မျက်လုံးမဲ့ပိုးကောင်
Vol. 28 Ch. 380
"သဘောမတူဘူလား" ဟန်ရွှယ့်ပေါင်က မန်ဟို့ကို ကြည့်ရင်း ပြောသည်။ သူ၏မျက်နှာမှာ တဖြေးဖြေး စိတ်ပျက်သွားသည့်ပုံစံပေါက်လာ၏။ သူ၏ နှစ်ထောင်ပေါင်းများစွာသော အတွေ့အကြုံအရ မန်ဟို၏ အေးဆေးတည်ငြိမ်နေသည့် မျက်နှာအပေါ်က တွေဝေတုံ့ဆိုင်းနေမှုကို မြင်နိုင်လေသည်။
သူက သက်ပြင်းခိုးချပြီးနောက် ခေါင်းကိုခါကာ ခပ်လွင်လွင် ရယ်သည်။
"စီနီယာကြီး...." မန်ဟို့မှာ အတန်ငယ်အပြစ်ရှိသလို ခံစားနေရ၏။ ဟန်ရွှယ့်ပေါင်၏ စစ်မှန်သောသဘောထားကို သူခံစားရပြီး ၄င်းတို့အားလုံးက သူ၏ မျိုးနွယ်စုအတွက်ဆိုလျှင်တောင်မှ သူသည် မန်ဟို့အား လမ်းကြောင်းအသစ်ဆီသို့ ဖိတ်ခေါ်နေခြင်းဖြစ်လေသည်။
ကံဆိုးစွာနှင့် မန်ဟို့မှာ ယခုအချိန်တွင် တောင်ပိုင်းဒေသထံသို့ သွားမရပေ။
ဟန်ရွှယ့်ရှန်း၏မျက်နှာလေးမှာ ယခုတွင် ဖြူဆုပ်နေသည်။ သူမသည် ခေါင်းမော့၍ အားတင်းပြုံးထားသော်လည်း သူမ၏ခံစားနေရသော နာကျင်မှုကတော့ သည့်ထက်မဆိုးရွားနိုင်တော့ပေ။ သူမက မန်ဟို့ကို ဒူးညွှတ်အရိုအသေပေးပြီးနောက် ခေါင်းငုံ့လျက် အဝေးသို့ လမ်းလျှောက်ထွက်သွားတော့သည်။ သူမမှာ ခံစားနေရသော ဝမ်းနည်းမှုကြောင့် မျက်ရည်ကျလာမှာစိုး၍ မနေဝံ့တော့သည့်ပုံရသည်။
"ကဲပါ စိတ်ထဲမထားပါနဲ့" ဟန်ရွှယ့်ပေါင်သည် မန်ဟို့ကို အတင်းအကြပ်မရှင်းပြခိုင်းပေ။ "ငါ မင်းကို အနေရခက်အောင် လုပ်မိပြီ။ မင်းမှာ ကိုယ်ပိုင်လမ်းကြောင်း ရှိနေပြီးသားဆိုတော့ မင်းအတွက် အကူအညီပေးဖို့ ငါ့ကိုမလိုပါဘူး။ ကောင်းတယ်ကောင်းတယ်" သူက မြေပြင်ပေါ်တွင် ဖြစ်ပေါ်နေသော မန္တန်ကို ကြည့်ရင်း ထရပ်သည်။
"အေးခဲနှင်းမျိုးနွယ်စုမှ အနုသုခုမရုပ်ခန္ဓာအဆင့် အကြီးအကဲစုစုပေါင်း ၇ ဦးရှိတယ်။ လေးဦးနဲ့တော့ မင်းတွေ့ပြီးပြီ။ ကျန်တဲ့သုံးဦးကတော့ မနှစ်က နေရာရွှေ့ပြောင်းခြင်းမန္တန်ပြင်ဆင်ဖို့ တောင်ပိုင်းဒေသကို ထွက်သွားတယ်။ ကံဆိုးစွာနဲ့ အနက်ရောင်နယ်မြေနန်းတော်ရဲ့ တားမြစ်မန္တန်ကို ထိုးဖောက်မှဖြစ်မှာဆိုတော့ တောင်ပိုင်းဒေသကို နေရာရွှေ့ပြောင်းဖို့က ခက်ခဲနေတာပဲ
"တလောလေးကမှ သူတို့ဘက်က နေရာရွှေ့ပြောင်းခြင်းမန္တန် စီရင်လို့ပြီးသွားတယ်။ ငါးရက်အတွင်းတော့ ငါတို့ မန္တန်ကို အသက်သွင်းနိုင်လောက်မှာပါ။ အဲ့ဒီလိုဖြစ်တာနဲ့ ငါတို့ ဒီနေရာက ထွက်သွားမယ်" ဟန်ရွှယ့်ပေါင်က သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ရုတ်တရက် အရာအားလုံး အေးခဲလာပြီး နှင်းပွင့်ဖတ်များ တဖွဲဖွဲကျလာလေသည်။ မန်ဟို၏ မျက်ဝန်းများက ဟန်ရွှယ့်ပေါင်လက်ထဲရှိ အရာဝတ္ထုကို သတိထားမိသွားသဖြင့် တည်ကြည်လေးနက်သွားသည်။
သူ၏လက်ထဲတွင် ရှိနေသည့်အရာကား လက်သန်းအရွယ်ခန့်ရှိသော အပြာရောင်ပိုးကောင်လေးတစ်ကောင်ဖြစ်သည်။ ၄င်းသည် သလင်းကျောက်သဖွယ် ကြည်လဲ့နေပြီး အပြာရောင်ရောင်ခြည်တို့ ဖြာထွက်နေ၏။ ပတ်ဝန်းကျင်ရှိ အအေးဓာတ်မှာ ဤပိုးကောင်ဆီမှ ထွက်လာနေခြင်းဖြစ်သည်။
မန်ဟို့၏အသက်ရှူသံမှာ ချက်ချင်း မြန်ဆန်လာသည်။
"မင်းကို အေးခဲနှင်းပိုးကောင်တစ်ကောင်ပေးမယ်လို့ ကတိပေးထားတယ် မဟုတ်လား။ အခြားသူတွေရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ဆိုရင် ဒါကို ပြီးမြောက်လုပ်ဖို့ နှစ်ဝက်ကြာလိမ့်မယ်။ ဒါပေမဲ့ အချိန်မရှိဘူးဆိုတော့ မင်းကို ငါ့ပိုးကောင်ပေးမယ်။ ဒါက သာမန်ပိုးကောင်ထက် ပိုပြီး အသိဉာဏ်ရှိတဲ့ သန္ဓေပြောင်းအေးခဲနှင်းပိုးကောင်ပဲ။ နှစ်ပေါင်းများစွာတစ်လျှောက်လုံး ငါတို့အေးခဲနှင်းမျိုးနွယ်စုက သန္ဓေပြောင်းအေးခဲနှင်းပိုးကောင် ခြောက်ကောင်ပဲ မွေးမြူနိုင်ခဲ့တယ်။ ဒါက ခုနစ်ကောင်မြောက်
"သန္ဓေပြောင်းထားတဲ့အတွက် ဒီလိုအေးခဲနှင်းပိုးကောင်မျိုးက သခင်နှစ်ယောက်နဲ့ ပဋိညာဥ်ပြုနိုင်တယ်။ မင်းရဲ့သွေးကျွေးလိုက် မင်းအပိုင်ဖြစ်လာလိမ့်မယ်" သူက လက်ကို ဝှေ့ယမ်းလိုက်ရာ အပြာရောင်အလင်းသည် မန်ဟို့အရှေ့ရောက်လာပြီး ပျံဝဲနေ၏။ သူက အရှေ့တွင်ပျံဝဲနေသည့်ပိုးကောင်း ကြည့်ရင်း အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထို့နောက် လက်ထိပ်ကို ကိုက်၍ ပိုးကောင်အပေါ်သို့ သွေးစက်တစ်စက် ညစ်ချလိုက်သည်။
သွေးစက်ပျောက်ကွယ်သွားသည်နှင့် မန်ဟိုသည် သူနှင့် အေးခဲနှင်းပိုးကောင်ကြားရှိ ဆက်သွယ်မှုကို အာရုံရလိုက်သည်။ ပိုးကောင် သူ၏လက်အပေါ်သို့ တဖြေးဖြေး ဆင်းသက်လာစဥ် ၄င်း၏ခန္ဓာကိုယ်မှာ တလက်လက်တောက်ပနေချေသည်။ အလွန်ပြင်းထန်သော အအေးဓာတ်က ၄င်းထံမှ ပျံ့လွင့်နေ၏။ သူ့မှာ ရေခဲတုံးတစ်တုံးကို ကိုင်ထားရသည့်အလား ခံစားနေရသည်။
မန်ဟိုက ခါးကိုင်း၍ ဟန်ရွှယ့်ပေါင်ကို အလေးအနက် အရိုအသေပေးလိုက်သည်။ နောက်ဆုံးတော့ သူ ဤနေရာသို့ လာခဲ့ရသော ရည်ရွယ်ချက် ပြည့်ဝသွားလေပြီ။ သူ့မှာ အလွန့်အလွန် စိတ်လှုပ်ရှားနေတော့သည်။ နောက်ဆုံးတော့ သူ့အတွက် အေးခဲနှင်းပိုးကောင်ကို မျက်လုံးမဲ့ပိုးကောင်ပြောင်းရန်သာ ကျန်တော့လေသည်။
မျက်လုံးမဲ့ပိုးကောင်ဖြစ်သည်နှင့် ၄င်းအား ဖျက်စီး၍မရနိုင်တော့သည့်အပြင် ၄င်း၏ပိုးချည်မျှင်ကိုလည်း ဖြတ်တောက်မရတော့ပေ။ ပိုးချည်အား ဖြတ်တောက်မရသလို ပိုးကောင်ကိုလည်း ဖျက်စီးမရ။ ဤကဲ့သို့ အံ့ဖွယ်ပိုးကောင်မျိုးသည် ကောင်းကင်နှင့်မြေကြီး၏ ထူးခြားသောရတနာတစ်ပါး ဖြစ်ပြီး သူ့အတွက် ပြစ်ဒဏ်မိုးကြိုးကို ရင်ဆိုင်ရန် အစွမ်းထက်ဆုံးနည်းလမ်းများထဲက တစ်ခုဖြစ်သည်။
"စီနီယာကြီး ကျွန်တော် တံခါးပိတ်ကျင့်ကြံလိုက်ဦးမယ်" မန်ဟိုက သူ့ရင်ထဲ၌ အမြုပ်တစီစီထနေသည့် စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ရင်း ပြောသည်။ သူသည် နောက်တစ်ဖန် ခေါင်းငုံ့အရိုအသေပေးပြီးနောက် လမ်းလျှောက်ထွက်သွား၏။ သူက ဝေးဝေးလံလံမသွားဘဲ အနီးနားရှိ အိမ်ပျက်တစ်လုံးအပေါ် တက်သွားလေသည်။
ဟန်ရွှယ့်ပေါင်မှာ သူ၏ ကျောပြင်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ သူသည် မန်ဟို့ကို အမှန်တကယ် သဘောကျခဲ့သော်လည်း သူ့တွင် ကိုယ်ပိုင်အကြံအစည်များနှင့် ရည်မှန်းချက်များရှိကြောင်း သူသိလေသည်။ ထို့နောက် ဟန်ရွှယ့်ပေါင်က ဟန်ရွှယ့်ရှန်းကို လှမ်းကြည့်ပြီး နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်၏။
အိမ်ပျက်အတွင်းရှိ အခန်းတစ်ခန်းထဲတွင် မန်ဟိုသည် အသက်ပြင်းပြင်းရှူရင်း တင်ပျဥ်ခွေထိုင်နေ၏။ သူက မုဒြာလက်ကွက် ဖော်ပြီးနောက် မြေကြီးကို လက်ညှိုးထိုးလိုက်ကာ မိစ္ဆာချီများအား စုဝေးသွားစေသည်။ ၄င်းက သူ့ကို လှည့်ပတ်ရင်း အကာအကွယ်တစ်ခုအား ဖန်တီးနေသည်။ သူသည် ယခုတွင် အေးခဲနှင်းမျိုးနွယ်စုနှင့် ရင်းနှီးနေပြီဖြစ်သော်လည်း သူ့ကိုယ်သူကာကွယ်ဖို့တော့ လိုအပ်သေးလေသည်။
အထူးသဖြင့် ယခုလေးတင် သူတို့၏ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သည်ကို စဥ်းစားကြည့်လျှင်ဖြစ်သည်။ မန်ဟိုသည် မိစ္ဆာချီ၏ အကာအကွယ်အောက်တွင် ဆေးလုံးတချို့ထုတ်ပြီးနောက် မျက်လုံးမှိတ်ကာ တရားစထိုင်သည်။ နာရီအနည်းငယ်ကြာသော် သူ၏မျက်လုံးများ ပြန်ပွင့်လာပြီး စူးရှတောက်ပနေတောလ့သည်။ သူ၏ခန္ဓာကိုယ်သည် ယခုတွင် အားနည်းသောအခြေအနေမှ အပြည့်အဝသက်သာသွားလေပြီ။ သူ၏စိတ်ဝိညာဥ်အာရုံလည်း အားကောင်းလာခဲ့ပြီး သူ၏ကျင့်ကြံခြင်းအခြေခံလည်း အတော်လေးတိုးတက်ခဲ့သည်။
မန်ဟိုသည် ပြစ်ဒဏ်မိုးကြိုးကို ကျော်လွှားပြီးသည့်နောက်၌ အမြုတေဖြစ်တည်မှုအဆင့်သို့ တိုက်ရိုက်တက်နိုင်မည်ဖြစ်ကြောင်း ယုံကြည်ချက်ရှိနေ၏။
ပြင်ဆင်မှုများ လုပ်ဆောင်ပြီးသည်နှင့် မန်ဟိုက အေးခဲနှင်းပိုးကောင်ကို ထုတ်လိုက်သည်။ ထို့နောက် သူသည် ပိုးစာမိုးကြိုးသစ်ရွက်တစ်ရွက်ထုတ်ပြီး ပိုးကောင်၏အရှေ့၌ ချလိုက်သည်။ သစ်ရွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အေးခဲနှင်းပိုးကောင်တစ်ကိုယ်လုံး တုန်ရီသွားသည်။ ၄င်းအတွက် သစ်ရွက်မှာ အတိုင်းထက်အလွန် စွဲမက်စရာ ကောင်းပုံရ၏။ မျက်စိတစ်မှိတ်အတွင်းနှင့် လျှပ်စီးများက သစ်ရွက်ကို ဝန်းရံလာပြီး အေးခဲနှင်းပိုးကောင်က ၄င်းကို အစအနမကျန်အောင် စားပစ်လိုက်လေသည်။
မန်ဟိုက မျက်လုံးများဝင်းလက်သွားပြီး ကြေးမုံကို ထုတ်၍ ပိုးစာမိုးကြိုးသစ်ရွက်များအား ပွားတော့သည်။ ကံကောင်းစွာနှင့် သူ၏သိုလှောင်အိတ်ထဲတွင် ဝိညာဥ်ကျောက်တုံးအမြောက်အမြား ရှိလေသည်။ ၄င်းတို့ ပွားခအဖြစ် ပျောက်ပျောက်သွားသည်ကို မုန်းပါသော်လည်း မျက်လုံးမဲ့ပိုးကောင်ပိုင်ဆိုင်ရရေးက သူ့ကို လက်မတွန့်ဘဲ ဆက်လက်ဖြုန်းနေစေသည်။
တစ်ရွက်၊ နှစ်ရွက်၊ သုံးရွက် ၊ အရွက်တစ်ရာ..... ဤလက်တောက်လောက် အေးခဲနှင်းပိုးကောင်လေးက ပိုးစာမိုးကြိုးသစ်ရွက် တနင့်တပိုး စားနိုင်သည့်အဖြစ်ကို မယုံကြည်နိုင်သဖြင့် မန်ဟို့၏မျက်လုံးများ ပြူးထွက်နေတော့သည်။ ၄င်းမှာ ကမ္ဘာကြီးနှစ်ခြမ်းကွဲစေကာမူ အစားမရပ်မည့်ပုံရသည်။ ၄င်းသည် တစ်လောကလုံးရှိ ပိုးစာမိုးကြိုးသစ်ရွက်များကို စားပစ်နိုင်သည့်အလားပင်။
မန်ဟို့မှာ အတန်ငယ် ရင်လေးလာတော့သည်။ ပိုးကောင်နှင့်ပတ်သက်၍ သူသိရှိသောအချက်အလက်သည် တောင်ပိုင်းဒေသမှာတုန်းက ဆုံတွေ့ခဲ့သည့် အနက်ရောင်နယ်မြေကျင့်ကြံသူထံမှ အရင်းခံသည်။ သူသည် စိစစ်လေ့လာမှုအများအပြားပြုလုပ်ပြီးနောက်တွင် ထိုလူ့၏ စကားအများစုအား အမှန်ဟူ၍ ယူဆခဲ့သည်။ သို့သော် ယခုတော့ သူ့မှာ အတန်ငယ်တွေဝေလာလေပြီ။
အချိန်များကုန်လွန်သွား၏။ မကြာခင် တစ်ရက်ကြာခဲ့ပြီဖြစ်သည်။ နေ့လည်ရောက်ချိန်တွင်တော့ မန်ဟိုသည် အေးခဲနှင်းပိုးကောင်ကို သစ်ရွက် တစ်ရွက်ပြီးတစ်ရွက်ကျွေးရင်း မျက်လုံးများ ရဲတွတ်နေတော့သည်။ သူပြောနိုင်သည်ကတော့ ပိုးကောင်အား တောတစ်တောစာလောက် ပိုးစာမိုးကြိုးသစ်ရွက်များ ကျွေးခဲ့ပြီးလေပြီ။
သို့ထိတိုင် ပိုးကောင်မှာ ဗိုက်ပြည့်သည့်အရိပ်အယောင်ပင် မပြပေ။ သို့သော် ပြောင်းလဲနေပုံတော့ရသည်။ ၄င်း၏အရောင်က အပြာရောင် ဖြစ်နေသေးသော်လည်း ယခုတွင် ၄င်း၏မျက်နှာပြင်ပေါ်၌ အဖြူရောင်စက်ဝိုင်းများ ရှိနေလေပြီ။
စက်ဝိုင်းများက မျက်လုံးများနှင့်တူပြီး သေချာကြည့်လျှင် စိတ်ကို စုပ်ယူနိုင်စွမ်းရှိဟန်တူသည်။ ယခုအချိန်တွင် မန်ဟို့၏ တရပ်စပ် ကျွေးမှုကြောင့် ပိုးကောင်၏ခန္ဓာကိုယ်ပေါ်တွင် ထိုကဲ့သို့စက်ဝိုင်းငါးခု ပေါ်လာခဲ့ပြီဖြစ်သည်။
မန်ဟိုက သိုလှောင်အိတ်ကို ကြည့်ပြီး ရင်နာသွားသည်။ ခေါင်းဆောင်ကြီးရွှေအလင်း ဖြစ်လာပြီးနောက် ဝိညာဥ်ကျောက်တုံး အတော်လေးကြွယ်ဝခဲ့သော်လည်း ယခုတော့ တစ်ဝက်နီးပါး ပြောင်သွားလေပြီ။ မန်ဟိုက အံတင်းတင်းကြိတ်ရင်း အေးခဲနှင်းပိုးကောင်ကို ဆက်ကျွေးနေ၏။
တစ်ရွက်ပြီး တစ်ရွက်၊ တစ်ရွက်ပြီး တစ်ရွက်.....
တတိယမြောက်နေ့မနက်တွင် မန်ဟို့၏မျက်လုံးများ၌ သွေးကြောများပြည့်နေလေပြီ။ ယခုတွင် သူ့လက်ထဲရှိ အေးခဲနှင်းပိုးကောင်အပေါ်၌ စက်ဝိုင်းရှစ်ခုရှိနေပြီ ဖြစ်၏။ ကိုးခုမြောက်ပေါ်လာသောအခါတွင်တော့ မန်ဟို့၏ သိုလှောင်အိတ် ပြောင်တလင်းခါ ပေတော့မည်။ နှမြောသောစိတ်က သူ၏ ကိုယ်စိတ်နှလုံးသုံးပါးကို နှိက်စက်နေသည်။ ပြီးခဲ့သည့်ရက်အနည်းငယ်က သူ့မှာ မည်သည့်နေရာရောက်ရောက် မည်သည့်အရာကိုမဆို ဝယ်နိုင်သည်ဟု ယုံကြည်ချက်ရှိစေခဲ့သော ဝိညာဥ်ကျောက်တုံးတစ်ပုံကြီး ရှိခဲ့သည်။
ယခုတော့ ခံစားချက်က တခြားစီပေ။
"ငါ မျက်လုံးမဲ့ပိုးကောင်မဖန်တီးနိုင်ရင် ..." မန်ဟိုက လက်သီးဆုပ်ပြီး ထိုအကြောင်း ဆက်တွေးနေ၏။ နောက်ဆုံးတွင် သူက အရာအားလုံး ပုံအောလိုက်ရန် ဆုံးဖြတ်လိုက်သည်။ ဤနေရာအထိ ရောက်ပြီးမှတော့ အဆုံးထိသွားဖို့သာ ရှိတော့လေသည်။
တတိယနေ့ညတွင် မန်ဟို့၏သိုလှောင်အိတ်မှာ ပြောင်တလင်းခါ သွားတော့သည်။ အေးခဲနှင်းပိုးကောင်က နောက်ဆုံးသော ပိုးစာမိုးကြိုးသစ်ရွက်ကို စားလိုက်သဖြင့် ကိုးခုမြောက်စက်ဝိုင်း ပေါ်လာလေသည်။ ၄င်းက မန်ဟို့ကို ပါးစပ်အဟောင်းသားဖြစ်သွားစေ၏။
"သောက်ကျိုးနည်း ငါ့ဝိညာဥ်ကျောက်တုံးတွေ ကုန်သွားတာတောင်မှ ဒီကောင်က အခုထိမပြောင်းသေးဘူးလား။ အသွင်ပြောင်းသင့်နေပြီ မဟုတ်လား" သူက လက်ဝါးအပေါ်၌ တုပ်တုပ်မှမလှုပ်သော အေးခဲနှင်းပိုးကောင်ကို တအံ့တသြ ကြည့်လိုက်သည်။ ၄င်း၏ ဆက်စားချင်စိတ်ကို အာရုံရလိုက်သဖြင့် မန်ဟို မေ့လဲချင်သွား၏။
"ငါ့ဝိညာဥ်ကျောက်တုံးတွေ...." သူသည် သိုလှောင်အိတ်ကို ငုံ့ကြည့်လိုက်ရာ သာလွန်အဆင့်ဝိညာဥ်ကျောက်တုံးများသာ ကျန်ရှိတော့ကြောင်း မြင်လိုက်ရ၏။ ၄င်းတို့သည် အရေးကြီးသောအခြေအနေတွင် စိတ်ဝိညာဥ်စွမ်းအင် စုပ်ယူဖို့ အသုံးပြုနိုင်သည့် အသက်ကယ်ပစ္စည်းများ၊ သူ၏နောက်ဆုံးသော အဖိုးတန်ရတနာများဖြစ်သည်။
သူ့မှာ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသည်အထိ ကျွေးသင့်မကျွေးသင့် လွန်ဆွဲနေ၏။ နောက်ဆုံးတွင် အေးခဲနှင်းပိုးကောင်မှာ စားစရာမရှိတော့ကြောင်း သဘောပေါက်သွားပုံရသည်။ ၄င်းက ထပ်စားလိုသည့် စိတ်ဆန္ဒအား မထုတ်လွှတ်တော့ဘဲ ပိုးချည်စယက်တော့သည်။
မန်ဟိုသည် အေးခဲနှင်းပိုးကောင် နှင်းကဲ့သို့သော ပိုးချည်များ ဆက်တိုက်ထွေးထုတ်နေသည်ကို စောင့်ကြည့်နေ၏။ ဤသည်မှာ ဒဏ္ဍာရီလာ မျက်လုံးမဲ့ပိုးကောင်၏ ပိုးချည်မဟုတ်သေးပေ။ ပိုးကောင်အတွက် ပိုးချည်များဖြင့် ၄င်းကိုယ်၄င်း ဖုံးပစ်ရန် တခဏသာကြာလိုက်သည်။ မကြာမီ ၄င်းသည် မွေးကင်းစကလေး၏ လက်သီးဆုပ်အရွယ်ခန့်ရှိသော ပိုးအိမ်တစ်ခု ဖြစ်လာခဲ့လေပြီ။
မန်ဟို မျက်မှောင်ကြုတ်သွား၏။ တစ်ခုခုက ထူးဆန်းနေလေသည်။ စိတ်ဝိညာဥ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက်တွင်တော့ သူ့မှာ ရင်ခုန်လာတော့သည်။ သူသည် တခဏကြာ ဆက်လက်စစ်ဆေးကြည့်နေပြီး အသက်ရှူသံများ မြန်ဆန်လာတော့၏။
"ငါ နောက်အရှိန်အဝါတစ်ခုကို အာရုံရနေတယ်" သူ၏ မျက်လုံးများ လင်းလက်တောက်ပလာသည်။ "အေးခဲနှင်းပိုးကောင်မဟုတ်ဘူး အဲ့ဒီထက်အများကြီးပိုပြီးစွမ်းအားကြီးတယ်.... နှစ်ခုကို ယှဥ်လို့တောင်မရဘူး" သူသည် မျက်စိမှိတ်၍ တခဏစဥ်းစားနေပြီး မျက်လုံးပြန်ဖွင့်သောအခါ ပြုံးနေလေသည်။
"နှစ်ရက်နေရင် ပိုးအိမ်ကနေ ထွက်လာလိမ့်မယ်" သူသည် အဖိုးထိုက်တန်သော ပိုးအိမ်ကို သိမ်းပြီး ပတ်ဝန်းကျင်ရှိ မိစ္ဆာချီကို ဖယ်ရှားလိုက်၏။ လက်ရှိအချိန်မှာ ညအတော်နက်နေပြီဖြစ်ပြီး လရောင်ခြည်တို့က မြေပြင်အပေါ်သို့ ဖြာကျနေသည်။ မန်ဟိုက တံခါးပိတ်ကျင့်ရာနေရာမှ အပြင်သို့ လမ်းလျှောက်ထွက်လာပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
အေးခဲနှင်းမျိုးနွယ်စုမှ အစောင့်များ မန်ဟို့ကို မြင်သည်နှင့် လေးစားကြည်ညိုသောမျက်နှာများဖြင့် လက်ယှက်ပြီး အရိုအသေပေးကြသည်။
ဤရက်ပိုင်းမှာ အေးခဲနှင်းမျိုးနွယ်စုအတွက် အလွန်ခက်ခဲလေသည်။ အနက်ရောင်နယ်မြေနန်းတော်မှ ကျင့်ကြံသူများ မည်သည့်အချိန် ရောက်လာမည်လဲ သူတို့မသိပေ။ ဒုတိယအကြိမ် ကျုးကျော်တိုက်ခိုက်ကြလျှင် အေးခဲနှင်းမျိုးနွယ်စု၏ လက်ရှိအခြေအနေကြောင့် တန်ပြန်တိုက်ခိုက်ရန် ခက်ခဲလိမ့်မည်။ သူတို့လုပ်နိုင်သမျှမှာ သတိထားပြီး မန္တန်အသက်ဝင်လာမည့်အချိန်ကိုသာ စောင့်နေရုံဖြစ်၏။
နှင်းပွင့်ချပ်ကလေးများက လရောင်ခြည်အောက်တွင် ကခုန်နေသည်။ နှစ်ရက်တိုင် နှင်းကျနေခဲ့သည်ဖြစ်၍ မြေပြင်တွင် နှင်းများဖုံးနေ၏။ ညနက်နေပြီဖြစ်သည့်တိုင် လရောင်တို့က အဖြူရောင်နှင်းပွင့်လေးများကို အလင်းရိုက်နေသဖြင့် အရာအားလုံးကို ငွေရောင်သမ်းနေစေတော့သည်။
မန်ဟိုက ဟိုဟိုသည်သည်ကြည့်ရင်း အေးစိမ့်နေသော လေကို ရှူသွင်းလိုက်သည်။ နောက်ဆုံးတွင် သူ၏အကြည့်သည် အဝေးတစ်နေရာက ရင်းနှီးသော နောက်ကျောလေးအပေါ် ကျရောက်သွားသည်။
၄င်းသည် ဟန်ရွှယ့်ရှန်းဖြစ်၏။ သူမက ကျောက်ပုံတစ်ပုံအပေါ်တွင် ထိုင်ရင်း ကောင်းကင်ကို မော့ကြည့်နေသည်။ သူမဘာတွေးနေသည်လဲ ပြောရခက်လေသည်။
မန်ဟိုက သူမကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ အေးခဲနှင်းပိုးကောင်ကိစ္စကြောင့် သူ့မှာ သူငြင်းလိုက်၍ စိတ်ပျက်လက်မှိုင်ကျသွားသော ဤကလေးမကို လုံးဝမေ့လျော့နေခဲ့လေသည်။
မန်ဟိုက တစ်ယောက်တည်းရေရွတ်ရင်း သူသတိမလစ်ခင်က ထွေးပွေ့ပေးခဲ့သော နူးညံ့သည့်လက်မောင်းလေးကို တွေးမိလိုက်သည်။ သူ သတိပြန်ရသည့်အချိန်က သူမမျက်ဝန်းလေးထဲရှိ ပူဆွေးသောကတို့နေရာ၌ ပျော်ရွှင်မှုများ အစားထိုးဝင်ရောက်သွားပုံကို ပြန်မြင်ယောင်မိ၏။ သူ သူမဆီ လမ်းလျှောက်သွားစဥ် တဖွဲဖွဲကျနေသော ဆီးနှင်းများက သူ၏မျက်နှာကို ပွတ်တိုက်ကျီစယ်သွားလေသည်။ သူမက နောက်လှည့်ကြည့်သည်။ နှင်းပွင့်လေးများနှင့် လရောင်ခြည်အောက်တွင် သူမ၏လှပသော မျက်နှာလေးသည် ပို၍ပင် လှပနေတော့သည်။ သူမ၏မျက်ဝန်းထောင့်လေး၌ မျက်ရည်စတို့ တွဲခိုနေလေ၏။ သူမသည် မန်ဟို့ကိုမြင်သော် နှုတ်ခမ်းလေးကိုက်ပြီး အရှေ့ပြန်လှည့်သွားသည်။
မန်ဟိုက သူမအနောက်တွင် ရပ်ပြီး လည်ချောင်းရှင်းလိုက်၏။
"ဟေး မင်း မဟာအကြီးအကဲဆေးဒယ်အိုးကို တကယ် လေးစားတယ်ကြားတယ်၊ ငါ မင်းကို သူနဲ့မိတ်ဆက်ပေးရမလား"
***