← Chapters

မယုံနိုင်ဖွယ်ရာ ကံကောင်းခြင်းတရား

Vol. 27 Ch. 375

မယုံနိုင်ဖွယ်ရာ ကံကောင်းခြင်းတရား

Vol. 27 Ch. 375

တစ်မြို့လုံး ရုတ်ခြည်း ကျွံကျလာသည်။ လူပေါင်းများစွာ ကျင်းကြီးအတွင်းသို့ စုပ်ယူခံနေရ၏။ သူတို့မှာ ထွက်ပြေးချင်သော်လည်း သူတို့၏ကျင့်ကြံခြင်းအခြေခံများမှာ တည်ပင်မတည်ရှိတော့သကဲ့သို့ နည်းနည်းလေးပင် လှည့်ပတ်၍မရကြောင်း တွေ့လိုက်ရသည်။

လောလောဆယ်တွင် မန်ဟို၏လက်သည် ကံကောင်းခြင်းအဆောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ ၄င်းကို အသက်ဝင်ရန် အသက်ဆယ်ရှိုက်စာမျှ လိုအပ်သေးပြီး ခပ်ဖျော့ဖျော့ တောက်ပနေလေပြီ။ သို့သော် ထိုအချိန်တွင် ရှေးဆန်သောအသံကြီး သူ၏နားထဲ ဝင်ရောက်လာခြင်းဖြစ်သည်။

“စိတ်တံခါးကို ဖွင့်ပြီး ဆူးမြို့ရိုးနဲ့ ဆက်သွယ်လိုက်။ ငါက သေခါနီးနေပြီ ဆိုပေမယ့် မင်းကို ကံကောင်းခြင်းတချို့ ချီးမြှင့်နိုင်တယ်။ ဒါက ပြီးခဲ့တဲ့လတွေ အတောအတွင်း ငါ့မျိုးနွယ်စုကို စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်တဲ့နည်းလမ်းလို့ပဲ သဘောထားလိုက်ပါ”

ရှေးဆန်ပြီး အားနည်းနေသော အသံသည် မန်ဟို့အား ဆူးမြို့ရိုးကို မည်ကဲ့သို့ထိန်းချုပ်ရမည်လဲ ပြောပြခဲ့သောအသံကြီးပင်ဖြစ်သည်။ မန်ဟိုသည် ဤပုဂ္ဂိုလ်ကို ကောင်းကောင်းသိသော်လည်း ချီတုံချတုံဖြစ်နေဆဲဖြစ်သည်။

ကံကောင်းခြင်းအဆောင်နှင့်ဆိုလျှင် ဤနေရာမှ ဘေးမသီရန်မခ ထွက်သွားနိုင်ရန် သူယုံကြည်ချက်ရှိ၏။ ရှေးဆန်သော အသံကြီး၏ စကားကို နားထောင်လျှင် စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်ရလိမ့်မည်။ မည်မျှဂရုစိုက်စိုက်၊ သတိထားထား ၊ ၄င်းက အန္တရာယ်များနေသေး၏။

“အချိန်မရှိဘူး” အသံကြီးက ဆက်ပြောသည်။ “ငါ မင်းကို အပိုင်စီးချင်ရင် ဒီလောက်ထိ စောင့်နေမှာမဟုတ်ဘူး။ ဘာတွေ တုံ့ဆိုင်းနေလဲ မောင်ရင်။ ရှေးဟောင်းကံကောင်းခြင်းအဆောင်က စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့လက်ကနေ လွတ်အောင် ကူညီပေးနိုင်မယ်ထင်လား”

“စီနီယာကြီးက ဘယ်လိုကံကောင်းခြင်းမျိုး ချီးမြှင့်ပေးမှာလဲခင်ဗျ” မန်ဟိုက မျက်လုံးများ တဖျပ်ဖျပ်လက်နေရင်း စိတ်အာရုံမှတစ်ဆင့် ပြောလိုက်သည်။ ရုတ်တရက် အလွန်ကြီးမားသော စွမ်းအားကြီးတစ်ရပ်က အောက်ဘက်မှ ဖြာထွက်လာသည်။ တစ်ချိန်တည်းမှာပင် ကူပါကယ်ပါ အော်ဟစ်သံများ လေတွင် ပြည့်နှက်သွား၏။ မန်ဟို့အတွက် ငုံ့ကြည့်ရန် မလိုအပ်ပေ။ မြို့မှာ ကျင်းကြီးအတွင်းသို့ လျင်မြန်စွာ ကျွံကျနေပြီဖြစ်ကြောင်း သူသိသည်။

ပတ်ဝန်းကျင်တစ်ခွင်လုံးရှိ ကျင့်ကြံခြင်းအခြေခံများမှာ လည်ပတ်၍မရအောင် ကန့်သတ်ခံထားရသော်လည်း မန်ဟို့၏ရွှေအမြုတေက ခြွင်းချက်ဖြစ်သည်။ သူသာ ဆန္ဒရှိလျှင် ထွက်ပြေးနိုင်သေး၏။

“ငါ မင်းကို ငါ့ရဲ့စိတ်ဝိညာဥ်ခွဲထွက်ခြင်းဉာဏ်အလင်းကို ပေးမှာ။ ဒါက မင်းအတွက် စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ရောက်ရင် တံခါးတစ်ချပ် ဖွင့်ပေးလိမ့်မယ်။ ငါ့မျိုးနွယ်အတွက်လည်း မျှော်လင့်ချက်တချို့ ဖန်တီးပေးလိမ့်မယ်…….”

နားကွဲမတတ် ကျယ်လောင်သော ထစ်ချုန်းသံကြီးက အသံကြီးကို စကားစပြတ်သွားစေသည်။ ယခုတွင် သန့်စင်နှင်းမြို့တော်မှာ  ကျင်းကြီးကြောင့် ထက်ဝက်ကျော် ပျက်စီးနေလေပြီ။ မြို့တော် ပြိုကျနေသည့် ဧရိယာနှင့် မလှမ်းမကမ်းတွင် နက်မှောင်နေသော ချောက်တစ်ခုကို မန်ဟိုလှမ်းမြင်လိုက်သည်။ ၄င်းမှ လွင့်လူတက်နေသော အခိုးအငွေ့များက အနက်ရောင်ပြောင်းပြီး လည်ပတ်နေ၏။

ဤအခိုက်အတန့်တွင် မန်ဟို့၏ ကံကောင်းခြင်းအဆောင် ပြင်ဆင်ခြင်းပြီးမြောက်သွားသည်။ သူက တုံ့ဆိုင်းမနေဘဲ ၄င်းကို အသက်သွင်းရန် ဖိချလိုက်သည်။ သူ့မျက်နှာ ပျက်သွား၏။

ကံကောင်းခြင်းအဆောင် အလုပ်မလုပ်ပေ။

ဝုန်းခနဲ အသံကြီးနှင့်အတူ မြို့၏ကျန်အပိုင်းများ စတင်ကျွံကျလာလေပြီ။ အော်ဟစ်ငိုယိုသံများ ဆူညံပွက်လောရိုက်နေသည်။  ကျင်းကြီးအတွင်းမှ ဆွဲအားသည် တစတစ အားကောင်းလာနေကြောင်း မန်ဟို ခံစားလိုက်ရသည်။ မရေမတွက်နိုင်သော အနက်ရောင်ချီမျှင်များက သူ့ကို ဆွဲချရန် ကြိုးစားနေ၏။

ဤအခိုက်အတန့်တွင် ခိုင်မာပြတ်သားသော စိတ်ဆန္ဒက သူ၏မျက်ဝန်းများတွင် နေရာယူသွားသည်။

“ဂျူနီယာ လက်ခံတယ်” သူက စကားလည်းပြော၊ စိတ်ကိုလည်း ဖွင့်ချလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် မြို့အတွင်း၌ ကျန်ရှိနေသေးသော ဆူးမြို့ရိုးအကြွင်းအကျန်များနှင့် ဆက်သွယ်မှု ပြန်လည်တည်ဆောက်ရန် စိတ်ဝိညာဥ်အာရုံကို ဖြန့်ကျက်လိုက်သည်။

သူ၏စိတ်ဝိညာဥ်အာရုံ ဆူးမြို့ရိုးကို ထိတွေ့သွားသည်နှင့် တစ်ပြိုင်နက် မြေအောက်ခန်းတွင် တင်ပျဥ်ထိုင်နေသည့် ပိန်ချုံးခြောက်ကပ်နေသော ပုံရိပ်သည် ရုတ်တရက် မုဒြာလက်ကွက်ဖော်ကာ ချုပ်နှောင်သင်္ကေတတစ်ခုအား ဖြစ်ပေါ်စေလိုက်သည်။

ချုပ်နှောင်သင်္ကေတ ပေါ်လာသည်နှင့်တစ်ပြိုက်နက် ပြိုကျနေသော မြို့အတွင်းရှိ ဆူးပင်များ ကြီးမားလာသည်ကို မန်ဟို အာရုံရလိုက်သည်။ ၄င်းတို့က ပျက်စီးနေပြီဖြစ်သော မြေအောက်ခန်းအထဲထိ ထိုးဖောက်ဝင်ရောက်လာသည်။ ၄င်းတို့က အောက်သို့ ဆန့်ထွက်လာစဥ် ဆူးများပိုထွက်လာပြီး ပိန်ချုံးခြောက်ကပ်နေသည့် အလောင်းကြီးနှင့်တူသော အဘိုးကြီးဆီ ထိုးဝင်သွားကြသည်။

၄င်းတို့က သူ့ကို ထိုးဖောက်ရင်း သူနှင့်မန်ဟို့အကြား၌ ချိတ်ဆက်မှုတစ်ခု ချက်ချင်း ဖန်တီးပေးလိုက်သည်။ သူတို့မှာ ရုတ်တရက် နှစ်ယောက်တစ်ကိုယ် ဖြစ်သွားသည့်အလားပင်။

စကားလုံးများဖြင့် ဖော်ပြ၍မရလောက်အောင် ပြင်းထန်သည့် အားကြီးက မန်ဟို့၏ ခေါင်းထဲတွင် ပေါက်ကွဲထွက်သွားသည်။

ဝုန်းခနဲ ပေါက်ကွဲသံကြီးက သူ၏စိတ်တွင် ပြည့်နှက်သွားပြီး ခန္ဓာကိုယ်တစ်လျှောက်လုံးရှိ သွေးကြောများ ဖောင်းပွလာသည်။ သူ၏မျက်နှာမှာ ရှုံ့မဲ့နေကာ မျက်ဝန်းထဲတွင် သွေးကြောများ ပြည့်၍နေသည်။ သူသည် တဆတ်ဆတ်တုန်နေရင်း အပိုင်းပိုင်းစုတ်ဖြဲခံရတော့မည့်အလား ခံစားနေရတော့သည်။ နာကျင်မှုက ဝိညာဥ်အထိ ဝင်ရောက်နှိပ်စက်နေသဖြင့် သူ၏စိတ်ဝိညာဥ်အာရုံမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားတော့မည့်ပုံရသည်။

အတိုင်းထက်အလွန် အင်အားကြီးမားသော အရှိန်အဝါက ရုတ်တရက် သူ၏ကိုယ်မှ တလိပ်လိပ် ရိုက်ခတ်လာ၏။

ဤအရှိန်အဝါသည် အမြုတေဖြစ်တည်ခြင်း မဟုတ်သလို၊ အနုသုခုမရုပ်ခန္ဓာလည်းမဟုတ်ဘဲ…. စိတ်ဝိညာဥ်ခွဲထွက်ခြင်းအရှိန်အဝါ ဖြစ်သည်။

အရှိန်အဝါက ထွက်ပေါ်သည့်တခဏ၌ မန်ဟို့၏စိတ်အစဥ်မှာ ချာချာလည်သွားပြီး ဒေါသတကြီး ဟိန်းဟောက်သံတစ်သံ ကြားလိုက်ရသည်။

“ငါက အေးခဲနှင်းမျိုးနွယ်စုရဲ့ ခေါင်းဆောင်ကြီးပဲ။ မိုးသက်မုန်တိုင်းကြားထဲမှ တာအိုဉာဏ်အလင်း ရခဲ့ပြီး လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ငါ့ရဲ့ပထမဆုံး ခွဲထုတ်ဖျက်စီးခြင်းကို လုပ်ဆောင်ခဲ့တယ်”

အသံကြီး မန်ဟို့၏စိတ်အတွင်း၌ ပဲ့တင်ထပ်နေစဥ် ပုံရိပ်တစ်ခုသည် ရုပ်လုံးပေါ်လာ၏။ ပုံရိပ်အတွင်း၌ ပထဝီမြေကြီးမှသည် မိုးကောင်းကင်အထိ မြင့်တက်ရင်း မျက်စိတဆုံး ဆန့်တန်းလျက်ရှိသော မုန်တိုင်းကြီး ရှိသည်။ လျှပ်ပန်းလျှပ်နွယ်များက ပြိုးပြိုးပြက်ပြက်လက်နေပြီး မိုးထစ်ချုန်းသံတို့က အရာအားလုံးကို တုန်ခါနေစေ၏။ ဤသည်မှာ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူတစ်ယောက်ကို အရေခွံဆုတ်ပစ်နိုင်သော မုန်တိုင်းကြီးဖြစ်သည့်တိုင် ၄င်း၏အလယ်တွင် နက်နဲသိမ်မွေ့မှုကို ထုတ်ဖော်ပြသနေသော ပုံရိပ်တစ်ခုရှိသည်။

၄င်းသည် ဝတ်ရုံအရှည်ကို ဝတ်ဆင်ထားသော အရပ်မြင့်မြင့်နှင့် သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူသည် မိုးကောင်းကင်ကို မျက်နှာမူ၍ အဆုတ်ကွဲလုမတတ် ဟိန်းဟောက်လိုက်၏။

“မျိုးနွယ်ဝင်အပေါင်းတို့ ငါ့ကို မှတ်ထား။ ငါက အေးခဲနှင်းမျိုးနွယ်စုရဲ့ ဆဋ္ဌမမျိုးဆက်ခေါင်းဆောင်ကြီး ဟန်ရွှယ့်ပေါင်။ ငါဟာ ပထမဆုံးခွဲထုတ်ဖျက်စီးခြင်းအတွက် မိသားစုသံယောဇဥ်ကို ဖျက်စီးပစ်ခဲ့တယ်။ ဒါပေမဲ့ ငါ့မျိုးနွယ်စုအတွက် ငါ့ရဲ့သံယောဇဥ်ကိုတော့ မဖျက်စီးခဲ့ဘူး။ သံယောဇဥ်ကို ခွဲထုတ်ပြီး တာအိုနှင့် အစားထိုးခြင်းက ငါ့ရဲ့ပထမဆုံး စိတ်ဝိညာဥ်ခွဲထွက်ခြင်းကို အောင်မြင်စေခဲ့ပြီး ကောင်းကင်တစ်ပိုင်းအဆင့် မိုးသက်မုန်တိုင်းဒဏ်ကို ခံနိုင်ရည်ရှိစေခဲ့တယ်”

ပုံရိပ်သည် မန်ဟို၏စိတ်အစဥ်ကို ချာချာလည်စေခဲ့ရင်း တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်သွားသည်။ မြေကြီးထဲရှိ ကျင်းကြီးထံမှ လေတိုက်သံကြီး တဝေါဝေါအော်မြည်လာသည်။ ယခုတွင် မြို့တော်သည် ပြိုကျခြင်းမရှိတော့သလို ကျင့်ကြံသူများလည်း အော်ဟစ်ငိုယိုမနေတော့ပေ။ ကျင်းကြီးအတွင်းရှိ စုပ်ဝဲကြီး ရုတ်တရက် ငြိမ်သက်သွား၏။ တဝါဝေါအော်မြည်နေသောလေက ကျွံကျနေသော မြို့ကို အတွင်းမှ အပြင်သို့ ပြန်လည်တွန်းပို့ပေးနေသည်။

ယခုတွင် လေသည် အရာခပ်သိမ်းကို သိမ်းကျုံးတိုက်ခတ်နေသော မိုးသက်မုန်တိုင်းကြီး ဖြစ်သွားလေပြီ။ ထစ်ချုန်းသံကြီးတစ်သံ လေတွင် ပြည့်နှက်သွား၏။ လေမုန်တိုင်းကား မည်သည့်အတားအဆီးကိုမဆို တွန်းထိုးတိုက်ခတ်နိုင်စွမ်း ရှိပုံရသည်။ ကောင်းကင်သည် အုံ့မှိုင်းလာပြီး မြေငလျင်တို့ ရိုက်ခတ်လာသည်။

မြေပြင်တစ်လျှောက်လုံး ပြည့်လျက်ရှိသော သားရဲများက တအီးအီးအော်ပြီး ဝပ်စင်းကုန်ကြသည်။ အနက်ရောင်နယ်မြေမှ ကျင့်ကြံသူများမှာ သွေးအန်လိုက်ရပြီး အံ့အားသင့်သွားကြ၏။

အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ၏မျက်နှာများ၌ အံ့သြခြင်းတို့ ပြည့်နှက်သွားသည်။ လောင်ချုံးနှင့်အခြားသူများလည်း မျက်စိမျက်နှာပျက်သွားကြပြီး သန့်စင်နှင်းမြို့တော်၏ပတ်လည်တွင် တဝေါဝေါ တိုက်ခတ်လျက်ရှိသော လေမုန်တိုင်းကြီးကိုကြည့်ရင်း ရင်တဒိန်းဒိန်းခုန်နေကြတော့သည်။

သို့ရာတွင် ကောင်းကင်ထက်ရှိ အနက်ရောင်ဝတ်ရုံနှင့် စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူက ရယ်လိုက်လေသည်။ သူ၏ရယ်သံ ပဲ့တင်ထပ်နေစဥ် ထူးဆန်းသော အနက်ရောင်အလင်းက သူ၏မျက်လုံးများမှ ဖြာထွက်တောက်ပနေသည်။ လောလောဆယ်တွင် သူသည် အနက်ရောင်နေတစ်စင်းနှင့် အမှန်တကယ်တူနေ၏။

“စိတ်ဝိညာဥ်ခွဲထွက်ခြင်းစိတ်ဆန္ဒ။ ခေါင်းဆောင်ကြီးဟန်ရွှယ့်ပေါင် သေခါနီးနေတာတောင် အမောက်ထောင်ပြနိုင်မယ်လို့ မထင်ထားခဲ့ဘူး။ ခင်ဗျားက စိတ်ဝိညာဥ်ခွဲထွက်ခြင်းစိတ်ဆန္ဒကို အမွေအနှစ်တံဆိပ်တော်အဖြစ်ပြောင်းပြီး အေးခဲနှင်းမျိုးနွယ်ဝင်မဟုတ်တဲ့ သူစိမ်းတစ်ယောက်ကို ပေးလိုက်တယ်တဲ့လား။ ဘယ်လောက် ဝမ်းနည်းစရာကောင်းလိုက်လဲ။ ခင်ဗျားက ပထမခွဲထုတ်ဖျက်စီးခြင်းနဲ့ သံယောဇဥ်ကို ဖျက်စီးခဲ့ပေမယ့် ခင်ဗျားရဲ့သား သစ္စာဖောက်တဲ့အချိန်ကျ သနားပြီး မသတ်ခဲ့ဘူး။ ခင်ဗျားက ကိုယ့်တာအိုကိုယ် ဆန့်ကျင်ပြီး ကိုယ့်ကိုယ်ကို ဖျက်စီးပစ်ခဲ့တာပဲ

“ခင်ဗျား မျိုးနွယ်တစ်ယောက်မှ ခင်ဗျားရဲ့ စိတ်ဝိညာဥ်ခွဲထွက်ခြင်းစိတ်ဆန္ဒကို မလက်ခံရဘူးဆိုတော့ ဒီဂျူနီယာမျိုးဆက် ကံကောင်းသွားတဲ့ပုံပဲ။ ကံဆိုးစွာနဲ့ အဆုံးသတ်မှာ ဒီကံတရားက သူ့အပိုင်ဖြစ်မှာ မဟုတ်တော့ဘူး။ အေးခဲနှင်းမျိုးနွယ် မဟာမိစ္ဆာသားရဲသခင်မျိုးဆက် အဆက်အဆက်ပါဝင်နေတဲ့ ဒီတံဆိပ်တော်က ကျုပ်အပိုင်ပဲ။ ကျုပ်လို အစွမ်းထက်တဲ့လူပဲ မျိုးဆက်သုံးဆက်ထက်ပိုပြီး ဆက်သွယ်ချိတ်ဆက်နိုင်မှာ။ အလွန်ဆုံး ဒီငနဲလေးကတော့ မျိုးဆက်တစ်ဆက်လောက်နဲ့ ဆက်သွယ်နိုင်မှာပါ့။ အဲ့ဒီထက်ပိုရင် ဒီကောင် သေသွားလိမ့်မယ်

“ငါ့တပည့် သွေးနည်းနည်းလောက် ထွေးလိုက်။ ဆရာ မင်းရဲ့ မျိုးနွယ်စုကို တစ်ယောက်မကျန် သုတ်သင်ပစ်မှာကို ကြည့်နေ။ မင်းရဲ့တာအို ပြီးမြောက်ပြီး ပထမခွဲထုတ်ဖျက်စီးခြင်းလုပ်ရမယ့် နေ့ရောက်လာလိမ့်မယ်” အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူက အသံကျယ်ကြီးဖြင့် ရယ်သည်။ သူ့ဘေးရှိ ဟန်ရွှယ့်ကျုံး၏ မျက်နှာပေါ်တွင် တွေဝေရှုပ်ထွေးနေသော အမူအရာရှိသော်လည်း စကားတစ်ခွန်းမဆိုဘဲ ရင်ဘတ်ကိုထုကာ သွေးတစ်လုပ် ထွေးလိုက်သည်။

သူ၏ပါးစပ်မှ သွေးစက်ထွက်လာသည်နှင့်တစ်ပြိုင်နက် အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူက ဆတ်ခနဲ ဖမ်းယူလိုက်သည်။ သူက ၄င်းကို ဖြစ်ညစ်လိုက်ရာတွင် လူငယ်တစ်ယောက်၏ သွေးပုံရိပ်တစ်ခု အသွင်ပြောင်းသွားသည်။ ကြောက်လန့်နေသောအမူအရာနှင့် စိတ်လှုပ်ရှားနေမှုက ၄င်း၏မျက်နှာကို ဖုံးလွှမ်းနေ၏။

၄င်းက ဟန်ရွှယ့်ကျုံးနှင့် အလွန်တူလေသည်။

လူငယ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏မျက်လုံးများသည် အမုန်းတို့ဖြင့် ပြည့်နှက်နေ၏။ သွေးအလင်းရောင်က သူ့ထံမှ ဖြာထွက်နေပြီး သူက သန့်စင်နှင်းမြို့တော်ကို ဝန်းရံထားသည် လေမုန်တိုင်းကြီးထံသို့ ထိုးဆင်းသွားလေသည်။

လူငယ် ချဥ်းကပ်လာနေစဥ် မန်ဟိုက ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်သည်။ သူ၏စိတ်ဆန္ဒက ကျန်ရှိနေသေးပြီး သူ့အပိုင်ဖြစ်နေသေးသော်လည်း လူငယ်ကိုမြင်လိုက်သည်နှင့်တစ်ပြိုင်နက် နှလုံးသားမှာ စူးအောင့်နာကျင်သွားလေသည်။ နာကျင်မှုမှာ ဝမ်းနည်းမှုနှင့် ခံပြင်းဒေါသတို့ဖြင့် ပြည့်နှက်နေပြီး အတိုင်းအဆအား ဖော်ပြ၍ပင်မရပေ။

သူ့ကို ဝန်းရံလျက်ရှိသည့် လေမုန်တိုင်းကြီး စတင်ပျက်စီးလာသည်ကို သူ အာရုံရနေပြီး ထိုသည်က သွေးရောင်လူငယ်ကြောင့်ဖြစ်သည်။

“ကျုံးလေး…..” မန်ဟို့စိတ်ထဲရှိ ရှေးဆန်သောအသံကြီးက ပြောသည်။ ၄င်းသည် သူ၏စိတ်အတွင်း၌ ပဲ့တင်ထပ်နေရင်း ပြတ်ပြတ်သားသား ဖော်ပြ၍မရလောက်အောင် နက်နဲလှသည့်ခံစားချက်များဖြင့် ပြည့်နှက်သွားစေသည်။ ပြောလိုသည့်စကားအားလုံး တစ်ခွန်းတည်းနှင့် ပြောပြီးသွားလေပြီ။

၄င်း မန်ဟို့၏စိတ်ထဲ၌ ပဲ့တင်ထပ်နေစဥ် သူ့ကိုဝန်းရံနေသည့် မုန်တိုင်းကြီးမှ မိုးပေါက်တို့ ကျလာသည်။ မိုးစက်များ တဖွဲဖွဲရွာကျနေစဥ် ၄င်းသည် တကယ်တော့ မိုးမဟုတ်ဘဲ အေးခဲနှင်းမျိုးနွယ်စု ဆဋ္ဌမမျိုးဆက်ခေါင်းဆောင်ကြီး၏ မျက်ရည်များဖြစ်ကြောင်း မန်ဟို သဘောပေါက်လိုက်သည်။

“နောင်တတဲ့လား….. ဟင့်အင်း နောင်တမရဘူး” အသံကြီး၏ပဲ့တင်ရိုက်သံက မန်ဟို၏ခေါင်းထဲတွင် မြည်ဟည်းနေပြီး နောက်ဆုံး ကြောက်မက်ဖွယ် လေမုန်တိုင်းကြီးကား ဒေါသူပုန်ထလာတော့သည်။ ၄င်းသည် စတင်ပြိုကွဲလာပြီး သွေးရောင်လူငယ်အပါအဝင် ၄င်း၏လမ်းကြောင်းအပေါ်ရှိ အရာရာတိုင်းကို စုတ်ဖြဲပစ်လိုက်လေသည်။

လူငယ် အပိုင်းပိုင်းပြတ်ထွက်သွားစဥ် မန်ဟို့၏ခေါင်းထဲ၌ နောက်ထပ်အသံကြီးတစ်သံပေါ်လာ၏။

“ငါက အေးခဲနှင်းမျိုးနွယ်စုရဲ့ ပဥ္ဧမမျိုးဆက်ခေါင်းဆောင်ကြီး မဟာမိစ္ဆာသားရဲသခင် ဟန်ရွှယ့်တင်း။ ငါဟာ မိုးကောင်းကင်ရဲ့စိတ်ဆန္ဒကို နှင်းဖုံးတောင်ထိပ်မှာ ဖမ်းဆုပ်နိုင်ခဲ့ပြီး နဂါးတစ်ထောင်ကန်မှာ ပထမခွဲထုတ်ဖျက်စီးခြင်းကို ဆောင်ရွက်ခဲ့တယ်” ဤအသံသည် ဟန်ရွှယ့်ပေါင်၏အသံနှင့် သိသိသာသာခြားနားနေ၏။ ၄င်းမှာ သြဇာသိပ်မညောင်းသည့်တိုင် ပို၍တည်ကြည်လေးနက်သည်။ အသံကြီး မန်ဟို့စိတ်အတွင်း၌ ပဲ့တင်ထပ်နေစဥ် သူ၏ခန္ဓာကိုယ်မှာ မည်သည့်အရာနှင့်မှ နှိုင်းယှဥ်၍မရအောင် ပြင်းထန်သော နာကျင်မှုဖြင့် ပြည့်နှက်သွားသည်။

သူ၏ဝိညာဥ်မှာ ပျက်စီးတော့မတတ်ဖြစ်နေပြီး ခန္ဓာကိုယ်မှာ အစိမ်းလိုက် အရေခွံနွှါခံနေရသည့်အလား ခံစားနေရတော့သည်။ အပေါ်ထက်ရှိ ကောင်းကင်မှာ ပျောက်ကွယ်တော့မည့်အလား မှေးမှိန်ဖျော့တော့လာသည်။ ရုတ်တရက် ခေါင်းအထက်တွင် နက်ရှိုင်းသော ကန်ကြီးတစ်ကန်၏ပုံရိပ် တစ်ခု ပေါ်လာသည်။

ရေမျက်နှာပြင်ပေါ်ရှိ လှိုင်းများက အဘက်ဘက်သို့ ရိုက်ခတ် လှုပ်ရှားနေကြသည်။  ဟိန်းဟောက်မာန်ဖီသံများနှင့်အတူ ကန်အတွင်းမှ တစ်လောကလုံးကို ပြောင်းပြန်လှန်တော့မည့်ပုံရသော နဂါးကြီးများ ထိုးထွက်လာသည်။ နဂါးတွန်သံများကြောင့် မြေပြင်ပေါ်ရှိ သားရဲအားလုံး ဆွဲဆွဲငင်ငင် အော်မြည်နေကြ၏။ ကျင့်ကြံသူများမှာမူ သွေးများအန်ရင်း အံ့အားသင့်နေကြသည်။

အထူးသဖြင့် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ ကြောက်ဒူးတုန်နေကြလေသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ နှစ်ယောက်အနက်မှ တစ်ယောက်က မော့ကြည့်ပြီး တုန်ရီနေသောအသံဖြင့် ပြောသည်။ “နဂါးတစ်ထောင်ကန်။ ဒဏ္ဍာရီတွေအရဆို အေးခဲနှင်းမျိုးနွယ်ရဲ့ တည်ထောင်သူခေါင်းဆောင်ကြီး မဟာမိစ္ဆာသားရဲသခင်ဖြစ်လာတဲ့နောက်မှာ နဂါးတစ်ထောင်ကန်ကို သူ့အပိုင်အဖြစ် သိမ်းပိုက်ခဲ့တယ်။ အဲ့ဒီနောက်မှာ ကန်က အနောက်ပိုင်းသဲကန္တာရကနေ ပျောက်ကွယ်သွားတယ်”

ကောင်းကင်ထက်ရှိ အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူ၏မျက်နှာအမူအရာ ရိပ်ခနဲ ပြောင်းသွားသည်။ “ဆိုတော့ ဒီကလေးက ဒုတိယအမွေတံဆိပ်တော်ကို လက်ခံနိုင်တယ်ပေါ့”

***

All Chapters