ချီနန်
Vol. 27 Ch. 377
ဤအမှတ်သည် မန်ဟို့အတွက် မရင်းနှီးဘဲ မနေပေ။ ၄င်းက သူ ချီအခြေတည်အဆင့်နှင့် အမြုတေဖြစ်တည်မှုအဆင့် ရောက်ခဲ့စဥ်က ပေါ်လာခဲ့သောအရာဖြစ်သည်။
ဖန်မျိုးနွယ်စုမှ မိန်းကလေး ထိုအမှတ်ကို မြင်သောအခါ သူမ၏မျက်နှာအမူအရာ ပြောင်းသွားခဲ့သည်။ သူမသည် မန်ဟို့ကို ထိုးမည့်အစား သူမလက်သီး၏ ဦးတည်ချက်ကို ပြောင်းခဲ့လေသည်။
ဤမြင်ကွင်းများအားလုံး မန်ဟို့၏စိတ်ထဲတွင် တရိပ်ရိပ်ဖြတ်ပြေးသွားသည်။
ယခုတွင်..... အမှတ်ကား နောက်တစ်ဖန် ပေါ်လာခဲ့လေပြီ။
သူသည် သူ၏လက်ဖမိုးမှ ရိုက်ခတ်နေသည့် အပူလှိုင်းကို ခံစားနေရ၏။ ၄င်းက စူးအောင့်နေသော နာကျင်မှုဖြစ်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးအား တစတစ ဝါးမြိုလာသည်။ နောက်ဆုံးတွင် သူက မခံရပ်နိုင်တော့သဖြင့် ဟိန်းဟောက်လိုက်သည်။
တစ်ချိန်တည်းမှာပင် အကန့်အသတ်မဲ့သော အသက်စွမ်းအားတို့က နာကျင်မှုအတွင်းမှ ထုတ်လွှတ်ခံလိုက်ရသယောင်ပင်။ ထိုမျှသာမက ၄င်းက သူ့ကို လေးခုမြောက်တံဆိပ်တော်ကို လက်ခံရန် အခွင့်အရေးပေးလိုက်သည်ကိုလည်း သူအာရုံရလိုက်၏။
ရုတ်တရက် ရှေးဆန်သောအသံကြီးတစ်သံ သူ၏စိတ်ထဲ၌ မြည်ဟည်းလာသည်။ ၄င်းက လွန်ခဲ့သည့် နှစ်တစ်သောင်းမှ ပြောနေသကဲ့သို့ ရှေးကျနေသည်။ ၄င်းသည် သူ၏လက်ပေါ်ရှိ အမှတ်မှ လာခြင်းမဟုတ်၊ အေးခဲနှင်းမျိုးနွယ်တံဆိပ်တော်မှ ဖြစ်လေသည်။
"ငါက အေးခဲနှင်းမျိုးနွယ်စုရဲ့ တတိယမျိုးဆက် မဟာမိစ္ဆာသားရဲသခင်။ ငါ့နာမည်က ချီနန်နင်း..... ငါဟာ အေးစိမ့်နေတဲ့ ဆောင်းလယ်ကာလမှာ ဒုတိယမျိုးဆက်အမွေကို လက်ခံရရှိခဲ့တယ်။ ချီနန်တောင်မှာ ဉာဏ်အလင်းရခဲ့ပြီး ဆောင်းလယ်လွင်ပြင်မှာ တာအိုကို ဖျက်စီးခဲ့တယ်။ ငါမသေဆုံးခင်က မျိုးနွယ်စုကို ချီနန်လို့ခေါ်တယ် ၊ ငါသေဆုံးပြီးနောက်မှာတော့ အေးခဲနှင်းဆိုပြီးဖြစ်လာခဲ့တယ် ..... မျိုးနွယ်ဝင်အပေါင်းတို့ အသေအချာမှတ်သားထားလော့ ၊ ငါတို့အာဏာဟာ တစတစမှေးမှိန်လာနေပြီဖြစ်တဲ့အတွက် မရပ်တည်နိုင်တော့ဘူး။ စိတ်မကောင်းစွာနဲ့ ငါတို့အားလုံး အနောက်ပိုင်းသဲကန္တာရကနေ ထွက်သွားရတော့မယ်"
အသံကြီးစကားပြောနေစဥ် မန်ဟို့၏သူငယ်အိမ်တစ်ဖက်စီတွင် တောင်တစ်လုံး၏ပုံရိပ် ထွက်ပေါ်လာသည်။
ဤသည်ကား ချီနန်တောင်ဖြစ်သည်။ တောင်ပုံရိပ်များ ပေါ်လာသည့်အခိုက်အတန့်မှာပင် အပေါ်ထက်ကောင်းကင်တွင် မိုးကြိုးဓားသွားကြီးကြောင့် ဖြစ်ပေါ်သွားသည့် အပေါက်မှာ စတင်ကွဲအက်လာသည်။ ရုတ်တရက် အလွန်ကြီးမားသော တောင်ကြီးတစ်လုံး ကျဆင်းလာ၏။
ဤတောင်၏အရွယ်အစားမှာ ဖော်ပြရခက်ပြီး ၄င်းထုတ်လွှတ်နေသော စွမ်းအားကား အကန့်အသတ်မဲ့ပြီး တုန်လှုပ်ဖွယ်ကောင်းသည်။
ချီနန်ဆိုသော စာလုံးနှစ်လုံးအား တောင်ပေါ်တွင် မြင်သည်ဆိုရုံလေးမြင်ရ၏။ တောင်ကြီး အောက်သို့ ကျလာနေစဥ် ကမ္ဘာမြေကြီးသည် အက်ကြောင်းများထလာပြီး အောက်သို့ နစ်ဝင်လာသည်။
ကျင်းကြီးပျောက်ကွယ်ပြီး မိုးကြိုးဓားသွား ကြေမွသွားသည်။ အလွန်ကြီးမားသော တွင်းကြီးတစ်တွင်း စစ်မြေပြင်ပေါ်တွင် ပေါ်လာပြီး ဧရာမချိုင့်ဝှမ်းကြီးအဖြစ် ပြောင်းသွား၏။ အနက်ရောင်နယ်မြေနန်းတော်မှ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူနှစ်ယောက် သွေးအန်လိုက်ကြရသည်။ သူတို့၏မျက်နှာဖုံးများ ကြေမွသွားပြီး အဘိုးကြီးနှစ်ယောက်၏ တုန်လှုပ်ချောက်ချားနေသောမျက်နှာများ ပေါ်လာသည်။ ချက်ချင်းပင် သူတို့ကား ထွက်ပြေးကြတော့သည်။
အနောက်ပိုင်းသဲကန္တာရမှ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ နှစ်ယောက်လည်း သွေးအန်ရင်း အနောက်သို့ တလိမ့်ခေါက်ခွေး လွင့်ထွက်သွားလေသည်။ သူတို့ရင်ထဲ၌ ပြည့်နှက်နေသည့် အံသြတုန်လှုပ်မှုကား စကားလုံးများဖြင့် ဖော်ပြရန် မဖြစ်နိုင်ပေ။
"ချီနန်နင်း.... လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက သူက အနောက်ပိုင်းသဲကန္တာရမှာ အစွမ်းထက်ဆုံးပုဂ္ဂိုလ်သုံးယောက်ထဲက တစ်ယောက်ဖြစ်ခဲ့တယ်။ သူ.....သူက တကယ်ပဲ အေးခဲနှင်းမျိုးနွယ်ဝင်တစ်ယောက်လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ရှေးဟောင်းမှတ်တမ်းတွေမှာ ဘယ်လိုလုပ်ပြီး ဒါနဲ့ပတ်သက်တဲ့ အချက်အလက်တစ်ခုမှ မရှိရတာလဲ"
"ချီနန်နင်း....." အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူ၏ မျက်နှာ ရိပ်ခနဲဖြစ်သွားသည်။ သူ၏အနောက်ရှိ ဟန်ရွှယ့်ကျုံးသည် တိတ်ဆိတ်စွာ စိုက်ကြည့်နေ၏။ ရုတ်တရက် သူ့မှာ မယုံကြည်နိုင်သောမျက်ဝန်းများဖြင့် သွေးတစ်ပွက်အန်လိုက်သည်။ သူ့သွေးဆက်၏ ခေါင်းဆောင်ကြီးက တကယ်တော့ လွန်ခဲ့သော နှစ်တစ်သောင်းတုန်းက ထင်ရှားကျော်ကြားခဲ့သော ချီနန်မျိုးနွယ်ဝင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူမည်သို့ တွေးနိုင်ခဲ့မည်နည်း။
"ဘာလို့မျိုးနွယ်စုနာမည်ကို ပြောင်းခဲ့တာလဲ" ဟန်ရွှယ့်ကျုံးမှာ ထိုအကြောင်း ထပ်မံ့စဥ်းစားရန် အချိန်မရှိပေ။ အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူ၏ မျက်လုံးများက အာရုံစူးစိုက်မှုများဖြင့် ဝင်းလက်နေပြီး သူက ညာလက်ကိုမြှောက်၍ ဝှေ့ယမ်းတော့မည့်အချိန် ရုတ်တရက် နောက်တစ်ကြိမ် မျက်နှာပျက်သွားပြန်သည်။
"ငါ့ချီး ဘယ်လိုလုပ်ပြီး ဒီကောင်လေးမှာ ပင်ကိုယ်စွမ်းရည်တွေ ပေါများနေရတာတုန်း။ အခုအထိကို တံဆိပ်တော်တွေ မကုန်နိုင်သေးဘူး......"
ဧရာမချီနန်တောင်ကြီး ဝုန်းခနဲ ကျရောက်လာသည့်အတွက် မြေကြီးကား သိမ့်ခနဲ တုန်လှုပ်သွားတော့သည်။ မန်ဟိုသည် မျက်လုံးများ စူးရှသောအလင်းရောင်ဖြင့် တောက်ပနေလျက် လေလယ်တွင် ပျံဝဲနေ၏။ ယခုအခိုက်အတန့်တွင် သူသည် မယုံကြည်နိုင်ဖွယ်ရာ ကံကောင်းခြင်းနှင့် ကြုံံတွေ့နေရသည်ဖြစ်ကြောင်း သေချာသွားတော့သည်။
စိတ်ဝိညာဥ်ခွဲထွက်ခြင်းတံဆိပ်တော်များက သူ၏စိတ်ထဲတွင် တည်ရှိနေပြီး တံဆိပ်ခတ်နှိပ်သည့်အတောအတွင်းမှလွဲ၍ ၄င်းတို့ကို အသုံးမပြုနိုင်သော်လည်း..... သူ၏ကိုယ်ပိုင်စိတ်ဝိညာဥ်ခွဲထွက်ခြင်းအတွက် အချိန်ကျရောက်လာလျှင်တော့ အဆများစွာ လွယ်ကူသွားမည်ဖြစ်သည်။
ထိုမျှသာမက စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်သို့ ရောက်ပြီးနောက်တွင် သူကိုင်စွဲနိုင်မည့် စွမ်းအားသည် ပြိုင်ဘက်ကင်းမည်ဖြစ်ပြီး သူ့စိတ်ထဲရှိ မည်သည့်တံဆိပ်တော်ကိုမဆို အသုံးပြုနိုင်မည်ဖြစ်၏။
ထိုသို့သော ကံကောင်းခြင်းမျိုးသည် သူဘယ်တော့မှ မရရှိနိုင်သည့်အရာဖြစ်သည်။ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူများသာလျှင် ထိုကဲ့သို့အရာများကို ရယူနိုင်လေသည်။
သို့သော် အမှတ်မထင်ဘဲ ကံကောင်းခြင်းကား သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့လေပြီ။ ထို့ကြောင့် သည့်ထက်ပို၍ အရယူနိုင်ရန် တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားမည်ဖြစ်သည်။
"ဆဋ္ဌမမျိုးဆက်၊ ပဥ္စမမျိုးဆက်၊ စတုတ္ထမျိုးဆက်နှင့် တတိယမျိုးဆက်တံဆိပ်တော်တွေနဲ့တင် .....မလုံလောက်သေးဘူး" မန်ဟိုက တွေးသည်။ "ဒုတိယမျိုးဆက်အမွေကို အရယူမှဖြစ်မယ်။ ဒီလိုကံမျိုးကို အလကားအဖြစ်ခံလို့ မဖြစ်ဘူး။ ငါ့ရဲ့အနာဂတ်အတွက် ဒါကို အသုံးပြုရမယ်။ စောစောက ငါ့ရဲ့လက်ဖမိုးပေါ်မှာ ဘာလို့ အမှတ်ပေါ်လာလဲမသိပေမယ့် အခုတော့ ငါ့မှာ မျှော်လင့်ချက် ရှိသွားပြီ။ လိုအပ်တဲ့အရာအားလုံးလည်း ငါ့မှာရှိတယ်ဆိုတော့ ဒီအမွေတံဆိပ်တော်အားလုံးကို သေချာပေါက် ရအောင်ယူမယ်။ ဒုတိယမျိုးဆက်က အေးခဲနှင်းမျိုးနွယ်စုမကလို့ ချီနန်မျိုးနွယ်စုပဲ ဖြစ်နေပါစေ ဒုတိယမျိုးဆက်အမွေ အခုထွက်လာခဲ့စမ်း" မန်ဟိုက ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်သည်။ သူသည် လေလယ်တွင် ပျံဝဲနေခြင်းဖြစ်ပြီး ဆံပင်များက တလွင့်လွင့်ဖြစ်နေကာ သူ၏မျက်လုံးများမှ အလင်းရောင်က အပေါ်သို့ ထိုးတက်သွား၏။ ထိုမြင်ကွင်းက တုန်လှုပ်ဖွယ်ကောင်းပြီး ထူးဆန်းစွာ လှပနေသည်။
သူ၏ ခေါင်းအတွင်းတွင် တဂျုန်းဂျုန်း ထစ်ချုန်းသံများက ဆက်တိုက်မြည်ဟည်းနေ၏။ ဤအသံသည် ဆဋ္ဌမမျိုးဆက် လေမုန်တိုင်းကြီးထက် ပိုစွမ်းအားကြီးပြီး ပဥ္စမမျိုးဆက်နဂါးတစ်သောင်းအား ဖယ်ရှားကာ စတုတ္ထမျိုးဆက်မရဏသင်္ချိုင်းကို ဖျက်စီး၍ တတိယမျိုးဆက်ချီနန်တောင်အား ကြေမွသွားစေနိုင်သည်။ ၄င်းသည် အလွန်တရာ သြဇာရှိသော အသံကြီးအသွင် ပြောင်းသွားလေပြီ။
အသံကြီးက ပဲ့တင်ထပ်ရင်း မန်ဟို့၏ လိုအင်ဆန္ဒကို တုံ့ပြန်နေပုံရသည်။
"ငါက ချီနန်တျန်း ချီနန်မျိုးနွယ်စုရဲ့ ဒုတိယမျိုးဆက် မဟာမိစ္ဆာသားရဲသခင်။ ခေါင်းဆောင်ကြီးရဲ့ အမွေစွမ်းအားနဲ့ ငါဟာ လေးရာသီစွမ်းအားကို ထိန်းချုပ်ခဲ့တယ်။ ငါက အင်မိုတယ်မဟုတ်ပေမယ့် ရာသီဥတုတွေကို ထိန်းချုပ်ရင်း အနောက်ပိုင်းသဲကန္တာရကို ငြိမ်သက်စေခဲ့တယ်။ ငါက ...... အနောက်ပိုင်းသဲကန္တာရရဲ့ မိုးကောင်းကင်ပဲ"
အသံသည် ပုံမှန်သာဖြစ်သော်လည်း အထက်စီးမှ လွှမ်းမိုးဖိနှိပ်နေသောအရှိန်အဝါဖြင့် ပဲ့တင်ထပ်နေသည်။ သြဇာအရှိန်အဝါကြီးမားသော အငွေ့အသက်က မန်ဟို့ထံမှ တလိပ်လိပ်ထွက်ရင်း အရာအားလုံးကို ပြောင်းလဲနေသည်။ ချီနန်တောင်၏ အပေါ်တည့်တည့်ရှိ ကောင်းကင်၏ပုံပန်းသွင်ပြင်သည် ရုတ်တရက် ထူးခြားဆန်းကြယ်လာ၏။
ဤကောင်းကင်အကွက်အတွင်းတွင် အရောင်အဝါ တောက်ပံ့ခံ့ညားသော နွေဦးပန်းပွင့်လေးများ၊ ကခုန်လျက်ရှိသော ခပ်ပါးပါး နွေရာသီမိုးစက်လေးများ၊ ဆောင်းဦးသစ်ရွက်လေးများကို ဖုံးလွှမ်းနေသော နှင်းမြူများနှင့် အရိုးခိုက်မတတ်အေးသော ဆောင်းရာသီ ဆီးနှင်းများ ရှိနေသည်။
ဤကောင်းကင်အကွက်တွင် လေးရာသီလုံး ပါရှိနေပြီး ၄င်း၏စွမ်းအားက မြေပြင်ကို အသွင်ပြောင်းတုန်ခါနေစေရင်း အရာအားလုံးကို လွှမ်းခြုံသွားသည်။ အနက်ရောင်နယ်မြေနန်းတော်မှ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူနှစ်ယောက်မှာ သွေးအန်လိုက်ကြရပြီး လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားတော့သည်။ သူ၏ခန္ဓာကိုယ်များမှာလည်း စတင်ခြောက်ကပ်လာ၏။
အနောက်ပိုင်းသဲကန္တာရ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ၏ မျက်နှာများမှာ ခံစားချက်မရှိဘဲ ငေးကြောင်နေကြသည်။ သူတို့မှာ ဘာဆိုဘာမှ ခံစားနိုင်ခြင်းမရှိတော့သလို၊ အာရုံခံနိုင်ခြင်းလည်းမရှိတော့။ သူတို့သက်စောင့်အားများကား တဖြေးဖြေး ကျဆင်းလာချေသည်။
ဟန်ရွှယ့်ကျုံး၏ခန္ဓာကိုယ်မှာ တုန်ရီနေပြီး သူ၏စိတ်ကား ချာချာလည်နေတော့သည်။ သူက သွေးတစ်ပွက်အန်လိုက်ရပြီး ရုတ်တရက် သူ၏ခန္ဓာကိုယ်မှာ အိုမင်းသွားတော့သည်။ သူ၏အရှေ့ရှိ အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူ သူငယ်အိမ်များ ကျုံ့သွားပြီး သူ၏မျက်လုံးထဲတွင် ကြောက်လန့်တုန်လှုပ်ခြင်းတို့ ပြည့်နှက်သွားသည်။
သူ့မှာ စဥ်းတောင်မစဥ်းစားမိဘဲ အသက်ပြင်းပြင်းရှူ၍ ချီနန်တောင်၏အထက်ရှိ လေးရာသီကောင်းကင်ကို စိုက်ကြည့်ရင်း နောက်ဆုတ်မိလိုက်သည်။
"အဲ့ဒါက စိတ်ဝိညာဥ်ခွဲထွက်ခြင်းတံဆိပ်တော်မဟုတ်ဘူး ..... တာအိုရှာဖွေခြင်းတံဆိပ်တော်ပဲ။ သေစမ်း အေးခဲနှင်းမျိုးနွယ်စုမှာ တကယ်ပဲ တာအိုရှာဖွေခြင်းအဆင့်ပညာရှင်ရှိနေတာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အနောက်ပိုင်းသဲကန္တာရက တာအိုရှာဖွေခြင်းအဆင့်ပညာရှင် ချီနန် .... ချီနန်..... " အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူမှာ တံဆိပ်တော်အား ရယူရန် ယုံကြည်ချက်မရှိတော့သဖြင့် မျက်နှာပျက်သွားတော့သည်။ "ငါ အခု ဒီတံဆိပ်တော်ကို အရမယူနိုင်ရင် ဘယ်တော့မှ ငါ့အပိုင်ဖြစ်မှာ မဟုတ်တော့ဘူး။ ဒီကောင်လေးကို ငါ နောက်ပိုင်း သတ်ပစ်လိုက်ရင်တောင် ဒါကို ယူနိုင်မှာမဟုတ်တော့ဘူး။ ငါချီးတဲ့မှ ဒီကလေးက ဘာလို့ ဒီလောက်ဂြိုဟ်မွှေနေတာလဲ"
သူ၏မျက်ဝန်းထဲ၌ ခံပြင်းဒေါသထွက်နေသောအရိပ်အယောင်က အထင်းသားပေါ်လွင်နေ၏။ သူသည် ယနေ့အတွက် အချိန်အတော်ကြာကတည်းက ပြင်ဆင်ခဲ့ရပြီး သူ၏တတိယခွဲထုတ်ဖျက်စီးခြင်းအတွက် အေးခဲနှင်းမျိုးနွယ်စု၏ ကံကြမ္မာကောင်းကို လိုအပ်ခဲ့သည်။ သို့ဖြစ်၍ အလွယ်တကူ လက်မလျှော့လိုပေ။
"မျိုးဆက်ငါးဆက်။ ဒီတော့ မင်းက မျိုးဆက်တံဆိပ်တော်ငါးခုကို ထောက်ပံ့ပေးနိုင်တယ်ပေါ့လေ။ သောက်ကျိုးနည်း ရှိတာကမှ ခြောက်ခုတည်း။ အကုန်လုံး ရတော့မှာလားဟ ။ ဒီကလေးလောဘက အံ့မခန်းပဲ။ ဒီလောက်လောဘကြီးတဲ့လူတွေ သေဖို့သင့်တယ်။ ငါ မင်းကို ဆက်ယူခွင့်မပေးနိုင်ဘူး" အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူ၏ခေါင်းကား ဝီခေါ်နေတော့သည်။ ယခုတွင် သူသည် မန်ဟို့ကို အထင်သေးခြင်း မရှိတော့ဘဲ မန်ဟိုက အမွေအပြည့်အစုံကို ယူနိုင်တော့မည်ဟူ၍ ယုံကြည်နေလေပြီ။ ၄င်းက မယုံနိုင်စရာကောင်းသည်တိုင် သူ့အတွက် ထိုအကြောင်းစဥ်းစားနေရန် အချိန်မရှိပေ။ သူ၏မျက်လုံးများက အသတ်အဖြတ်စိတ်ဆန္ဒဖြင့် တဖျပ်ဖျပ်လက်နေပြီး သူ၏ခန္ဓာကိုယ်က ရိပ်ခနဲ လှုပ်ရှားသွား၏။ သူသည် သူ၏စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားအပြည့်ဆင့်ခေါ်ရင်း မန်ဟိုရှိရာသို့ တဟုန်ထိုးပြေးထွက်သွားသည်။
"ငါဘာပဲပေးဆပ်ရ ပေးဆပ်ရ ဂရုမစိုက်ဘူး မင်းကို ရပ်တန့်မယ်" သူက ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် လေးရာသီကောင်းကင်နှင့် ချီနန်တောင်ကို ဝင်တိုက်လိုက်သည်။
ဖော်ပြ၍မရသော ဖိအားကြီးက တစ်ကိုယ်လုံးအပေါ် ကျရောက်လာသည့်အတွက် အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူအား တုန်ရီသွားစေပြီး သူ၏အသားများ စတင်အငွေ့ပြန်လာသည်။
"ကျိုးပျက်စမ်း" သူက ဟိန်းဟောက်လိုက်သည်။ ရုတ်တရက် သူ၏ခန္ဓာကိုယ် အငွေ့ပျံနေခြင်း နှေးကွေးသွားသည်။ သူသည် အံတင်းတင်းကြိတ်ပြီး မန်ဟို့ထံ တဟုန်ထိုးထွက်သွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူကား မန်ဟိုထံမှ မီတာသုံးရာသာ ကွာဝေးတော့လေသည်။
ဤနောက်ဆုံးသုံးရာကား ဖြတ်သွားရန် အတိုင်းထက်အလွန်ခက်၏။
အမှန်တွင် ဤအခြေအနေကို ကိုင်တွယ်ရန် အကောင်းဆုံးနည်းလမ်းက မန်ဟို ခံနိုင်ရည်မရှိတော့၍ ပေါက်ကွဲသွားသည့်အချိန်အထိ စောင့်ရန်ဖြစ်ကြောင်း သူသိသည်။ တံဆိပ်ခတ်နှိပ်ခြင်းဖြစ်စဥ်အား နှောင့်ယှက်ရန်အလို့ငှာ အကောင်းဆုံးသည် အကွာအဝေးတစ်ခုမှနေ၍ လှုပ်ရှားခြင်းဖြစ်သည်။ အဖျင်းဆုံးနည်းလမ်းကတော့ သူ ယခု လုပ်နေသည့်အတိုင်း မန်ဟို့အနားသို့ ကိုယ်တိုင်ချဥ်းကပ်ခြင်းဖြစ်၏။
ကံဆိုးစွာနှင့် သူ့မှာ တခြားရွေးချယ်စရာမရှိပေ။ အပြင်မှ နှောင့်ယှက်ခြင်းက အလုပ်မဖြစ်သလို မန်ဟိုပေါက်ကွဲသွားမည်ကို စောင့်ရန်ကလည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် သူ့မှာ ယခုကဲ့သို့လှုပ်ရှားခဲ့ရခြင်းဖြစ်သည်။
ထစ်ချုန်းသံများ လေထုထဲ ပျံ့လွင့်နေစဥ် မန်ဟိုက လာနေသော အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူကို အဖက်မလုပ်ပေ။ သူက အသက်ပြင်းပြင်းရှူရင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ၏မျက်လုံးများမှ အလွန်ခိုင်မာပြတ်သားသောစိတ်ဆန္ဒအား ထုတ်လွှတ်နေချေသည်။ သူသည် အစွမ်းထက်ပညာရှင်များထံမှ မျိုးဆက်အမွေငါးခုကို လက်ခံခဲ့ပြီးဖြစ်သော်လည်း မြင့်တက်လာနေသာစွမ်းအားကြောင့် ပထမမျိုးဆက်အမွေအား အရယူလိုသော ဆန္ဒမှာ ပို၍သာပြင်းထန်လာတော့သည်။
"ချီနန်မျိုးနွယ်စု ပထမမျိုးဆက်အမွေ" သူက ဟိန်းဟောက်လိုက်သည်။
အသံကြီးက အနက်ရောင်ဝတ်ရုံနှင့်လူ၏ နားထဲ ဝင်ရောက်သွားပြီး သူ့ကို ရင်တဒိန်းဒိန်း ခုန်သွားစေသည်။ သူ့မှာ ခိုင်မာပြတ်သားစွာဖြင့် ခေါင်းမော့နေသော မန်ဟို့ကို ကြည့်နေစဥ် စိုးရိမ်မှုတို့က သူ၏နှလုံးသားတွင် ပြည့်နှက်နေသည်။ အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူက အံတင်းတင်းကြိတ်ပြီးနောက် လက်ကိုမြှောက်၍ သူ့အနောက်၌ ကြောင်တောင်တောင်ဖြစ်နေသော ဟန်ရွှယ့်ကျုံးထံသို့ ဝှေ့ယမ်းလိုက်သည်။
"သွေးစိတ်ဆန္ဒအရည်ဖြစ်စေ" သူက ဟန်ရွှယ့်ကျုံးကို လက်ညှိုးထိုးရင်း အော်ဟစ်လိုက်သည်။ ဟန်ရွှယ့်ကျုံး၏ခန္ဓာကိုယ် တုန်ရီလာပြီး သူက အသံနက်ကြီးဖြင့် အော်သည်။ သူ၏ခန္ဓာကိုယ်မှာ လျင်မြန်စွာ ခြောက်ကပ်လာပြီး မျက်စိတစ်မှိတ်အတွင်း သူသည် ခြောက်ကပ်နေသော အလောင်းကြီးဖြစ်သွားလေပြီ။ သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးအလုံးစုံ ပန်းထွက်လာပြီး အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူဆီ ပြေးဝင်သွားကြသည်။ ၄င်းသည် သူ၏ခန္ဓာကိုယ်ကို တခဏလှည့်ပတ်လိုက်သည်။ ထို့နောက် သူကား မယုံနိုင်ဖွယ်အမြန်နှုန်းဖြင့် တဟုန်ထိုးထွက်သွားတော့သည်။
မီတာသုံးရာက ကျုံ့လာသည်။ သို့ရာတွင် အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူအပေါ် ကျရောက်နေသော အမွေတံဆိပ်တော်ငါးခု၏ ဖိအားသည် သူ့ကို အရှိန်တင်ပေးထားသည့် အေးခဲနှင်းမျိုးနွယ်စုသွေးအား လျင်မြန်စွာ စားသုံးနေ၏။ ၄င်း တစ်စက်မကျန် ပျောက်ကွယ်သွားလျှင်တော့ သူအကြီးအကျယ် ဒုက္ခရောက်ပေလိမ့်မည်။
"သေစမ်း" သူက အော်လိုက်သည်။ သူသည် ယခုတွင် မန်ဟို့ထံမှ မီတာသုံးဆယ်ခန့်သာ ကွာဝေးတော့သည်ဖြစ်၏။ သူက လက်ကို မြှောက်လိုက်ရာ တဝင်းဝင်းလက်နေသော မိုးကြိုးဓားသွားကြီးက မန်ဟို့ကို ခုတ်ပိုင်းချလိုက်သည်။
မန်ဟိုက စိတ်ဝိညာဥ်အာရုံကို အသုံးပြု၍ အသံပေးပို့လိုက်သည်။ "ချီနန်သွေးဆက်က အနောက်ပိုင်းသဲကန္တာရက လာတယ်။ အနောက်ပိုင်းသဲကန္တာရအရုပ်တွေက မရေမတွက်နိုင်တဲ့ မိစ္ဆာတွေဆီက လာတယ်။ ငါဟာ .... နဝမမြောက်မိစ္ဆာချုပ်နှောင်သူဖြစ်တဲ့အတွက် ချီနန်မျိုးနွယ်စုအမွေ...... မင်းငါ့ဆီလာသင့််တယ်"
***