နှင်းကျတိုင်း ငါ့ကို သတိရပါ
Vol. 28 Ch. 381
"မင်းသိလား မဟာအကြီးအကဲဆေးဒယ်အိုးမှာ မိန်းမမရှိဘူးလို့ ငါကြားထားတယ်" မန်ဟိုက ဟန်ရွှယ့်ရှန်းကို ကြည့်ရင်း စနောက်လိုက်သည်။ "မင်းမှာ အခွင့်အရေးရမလား မသိနိုင်ဘူးနော်"
ဟန်ရွှယ့်ရှန်းသည် မန်ဟို့ဘက်သို့ ခေါင်းကလေးလှည့်ကြည့်၏။ ခပ်ရေးရေးအပြုံးလေးတစ်ခုက သူမ၏မျက်နှာနုနုလေးအပေါ်တွင် ဖြစ်ထွန်းနေသော်လည်း သူမက အလျင်အမြန်ဖုံးကွယ်လိုက်လေသည်။
"ဒီမှာ ငါနဲ့ မဟာအကြီးအကဲဆေးဒယ်အိုးနဲ့ တော်တော်လေး ရင်းနှီးတယ်" သူက သူမဘေးတွင် ဆောင့်ကြောင့်ထိုင်ပြီး ပြုံးရင်း ဆက်ပြောသည်။ "သူနဲ့ မင်းကို မိတ်ဆက်ပေးရင်တော့ အတော်လေး အကူအညီဖြစ်လောက်မှာနော်" အေးစက်သောလေတစ်ချက်က သူ၏မျက်နှာကို ဖြတ်တိုက်သွားပြီး ဆံပင်များအား လွင့်ပျံသွားစေရာ သူ၏ခန့်ညားသော ဘေးတစ်စောင်းမျက်နှာအား ပေါ်လွင်သွားစေသည်။ ဤကဲ့သို့ လရောင်၏အောက်တွင် သူ၏အတန်ငယ်မည်းသော အသားအရေမှာ မသိသာပေ။ သူနှင့်ပတ်သက်၍ တစ်စုံတခုက ပြစ်ချက်မရှိ ချောမောခန့်ညားနေပြီး အတန်ငယ်လည်း ထူးဆန်းနေသည်။
ဟန်ရွှယ့်ရှန်းမှာ မျက်နှာတည်မနေနိုင်တော့ပေ။ သူမသည် မန်ဟို့ကို လှည့်ကြည့်ရင်း ရယ်လိုက်သည်။ သူမ၏တောက်ပနေသော မျက်ဝန်းလေးက မွန်းကြပ်နေခြင်းတို့ လျော့နည်းသွားကြောင်း ဖော်ပြနေသည်။
"နင်က မဟာအကြီးအကဲဆေးဒယ်အိုးမဟုတ်ဘူးပေါ့" သူမက တစ်ချက်ရယ်ပြီး ပြောသည်။ ထို့နောက် သူမသည် အလွန်အမင်း ခံစားကြေကွဲနေရသကဲ့သို့ မျက်နှာကို တမင်ပြန်တည်လိုက်သည်။ သူမက မယဥ်ကျေးသောလေသံလေးဖြင့် ဆက်ပြော၏။ "နင် တောင်ပိုင်းဒေသကို တစ်ခါမှမရောက်ဖူးပဲနဲ့ ဘယ်လိုလုပ် သူနဲ့ရင်းနှီးမှာလဲ"
မန်ဟိုက ခေါင်းကို တဗြင်းဗြင်းကုတ်ရင်း ရယ်ကာ သူမဘေးရှိ ကျောက်ပုံပေါ်တွင် ထိုင်လိုက်သည်။ အပျက်အစီးများနှင့် အုတ်ကျိုးအုတ်ပဲ့များက သူတို့နှစ်ယောက်ကို ဝန်းရံနေပြီး ဆီးနှင်းများက အပေါ်ထက်မှ တဖွဲဖွဲကျနေသည်။ လေအေးတစ်ချက်ကလည်း ငိုညည်းရင်း ဖြတ်တိုက်သွား၏။
မန်ဟိုက ချောင်းဟန့်ပြီး ကျိုးဒယ်ခွန်ထံမှ သင်ယူခဲ့သည့် ပညာရှိဆန်သောအမူအရာအား သူ၏မျက်နှာပေါ်တွင် ဖုံးလွှမ်းသွားစေသည်။ "မင်း နားမလည်ပါဘူး။ ငါက မဟာအကြီးအကဲဆေးဒယ်အိုးနဲ့ တစ်ခါမှ မတွေ့ဖူးပေမယ့်လို့ ငါတို့နှစ်ယောက်က ဆေးဝါးတာအိုရဲ့ မဟာအကြီးအကဲတွေလေ။ အဲ့ဒီတော့ စိတ်ချင်းဆက်နေတဲ့ မိတ်ဆွေတွေ ဖြစ်နေခဲ့တာကြာပြီ။ မင်း ဇီယွင်ဂိုဏ်းကို ရောက်လို့ မဟာအကြီးအကဲဆေးဒယ်အိုးနဲ့ တွေ့ရင် အဲ့ဒီနှစ် နှင်းမုန်တိုင်းထဲမှာ တွေ့ခဲ့တဲ့လူကို မှတ်မိသေးလားမေးကြည့်" သူက အတိတ်ကို ပြန်ပြောင်းတွေးတောနေသောဟန်ဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ ဟန်ရွှယ့်ရှန်းကို မျက်လုံးထောင့်မှ ခိုးကြည့်နေသည့်အချက်ကြောင့်သာ မဟုတ်လျှင် ၄င်းမှာ အလွန်ယုံချင်စရာကောင်းလေသည်။
ဟန်ရွှယ့်ရှန်းက သူမ၏လှပသောမျက်ဝန်းကလေးများဖြင့် မန်ဟို့ကို ကြည့်ရင်း လက်ကလေးအုပ်၍ ပြုံးနေသည်။ သူ၏မျက်နှာထားကိုကြည့်ရင်း သူမမှာ မရယ်ဘဲ မနေနိုင်တော့ပေ။ သူမ၏ရယ်သံလေးသည် ဆည်းလည်းသံလေးသဖွယ် နားဝင်ချိုလှ၏။ သူမ၏ရင်ထဲရှိ စိတ်ပျက်အားငယ်မှုတို့ ပပျောက်သွားသည့်ပုံရသည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ" သူမက တစ်ချက်ရယ်ပြီး ပြောသည်။ "ငါ ဇီယွင်ဂိုဏ်းကို ရောက်လို့ မဟာအကြီးအကဲဆေးဒယ်အိုးနဲ့တွေ့ရင် အဲ့ဒီအတိုင်းမေးလိုက်ပါ့မယ်" ထို့နောက် မျက်လုံးလေးတစ်ဖက် မှိတ်ပြပြီး ဉာဏ်များသောအသံလေးနှင့် ဆက်ပြောသည်။ "ဒါပေမဲ့ နည်းနည်းလောက်ထပ်ထည့်သင့်တယ်ထင်တယ်။ အဲ့ဒီနှစ်က နှင်းမုန်တိုင်းထဲကလူက 'နှင်းကျတိုင်း ကျုပ်ကို သတိရပါ' လို့ ပြောခဲ့တယ်လို့လေ"
"အီစီကလီလုပ်နေသံကြီးဟ...." မန်ဟိုက ချောင်းဟန့်ရင်း ပြောသည်။ သူကရယ်၏။ "ဒါပေမဲ့လည်း အဆင်ပြေပါတယ်။ ငါနဲ့ မဟာအကြီးအကဲဆေးဒယ်အိုးရဲ့ ပတ်သက်မှုကို သာမန်လူတွေ နားမလည်နိုင်ဘူး"
ဟန်ရွှယ့်ရှန်းက ထပ်ရယ်ပြန်သည်။ "သန့်စင်နှင်းမြို့တော်မှာဆိုရင် လူနှစ်ယောက် ခွဲခွာကျတဲ့အခါ အဲ့ဒီလိုပြောကြတာ" သူမက နောက်တစ်ကြိမ်ထပ်ရယ်ပြီး ခါးကိုမတ်လိုက်သည်။
"အင်းပါ အဲ့ဒီလိုဆိုရင် ခွင့်လွှတ်ပေးရမှာပေါ့" မန်ဟိုက ရယ်လိုက်သည်။ သူသည် မြေကြီးပေါ်မှ နှင်းတစ်ချို့ကို ကောက်ကိုင်ပြီး အရည်ပျော်သွားသည်ကို ကြည့်နေသည်။ အရည်ပျော်နေသောနှင်းတို့က အမှတ်တရများအား သူ့စိတ်ထဲတွင် ပြန်လည်ပေါ်ပေါက်လာစေပုံရသည်။ ရုတ်တရက် ဇီယွင်ဂိုဏ်းမှာ သူ၏စိတ်ထဲ၌ ပေါ်လာ၏။ ထိုနေရာတွင် သူသိခဲ့သည့် လူအားလုံး၏ပုံရိပ်များသည် သူ၏မျက်လုံးထဲ၌ ဖြတ်ပြေးသွားသည်။
"အကုန်လုံး အဆင်ပြေနေရဲ့လား....." သူက တောင်ပိုင်းဒေသရှိရာသို့ လှမ်းကြည့်ရင်း တွေးလိုက်သည်။
ဟန်ရွှယ့်ရှန်းက သူ နှင်းတို့အား ကောက်ယူလိုက်ပုံကို မြင်သော် အသံတိုးတိုးလေးဖြင့် ဆက်ပြောသည်။ "တကယ်တော့ ငါ မဟာအကြီးအကဲဆေးဒယ်အိုးကို လေးစားရုံပဲ လေးစားတာပါ။ အရင်က ငါ နင့်ပြောပြခဲ့တဲ့စကားတွေက အမှန်မဟုတ်ဘူး။ ငါက သူကိုယ်တိုင် ဖော်စပ်ထားတဲ့ဆေးလုံးတစ်လုံးလိုချင်တာ" မန်ဟို့အပြုံးကိုမြင်သော် သူမ၏မျက်ဝန်းလေးသည် ခက်ထန်သွားပြီး အလေးအနက်ထပ်ပြော၏။ "တစ်လုံးပဲ ဒါဆို ငါကျေနပ်တယ်"
မန်ဟိုက ပြုံးရင်း ခေါင်းခါလိုက်သည်။ သူမမှာ အလွန်နူးညံ့သိမ်မွေ့ပြီး အပြစ်ကင်းစင်လှလေသည်။ နောက်ဆုံးတွင် သူသည် သိုလှောင်အိတ်ထဲမှ ဆေးလုံးတစ်လုံးထုတ်လိုက်၏။ ၄င်းက တစ်ချိန်က သူဖော်စပ်ခဲ့သော ချီအခြေတည်နေ့ဆေးလုံးတစ်လုံးဖြစ်သည်။ ဆေးလုံး၏အရည်အသွေးမှာ သိပ်မဆိုးလှပေ။ ဆေးစွမ်းအားရှစ်ဆယ်ရာခိုင်နှုန်းကျော်ပါဝင်လေသည်။
"ဒီဆေးလုံးကို လက်ဆောင်အဖြစ်ပေးချင်တယ်" သူက ပြောသည်။ သူသည် ခဏတွေးပြီးနောက် လက်သည်းဖြင့် ၄င်း၏မျက်နှာပြင်ပေါ်တွင် 'နှင်း' ဆိုသော စာလုံးအား ထွင်းလိုက်၏။ ထို့နောက် သူမကို ကမ်းပေးလိုက်သည်။ "ဒီဆေးလုံးက မဟာအကြီးအကဲဆေးဒယ်အိုးဖော်စပ်ထားတဲ့ ဆေးလုံးထက် ပိုတန်ဖိုးကြီးတယ်။ အကြောင်းရင်းက ဆေးလုံးကြောင့်မဟုတ်ဘူး ငါဖော်စပ်ထားတာမလို့ပဲ" သူက ပြုံးလိုက်သည်။
ဟန်ရွှယ့်ရှန်းက တခဏစဥ်းစားပြီးနောက် ဆေးလုံးကို ယူလိုက်သည်။ သူမသည် ၄င်းကို ကိုင်ပြီး ငုံ့ကြည့်လိုက်၏။ သူမ တစ်ခုခုပြောရန် ပြင်လိုက်စဥ် မန်ဟိုက ရုတ်တရက် ထရပ်သည်။
"ဇီယွင်ဂိုဏ်းမှာ ပြဿနာတစ်ခုခုရှိရင်" သူက ပြောသည်။ "မဟာအကြီးအကဲဆေးလုံးမိစ္ဆာနဲ့ တွေ့ခွင့်ရဖို့ အဲ့ဒီဆေးလုံးကို အသုံးပြုနိုင်တယ်။ သူ အဲ့ဒါကိုတွေ့ရင် မင်းဘယ်လိုအခြေအနေ ရောက်နေရောက်နေ ဖြေရှင်းပေးလိမ့်မယ်" မန်ဟိုက ပြုံးရင်း ပြောနေသော်လည်း သူ၏အသံမှာ လွမ်းဆွတ်နေသောအငွေ့အသက် ပါဝင်နေသည်။ ဟန်ရွှယ့်ရှန်းမှာမူ မျက်လုံးလေးပြူးကျယ်နေ၏။ သူ၏စကားလုံးများက သူမကို သူသည် တမင်တကာ လျှို့ဝှက်ဆန်းကြယ်သည့် ပုံဖမ်းနေသည်ဟု ခံစားရစေလေသည်။
"မဟာအကြီးအကဲဆေးလုံးမိစ္ဆာ ငါ့အကြောင်းမေးရင်....." သူ ပြီးဆုံးအောင်မပြောနိုင်ခင် ဟန်ရွှယ့်ရှန်းက ရုတ်တရက် ဝင်ပြော၏။
"နှင်းကျတိုင်း ကျွန်တော့်ကို သတိရပါလို့ ပြောလိုက်ပါ့မယ်"
မန်ဟိုက အံ့အားသင့်သွားသည်။ ထိုကဲ့သို့စကားအား ကြားရလျှင် ဖြစ်ပျက်သွားမည့် သူဆရာ့၏မျက်နှာအား စိတ်ကူးသာကြည့်နိုင်လေသည်။ သူ့မှာ အကျယ်ကြီး အော်မရယ်ဘဲ မနေနိုင်တော့ပေ။ ၄င်းမှာ ပျော်ရွှင်မှုတို့ ပြည့်နှက်နေသော ရယ်သံဖြစ်၏။ သူကလွဲ၍ ဘယ်သူမှ အဓိပ္ပါယ်ကို နားလည်လောက်သော်လည်း ၄င်းနှင့်ပတ်သက်၍ တစ်စုံတခုက လှပနေလေသည်။
မန်ဟိုက ဆက်ရယ်နေရင်း ကျောက်ပုံပေါ်မှဆင်းကာ လမ်းလျှောက်ထွက်သွားသည်။
သို့သော် သူ ခြေလှမ်းသုံးလှမ်းပင် မလှမ်းရသေးခင် မျက်နှာထားက ရိပ်ခနဲပြောင်းသွား၏။ ချက်ချင်းပင် သူက တဟုန်ထိုးပြေးသွားပြီး ဟန်ရွှယ့်ရှန်းကို ဆွဲကာ မြန်နှုန်းမြင့်သွေးအလင်းက ဖျတ်ခနဲလက်သွားသည်။
သူ ပျောက်ကွယ်သွားသည့်အခိုက်အတန့်မှာပင် အသံမဲ့သော အလင်းတန်းတစ်တန်းက ညအမှောင်ထုကို ခွင်း၍ စောစောက သူတို့ရပ်နေခဲ့သည့်နေရာသို့ ရောက်ချလာသည်။ ပေါက်ကွဲမှုမှ လှိုင်းတို့က မြေပြင်ကို တသိမ့်သိမ့် တုန်သွားစေ၏။ စောစောက မန်ဟို့နှင့် ဟန်ရွှယ့်ရှန်းရပ်နေခဲ့သော ကျောက်ပုံမှာ ပြာကျပြီး လေနှင့်အတူ လွင့်မျောသွားတော့သည်။
မန်ဟိုသည် အဝေးတစ်နေရာမှ ချဥ်းကပ်လာနေသော အလင်းတန်း တစ်တန်းပြီးတစ်တန်းကို ကြည့်ပြီး မျက်လုံးများ၌ အေးစက်သောအလင်းရောင် လက်သွားသည်။ သူက တွန့်ဆုတ်မနေဘဲ ဟန်ရွှယ့်ရှန်းကို ပွေ့၍ နောက်ဆုတ်လိုက်သည်။
ကျန်အေးခဲနှင်းမျိုးနွယ်ဝင်များ ချက်ချင်း နိုးသွားကြသည်။ အကြီးအကဲလေးဦး၊ ဟန်ရွှယ့်ပေါင်နှင့် ကျင့်ကြံသူနှစ်ရာကျော်လုံး အိပ်ရာမှ ခုန်ထွက်လိုက်၏။
"ဒီတော့ မင်းတို့က အေးခဲနှင်းမျိုးနွယ်စုကို အဆုံးထိ အမြစ်ဖြုတ်ပစ်ချင်နေတာပေါ့လေ" ဟန်ရွှယ့်ပေါင်က ဒေါသတကြီးပြောသည်။ သူ့မှာ ကျင့်ကြံခြင်းအခြေခံ ကျဆင်းသွားခဲ့၍ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် အစွမ်းထက်ပညာရှင်တစ်ဦးမဟုတ်တော့ပေ။ ယခုတွင် သူသည် အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်စွမ်းအားကိုသာ အသုံးပြုနိုင်တော့၏။ သူက စကားပြောရင်း မြေကြီးအပေါ်သို့ ခြေဆောင့်နင်းချလိုက်သည်။
မြေပြင်ကား သိမ့်ခနဲ တုန်သွားပြီး အက်ကြောင်းများ အဘက်ဘက်သို့ မြွေလိမ်မြွေကောက် ပျံ့နှံ့သွားသည်။ ဆူးမြို့ရိုးအကာအကွယ် ထိုးထွက်လာသဖြင့် မြေကြီးသည် ဖွားခနဲ လွင့်စင်သွားလေသည်။ ကြောက်မက်ဖွယ်ရာ ဆူးလက်တံကြီးများက အရပ်မျက်နှာအနှံ့သို့ တဟုန်ထိုး ထွက်သွားကြပြီး ထစ်ချုန်းသံကြီးတစ်သံ လေတွင်ပြည့်နှက်သွားလေသည်။
ဆူးမြို့ရိုးပေါ်လာသည်နှင့် အပြင်ဘက်နှင်းတောထဲ၌ ကျင့်ကြံသူတစ်ထောင်အား မြင်သာလာသည်။ ဤလူတစ်ထောင်အဖွဲ့ထဲတွင် အခြားသူများထက် အဆများစွာပို၍ အစွမ်းထက်ပုံရသော လူရှစ်ယောက်ရှိ၏။ မည်သည့်ဆီးနှင်းမှ သူတို့၏ခန္ဓာကိုယ်အပေါ် ကျရောက်ခြင်းမရှိပေ။ ၄င်းတို့ သူတို့အနားရောက်သွားနှင့်တစ်ပြိုင်နက် ဖျက်စီးခံလိုက်ရသည်သာ။
ဤရှစ်ယောက်သည် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများဖြစ်၏။ သူတို့ထဲက ခြောက်ယောက်မှာ အနောက်ပိုင်းသဲကန္တာရမှဖြစ်ပြီး ကျန်နှစ်ယောက်က အနက်ရောင်နယ်မြေနန်းတော်မှဖြစ်သည်။ ကြည့်ရသရွေ့ ဤအေးခဲနှင်းမျိုးနွယ်စုအပေါ် လုပ်ကြံမှုအား အနောက်ပိုင်းသဲကန္တာရမှ ဦးဆောင်ခြင်းဖြစ်ပုံထောက်သည်။
စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ ဇီဝန်ချုပ်စွမ်းအားကြီးမှာ ရက်ပိုင်းလေးနှင့် မေ့ဖျောက်၍ရနိုင်သည့် အရာမဟုတ်ပေ။ ဤလူများကား အခြေအနေအစစ်အမှန်ကို သိသည့်အတွက်ကြောင့် အေးခဲနှင်းမျိုးနွယ်စုကို သေချာပေါက် တိုက်ခိုက်ရဲခြင်းဖြစ်သည်။
ပေါက်ကွဲသံများ ဆူညံသွားသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ ရှစ်ယောက်နဲ့အတူ လိုက်ပါလာသော ကျင့်ကြံသူတစ်ထောင်သည် မှော်ပညာရပ်များနှင့် နတ်ဘုရားစွမ်းရည်များကို အသုံးပြုရင်း ဆူးမြို့ရိုးကို အဆက်မပြတ်တိုက်ခိုက်နေ၏။
မြေကြီးသည် တုန်ခါနေပြီး အေးခဲနှင်းမျိုးနွယ် ကျင့်ကြံသူများမှာ တိတ်ဆိတ်စွာ ရပ်နေကြရင်း မျက်စိမျက်နှာပျက်နေကြသည်။
"ဒီလောက်မြန်မြန်ရောက်လာတာ အံ့သြစရာမရှိဘူး" ဟန်ရွှယ့်ပေါင်၏ အကြည့်သည့် တခြားဘယ်သူမှ မမြင်ရသည့် အဝေးတစ်နေရာအပေါ် ကျရောက်သွားသည်။ "ဒီကောင်တွေ အနောက်ပိုင်းသဲကန္တာရရဲ့ ကြယ်နက္ခတ်မျိုးနွယ်စု နိမိတ်ဖတ်ပေးတာကနေ အကျိုးအမြတ်ရနေတာပဲ"
မန်ဟိုသည် ဟန်ရွှယ့်ရှန်းကို ခပ်တင်းတင်းပွေ့၍ ချဥ်းကပ်လာ၏။ ဟန်ရွှယ့်ပေါင်၏ စကားကြားသောအခါ သူက ဆူးပင်များအကြားမှ အပြင်ရှိ နှင်းမုန်တိုင်းအတွင်းသို့ လှမ်းကြည့်လိုက်သည်။ တခဏကြာသော် သူက ညာမျက်လုံးကို ခုနစ်ကြိမ်ခတ်လိုက်၏။ ချက်ချင်းပင် သူ၏မြင်ကွင်း ပြောင်းလဲသွားသည်။ အရာအားလုံးသည် အဖြူအမည်းဖြစ်လာ၏။ တစ်ချိန်တည်းမှာပင် နှင်းမုန်တိုင်း၏အပြင်တွင် မန်ဟိုသည် ယခင်ကဆိုလျှင် မြင်နိုင်ခဲ့မည်မဟုတ်သော ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်သည်။
၄င်းသည် ခေါင်းစွပ်မျက်နှာဖုံးဝတ်ထားသည့် အဖြူရောင်ဝတ်ရုံနှင့် လူတစ်ယောက်ဖြစ်၏။ လှိုင်းများက သူ၏လက်မှ ဖြာထွက်နေပြီး သူ့အရှေ့တွင် လွင့်မျောနေသည့်အရာမှာ နောက်ကျိကျိရေများ ဘောင်ဘင်ခတ်နေသော အနက်ရောင်ဖလားတစ်ခုပင်။ ၄င်းမှာ မှော်ပညာတစ်မျိုးမျိုးဖြစ်ဟန်တူ၏။
မန်ဟို လှမ်းကြည့်လိုက်သည့်အခိုက်အတန့်၌ အဖြူရောင်ဝတ်ရုံနှင့်လူလည်း အာရုံရသွားပုံပေါ်သည်။ သူက ခေါင်းမော့ပြီး မန်ဟို့ကို စူးစူးစိုက်စိုက် ကြည့်၏။ မန်ဟိုစိတ်နှလုံးတုန်ရီသွားလေသည်။ သူမြင်လိုက်သည့်အရာကား သူငယ်အိမ်နှစ်ခုနှင့် မျက်လုံးများပင်။
တစ်စုံတစ်ခုက သူ၏နှလုံးသားကို ကုတ်ခြစ်နေသကဲ့သို့ ခံစားလိုက်ရသဖြင့် အသုံးပြုနေသည့်ပညာရပ်ကို ချက်ချင်း ရပ်လိုက်ရသည်။ သူ၏မြင်ကွင်းမှာ ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။
"မင်းလည်း သူ့ကို မြင်ရလား" ဟန်ရွှယ့်ပေါင်က မန်ဟို့ကို လှမ်းကြည့်ပြီး ပြောသည်။
မန်ဟိုက ခေါင်းညိတ်ပြလိုက်၏။
"ကြယ်နက္ခတ်မျိုးနွယ်စုက အနောက်ပိုင်းသဲကန္တာရရဲ့ မဟာမျိုးနွယ်စုသုံးစုထဲက တစ်ခုပဲ။ သူတို့က နိမိတ်ဖတ်ရာမှာ တဖတ်ကမ်းခတ်ထူးချွန်ပြီး ညကောင်းကင်မှာရှိတဲ့ ကြယ်တွေအားလုံးက မိစ္ဆာတွေလို့ ယုံကြည်ကြတယ်"
သူစကားပြောပြီးပြီးချင်း ဟိန်းဟောက်သံတစ်သံ ကြားလိုက်ရသည်။ ဆူးမြို့ရိုး၏အပြင်ရှိ နှင်းမုန်တိုင်းထဲတွင် ဘီလူးကြီးသုံးကောင်ပေါ်လာ၏။ တစ်ကောင်စီသည် မီတာတစ်ရာ့ငါးဆယ်ကျော် မြင့်မားပြီး ၄င်းတို့ရွေ့လျားလာသည့်လမ်းတစ်လျှောက်ရှိ အရာအားလုံးကို တုန်ခါနေစေသည်။ သူတို့က ဧရာမတင်းပုတ်ကြီးများကို ကိုင်ရင်း ရှေ့သို့ ပြေးတက်လာကြသည်။
ကောင်းကင်ထက်တွင် ရေနဂါးအမြောက်အမြားပေါ်လာသဖြင့် နဂါးတွန်သံကြီးများ ကြားလိုက်ရသည်။
ခပ်ဝေးဝေးတွင် ဒုန်းဆိုင်းနှင်လာနေကြသော စစ်ရထားများကို မြင်နိုင်လေသည်။ မှော်စွမ်းအင်များအပြင် မှော်ပစ္စည်းများက အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူရှစ်ယောက်ကို လှည့်ပတ်နေသည်။
"အပြင်ကို လျစ်လျူရှုထားကြ၊ မန္တန်အသက်သွင်းဖို့သာ အာရုံစိုက်" ဟန်ရွှယ့်ပေါင်၏ သြဇာပြည့်နေသောအသံကြီး ပဲ့တင်ထပ်နေစဥ် အေးခဲနှင်းမျိုးနွယ်စု အကြီးအကဲလေးဦးနှင့်အတူ မျိုးနွယ်ဝင်များသည် သူတို့၏ခြေထောက်အောက်ရှိ မန္တန်ကို ခေါင်းငုံ့ကြည့်လိုက်ကြသည်။
ဆူးမြို့ရိုးမှာ တုန်ရီလာပြီး တစစီပဲ့ကျလာလေသည်။ ၄င်းမှာ ဤကဲ့သို့သော စုပေါင်းတိုက်ကွက်အား အချိန်ကြာကြာ တောင်ခံထားနိုင်သည့်ပုံမပေါ်ပေ။
ဟန်ရွှယ်ရှန်းပါးစပ်မှ ဟင်းခနဲ သက်ပြင်းချသံထွက်လာသည်။ သူသည် ညာလက်ကိုဝှေ့ယမ်းရင်း ဆူးမြို့ရိုးသစ်စေ့နောက်တစ်စေ့ကို ဓာတ်ကူပေးလိုက်ရာ ၄င်းက သူတို့ကို ကာကွယ်ရန် ကြီးထွားလာလေသည်။
"ကြယ်နက္ခတ်မျိုးနွယ်ဝင်တစ်ယောက်ရှိနေတာ ဆိုးလွန်းတယ်။ သူက ဆူးမြို့ရိုးရဲ့စွမ်းအားကို တကယ်ကြီး ဖိနှိပ်နေတာပဲ" စိုးရိမ်ပူပန်မှုတို့က ဟန်ရွှယ့်ပေါင်၏မျက်နှာကို ဖုံးလွှမ်းနေသည်။ သို့သော် ဤအခိုက်တွင် ရုတ်တရက် ခြေထောက်အောက်မှ တောက်ပသောအလင်းရောင်တစ်ခု ဖြာထွက်လာသည်။
"အသက်ဝင်နေပြီ ခေါင်းဆောင်ကြီး မန္တန်အသက်ဝင်နေပြီ" အေးခဲနှင်းမျိုးနွယ်ဝင်များအကြားမှ ဝမ်းသာအားရအော်ဟစ်သံများ ထွက်လာသည်။
မန်ဟိုက နောက်လှည့်ကြည့်လိုက်ရာ စူးရှတောက်ပလာနေသော မန္တန်၏အလင်းရောင်ကို မြင်လိုက်သည်။ ကြည့်ရသရွေ့ ၄င်းသည် အချိန်တိုအတွင်း အပြည့်အဝအသက်ဝင်တော့မည်ဖြစ်သည်။
အေးခဲနှင်းမျိုးနွယ်ဝင်များမှာ စိတ်လှုပ်ရှားလာနေကြ၏။ သို့ရာတွင် ဤအခိုက်အတန့်၌ ရုတ်တရက် ပေါက်ကွဲသံအကျယ်ကြီး မြည်ဟည်းသွားသည်။ လူတိုင်း၏အာရုံက အဝေးရှိတစ်နေရာသို့ ကျရောက်သွားသည်။ ရန်သူအဖွဲ့၏ မှော်ပညာရပ်များ၊ မှော်ပစ္စည်းအားလုံးက အတူတကွစုပေါင်းပြီး ကြယ်တစ်လုံးအသွင်ရှိသော ဇီဝိန်ခြွေအလင်းရောင်ကို ဖန်တီးလိုက်သည်။ ၄င်းသည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် တဟုန်ထိုးပြေးဝင်လာပြီး ဆူးမြို့ရိုးကို ဝင်တိုက်ကာ တစစီဖျက်စီးပစ်လိုက်၏။
ဟန်ရွှယ့်ပေါင်က ငြီးတွားလိုက်သည်။ သူ၏ညာလက်သည် လေပေါ်မြောက်တက်သွားပြီး ဆူးမြို့ရိုးအား နောက်တစ်ဖန် ပြန်ဖြစ်ပေါ်စေလိုက်သည်။ သူက ရှေ့သို့ပြေးတက်သွားပြီး မုဒြာလက်ကွက်ဖော်ကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ မုန်တိုင်းတစ်လုံးက ဇီဝန်ခြွေကြယ်အလင်းကို ဝုန်းခနဲ ဝင်တိုက်ကာ ဖျက်စီးပစ်လိုက်၏။ ဟန်ရွှယ့်ပေါင်၏ပါးစပ်မှ သွေးတို့ပန်းထွက်သွားပြီး နောက်သို့ ယိမ်းယိုင်သွားသည်။ သူ့မှာ ခြေကုန်လက်ပန်းကျနေလေပြီ။
"ခေါင်းဆောင်ကြီး" စိုးရိမ်ပူပန်မှုနှင့် နာကြည်းမှုတို့က အေးခဲနှင်းမျိုးနွယ်ဝင်များ၏ မျက်နှာအပေါ်တွင် ထင်ဟပ်နေသည်။ ဟန်ရွှယ့်ရှန်းသည် နှုတ်ခမ်းလေးကို ကိုက်ထားပြီး မျက်နှာလေးဖြူဆုပ်နေ၏။ သူမသည် ဤဖြစ်ရပ်အားလုံးကြုံတွေ့ရပြီးနောက်တွင် မကြောက်တော့ဘဲ စိုးသာစိုးရိမ်နေမိလေသည်။
မန်ဟိုက ဘာမှမပြောပေ။ သူသည် ဖြာထွက်လာသည့် မိုးသောက်နေ၏ လင်းရောင်ခြည်တို့နှင့် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများကို ကြည့်လိုက်သည်။ သူ အဝေးသို့ လှမ်းကြည့်လိုက်စဥ် သူ၏မျက်ဝန်းများ၌ ထူးဆန်းသောအလင်းရောင်တစ်ခု ဖျတ်ခနဲ လက်သွား၏။
"ငါတွက်ချက်တာ မှန်တယ်ဆိုရင် အခု... " သူသည် အဝေး၌ တဖွေးဖွေးလှုပ်နေသော မြူထုကြီးတစ်ခုကို မြင်လိုက်သဖြင့် ရင်တဒိန်းဒိန်း ခုန်လာတော့သည်။
"သခင်ငါးကို ယုံကြည် ထာဝရဘဝရမည်.... ဘယ်ကို သုံးပတ်၊ ညာကို သုံးပတ် ၊ ဖင်လေးတွေ လှုပ်လိုက်" ထိုအသံ ပျံ့လွင့်လာသည့်အခါတွင်တော့ မန်ဟို့၏မျက်နှာပေါ်၌ ထူးဆန်းသောအပြုံးတစ်ခု ဖြစ်ထွန်းသွား၏။ နောက်ဆုံးတော့ သူ့မှာ တဟားဟားအော်ရယ်လိုက်တော့သည်။
***