← Chapters

တံဆိပ်တော်များ

Vol. 27 Ch. 376

တံဆိပ်တော်များ

Vol. 27 Ch. 376

နဂါးတစ်ထောင်၏ တွန်ကျူးသံများက ကောင်းကင်အထက်၌ ဇောက်ထိုးဖြစ်နေသော အနက်ရောင်ကန်ကြီးထဲမှ ထွက်ပေါ်လာသည်။ တွန်သံများက အဆုံးစွန်အထိ တုန်လှုပ်ဖွယ်ကောင်းလှရာ မြေပြင်ပေါ်ရှိ သားရဲများအား ပါးစပ်မှ သွေးများ ပန်းထွက်သွားစေသည်။ တစ်ကောင်ပြီးတစ်ကောင်၏ မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စတင်စီးကျလာ၏။ ထို့နောက် ၄င်းတို့အားလုံး လဲကျသေဆုံးကုန်ကြသည်။

အောက်ရှိ ကျင့်ကြံသူများမှာလည်း သွေးအန်လိုက််ကြရ၏။ သူတို့၏ခန္ဓာကိုယ်မှာ နုံးချည့်လာပြီး စိတ်အစဥ်မှာ ချာချာလည်နေကြသည်။ ချီနှင့်သွေး စီးဆင်းမှုမှာ ဖိနှိပ်ခံလိုက်ရကာ ကျင့်ကြံခြင်းအခြေခံများ ပျက်စီးလုဆဲဆဲ ဖြစ်နေကြလေပြီ။

လေလယ်၌ ပျံဝဲနေသော အနက်ရောင်ဝတ်ရုံကျင့်ကြံသူ၏မျက်နှာထား တင်းမာခက်ထန်သွားသည်။ သူက ညာလက်ဖြင့် မုဒြာလက်ကွက် ဖော်လိုက်သည်။

"ငါထင်ထားတာနဲ့ တခြားစီဖြစ်သွားပါလား။ မျိုးဆက်နှစ်ဆက်အမွေကို လက်ခံနိုင်တာပဲ။ ဒါပေမဲ့ မလုံလောက်သေးဘူး"

"ဘဝကြောင့် ပျက်စီးခြင်းက မွေးဖွားလာ၊ သုံးလောကရဲ့ မရဏကမ္ဘာ။ ပန်းတွေက အသီးကို မွေးဖွားလေ၊ သုံးလောကကို ဖော်ဆောင်စေ" အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူ၏လက်က ဝေဝါးသွားပြီး သူ့အရှေ့တွင် အနက်ရောင် ကမ္ဘာလုံးကြီးတစ်လုံး ပေါ်လာသည်။ ကမ္ဘာလုံးသည် အဘက်ဘက်သို့ အနက်ရောင်အလင်းများ ဖြန့်ကျက်ရင်း စတင်ပြန့်ကားလာကာ နောက်ဆုံးတွင် အနက်ရောင်နေတစ်စင်းအသွင် ပြောင်းသွား၏။ ၄င်းက တဟုန်းဟုန်း တောက်လောင်နေရင်း အပေါ်သို့ ထိုးတက်သွားသည်။

အနက်ရောင်နေကား ဟိန်းဟောက်တွန်ကျူးနေသော နဂါးတစ်ထောင်အနားမရောက်ခင် ရုတ်တရက် ပေါက်ကွဲသွားပြီး ၄င်းအနီးအနားရှိ အရာအားလုံးကို ဖျက်စီးလိုက်သည်။ လေထုသည် စုတ်ပြဲပျက်စီးကာ တွင်းနက်ကြီးအသွင်ပြောင်းသွားသည်။ ၄င်းက အကုန်လုံးကို စုပ်ယူဝါးမြိုနေချေသည်။

တွင်းနက်ကြီးပေါ်လာသည်နှင့်တစ်ပြိုင်နက် နဂါးများက ဟိန်းဟောက်လိုက်သည်။ ဂျိန်းခနဲ ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားပြီး မြေပြင်သည် တသိမ့်သိမ့်တုန်သွား၏။ နဂါးများမှာ ၄င်းတို့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ တွင်းနက်ကြီးအတွင်းသို့ စုပ်ယူခံနေရတော့သည်။

"ခင်ဗျားက တကယ်ပဲ အေးခဲနှင်းမျိုးနွယ်စုရဲ့ ပဥ္စမမျိုးဆက် မဟာမိစ္ဆာသားရဲသခင်ဆိုရင် ကျုပ်လှည့်ပြန်သွားမှာ။ ဒါပေမဲ့ ခင်ဗျားက အမွေတံဆိပ်တော်လေးသက်သက်ပဲ။ ကျုပ်ကို တားလို့မရဘူး" အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူက အင်္ကျီလက်စကိုခါရင်း အေးစက်သောလေသံဖြင့် ပြောသည်။ အောက်တွင် လေမုန်တိုင်းဖြင့် ပြည့်နေခဲ့သော ကျင်းကြီးသည် နောက်တစ်ဖန် တုန်ခါပြီး ပွင့်ထွက်လာ၏။

မန်ဟို့ ပတ်ဝန်းကျင်ရှိ မြို့ခံကျင့်ကြံသူရာဂဏန်းမျှမှာ မျက်နှာများဖြူဆုပ်နေကြပြီး ဆောက်တည်ရာမဲ့နေကြသည်။ စစ်ပွဲမှာ သူတို့ ဝင်ရောက်တိုက်ခိုက်ခြင်းပင် မလုပ်နိုင်တော့သော အခြေအနေသို့ ရောက်သွားခဲ့လေပြီ။ သူတို့မှာ လေပြင်းမုန်တိုင်းထဲက သစ်ရွက်ခြောက်များပမာ အစွမ်းအစမဲ့နေတော့သည်။

နဂါးတစ်ထောင်ကန်၏အောက်ရှိ မန်ဟို့၏ မျက်နှာတစ်ပြင်လုံးတွင် သွေးကြောများက ထိုးထောင်နေသည်။ သူ့မှာ အတွင်းထဲက နာကျင်မှုကို ထိန်းချုပ်ရန် ကြိုးစားနေသဖြင့် သူ၏မျက်နှာမှာ အရုပ်ဆိုးရှုံ့မဲ့နေတော့သည်။ နာကျင်မှုက လှိုင်းလုံးကြီးသဖွယ် သူ့ကို ရိုက်ခတ်နေပြီး သူ့မှာ အသိစိတ်လွှတ်ပစ်လိုက်ချင်သည့်စိတ်အား တွန်းလှန်နေရသည်။ အံတင်းတင်းကြိတ်ထားလွန်း၍ သွားတို့ပင် ကျိုးကြေတော့မည့်ပုံရသည်။

ဟန်ရွှယ့်ပေါင်၏ ရှေးဆန်သော အသံကြီးက အားယူ၍ မန်ဟို့ကို ပြောသည်။ "မင်း အသိစိတ်လွတ်သွားလို့ မဖြစ်ဘူး။ အေးခဲနှင်းမျိုးနွယ်စုရဲ့ ကံကောင်းခြင်းကို ရယူတဲ့အချိန်မှာ မျိုးဆက်တစ်ဆက်က မင်းကို ရွေးချယ်ခံသားတော်တစ်ပါးဖြစ်စေလိမ့်မယ်။ မျိုးဆက်နှစ်ဆက်က သူရဲကောင်းဖြစ်စေမယ်။ မျိုးဆက်သုံးဆက်ဆို မင်းဟာ ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံဖြစ်လာပြီ။ လေးဆက်ကတော့ တစ်ခါမှမမြင်ဖူးဘူး

"ကြီးကျယ်မြင့်မြတ်တဲ့ တံဆိပ်တော်တစ်ခုစီတိုင်းမှာ မျိုးဆက်တစ်ဆက်ရဲ့ အစွမ်းထက်ဆုံးပညာရှင်တစ်ယောက် ပါရှိတယ်။ အမွေက မင်းရဲ့ဝိညာဥ်နဲ့ ပေါင်းစည်းသွားတဲ့အတွက်ကြောင့် တံဆိပ်တော်ဟာ မင်းကို အဖော်ပြုပေးဖို့ လောကထဲ ရောက်လာတာပဲ။ မျိုးဆက်များများ လက်ခံရရှိလေလေ တံဆိပ်တော်များလေဖြစ်တယ်။ မင်း စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ဝင်ရောက်တဲ့အခါ ဒီတံဆိပ်တော်တွေအားလုံး၊ ငါတို့အစွမ်းထက်ကျင့်ကြံသူတွေအားလုံးရဲ့ ပထမဆုံးပြောင်းလဲတဲ့ အခိုက်အတန့်တွေအားလုံးက .....  မင်းကိုကူညီပေးလိမ့်မယ်

"ဆက်တောင့်ခံထား တတိယမျိုးဆက်အမွေကို အထောက်အပံ့ပေးနိုင်ရင် မင်းအပေါ်ကျရောက်နေတဲ့ ကပ်ဘေးကို ရှောင်လွှဲနိုင်လောက်မယ်။ အဲ့ဒါက ငါပေးစွမ်းနိုင်တဲ့ အကူအညီနဲ့ တူတူလောက်ပဲ။ မင်း အောင်မြင်ပြီး ငါ့ရဲ့မျိုးနွယ်စုကို ဒီကပ်ဘေးကနေ လွတ်မြောက်အောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

မန်ဟိုက ခေါင်းမော့ပြီး မာန်သွင်းဟိန်းဟောက်လိုက်သည်။ သူ၏အဝတ်အစားများ စုတ်ပြတ်သပ်သွား၏။ သူ၏ဆံပင်သည် လေတွင် လွင့်မျောနေပြီး သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံး အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားပုံရသည်။ ကျန်ရှိခဲ့သည့် တစ်ခုတည်းသောအရာမှာ သူ၏ဟိန်းဟောက်သံကြီးဖြစ်၏။

သူ ဟိန်းဟောက်လိုက်သည်တွင် နဂါးဆယ်ကောင်သည် တွင်းနက်ကြီးအတွင်း စုပ်ယူခံရသည်ဖြစ်စေ ၊ စုပ်ယူမခံရသည်ဖြစ်စေ သူနှင့်အတူ ဟိန်းဟောက်လိုက်ကြသည်။ ခမ်းနားကြီးကျယ်သော ဟိန်းဟောက်သံကြီးက အဘက်ဘက်သို့ ရိုက်ညောင်းသွားလေသည်။

အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူက မျက်မှောင်ကြုတ်ပြီးနောက် ညာလက်ဖြင့် မုဒြာလက်ကွက် ဖော်လိုက်သည်။ ထို့နောက် သူသည် လက်ကို ဆန့်ပြီး မန်ဟို့ထံသို့ လက်ဝါးအား တွန်းထုတ်လိုက်သည်။

"ဖြစ်ပြီး ပျက်တာ ဓမ္မတာ ။ မတည်မြဲတဲ့အရာဟာ ပျောက်ကွယ်မယ်။ ကျန်ရစ်ခဲ့တဲ့အရာဟာ ထာဝရတည်တန့်တယ်" အနက်ရောင်ဝတ်ရုံနှင့်လူ၏ စကားလုံးများ ပဲ့တင်ထပ်နေစဥ် နဂါးတစ်ထောင်မှာ တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲကုန်သည်။

အရာရာတိုင်းသည် အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူ ပြောခဲ့သည့်အတိုင်း အဆုံးသတ်နေသည့်အလားပင်။

သို့သော် ဤအခိုက်အတန့်တွင် မန်ဟို့၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။ စောစောက ပွင့်လာခဲ့သော သူ၏မျက်လုံးများကား ယခုတွင် ဖြူဆွတ်နေလေပြီ။

အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူ ဤအခြင်းအရာကို မြင်သောအခါ နောက်တစ်ခါ မျက်နှာပျက်သွားပြီး မယုံကြည်နိုင်သောအသွင် ထင်ဟပ်သွားသည်။

"မဖြစ်နိုင်တာ"

သူ၏စိတ်အစဥ်တို့ ယောက်ယက်ခတ်နေစဥ်မှာပင် မန်ဟို့ စိတ်ထဲ၌ တတိယမြောက်ပုဂ္ဂိုလ်၏အသံ ကြားလိုက်ရသည်။ အသံမှာ လေးစားကြည်ညိုဖွယ်ကောင်းပြီး မန်ဟို့၏ အသိစိတ်အလုံးစုံကို လွှမ်းမိုးသွား၏။

"ငါက အေးခဲနှင်းမျိုးနွယ်စုရဲ့ စတုတ္ထမျိုးဆက်ခေါင်းဆောင်ကြီး မရဏသင်္ချိုင်း ဟန်ရွှယ့်ဟွေ့။ သေခြင်းနယ်မြေတစ်ခုမှာ နိုးထလာခဲ့ပြီး အရိုးတောတစ်တောမှာ ဉာဏ်အလင်းရခဲ့တဲ့သူ။ ငါဟာ အသံမဲ့ဝိညာဥ်မွေးဖွားခြင်းရဲ့ အယူအဆကို ဆုပ်ကိုင်ရင်း တာအိုဝိညာဥ်ဖြစ်လာဖို့အတွက် ငါ့ခန္ဓာကိုယ်ကို စွန့်ခွာခဲ့တယ်။ ဒါက ငါ့ရဲ့ ပထမဆုံးဖျက်စီးခြင်းပဲ။ ငါက လေးဆက်မြောက် မဟာမိစ္ဆာသားရဲသခင် ဟန်ရွှယ့်ဟွေ့" အသံကြီး ပဲ့တင်ထပ်နေစဥ် တစ်ခါမှ မကြုံတွေ့ဖူးလောက်အောင် အားကောင်းသည့် သေခြင်းအရှိန်အဝါတစ်ခု ရုတ်တရက် မန်ဟို့အရှေ့တွင် ပေါ်လာသည်။ ၄င်းက ကောင်းကင်နှင့်မြေပြင်ကို မီးခိုးရောင်ပြောင်းသွားစေရင်း ပတ်ဝန်းကျင်သို့ ပျံ့နှံ့လာသည်။

ရုတ်တရက် မရေမတွက်နိုင်သော ဟိန်းဟောက်မာန်ဖီသံများအား မီးခိုးရောင်ကောင်းကင်တွင် ကြားလိုက်ရသည်။ ဟိန်းဟောက်သံများက မကြာခင် ရုပ်လုံးပေါ်လာပြီး တစ္ဆေဝိညာဥ်များဖြစ်လာကြသည်။ ၄င်းတို့သည် မုန်းတီးနာကြည်းမှုများ ၊ အမျက်ဒေါသများဖြင့် ပြည့်နှက်ပြီး ရှေးဆန်နေပုံရသည်။

စောစော သေဆုံးသွားခဲ့သော မြေပြင်ပေါ်က သားရဲများသည် ရုတ်တရက် လူးလွန့်လာပြီး ထရပ်လိုက်ကြသည်။ ၄င်းတို့ ခေါင်းမော့၍ ဟိန်းဟောက်လိုက်သည်တွင် မီးခိုးရောင်အလင်းက ၄င်းတို့၏မျက်လုံးများတွင် တောက်ပနေ၏။ အသေကောင်များသာမက ကျင့်ကြံသူများပင်လျှင် ငေးကြောင်ကြောင် မျက်လုံးများဖြင့် ထရပ်လာကြသည်။

ကောင်းကင်ထက်တွင် ဂျိန်းခနဲ ထစ်ချုန်းပြီး ဧရာမအရိုးနဂါးကြီးတစ်ကောင် ပေါ်ထွက်လာသည်။ အောက်ဘက်တွင် ဧရာမအရိုးမြွေကြီးတစ်ကောင်က မြေကိုဖောက်ထွက်လာ၏။

တစ်ကမ္ဘာလုံးသည် အသေကောင်ကမ္ဘာကြီးဖြစ်လာခဲ့လေပြီ။ ဤအခိုက်အတန့်တွင် မန်ဟို့၏အနောက်၌ အဝါရောင်မြစ်တစ်စင်း ဘွားခနဲ ထွက်ပေါ်လာ၏။ တဝေါဝေါစီးဆင်းနေသော ရေများကို အနီးကပ်ကြည့်လျှင်.....ထိုရေများက တကယ်တမ်း သရဲဝိညာဥ်များဖြင့် ဖွဲ့စည်းထားကြောင်း ပြောနိုင်လိမ့်မည်။

ဤသည်ကား အဝါရောင်မြစ်ရေများမဟုတ်။ မရဏသင်္ချိုင်းဖြစ်၏။

မူးမေ့လဲလောက်အောင် တုန်လှုပ်ဖွယ်ကောင်းသော မရဏသင်္ချိုင်းကား ပေါ်လာခဲ့လေပြီ။

မရဏသင်္ချိုင်း၏ အထက်တွင် ငရဲဆယ့်ရှစ်ထပ်နှင့် တစ်ပုံစံတည်းတူသော ဆယ့်ရှစ်ထပ်စေတီတစ်ဆူ မျောနေသည်။

မီးခိုးရောင်ရှိသော သေခြင်းအရှိန်အဝါက မန်ဟို့ကို ပတ်၍ လှည့်ပတ်နေရာ သူ၏မျက်နှာကို ဖြူဖျော့နေစေသည်။ သူ၏ခန္ဓာကိုယ်မှာ သေခြင်းအရှိန်အဝါတစ်ခုကိုပင် စတင်ထုတ်လွှတ်နေလေပြီ။ ရုတ်တရက် သူက မျက်လုံးဖွင့်လိုက်၏။

သူ၏မျက်လုံးများ ပွင့်လာသည်နှင့် မိုးထစ်ချုန်းသံကြီး ကျယ်လောင်စွာ မြည်ဟည်းသွားသည်။ သူ မီးခိုးရောင်မျက်လုံးများဖြင့် စိုက်ကြည့်နေစဥ် ထစ်ချုန်းသံကြီးက အထက်ကောင်းကင်ယံထိတိုင် ရိုက်ခတ်သွားလေသည်။

"မရဏသင်္ချိုင်း မဟာမိစ္ဆာသားရဲသခင်" ပတ်ဝန်းကျင်ရှိ အဆင့်နိမ့်ကျင့်ကြံသူများအားလုံး ရုတ်တရက် မျက်နှာဖြူဆုပ်သွားကြသည်။ သူတို့မှာ အသိစိတ်များ လွတ်ထွက်သွားကြပုံရသည်။ သူတို့၏အသက်စွမ်းအားများ ချေဖျက်ခံနေရသကဲ့သို့ ခန္ဓာကိုယ်များ တောင့်တင်းလာကြသည်။

အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများလည်း ထိုနည်းတူပင်။ အနုသုခုမရုပ်ခန္ဓာအဆင့် အနောက်ပိုင်းကျင့်ကြံသူနှစ်ယောက်မှ လေလယ်တွင် ပျံဝဲနေသော မန်ဟို့ကို မော့ကြည့်ရင်း တစ်ကိုယ်လုံးတုန်ရီနေကြသည်။ သူတို့၏မျက်နှာပေါ်က အံ့သြတုန်လှုပ်ခြင်းတို့သည် လေမုန်တိုင်းကြီးနှင့် နဂါးတစ်သောင်းကန်ပေါ်လာခဲ့စဥ်ကထက် ကျော်လွန်၏။

"လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ထောင်က" တစ်ယောက်ကပြောသည်။ "ဒဏ္ဍာရီလာ မရဏသင်္ချိုင်းမဟာမိစ္ဆာသားရဲသခင်က အဆိပ်မုန်တိုင်းနဲ့ သွေးမိုးတိမ်တွေ အနောက်ပိုင်းသဲကန္တာရကနေ လွင့်စင်သွားအောင် တစ်ယောက်တည်း လုပ်ဆောင်ခဲ့တယ်။ အဲ့ဒီအချိန်မှာ အကြောက်တရားကပဲ မင်းမူနေခဲ့တာ။ သူက အသေကောင်သားရဲသန်းပေါင်းများစွာကို ကျွန်ပြုခဲ့ပြီး အဆင့် (၁၀) ကမ္ဘာသစ်မိစ္ဆာတစ်ကောင်ကိုတောင် မွေးမြူခဲ့တယ်

"ဒဏ္ဍာရီတွေအရ သူမသေခင် နုတ်ယူခဲ့တဲ့ အသက်အရေအတွက်က ရေတွက်လို့တောင်မဖြစ်နိုင်ဘူးတဲ့။ သူက အရိုးနယ်မြေကို တည်ထောင်ပြီး .....  မီးခိုးရောင်တောင်တန်းတွေ ဖြစ်ပေါ်စေခဲ့တယ်..... သူက...... " အနောက်ပိုင်းသဲကန္တာရအနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူနှစ်ယောက်၏ စိတ်ထဲတွင် မယုံနိုင်မှုများဖြင့် ပြည့်နှက်နေတော့သည်။

"သေစမ်း" အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူက ပြောသည်။ အာရုံစူးစိုက်နေသောအရိပ်အယောင်တစ်ခု သူ၏မျက်လုံးများတွင် ပြည့်နှက်နေ၏။ သူ၏အနောက်ရှိ ဟန်ရွှယ့်ကျုံးမှာ ရူးတော့မည့်ပုံရသည်။ သူ့ရင်ထဲ၌ မနာလိုမှုများ ပြင်းထန်နေပြီး စိတ်ထဲတွင် ဤအရာအားလုံးက သူ့အပိုင်ဟူ၍ အော်ဟစ်နေချေသည်။

"ဒီတော့ မင်းက မျိုးဆက်တံဆိပ်တော်သုံးခုအထိ ထောက်ပံ့ပေးနိုင်တယ်ပေါ့။ မင်းရဲ့ မဖြစ်စလောက် အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံခြင်းအခြေခံက နည်းနည်းပါးပါး အစွမ်းထက်နေပုံပဲ။ ဘယ်လောက်ရှားပါးလိုက်သလဲ..... မလုံလောက်သေးတာ ဆိုးတယ်" ထို့နောက် အနက်ရောင်ဝတ်ရုံနှင့်လူက မုဒြာလက်ကွက် ဖော်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။

"ငါက လည်ပတ်နေတဲ့ စကြဝဠာရဲ့အောက် မဟူရာညအမှောင်ထုထဲမှာ တာအိုဉာဏ်အလင်းရရှိခဲ့တယ်။ ငါရဲ့ ပထမဆုံးခွဲထုတ်ဖျက်စီးခြင်းအတွက် နေ့အချိန်ကို ဖျက်စီးခဲ့တယ်" သူသည် ညာလက်ကို မြှောက်ပြီး ကောင်းကင်ထံသို့ လက်ညှိုးထိုးလိုက်စဥ် သူ၏မျက်လုံးများက တောက်ပသွား၏။ မီးခိုးရောင်ကောင်းကင်ပြင်တွင် ရုတ်တရက် လျှပ်စီးတန်းတစ်တန်း ပေါ်လာသည်။ လျှပ်စီးတန်းကြီးက ဂျိန်းခနဲ ထစ်ခြုန်းရင်း အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူ၏ ညာလက်ထံသို့ တန်းတန်းမတ်မတ် ထိုးဆင်းလာသည်။

ဤလျှပ်စီးတန်း၏အရောင်ကား အနက်ရောင်ပင်။

အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူက ၄င်းကို ဆတ်ခနဲ ဖမ်းလိုက်သည်။ သူထိုသို့ဖမ်းလိုက်သည်နှင့် ၄င်းသည် ကောင်းကင်ယံအထိ ထိုးတက်ထောင်မတ်နေသော မိုးကြိုးဓားသွားကြီး အသွင်ပြောင်းသွား၏။ အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူက မီးခိုးရောင်ကောင်းကင်ကို နှစ်ခြမ်းခြမ်းရန်ရွယ်ရင်း မိုးကြိုးဓားသွားကို လွှဲချလိုက်သည်။

ဧရာမ မိုးကြိုးဓားသွားကြီးက ပိုင်းချလိုက်သဖြင့် နားကွဲမတတ် ကျယ်လောင်သော ထစ်ချုန်းသံကြီး မြည်ဟည်းသွားသည်။ ဓားသွားကြီးက ကမ္ဘာကြီး၏ မီးခိုးရောင်လွှမ်းနေမှုကို ဖြတ်တောက်ဖယ်ရှားပစ်လိုက်ရာ ကောင်းကင်တွင် ဧရာမအက်ရာကြီးတစ်ခုပေါ်လာသည်။

နာကျင်မှုက သူ့ကို ထိုးကျင့်နှိပ်စက်သဖြင့် မန်ဟို့၏ခန္ဓာကိုယ် တုန်ရီသွားသည်။ မိုးကြိုးဓားသွားကြီး ကျဆင်းလာသည့်အချိန်မှာပင် မန်ဟိုက လက်ကို လေပေါ်သို့ အလိုလိုမြှောက်လိုက်မိသည်။ ထိုသို့မြှောက်လိုက်စဥ် အသေကောင်များအားလုံး မြောက်တက်လာပြီး ဧရာမအရိုးစက်လုံးကြီးဖြစ်သွားသည်။

ပတ်ဝန်းကျင်ရှိ မီးခိုးရောင်ချီများအားလုံး အရိုးစက်လုံးကြီးထံ ပြေးဝင်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်း စက်လုံးကြီးက မီးခိုးရောင်ပြောင်းသွားပြီး အံ့သြတုန်လှုပ်ဖွယ် စွမ်းအားတစ်ရပ်ထုတ်လွှတ်ကာ မိုးကြိုးဓားသွားအား ရင်ဆိုင်ရန် ပျံထွက်သွား၏။

ဖြစ်ပေါ်လာသည့် ပေါက်ကွဲမှုကြီးက အနုသုခုမရုပ်ခန္ဓာအဆင့်အောက် ကျင့်ကြံသူအားလုံးကို ချက်ချင်း လွင့်ထွက်သွားစေသည်။ တချို့ဆို ပေါက်ပင် ပေါက်ကွဲကုန်ကြသည်။

ပေါက်ကွဲသံများ တရစပ်ထွက်ပေါ်နေစဥ် အရိုးစက်လုံးကြီးသည် မိုးကြိုးဓားသွားကို ခံနိုင်ရည်မရှိသဖြင့် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွား၏။

မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး အောက်သို့ပြုတ်ကျကာ မြေကြီးနှင့်မိတ်ဆက်သွားသည်။ နောက်တစ်ဖန် သန့်စင်နှင်းမြို့တော်၏ အောက်တွင် ကျင်းကြီးပြန်ပေါ်လာလေသည်။ မြို့တော်မှာ နောက်တစ်ကြိမ်ထပ်၍ ကျွံကျလာ၏။ မန်ဟိုက ခါးသက်သက် ရယ်လိုက်သည်။ မျိုးဆက်သုံးဆက်သည် သူ၏ထောက်ပံနိုင်သမျှအကုန်ပင်။ ထိုသည်ကပင် စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ပညာရှင်တစ်ယောက်ကို အနိုင်ယူနိုင်သည်အထိ မလုံလောက်သေးပေ။

အပေါ်တွင် အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူမှာ အသက်မနည်းရှူနေရ၏။ မန်ဟိုပြုတ်ကျသွားသည့်နေရာကို သူငုံ့ကြည့်နေစဥ် သူ၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ ထူးဆန်းသောအလင်းရောင်တစ်ခု သူ၏မျက်လုံးများတွင် ဖြတ်ပြေးသွားလေသည်။

"အေးခဲနှင်းမျိုးနွယ်စုရဲ့ မျိုးဆက်အမွေတံဆိပ်တော်ခြောက်ခုက ဂုဏ်သတင်းနဲ့ လိုက်ဖက်ပါပေတယ်။ ငါ သူတို့ကို အရယူနိုင်တာနဲ့ တတိယခွဲထုတ်ဖျက်စီးခြင်းကို လုပ်ဆောင်နိုင်ပြီ။ ဒါဆို စိတ်ဝိညာဥ်ခွဲထွက်ခြင်းရဲ့ မဟာစက်ဝန်း ပြီးမြောက်နိုင်မယ်" သူသည် ခိုင်မာပြတ်သားသောစိတ်ဆန္ဒအား ထုတ်လွှတ်နေသည့် မျက်ဝန်းများဖြင့် ညာလက်ကို မြှောက်လိုက်သည်။ သူက မန်ဟို့ကို လှမ်းဆွဲတော့မည့်အချိန်မှာပင် တတိယအကြိမ် မျက်နှာပျက်သွားသည်။

သူကား အဆုံးစွန်အထိ တုန်လှုပ်သွားခြင်းဖြစ်၏။

မန်ဟိုမြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်အချိန်မှာ အမှတ်အသားတစ်ခုက သူ၏ညာလက်အပေါ်၌ ပေါ်လာခဲ့လေသည်။

***

All Chapters