌ တည်ရှိသည်။ ထိုနေရာ၊ ကြယ်သဏ္ဍာန်ပလ္လင်ပေါ်တွင် တင်ပျဥ်ခွေထိုင်နေသည်က အဘိုးအိုတစ်ယောက်ဖြစ်သည်။ သူက ပိန်ချုံးခြောက်ကပ်နေပြီး အလောင်းတစ်လောင်းနှင့်ပင်တူနေ၏။

"အိပ်နေတုန်းပဲလား" အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူက နားကြားပြင်းကပ်စရာကောင်းသောအသံနှင့်ပြောသည်။ "ကြည့်ရရတာ ခင်ဗျား အသက်ရှိသေးလား သေသွားပြီလား စမ်းကြည့်တာ အချည်းနှီးပဲထင်ပါတယ်။ ဒီဟာသပြဇာတ်ကို ဒီမှာတင်အဆုံးသတ်ကြတာပေါ့" သူက လက်ကိုခါပြီးနောက် ဝှေ့ယမ်းလိုက်သည်။

မြေပြင်တစ်ခုလုံး တုန်ခါလာပြီး ရုတ်တရက် မြို့၏အလယ်တည့်တည့်တွင်  ဧရာမကျင်းကြီးတစ်ကျင်း ပေါ်လာလေသည်။

ဤအခိုက်အတန့်တွင် မန်ဟို ယခင်က ကြားခဲ့ဖူးသည့် ရှေးဆန်သောအသံကြီးက နောက်တစ်ဖန် သူ၏နားထဲ ဝင်ရောက်လာသည်။

***

All Chapters