ကမ်းလှမ်းမှုများ
Vol. 27 Ch. 379
မန်ဟို နိုးလာအခါ လူတစ်ယောက်၏ကျောကို ကြည့်နေမိကြောင်း တွေ့လိုက်ရသည်။
၄င်းသည် လှပသောပုံရိပ်လေးဖြစ်၏။ ကျက်သရေရှိလှသော ကောက်ကြောင်းလေးများက လှပသောပခုံးလေးကို ပေါ်လွင်စေနေသည်။ သေးသိမ်သော ခါးလေးမှသည် အောက်သို့ဆင်းသော် ရှုမငြီးသော ပြည့်ဖောင်းဖောင်းတင်ပါးလေးရှိ၏။ သူမသည် ပန်းရောင်ဖျော့ဖျော့ ဂါဝန်လေးကို ဝတ်ထားလေသည်။
သူမ၏ဆံနွယ်လေးများက ရှည်လျားကြော့ရှင်းနေပြီး သူမကိုယ်လေးမှ မွေးကြိုက်သော သင်းရနံ့လေးက ပျံ့လွင့်နေသည်။ အုံ့မှိုင်းနေသောကောင်းကင်မှာ ရုတ်တရက် မန်ဟို့အတွက် အနည်းငယ်တောက်ပသွားသယောင်ပင်။
မန်ဟိုသည် အလှတရားကို ကြည့်ရှုမခံစားတတ်ခြင်းမဟုတ်။ သို့သော် သူမျက်လုံးဖွင့်ဖွင့်ချင်း ပထမဆုံးလုပ်သည့်အရာမှာ သူ့အရှေ့ရှိ လှပေသောကိုယ်လုံးလေးကို ငေးမောနေခြင်းမဟုတ်ဘဲ သူသတိလစ်သွားပြီးနောက် သူ၏ပစ္စည်းများ အထိခံထားရလား စစ်ဆေးရန် စိတ်ဝိညာဥ်အာရုံကို ဖြန့်ကျက်လိုက်ခြင်းဖြစ်သည်။ မန္တန်တစ်မျိုးဖြစ်ဟန်တူသော ငွေအလင်းရောင်က မြေပြင်ကို ဖုံးလွှမ်းနေသည်။ သို့ရာတွင် ဤမန္တန်မှာ အပြည့်အဝမပြီးမြောက်သေးပေ။ ယခုမှ အစသာရှိသေးကြောင်း ထင်ရှားသည်။
အရာအားလုံး တိတ်ဆိတ်နေ၏။ ပတ်ဝန်းကျင်ရှိ မီးပုံများမှာ တဖျစ်ဖျစ်မြည်သံများသာ ကြားရနိုင်သည်။
အဝေးတွင် တင်ပျဥ်ခွေထိုင်နေသော အကြီးအကဲ နှစ်ယောက်ကို သူလှမ်းမြင်လိုက်သည်။ သူတို့အပြင် ကျင့်ကြံသူတစ်ရာစွန်းစွန်းလည်းရှိပြီး အကုန်လုံး တရားထိုင်နေကြသည်။ သူတို့မှာ ခြေကုန်လက်ပန်းကျနေကြလေပြီ။
ဤလူအားလုံးနီးပါးမှာ အေးခဲနှင်းမျိုးနွယ်ဝင်များဖြစ်ကြသည်။ မျိုးနွယ်ဝင်မဟုတ်သောသူ အနည်းအကျဥ်းသာရှိ၏။ မန်ဟိုသည် သတိမလစ်ခင် မြေပြင်ကို ငုံ့ကြည့်ခဲ့တုန်းက လူအယောက်သုံးရာခန့်ရှိခဲ့ကြောင်း သတိရလိုက်သည်။
ကျန်အကြီးအကဲနှစ်ယောက်က မန္တန်အပေါ်တွင် အာရုံစိုက်နေကြပြီး တီးတိုးစကားပြောနေကြသည်။ သူတို့၏အမူအရာများက စိုးရိမ်နေဟန်ရှိပြီး ရံဖန်ရံခါ ကောင်းကင်ကို မော့ကြည့်တတ်လေသည်။
မန်ဟို နိုးလာသည့်အခိုက်အတန့်၌ အကြီးအကဲလေးဦးက သူ့ကို လှမ်းကြည့်လိုက်ကြသည်။ ဤအခြင်းအရာက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏အာရုံကို ဆွဲဆောင်လိုက်၏။ မကြာမီ လူတိုင်း မျက်လုံးများဖွင့်၍ မန်ဟို့ကို ကြည့်နေကြလေပြီ။ သူ့အရှေ့ရှိ လှပသောပုံရိပ်လေးကတော့ မှန်ပါသည်၊ ဟန်ရွှယ့်ရှန်းဖြစ်၏။ သူမလည်း တရားထိုင်နေရာမှ မျက်လုံးဖွင့်ပြီး မန်ဟို့ကို လှည့်ကြည့်သည်။
နုနယ်သောမိန်းမပျိုလေး၏ ချစ်မြတ်နိုးမှုနှင့်အတူ ပျော်ရွှင်သွားသော အရိပ်အယောင်လေးက သူမ၏မျက်ဝန်းလေးများတွင် ဖြတ်ပြေးသွားသည်။
မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ဖြေးညင်းစွာ ထထိုင်သည်။ ဟန်ရွှယ့်ရှန်းက သူ့အနားလာပြီး လက်မောင်းကို တွဲထားပေး၏။ သူ့မှာ အားနည်းနေသော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံကတော့ အကောင်းအတိုင်း ဖြစ်သည်။ သို့ရာတွင် သူမ၏အကူအညီကိုတော့ မငြင်းပယ်ရက်ပေ။
သူမမှာ မျက်တွင်းတို့ ချောင်ကျပြီး မျက်နှာလေး ညှိုးနေလေသည်။ မြို့ပျက်စီးသွားခြင်း၊ မျိုးနွယ်စုအားနည်းသွားခြင်း၊ အနာဂတ်နှင့်ပတ်သက်၍ မျှော်လင့်ချက်မဲ့နေမှုနှင့် သူ့အတွက် စိုးရိမ်နေမှုတို့ကို သူမ၏မျက်နှာပေါ်တွင် အတိုင်းသား မြင်နေရသည်။
ထိုခံစားချက်အားလုံးသည် မန်ဟို နိုးလာရုံလေးအတွက်ကြောင့်နှင့် ပျောက်ကွယ်သွားမည်မဟုတ်ပေ။
အကြီးအကဲတစ်က ထရပ်ပြီး မန်ဟို့ထံသို့ လျှောက်လာသည်။ သူက မန်ဟို့ကို ကြည့်ပြီး လက်ယှက်၍ အလေးအနက်အရိုအသေပေးသည်။ "ကျေးဇူးအများကြီးတင်ပါတယ် မဟာအကြီးအကဲမန်။ အေးခဲနှင်းမျိုးနွယ်စုအနေနဲ့ မဟာအကြီးအကဲမန်ရဲ့ ကျေးဇူးကို ဘယ်တော့မှမမေ့ပါဘူး"
အကြီးအကဲနှစ်အဘွားအိုနှင့် အကြီးအကဲလေးတို့အားလုံး ဒဏ်ရာရထားလေသည်။ သို့သော် သူတို့လည်း လက်ယှက်ပြီး မန်ဟို့ကို အလေးအနက်အရိုအသေပေးကြသည်။
သူတို့သာမဟုတ်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးလည်း ထရပ်ပြီး မန်ဟို့ကို အရိုအသေပေးကြလေသည်။
မန်ဟိုက တစ်ယောက်တည်းနှင့် ဤနေရာရှိလူတိုင်းကိုသာမက အေးခဲနှင်းမျိုးနွယ်စုကို ကယ်တင်ခဲ့သည်မဟုတ်ပါလော။
သူတို့၏ ဦးညွှတ်အရိုအသေပေးနေသည့် အပြုအမူများက ဟန်ဆောင်ခြင်းကင်းမဲ့ပြီး စိတ်ရင်းမှန်အတိုင်းဖြစ်ကြလေသည်။
သူက ခေါင်းညိတ်လိုက်သော်လည်း ဘာမှမပြောပေ။ သူတို့၏အရိုအသေပေးခြင်းကို လက်ခံရန်က အကျိုးအကြောင်းဆီလျော်လေသည်။ တခဏကြာသော် မန်ဟိုက တစ်လုံးချင်းမေးသည်။ "ကျုပ် သတိလစ်နေတာ ဘယ်နှရက်ကြာပြီလဲ"
"ခုနစ်ရက်" သူ့မေးခွန်းကို ဖြေလိုက်သူက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကြားမှမဟုတ်ဘဲ အနောက်မှလာခြင်းဖြစ်သည်။ အသံသည် ရှေးဆန်ပြီး ကျင့်ကြံသူများ၏ မျက်နှာအပေါ်၌ လေးစားကြည်ညိုသော အရိပ်အယောင်များ ဖုံးလွှမ်းသွားစေသည်။
မန်ဟို ရုတ်တရက် စိတ်နှလုံးတုန်ရီသွားသည်။ သူသည် အေးခဲနှင်းမျိုးနွယ်ဝင်တစ်ဒါဇင်ခြံရံလျက် အပျက်အစီးများကြားမှ လျှောက်လာနေသော အဘိုးကြီးကို လှည့်ကြည့်လိုက်သည်။ ထိုလူမှာ ယခုလေးတင် အုတ်ဂူထဲမှ တွားသွားထွက်လာခဲ့သကဲ့သို့ ပိန်ချုံးခြောက်ကပ်နေသည်။ သူ၏အဝတ်အစားများက ရိုးရှင်းပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှာလည်း သိပ်မမြင့်လှပေ။ သို့သော် သူချဥ်းကပ်လာနေစဥ် လေမုန်တိုင်းတစ်လုံးက ပတ်ဝန်းကျင်တွင် ဝေ့ဝိုက်တိုက်ခတ်နေသည့်အလား ခံစားရသည်။
"စီနီယာ....." မန်ဟိုက အံ့အားသင့်သွားပြီး ပြောသည်။ တစ်ချက်ကြည့်ရုံနှင့် ဤလူမှာ အေးခဲနှင်းမျိုးနွယ်စု၏ ဆဋ္ဌမမျိုးဆက်ခေါင်းဆောင်ကြီး ၊ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူ ဟန်ရွှယ့်ပေါင်ဖြစ်ကြောင်း သူပြောနိုင်သည်။ ဤလူ ရုတ်တရက်ကြီးပေါ်လာခြင်းက အတော်လေး အံ့သြစရာကောင်းလေသည်။ အမှန်ဆိုလျှင် သူသေသွားသင့်ပြီမဟုတ်လော။
သူက မန်ဟို့အနားရောက်လာပြီး သူ၏မျက်နှာပေါ်ရှိ လေးနက်သောအမူအရာကို မြင်သောအခါ ရှင်းပြသည်။ "ငါ ငါ့ရဲ့ အသိတွေအားလုံးကို ခွဲထုတ်ပြီး အဆင့်တက်ဖို့ လက်လျှော့လိုက်တာမလို့ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်မဟုတ်တော့ဘူး။ မင်း ငါ့အမွေကို လက်ခံယူလိုက်တုန်းက သက်တမ်းဆယ်နှစ်ရဖို့အတွက် ဆူးမြို့ရိုးရဲ့ အသက်စွမ်းအားကို စွန့်လွှတ်ခဲ့တယ်။ ဆယ်နှစ်ပြီးရင် ငါသေမယ်" အကြီးအကဲလေးဦးအပါအဝင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ နာကျင်မှုများကို ဖုံးကွယ်ရင်း လေးစားသောအရိပ်အယောင်ကိုသာ ဖော်ပြထား၏။
"တော်တယ်" ဟန်ရွှယ့်ပေါင်က မန်ဟို့အရှေ့တွင် ထိုင်ရင်းပြောသည်။ ဖော်ရွေသောအပြုံးတစ်ခုက သူ၏မျက်နှာကို ဖုံးလွှမ်းနေ၏။ " ငါတို့မျိုးနွယ်စုရဲ့ အမွေခြောက်ခုလုံးကို လက်ခံနိုင်တဲ့ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူဆိုလို့ တောင်ကောင်းကင်ဂြိုဟ်မှာ တစ်ယောက်ပဲ ရှိမယ်။ သေချာတယ် အဲ့ဒါက မင်းပဲ"
မန်ဟို့၏ရင်ထဲတွင် ကျေးဇူးတင်စိတ်တို့ဖြင့် ပြည့်နှက်နေသည်။ ယခုတွင် ဤလူ၌ သူ၏ခန္ဓာကိုယ်ကို အပိုင်စီးလိုစိတ် အမှန်တကယ် မရှိကြောင်း သူနားလည်လိုက်လေပြီ။ မန်ဟိုမှာ တကယ့်ကို ရွှေပုံကြီးနှင့်မှ တည့်တည့်တိုးသွားခြင်းဖြစ်သည်။
သူစကားပြောရန် ပြင်လိုက်သည့်အချိန် ဟန်ရွှယ့်ပေါင်က ခေါင်းခါပြီး မန်ဟို့ကို လေးလေးနက်နက်ကြည့်ကာ ပြော၏။ "မင်း ငါတို့ အေးခဲနှင်းမျိုးနွယ်စုကို ဝင်မယ်ဆိုရင် ဟန်ရွှယ့်ရှန်းကို မင်းရဲ့ ဇနီးသည်အဖြစ် ချီးမြှင့်ပေးမယ်"
မန်ဟို ပါးစပ်အဟောင်းသားဖြစ်သွား၏။ ဘေးတွင် ဟန်ရွှယ့်ရှန်းမှာ မျက်နှာလေးရဲသွားပြီး ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွား၏။
"မပူပါနဲ့ ငါ မင်းရဲ့ အချစ်ရေးရာကို မစွက်ဖက်ပါဘူး။ ဇနီးတွေထဲက တစ်ယောက်ပေါ့ကွာ။ အေးခဲနှင်းမျိုးနွယ်စုထဲ ဝင်ခဲ့ ၊ မင်း ဒီမျိုးဆက်ရဲ့ ခေါင်းဆောင်ကြီးဖြစ်လာစေရမယ်" ဟန်ရွှယ့်ပေါင်၏မျက်ဝန်းများသည် တည်ကြည်လေးနက်သော အငွေ့အသက်ကို ထုတ်လွှတ်နေ၏။
" မင်းဝင်ရတန်အောင်လို့ ငါ မင်းကို ဆုလာဘ်သုံးခုနဲ့ ကမ်းလှမ်းမှာပါ"
"ငါက ငါ့အသိတွေကို ခွဲထုတ်ခဲ့တာမလို့ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် မဟုတ်တော့ဘူး။ ဒါပေမဲ့ ငါ့မှာ တစ်ဘဝလုံး ရှာဖွေသိရှိလာခဲ့တဲ့ ဉာဏ်အလင်းရှိသေးတယ်။ ငါ့အကူအညီနဲ့ဆိုရင် နှစ်ငါးရာအတွင်း မင်းမှာ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ရောက်ရှိဖို့ အခွင့်အရေး ရှစ်ဆယ်ရာခိုင်နှုန်း ရှိလိမ့်မယ်၊ ဒါက ငါမင်းကို ပေးမယ့် ပထမဆုံးဆုလာဘ်
"အေးခဲနှင်းမျိုးနွယ်စုရဲ့သွေးမှာ မဟာမိစ္ဆာသားရဲသခင်ပညာရပ်နောက်တစ်ခု ရှိသေးတယ်။ အဲ့ဒါက မင်း ရရှိခဲ့ဖူးတဲ့ မှော်ပညာရပ်တွေထက် ပိုအစွမ်းထက်တယ်။ မင်း အဲ့ဒါကိုဆက်ခံရရှိတာနဲ့ ဘယ်သက်ရှိသတ္တဝါမဆို မင်းအရှေ့မှာ အိပ်ရုံကလွဲပြီး ဘာအစွမ်းမှ ရှိတော့မှာမဟုတ်ဘူး။ အဲ့ဒါက ဒုတိယဆုလာဘ်"
"တတိယမြောက်က လောလောဆယ်မှာ အေးခဲနှင်းမျိုးနွယ်စုက အကျဘက်ရောက်နေပေမယ့် ငါတို့တာအိုအစောင့်အရှောက်က ရှိနေသေးတယ်။ ငါတို့ ဒီနေရာမှာ ဆက်နေလို့မရတော့တာမလို့ တောင်ပိုင်းဒေသကို ပြောင်းတော့မယ်။ ဟိုအရင်တုန်းက ဇီယွင်ဂိုဏ်းရဲ့ မဟာအကြီးအကဲဆေးလုံးမိစ္ဆာနဲ့ ငါ မိတ်ဆွေဖြစ်ခဲ့တယ်။ ဒါကြောင့် ငါတို့မျိုးနွယ်စု ဇီယွင်ဂိုဏ်းဆီ ပြောင်းတော့မယ်
"အနက်ရောင်နယ်မြေကနေ တောင်ပိုင်းဒေသကို ငါတို့နဲ့အတူလိုက်ခဲ့။ ငါ့နာမည်နဲ့ဆိုရင် မဟာအကြီးအကဲဆေးလုံးမိစ္ဆာရဲ့ သူကောင်းပြုခံရနိုင်တယ်။ မင်းရဲ့ဆေးဝါးတာအိုအစွမ်းကို သက်သေပြပြီးပြီပဲ။ ငါတောင်းဆိုရင် မဟာအကြီးအကဲဆေးလုံးမိစ္ဆာအနေနဲ့ သေချာပေါက် မင်းကို တပည့်အဖြစ် လက်ခံပေးလိမ့်မယ်"
ဟန်ရွှယ့်ပေါင်၏ စကားလုံးများသည် မန်ဟို့၏နားထဲ၌ ပဲ့တင်ထပ်နေ၏။ သူသည် အားတုံ့အားနာပြုံးရင်း ထိုင်နေသည်။ စိတ်ဝိညာဥ်ခွဲထွက်ခြင်းဉာဏ်အလင်းမှလွဲ၍ တခြားကမ်းလှမ်းချက်များမှာ စိတ်ဝင်စားစရာမကောင်းပေ။ လျှို့ဝှက် မဟာမိစ္ဆာသားရဲသခင်ပညာရပ်သည် သေချာပေါက်အစွမ်းထက်ပါသော်လည်း မန်ဟို့တွင် ပညာရပ်ကြီးသုံးခု ပိုင်ဆိုင်ထားပြီးဖြစ်၏။ မဟာအကြီးအကဲဆေးမိစ္ဆာ၏ တပည့်ဖြစ်ဖို့ ကမ်းလှမ်းချက်ကတော့ စဥ်းစားစရာမလို၍မဟုတ်။ မန်ဟိုမှာ ဇီယွင်ဂိုဏ်းက ထွက်ခွာခဲ့သည့်တိုင် မဟာအကြီးအကဲဆေးမိစ္ဆာကို သူ့ဆရာအဖြစ် သတ်မှတ်ထားသေးလေသည်။
သူသည် တပည့်ဖြစ်ရန် သုံးကြိမ်တိုင် ဂါဝရပြုခဲ့ပြီး ထိုပထမဆုံးဂါဝရတရားက တစ်သက်လုံးအတွက် ဖြစ်လေသည်။
***