ဝိညာဉ်ကို သုတ်သင်ပစ်
Vol. 27 Ch. 378
"ငါက ချီနန် နဝမပင်လယ်စောင့်ဝိညာဉ်။ ငါဟာ တောင်ကောင်းကင်ဂြိုဟ်ရဲ့ အနောက်ပိုင်းသဲကန္တာရဆီ ပြုတ်ကျခဲ့တယ် .....အသိစိတ် ပြန်ဝင်စေခဲ့တဲ့ မှော်အသွင်ပြောင်းခြင်းကြုံတွေ့ခဲ့ပြီး သမာဓိအပ်နှင်းခြင်းပညာရပ်က ငါ့ကို မိစ္ဆာဖြစ်စေခဲ့တယ်။ ငါ့သွေးဆက်က တောင်ကောင်းကင်မှာ ကျန်ရစ်ခဲ့ပြီး မျိုးနွယ်စုတစ်စုအဖြစ် ပေါ်ထွန်းလာတယ်။ ငါ့အမွေကို မျိုးရိုးစဉ်ဆက် လွှဲပြောင်းပေးအပ်ခဲ့ပေမယ့် မျက်မှောက်ခေတ်မှာ ငါ့သွေးဆက်ကို ပိုင်ဆိုင်ထားတဲ့သူ မရှိသလောက်ရှားနေပြီ"
"ချီနန်မှာ ခေါင်းနှစ်လုံး၊ နဂါးကိုယ်၊ ဖီးနစ်ငှက်အမြီးရှိတယ်။ သူက ဘယ်တော့မှ မျက်ရည်မကျဘူး။ မျက်ရည်ကျရင် သူ့ရဲ့ဘဝ အဆုံးသတ်သွားတယ်။ အခုတော့ ငါမရှိတော့ဘူး။ ငါဟာ တောင်ကောင်းကင်ကနေ ထွက်ခွာပြီး အိမ်ပြန်လာခဲ့တယ် ..... မိစ္ဆာချုပ်နှောင်သူအဖွဲ့ကလွဲလို့ ငါ့ရဲ့မျိုးဆက်တွေပဲ အမွေကို လက်ခံနိုင်တယ်" ရှေးဆန်းသောအသံကြီးက မန်ဟို့၏ခေါင်းထဲတွင် ပဲ့တင်ထပ်နေသည်။ ခမ်းနားတင့်တယ်သည့် ရောင်ခြည်များက သူ့ကို ဝန်းရံလျက်ရှိ၏။ ရုတ်တရက် အရိပ်သတ္တဝါကြီးတစ်ကောင် ပေါ်လာသည်။ ၄င်းက ခေါင်းနှစ်လုံး၊ ဖီးနစ်အမြီးနှင့် နဂါးတစ်ကောင်၏ပုံသဏ္ဍာန်ရှိပြီး အရှည်ကား မီတာသုံးထောင်ထက် မနည်းပေ။
ခေါင်းနှစ်လုံးချီနန် ပေါ်လာသည်နှင့်တစ်ပြိုင်နက် မိုးကောင်းကင်သည် မှေးမှိန်လာပြီး ထစ်ချုန်းသံကြီးက တစ်လောကလုံးကို ပြည့်နှက်သွားသည်။ မန်ဟိုသည် ချီနန်ထံမှ သူ့ဆီသို့ စီးဝင်နေသော ထူးခြားဆန်းကြယ်သည့်စွမ်းအားကို အာရုံရနေ၏။
ကျဆင်းလာနေသည့် အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူ၏ မိုးကြိုးဓားသွားကား အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားတော့သည်။ သူ၏မျက်လုံးများတွင် အံ့သြခြင်းတို့ ပြည့်နှက်သွားပြီး လန့်ဖျပ်ကာ နောက်ဆုတ်လိုက်သည်။ ဤခေါင်းနှစ်လုံးသားကောင်ကြီးဆီမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်အရှိန်အဝါကြီးကို သူအာရုံရနေလေသည်။
"ပြေး" ဤသည်က သူ့ခေါင်းထဲ၌ ပထမဆုံးပေါ်လာသည့်အရာပင်။ ဤနေရာမှ သူထွက်သွားမှဖြစ်မည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ဖြစ်သော်လည်း သူကား သတိရှိသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ထို့ကြောင့်ပင် ဤနေရာသို့ မလာခင် စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ခြင်းဖြစ်လေသည်။
သူ၏ဆင်ခြင်တတ်မှုက သူသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီး ဖြစ်သည့်အချက်ကိုလည်းကောင်း၊ သူ ရင်ဆိုင်နေရသည်က အမြုတေဖြစ်တည်မှုအဆင့်လေးသာ ဖြစ်သည့်အချက်ကိုသော်လည်းကောင်း ဂရုမစိုက်စေသော အကြောင်းရင်းဖြစ်သည်။ လောလောဆယ်တွင် မည်သည့်အရာကိုမှ သူအရေးမစိုက်နိုင်ပေ။ သူဂရုစိုက်သမျှက လက်ရှိ သူ၏နှလုံးသားထဲ၌ ကိန်းအောင်းနေသည့် စိုးရိမ်ဖွယ်ရာအန္တရာယ်အာရုံကြီးဖြစ်သည်။
အနက်ရောင်ဝတ်ရုံနှင့်လူ ပျံပြေးသွားစဉ် အသံကြီးတစ်သံက မန်ဟို့၏စိတ်အစဉ်ကို လွှမ်းမိုးသွား၏။ အသံက ရင်းနှီးလေသည်။ ၄င်းကား ဆဋ္ဌမမျိုးဆက်ခေါင်းဆောင်ကြီးဟန်ရွှယ့်ပေါင်က လွဲ၍တခြားမဟုတ်ပေ။ "သတ်ပစ်"
ထို့နောက် ပဥ္စမမျိုးဆက် မဟာမိစ္ဆာသားရဲသခင်၏ အသံကြားလိုက်ရသည်။ "သတ်ပစ်"
"သတ်ပစ်"
"သတ်ပစ်"
အသံများက သူ၏ ခေါင်းထဲ၌ တရစပ်ထွက်ပေါ်လာသည်။ ဆဋ္ဌမမျိုးဆက်မှ ဒုတိယမျိုးဆက်ခေါင်းဆောင်ကြီး ချီနန်တျန်းအထိ။ အသံတစ်သံပြီးတစ်သံ ဟိန်းထွက်လာသည်နှင့်အမျှ မန်ဟို့၏မျက်လုံးများက အေးစက်သောအလင်းရောင်အား ထုတ်လွှတ်လာတော့သည်။ သူက သူ၏ညာလက်ကို ဖြေးဖြေးချင်း မြှောက်လိုက်၏။
သူ့ဘေးတွင် လူးလွန့်လှုပ်ရှားနေသော ချီနန်သည် ရုတ်တရက် ရိပ်ခနဲ ဝေဝါးသွား၏။ ၄င်းက အလင်းတန်းများအသွင်ပြောင်း၍ မန်ဟို၏ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်ကာ သူနှင့်တစ်သားတည်းဖြစ်သွားလေသည်။
မန်ဟိုက အသက်ဖြေးဖြေးရှုပြီးနောက် ပြောသည်။ "မုန်တိုင်း" ချက်ချင်းပင် အနက်ရောင်မုန်တိုင်းကြီးတစ်လုံးက မန်ဟို့ကို ဝန်းရံ၍ ဖြစ်တည်လာသည်။ ၄င်းသည် လျင်မြန်စွာ ပြန့်ကားလာရင်း တစ်ကမ္ဘာလုံးအား ၄င်း၏အမျက်ဒေါသဖြင့် ပြည့်နှက်သွားစေတော့မည့်ပုံရသည်။
မုန်တိုင်းအတွင်းတွင် ဟန်ရွှယ့်ပေါင်၏ မိုးထိုးနေသော ပုံရိပ်ကြီးပေါ်လာသည်။ သူ၏ပုံပန်းသွင်ပြင်မှာ မထင်ရှားဝေဝါးနေသော်လည်း သူ၏အရပ်အမောင်းကြီးနှင့်တင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းနေပြီ ဖြစ်သည်။ သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏အကြည့်သည် အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူအပေါ် ကျရောက်လာသည်။
အနက်ရောင်ဝတ်ရုံကျင့်ကြံသူ ခေါင်းနပန်းကြီးသွားပြီး သေမင်းက သူ၏ကြည့်နေသည့်အလား ခံစားရလေသည်။ သူသည် ရုတ်တရက် အော်ရယ်ပစ်ချင်သွား၏။ သူ့မှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သည့်တိုင် အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူတစ်ယောက်ရှေ့မှောက်၌ အသက်ဆုံးရတော့မည်ဟု ခံစားနေရတော့သည်။
၄င်းက ကြောက်မက်ဖွယ်ကောင်းသည်သာမက ရယ်လည်း ရယ်စရာကောင်းသည်။
"နဂါးတစ်သောင်း" မန်ဟိုက ညာလက်ကို ဝှေ့ယမ်းရင်းပြောသည်။ နဂါးတစ်သောင်းကန် နောက်တစ်ဖန်ပေါ်လာ၏။ ၄င်းအတွင်းတွင် အနက်ရောင်နဂါးအကောင်တစ်သောင်းက ဟိန်းဟောက်တွန်ကျူးနေလေသည်။ တုန်လှုပ်ဖွယ်ကောင်းစွာပင် ၄င်းတို့၏အနောက်၌ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူကို အေးတိအေးစက်ကြည့်နေသော အနက်ရောင်ဝတ်ရုံနှင့်အဘိုးကြီး၏ပုံရိပ် ပေါ်လာသည်။
ဤသည်ကား ပဥ္စမမျိုးဆက် ခေါင်းဆောင်ကြီးဖြစ်၏။
"မရဏသင်္ချိုင်း" မန်ဟိုက တတိယမြောက်စကားလုံးကို ရေရွတ်လိုက်သည်။ ဂျိန်းခနဲ ထစ်ချုန်းသံသွားပြီး ရုတ်တရက် ငရဲဆယ့်ရှစ်ထပ်နှင့်အတူ မရဏသင်္ချိုင်းပေါ်လာသည်။ ကမ္ဘာကြီးသည် မီးခိုးရောင်ပြောင်းသွားပြီး သိပ်သည်းသော သေခြင်းအခိုးအငွေ့များ လွင့်လူတက်လာကာ မီးခိုးရောင်ဝတ်ရုံနှင့်လူတစ်ယောက်၏ပုံရိပ်အဖြစ် ပြောင်းသွား၏။ သူက လက်တစ်ဖက်တွင် ဦးခေါင်းခွံတစ်ခုအား ကိုင်ထားပြီး သူ၏ပတ်လည်တွင် တဖွေးဖွေးလှုပ်နေသော မီးခိုးရောင်ချီများက အရိပ်သားရဲများအသွင် ပြောင်းသွားသည်။
ဤသည်ကား စတုတ္ထမျိုးဆက်ခေါင်းဆောင်ကြီးဖြစ်သည်။
"ဆောင်းလယ်" မန်ဟိုက ပြောသည်။ သူသည် စိတ်အတွင်းရှိ တံဆိပ်တော်အလုံးစုံမှ ထွက်လာပြီး သူ့ကို ရစ်ပတ်နေသည့် စွမ်းအားကို ခံစားနေရသည်။ ယင်းက သူ၏ကိုယ်အတွင်းသို့ စီးဝင်နေသော ချီနန်၏ လျှို့ဝှက်ဆန်းကြယ်စွမ်းအားဖြစ်သည်။
တတိယခေါင်းဆောင်ကြီးသည် မြေကြီးကို အေးခဲသွားစေသည့် နှင်းမုန်တိုင်းအတွင်းတွင် ပေါ်လာ၏။
ရုတ်တရက် ထစ်ချုန်းသံများနှင့်အတူ ချီနန်တောင်ကြီးက အဆုံးမဲ့နှင်းမုန်တိုင်းများ၊ လျှပ်ပန်းလျှပ်နွယ်များဖြင့် ဝန်းရံလျက် ပေါ်လာသည်။ တောင်ထိပ်တွင် ဆီးနှင်းလေပြင်းများအကြား၌ အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူကို ငုံံ့ကြည့်နေသော အဘိုးကြီးတစ်ဦးရှိသည်။
အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူ၏မျက်နှာမှာ ဖြူဆုပ်နေလေသည်။ သူက သွေးတစ်ပွက် ထွေးထုတ်ရင်း သူ၏အမြန်နှုန်းကို မြှင့်တင်လိုက်သည်။ သူသည် နေရာရွှေ့ပြောင်းရန် ဝင်ပေါက်တစ်ခုကို ဖန်တီးရန် ကြိုးစားနေသော်လည်း ဖန်တီးမရဖြစ်နေသည်။
"လေးရာသီ" မန်ဟို့၏မျက်လုံးများမှ အသတ်အဖြတ်စိတ်ဆန္ဒတို့ ဖြာထွက်လာသည်။ ဥတုလေးရာသီ၏ ပုံရိပ်များက အရာအားလုံးကို အုပ်မိုးရင်း ပေါ်ပေါက်လာသဖြင့် ခေါင်းအထက်ရှိ ကောင်းကင်ကား ပုံစံပြောင်းလဲသွားတော့သည်။
"ချီနန်" ဤသည်မှာ မန်ဟို၏ နောက်ဆုံးစကားလုံးဖြစ်သည်။ သူ ရေရွတ်နေစဥ် သူ၏ညာလက်က နိမ့်ဆင်းလာပြီး ထွက်ပြေးနေသော အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူထံသို့ လက်ညိုးထိုးလိုက်သည်။
သူ၏ လက်ချောင်းကို ဆန့်ထုတ်လိုက်သည်နှင့် အနက်ရောင်မုန်တိုင်းကြီးက ဧရာမတောင်ပံကြီးနှစ်ဖက် ဖြစ်လာ၏။
နဂါးကန်နှင့်အတူ နဂါးတစ်သောင်းက နဂါးခေါင်းကြီးဖြစ်လာသည်။
မရဏသင်္ချိုင်းသည် ငရဲဆယ့်ရှစ်ထပ်ကို ၄င်းနှင့်အတူ ဆွဲလိမ်ဖယ်ရင်း မီတာသုံးထောင်အရှည်ခန့်ရှိသော ဧရာမနဂါးကိုယ်ကြီးအသွင် ပြောင်းသွားသည်။
ချီနန်တောင်က ပြိုကွဲသွားပြီး အပိုင်းအစများက ဖီးနစ်ငှက်၏ အမြီးနှင့် လက်သည်းခြေသည်းများဖြစ်သွားလေသည်။
နောက်ဆုံး၌.... လေးရာသီကောင်းကင်သည် ဒုတိယခေါင်းကြီးအဖြစ် အတူတကွပေါင်းစည်းသွားသည်။ ဤအရာအားလုံးကား ရှေးခေတ်က ကောင်းကင်ဘုံကို မင်းမူခဲ့သော ..... ချီနန်အဖြစ် အတူတကွစုစည်းသွားလေပြီ။
မုန်တိုင်းတောင်ပံကြီးများ၊ နဂါးခေါင်းများ၊ မရဏသင်္ချိုင်းမှ ဖြစ်ပေါ်လာသော ခန္ဓာကိုယ်၊ တောင်က အမြီး၊ ထို့နောက် လေးရာသီ။
ချီနန် ပေါ်လာသောအခါ ၄င်းက မိုးကောင်းကင်ကို အက်ကွဲသွားစေပြီး မြေပြင်ကို ကြေမွသွားစေသော ဟိန်းဟောက်သံကြီး ထုတ်လွှတ်လိုက်သည်။ ၄င်းသည် အရာအားလုံးကို အမြစ်ဖြုတ်ချေမှုန်းပစ်နိုင်သော အားတစ်ရပ်ဖြစ်သွားပြီး အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ဤအခိုက်အတန့်တွင် အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူမှာ တစ်ခါမှမခံစားရဖူးသော သေခြင်းရှင်ခြင်းအန္တရာယ်ကို အာရုံရလိုက်သည်။
သူ၏သူငယ်အိမ်များ ကျုံ့သွားပြီး လက်နှစ်ဖက်လုံး၌ မုဒြာလက်ကွက်တစ်ခု လျင်မြန်စွာ လှုပ်ရှားသွားသည်။ မှော်ရတနာများ ပေါ်ပေါက်လာပြီး နောက်ဆုံး အနက်ရောင်အလင်းက မိုးကောင်းကင်အထိ မြင့်တက်၍ အနက်ရောင်နေသဏ္ဍာန်ဖြစ်ပေါ်သွားသည်။
"မင်းရဲ့ ပုံသဏ္ဍာန်အစစ်အမှန် ပေါ်လာရင် ငါသေသွားလိမ့်မယ်။ အဲ့ဒီအစား မင်းက ချီနန်အသွင်ပြောင်းခဲ့တယ်။ ကောင်းပြီ ငါက ဒုတိယခွဲထုတ်ဖျက်စီးခြင်း လုပ်ဆောင်ပြီးပြီ။ ငါ ပြန်လည်မွေးဖွားမှာကို မင်း ဖျက်စီးလို့မရဘူး။ မင်းလုပ်နိုင်တာက ငါ့ရဲ့ပထမကိုယ်ကို ရပ်တန့်ပစ်တာပဲ
"ပြန်လည်မွေးဖွားခြင်း တည်ရှိတာကြောင့်မလို့ ငါဟာ အမြဲတမ်းတည်ရှိနေမှာပဲ။ ငါ့ရဲ့ကံကြွေးကို အမြစ်ဖြုတ်သုတ်သင်ပစ်လို့မရဘူး။ ကျီကောင်းကင်ရဲ့ နတ်ပလ္လင်မှာ ငါ့နာမည်ရှိတယ်။ ငါ့ကံကြွေးကို မင်းပတ်သက်လို့မရဘူး။ ငါဟာ ပြန်လည်ရှင်သန်လာမှာပဲ" အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူက ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်သည်။ အနက်ရောင်နေက ချီနန်ကို တိုးဝင်တိုက်ခိုက်ပြီး ပေါက်ကွဲမှုကြီးဖြစ်ပျက်သွားသည်။ အရာအားလုံး ကြေမွပြီး အောက်တည့်တည့်ရှိ ကျင့်ကြံသူများအားလုံး သေဆုံးကုန်ကြသည်။
လောင်ချုံး ကံကောင်းသွား၏။ မန်ဟို ပဥ္စမမျိုးဆက် အေးခဲနှင်းမျိုးနွယ်စုခေါင်းဆောင်ကြီး၏ တံဆိပ်တော်ကို လက်ခံရရှိခဲ့သည့်အချိန်၌ သူ့မှာ ခံစားချက်မကောင်းခဲ့၍ ထွက်ပြေးခဲ့လေသည်။ သူ၏ အမြော်အမြင်ရှိသောလုပ်ရပ်ကြောင့် သူကိုယ်တိုင်သာမက အတူတကွလိုက်ပါလာသော ကျင့်ကြံသူများပါ အသက်ချမ်းသာရာရသွားတော့သည်။
ပေါက်ကွဲမှုကြီး ရိုက်ခတ်နေပြီး ချီနန်ကား တဖြေးဖြေး ပျောက်ကွယ်သွားသည်။
အနက်ရောင်နေလည်း တစတစ မှေးမှိန်သွားသည်။ ထိုကဲ့သို့ မှေးမှိန်ပျောက်ကွယ်သွားစဥ် အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူ၏ ကိုယ်အတွင်းရှိ ပုံရိပ်တစ်ခု ပြာကျသွားလေသည်။ သူတို့ကို ဝန်းရံထားခဲ့သည့် တောက်ပနေသော အလင်းရောင်မှာလည်း မြေကြီးထဲ နစ်ဝင်သွားပြီး ပျောက်ကွယ်သွားတော့သည်။
အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူအား မည်သည့်နေရာတွင်မှ မမြင်ရတော့ပေ။
သူသေသွားပြီလား ရှင်သေးသည်လား မန်ဟို သေချာမသိပေ။ သူ၏ပတ်ပတ်လည်ရှိ အရာအားလုံးကား တဖြေးဖြေး ပုံမှန်ပြန်ဖြစ်လာသည်။ မည်သည့်အရာနှင့်မှ နှိုင်းယှဥ်၍မရသော အားနည်းမှုက သူ့ကို ဖုံးလွှမ်းသွားသည်။ သူ၏အမြင်အာရုံမှာ ဝေဝါးလာပြီးနောက် အသိစိတ်ကင်းလွတ်လာသည်။
သို့သော် ထိုသို့မဖြစ်နိုင်ခင် သူက ပုံမှန်အားဖြင့် လုပ်နိုင်မည်မဟုတ်သော အရာကိုလုပ်ရန် သူ့တွင် ရှိသမျှ နောက်ဆုံးလက်ကျန်အားအင်ကို သုံးရင်း လျှာထိပ်ကို ကိုက်ချလိုက်သည်...... သူသည် နတ်ဘုရားစိတ်ဆန္ဒတချို့ ထွေးထုတ်လိုက်ကာ ၄င်းအား ယခင်တုန်းလော့မြို့ရှိရာသို့ ထွက်သွားစေ၏။
ဤသည်မှာ သူ လောကကြီးနှင့် အဆက်အသွယ်ပြတ်၍ မြေကြီးအပေါ် လဲကျမသွားခင် နောက်ဆုံးလုပ်လိုက်သောအရာဖြစ်သည်။
သန့်စင်နှင်းမြို့တော်မှာ တည်ရှိနေသေးသော်လည်း အကုန်လုံးပြိုကျပျက်စီးလုနီးပါး ဖြစ်နေလေပြီ။ အကြီးအကဲလေးဦးအပါအဝင် အသက်ရှင်ကျန်ရစ်သည့် ကျင့်ကြံသူသုံးရာပင်မရှိတော့ပေ။ သူတို့အားလုံးသည် မျက်နှာများဖြူဆုပ်နေကြပြီး မန်ဟို့ကို လေးစားသောမျက်ဝန်းများဖြင့် ရပ်ကြည့်နေကြသည်။
မန်ဟို့မှာ ဘာမှမမြင်ရသော်လည်း သူ့ကိုတစ်ယောက်ယောက် ထွေးပွေ့ထားသည်ကိုတော့ အာရုံရနေ၏။ မွေးပျံ့သင်းကြိုင်သော အနံ့လေးကလည်း သူ၏နှာခေါင်းထဲ တိုးဝင်လာသည်။ မှောင်မိုက်နေသော သူ၏ကမ္ဘာထဲတွင် ရှေးဆန်သောအသံတစ်သံ ပဲ့တင်ထပ်လာသည်။
"ဆက်ခံသူ.... ချီနန်ကို သတိရပါ။ ငါ မင်းကို သေမင်းလက်ကနေ သုံးကြိမ် ကယ်ပေးနိုင်တယ်"
ထိုစဥ် သန့်စင်နှင်းမြို့တော်မှ အလွန်ဝေးကွာသော အနက်ရောင်နယ်မြေ၏ တခြားတစ်ဖက်ရှိ ယခင်တုန်းလော့မြို့တွင် ကျင့်ကြံသူငါးထောင်ကျော် ပြေးလွှားပြီး အော်ဟစ်နေကြသည်။
"သခင်ငါးကို ယုံကြည်၊ ထာဝရဘဝရမည်။ သခင်ငါးပေါ်လာ၊ ဘယ်သူရန်ဖြစ်ရဲမှာ"
ကျင့်ကြံသူငါးထောင်ကျော်သည် မြို့ကို စက်ဝိုင်းပုံသဏ္ဍာန်ဖြင့် လှည့်ပတ်၍ ပြေးနေကြသည်။ ထိုမြင်ကွင်းမှာ အတော်လေးအံ့သြတုန်လှုပ်ဖွယ် ကောင်းလေသည်။ သူတို့ပြေးလွှားနေသည့်အတွက် မြေကြီးသည် တသိမ့်သိမ့် တုန်ခါနေပြီး မြူခိုးများက သူတို့၏ပတ်ပတ်လည်တွင် တလိပ်လိပ်ထနေသည်။ ထိုအတွင်း၌ တောက်ပသောအလင်းရောင်တစ်ခု ရှိနေပုံပေါ်သည်။
အလင်းရောင်သည် ဓားတစ်လက်၏ပုံသဏ္ဍာန်အဖြစ် တဖြေးဖြေးစုဆုံလာ၏။ အလင်းရောင်က ဖြာထွက်မလာသော်လည်း ကြောက်မက်ဖွယ်အရှိန်အဝါကို ထုတ်လွှတ်နေသည်။ အလင်းရောင်၏ဘေးတွင် စိတ်လှုပ်ရှားနေပုံရသောကြက်တူရွေးရှိ၏။ ၄င်းသည် တောင်ပံနှစ်ဖက်ကို တဖျပ်ဖျပ်ခတ်ရင်း အလင်းကိုပတ်၍ ပျံသန်းနေသည်။
"အင်မိုတယ်ကွပ်မျက်ခြင်းဆိုတာကို ငါကိုယ်တော် သခင်ငါးကိုယ်တိုင်ဖန်တီးထားတာပဲ။ သေစမ်း ဒီမန္တန်အစီအရင်က သခင်ငါးကို ဘယ်တော့မှ ကိုးကြိမ်ထက်ပိုပြီး အခက်မတွေ့စေဘူး။ ဘယ်တော့မှမဖြစ်ခဲ့ဖူးဘူး" ကြက်တူရွေးသည် ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို ယခုတင် ချလိုက်ရသကဲ့သို့ အံတင်းတင်းကြိတ်လိုက်၏။ ၄င်း ထိုအလင်းရောင်ထဲ ဝင်ရောက်တော့မည့်အချိန်မှာပင် မန်ဟို့၏နတ်ဘုရားစိတ်ဆန္ဒ ရောက်ရှိလာသည်။
ရုတ်တရက် ကြက်တူရွေးက ပျံနေရာမှ ရပ်သွား၏။ ၄င်းသည် တခဏ အံသြတကြီးစိုက်ကြည့်နေပြီးနောက် စူးစူးဝါးဝါးအော်လိုက်သည်။
"လခွမ်းထဲမှ လန့်လိုက်တာ။ ငါအာရုံစိုက်နေတာ ပျက်သွားတော့မလို့ တော်သေးတယ်။ ဒီတော့ မင်းဒုက္ခရောက်နေတယ်ပေါ့လေ မန်ဟို။ ငါ့ကို လာကယ်စေချင်တယ်ပေါ့။ အေးအေး မင်း ငါ့အတွက် အမွေးအတောင်နဲ့အကောင်လေးတွေ ရှာပေးနိုင်မလားကြည့်ကြတာပေါ့ကွာ။ ကဲပါလေ သွားကယ်ဦးမှ" ထို့နောက် ကြက်တူရွေးက တောင်ပံတဖျပ်ဖျပ်ခတ်ရင်း အပေါ်ပျံတက်သွားသည်။
ဟိန်းဟောက်သံကြီး လေတွင် ပြည့်နှက်သွားပြီး မြေပြင်မှာ တသိမ့်သိမ့်တုန်ခါသွားသည်။ ရွှေအလင်းဘုရားကျောင်း၌ လာရောက်ခိုလှုံခဲ့ကြသော ကျင့်ကြံသူငါးထောင်ကျော်သည် စကားပြောနေသည့် ကြက်တူရွေးကို ကြောင်တောင်တောင်နှင့် မော့ကြည့်လိုက်ကြ၏။
"နားထောင်ကြ ကလေးတို့။ မင်းတို့ ခေါင်းဆောင်ကြီးရွှေအလင်း ဒုက္ခရောက်နေတယ်။ သူ့သွားကယ်ကြရအောင် လာလာ။ ငါသင်ပေးထားတဲ့အတိုင်း စပြေးကြ။ အင်မိုတယ်ကွပ်မျက်ခြင်းအစီအရင်ခြေလှမ်းအတိုင်းသွား။ ဘယ်ကို သုံးပတ်၊ ညာကို သုံးပတ်၊ ဖင်လေးတွေ လှုပ်လိုက်..... မြန်နိုင်သမျှမြန်မြန်သွားကြ။ ကဲလိုက်ဆိုကြမယ်..."
ကျင့်ကြံသူများသည် တန်းစီပြီး စပြေးကြတော့သည်။ အနက်ရောင်တိမ်တိုက်များနှင့်တူသော မြူများ တလိပ်လိပ်ထလာပြီး အဝေးသို့ ရွေ့လျားသွားတော့သည်။
***