← Chapters

မျက်လုံးမရှိသော်လည်း အသံမမဲ့

Vol. 28 Ch. 382

မျက်လုံးမရှိသော်လည်း အသံမမဲ့

Vol. 28 Ch. 382

"သခင်ငါးကို ယုံကြည် ၊ ထာဝရဘဝရမည်။ သခင်ငါးပေါ်လာ ဘယ်သူရန်ဖြစ်ရဲမှာ

"ဘယ်ကို သုံးပတ် ၊ ညာကို သုံးပတ် ၊ ဖင်လေးတွေ လှုပ်လိုက်....... အင်မိုတယ်ကွပ်မျက်ခြင်းမန္တန်အစီအရင် ကြည့်လိုက်"

မိုးထစ်ချုန်းသံကဲ့သို့ အသံကြီးသည် တစတစကျယ်လောင်လာ၏။ အဝေးတွင် ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းနေသည့် တလိပ်လိပ်ထနေသော မြူထုကြီးအား မြင်နိုင်လေသည်။ အဆိုပါ ဖွေးဖွေးလှုပ်နေသော မြူများအတွင်းတွင် ဧရာမအရိပ်ကြီးများသည် ထူးဆန်းသောကိုယ်ဟန်အနေအထားများအသွင် လိမ်ဖယ်ရှုံ့တွရင်း ဟိုဟိုသည်သည်ပြေးလွှားနေကြ၏။ အသံကြီးက မြည်ဟည်းနေပြီး အရိပ်များပြေးလွှားနေစဉ် မြူထုထံမှ မယုံကြည်နိုင်ဖွယ်စွမ်းအားတစ်ရပ်ကို ထုတ်လွှတ်နေ၏။ အဆိုပါ မြင်ကွင်းတစ်ခုလုံးအပေါ် အကြည့်ရောက်သွားသည့်မည်သူမဆို ဆွံ့အမှင်သက်သွားမည် ဖြစ်လေသည်။

လူငါးထောင်ကျော် ပြေးလွှားနေခြင်းက အရာအားလုံးကို တုန်ခါနေစေသည်။ တထောင်းထောင်းထနေသော မြူများက ကောင်းကင်နှင့်မြေပြင်ကိုပင် ပိုင်းခြားပစ်တော့မည့်အလား အကုန်လုံးအပေါ် သက်ရောက်နိုင်ပုံရသည်။ ပြေးနေသောလူငါးထောင်၏အရှေ့တွင်ကား ရောင်စုံကြက်တူရွေးတစ်ကောင်။ ၄င်း၏ စူးစူးဝါးဝါးအော်သံများက ဆူညံနေပြီး ၄င်း၏ပုံစံမှာ မောက်မာထောက်လွှားမှု၏ပြယုဂ် ဖြစ်သည်။

"လာကြ လာကြ သခင်ငါးအတွက် ကျယ်ကျယ်လေးအော်မယ်"

ဤမြင်ကွင်းကြီးက အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်ထောင်ကို လုံးလုံးလျားလျား တုန်လှုပ်သွားစေသည်။ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူရှစ်ယောက်မှာ ထူးဆန်းသောလူများနှင့် ငှက်ကို တအံ့တသြကြည့်နေကြသည်။

ကြယ်နက္ခတ်မျိုးနွယ်စုမှ အဖြူရောင်ဝတ်ရုံနှင့်ကျင့်ကြံသူ၏အရှေ့ရှိ ဖလားမှာ ရုတ်တရက် တုန်ရီလာသည်။ သူ ၄င်းကို မော့ကြည့်လိုက်စဉ် နောက်ကျိကျိရေများ စတင်လျှံကျလာလေသည်။

ဆူးမြို့ရိုးအတွင်းရှိ အေးခဲနှင်းမျိုးနွယ်ဝင်များအတွက်မူ သူတို့၏ခြေထောက်အောက်ရှိ မန္တန်မှ အလင်းရောင်သည် ပိုပို၍တောက်ပလာ၏။ သို့ရာတွင် ကျင့်ကြံသူနှစ်ရာကျော်မှာ ပင့်သက်မရှိုက်မိဘဲ မနေပေ။ ထိုမြင်ကွင်းကြောင့် သူတို့၏ဦးရေပြားများ ထုံကျင်လာပြီး သူတို့အားလုံးမှာ တွေတွေကြီးကြည့်နေရုံသာ တတ်နိုင်တော့၏။

အကြီးအကဲလေးဦးသာမက ဟန်ရွှယ့်ပေါင်လည်း ပါးစပ်အဟောင်းသား ဖြစ်နေသည်။ ဟန်ရွှယ့်ရှန်းသည် မယုံနိုင်သောမျက်နှာထားလေးဖြင့် ပါးစပ်ကလေးဟလျက် ကြည့်နေ၏။

ဆူးမြို့ရိုး၏အပြင်ဘက်ရှိ အနောက်ပိုင်းသဲကန္တာရအဖွဲ့ကြားမှ အနက်ရောင်နယ်မြေကျင့်ကြံသူတချို့မှာ တုန်ရီနေသောအသံများဖြင့် အော်ဟစ်လိုက်ကြသည်။

"အဲ့ဒါ.... ရွှေအလင်းဘုရားကျောင်းတော်က သခင်ငါးရဲ့ မန္တန်အစီအရင်ကြီးမဟုတ်လား"

အဆိုပါစကားက ဤထူးဆန်းသောမြင်ကွင်းကြီးသည် မည်သည့်အရာဖြစ်ကြောင်း လူအများအား ချက်ချင်းသဘောပေါက်သွားစေသည်။

"ရွှေအလင်းဘုရားကျောင်း ခေါင်းဆောင်ကြီးရွှေအလင်း"

ဆူးမြို့ရိုးအတွင်းတွင် အေးခဲနှင်းမျိုးနွယ်ဝင်များမှာ အပြင်မှအသံများ သူတို့၏ နားထဲ ဝင်ရောက်လာသဖြင့် အသက်ရှူသံများ မြန်လာကြလေသည်။ သူတို့တုံ့ပြန်ရန်  အချိန်သိပ်မကြာလိုက်ပေ။ ရုတ်တရက် ကျင့်ကြံသူတချို့၏ စကားသံများ ထွက်လာသည်။

"သူတို့က ရွှေအလင်းဘုရားကျောင်းက လာတာပဲဟ"

ရွှေအလင်းဘုရားကျောင်းဆိုသော နာမည်သည် မကြာသေးမီက အနက်ရောင်နယ်မြေအတွင်း၌ ထွန်းတောက်ကျော်ကြားလာခဲ့ပြီး ခေါင်းဆောင်ကြီးရွှေအလင်းနှင့်ပတ်သက်သည့် ဇာတ်လမ်းများမှာ လျှို့ဝှက်ဆန်းကြယ်၍ စိတ်ဝင်စားစရာကောင်းလေသည်။ ယခု မြင်နေရသည့််အရာက သူတို့၏စိတ်နှလုံးကို တုန်လှုပ်သွားစေတော့သည်။

ကျင့်ကြံသူတစ်ယောက်မှ သူတို့ ဤနေရာသို့ ဘာကြောင့်ရောက်လာသည်လဲ မသိကြပေ။ မန်ဟိုသည် မကြာသေးမီက ရွှေအလင်းဘုရားကျောင်းကြောင့် ရရှိခဲ့သော အောင်မြင်ကျော်ကြားမှုကို တွေးမိလိုက်သဖြင့် ချောင်းဟန့်လိုက်သည်။ သူက ချဉ်းကပ်လာနေသည့် သူ၏နောက်လိုက်ကျင့်ကြံသူငါးထောင်အဖွဲ့ကို ကြည့်လိုက်၏။

"ရွှေအလင်းဘုရားကျောင်း" သူက အော်လိုက်သည်။ "အမိန့်နာခံစေ။ ဆူးမြို့ရိုးအပြင်က ရန်သူကျင့်ကြံသူတွေအားလုံးကို ဝိုင်းလိုက်" ရုတ်တရက် မျက်စိကျိန်းမတတ် ထွန်းလင်းတောက်ပနေသော အလင်းရောင်က သူ့ထံမှ ဖြာထွက်လာသည်။ ၄င်းကား သူ၏ရွှေအမြုတေအလင်းမှတစ်ပါး အခြားမဟုတ်ပေ။ ၄င်းသည် သူ၏ပတ်ပတ်လည်ရှိ အရာရာတိုင်းကို ရွှေရောင်အလင်းဖြင့် ပက်ဖြန်းရင်း သူ့ကို လှည့်ပတ်နေ၏။ အနီးနားရှိ မည်သူမဆို ပြတ်ပြတ်သားသား မမြင်ဘဲ မနေပေ။

သူ၏အသံ ဟိန်းထွက်သွားပြီး ရွှေအလင်းရောင်တို့ ဖြာထွက်လာစဥ် သူ့ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံး သူ့ကိုလှည့်ကြည့်လိုက်ကြသည်။

အကြီးအကဲလေးဦး မျက်လုံးပြူးနေပြီး ဟန်ရွှယ့်ပေါင်ပင်လျှင် သူ့ကို လေးလေးနက်နက်ကြည့်နေ၏ ။

သူတို့ သူ့ကို စိုက်ကြည့်နေကြသည့်အချိန်မှာပင် ကျင့်ကြံသူငါးထောင်က ချဥ်းကပ်လာနေကြသည်။ မန်ဟို့အသံကြားပြီး ရွှေအလင်းရောင်အား မြင်သောအခါ သူတို့၏အသံများက အံ့သြတုန်လှုပ်ဖွယ်ရာ အသံကြီးအဖြစ် စုပေါင်းသွား၏။

"ခေါင်းဆောင်ကြီးရဲ့ အမိန့်ကို သေသည်အထိ နာခံပါ့မယ်" ငါးထောင်သောလူတို့၏ အသံကြီးသည် ရပ်တန့်ခြင်းမရှိ ပဲ့တင်ထပ်နေတော့သည်။ ကျင့်ကြံသူငါးထောင် ရန်သူများအား ဝိုင်းရန် ပြေးနေကြစဥ် တလိပ်လိပ်ထနေသော မြူထုက သူတို့အနောက်မှ လိုက်ပါသွားလေသည်။ ကြောက်ခမန်းလိလိ ထစ်ချုန်းသံများက သူတို့ပြေးလွှားနေသည်ကို အဖော်ပြုပေးနေ၏။ ခေါင်းအထက်ရှိ ကောင်းကင်သည် မီးခိုးရောင်သမ်းလာပြီး မြေကြီးကား တသိမ့်သိမ့်တုန်နေတော့သည်။ မြူတစ်လွှာပေါ်တစ်လွှာ ရစ်သိုင်းနေပြီး ၄င်းတို့အတွင်းတွင် ကောင်းကင်စစ်သည်တော်များအသွင်ဆောင်နေသော ဧရာမတစ္ဆေကြီးများအား မြင်နိုင်သည်။

သို့သော်....  သူတို့၏ကိုယ်ဟန်အနေအထားများက ထူးဆန်းနေပြီး တင်ပါးများလှုပ်နေပုံက တစ်မျိုးကြီးဖြစ်သည် ။ ထိုအခြင်းအရာက ပုံရိပ်တစ်ခုလုံးကို ကြောင်တိကြောင်တောင်ဖြစ်နေစေ၏......

အဆိုပါမြင်ကွင်းက အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများနှင့် အေးခဲနှင်းမျိုးနွယ်ဝင်များအား မျက်လုံးပြူးသွားစေသည်။ သူတို့က ချာချာလည်နေရင်း မန်ဟို့ကို တွေတွေကြီး စိုက်ကြည့်နေကြ၏။ ဤအချိန်မှာမှ မန်ဟိုက မည်သူဖြစ်ကြောင်း သူတို့သဘောမပေါက်သေးလျှင် သစ်ငုတ်မှာ ဖင်ဆောင့်သာ သေလိုက်သင့်တော့သည်။

"မင်း.... မင်းက ခေါင်းဆောင်ကြီးရွှေအလင်းလား" အကြီးအကဲတစ်က မယုံနိုင်သလို မေးသည်။

အေးခဲနှင်းမျိုးနွယ်ကျင့်ကြံသူ တစ်ယောက်ပြီးတစ်ယောက် အသက်မနည်းရှူ၍ ခပ်တိုးတိုးရေရွတ်လိုက်ကြသည်။

"ခေါင်းဆောင်ကြီး ..... ရွှေအလင်းတဲ့လား"

"ခေါင်းဆောင်ကြီး ရွှေအလင်း"

အနက်ရောင်နယ်မြေဖရိုဖရဲဖြစ်နေသည့်ကြားမှ မကြာသေးမီက ရွှေအလင်းဘုရားကျောင်းဟူ၍ နာမည်ကျော်ကြားလာခဲ့သည်ကို သူတို့သိကြသည်။ ၄င်းက တုန်းလော့မြို့ကို သိမ်းပိုက်ခဲ့ရာ အနက်ရောင်နယ်မြေနန်းတော်အတွက် အတော်လေးခေါင်းခဲစရာ ဖြစ်စေခဲ့သည်။ ခေါင်းဆောင်ကြီးရွှေအလင်းသည် ပဟေဠိဆန်သောပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး သူ၏တပ်ဖွဲ့အင်အားက ငါးထောင်ရှိသည့်အပြင် အံ့သြတုန်လှုပ်ဖွယ် မန္တန်အစီအရင်တစ်ခုကိုလည်း ဖော်ဆောင်နိုင်ကြ၏။

အနက်ရောင်နယ်မြေတွင် ခေါင်းဆောင်ကြီးရွှေအလင်းဆိုသောနာမည် မကြားဖူးသူဟူ၍ မရှိပေ။ သူသည် နယ်မြေတစ်ခွင် ပြဲပြဲစင်အောင် ထင်ရှားကျော်ကြားလေသည်။

မန်ဟိုက အမှန်တွင် ခေါင်းဆောင်ကြီးရွှေအလင်းဖြစ်နေသည်ကို ဗြုန်းစားကြီး သိလိုက်ရသဖြင့် သူတို့မှာ မယုံနိုင်ဖြစ်နေကြတော့သည်။

ဟန်ရွှယ့်ရှန်းမှာ မျက်လုံးလေး ဝိုင်းစက်ပြူးကျယ်နေ၏။ မန်ဟို့မှာ လျှို့ဝှက်ချက်မည်မျှ ရှိနေသနည်း။ ဆေးဝါးတာအို၏ မဟာအကြီးအကဲအဖြစ် လုပ်ဆောင်နိုင်စွမ်းများ၊ ဆူးမြို့ရိုးကို ဓာတ်ကူပေးနိုင်သောစွမ်းအား၊ သို့မဟုတ် ခေါင်းဆောင်ကြီးရွှေအလင်းဆိုသော သရုပ်မှန်၊ မည်သည့်အရာဖြစ်စေ သူကား ဆက်တိုက် အံ့သြပြီးရင်း အံ့သြနေစေလေသည်။

ဟန်ရွှယ့်ပေါင်က မန်ဟို့ကို အလေးအနက် စိုက်ကြည့်နေပြီးနောက် လက်ယှက်၍ အရိုအသေပေးသည်။

သူအရိုအသေပေးသည်ကို မြင်သော် အကြီးအကဲလေးဦးနှင့် အေးခဲနှင်းမျိုးနွယ်ဝင်များအားလုံး ချက်ချင်း မန်ဟို့ကို ခါးကိုင်းအရိုအသေပေးလိုက်ကြသည်။

"စီနီယာကြီး" မန်ဟိုက ပြောသည်။ "မလိုပါဘူးဗျာ ရပါတယ်" ဤအရိုအသေပေးသောအပြုအမူ၏အဓိပ္ပါယ်ကို သူနားလည်လေသည်။ ၄င်းက အေးခဲနှင်းမျိုးနွယ်စုကို ကယ်တင်ပေးခြင်းအတွက် ကျေးဇူးတင်ခြင်းဖြစ်သည်။

ပေါက်ကွဲသံများက တဖွေးဖွေးလှုပ်နေသောမြူအတွင်းမှ တရစပ်မြည်ဟည်းနေသည်။ သူတို့ခြေထောက်အောက်ရှိ မန္တန်အလင်းရောင်မှာလည်း ပိုပို၍တောက်ပလာလေပြီ။ သူတို့အနေဖြင့် အချိန်မရွေး နေရာရွှေ့ပြောင်းခံရတော့မည့်ပုံရသည်။

"အေးခဲနှင်းမျိုးနွယ်စုအနေနဲ့ မင်းရဲ့ကျေးဇူးကို အမြဲအမှတ်ရနေမှာပါ တာအိုရောင်ရင်း" ဟန်ရွှယ့်ပေါင်က ပြောသည်။ "ငါရော ငါ့ရဲ့နောင်လာနောက်သားတွေရော မင်းကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး" သူက မန်ဟို့ကို ကြည့်ရင်း ညာလက်ကို မြှောက်လိုက်ရာ ဆူးမြို့ရိုးအစေ့တစ်စေ့ ပျံထွက်လာသည်။ "အေးခဲနှင်းမျိုးနွယ်စုမှာ မင်းကို ကျေးဇူးပြန်ဆပ်ဖို့အတွက် ဘာမှမရှိဘူးဖြစ်နေတယ်။ ငါတို့ ဇီယွင်ဂိုဏ်းရောက်ရင် ဒီအစေ့က ငါတို့အတွက် သိပ်အသုံးမဝင်တော့ဘူး။ ဒါပေမဲ့ မင်း လျှောက်နေတဲ့ အန္တရာယ်အပြည့်နဲ့လမ်းအတွက်တော့ ဒါက အကာအကွယ်နည်းနည်းပါးပါးပေးနိုင်လိမ့်မှာပါ"

မန်ဟိုက မငြင်းပေ။ သူစဥ်းစားရသရွေ့ ဤအစေ့သည့် အလွန်အရေးပါ၏။ ၄င်းအား သူ၏နွယ်ပင်များကို ကျွေး၍ရသည့်အပြင် အသွင်ပြောင်းပညာရပ်တစ်မျိုးမျိုးအား ၄င်းအပေါ် အသုံးပြုရလျှင်ရလောက်သည်။ သူသည် ခေါင်းညိတ်ပြီး ၄င်းကို လက်ခံလိုက်၏။

"စီနီယာကြီးနဲ့ အေးခဲနှင်းမျိုးနွယ်စုရဲ့ တာအိုရောင်ရင်းတို့ ။ မန္တန်က အသက်ဝင်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ခင်ဗျားတို့ ထွက်သွားနိုင်အောင် ကျုပ် ဒီမှာ ကာကွယ်ပေးမယ်။ အကုန်လုံး ထွက်သွားပြီးတာနဲ့ ကျန်ရစ်ခဲ့မယ့် မန္တန်ဝင်ပေါက်ကို ကျုပ်ဖျက်စီးပစ်လိုက်မယ်။ ခင်ဗျားတို့အားလုံး... ခရီးလမ်းမှာ ဘေးမသီရန်မခဖြစ်ပါစေ" သူသည် အေးခဲနှင်းမျိုးနွယ်စုနှင့်အတူ နှစ်ဝက်ကျော်အတူနေခဲ့ရ၍ အတော်လေးရင်းနှီးခဲ့လေသည်။ ဤနေရာသို့ လာခဲ့ရသည့် သူ၏ရည်မှန်းချက်လည်း ပြည့်ဝပြီးဖြစ်ရာ ယခုတွင် နောက်ဆုံးကျေးဇူးပြန်ဆပ်ရုံသာ ရှိတော့၏။

ပေါက်ကွဲမှုများ အပြင်တွင် ဖြစ်ပွားနေသည်။ မြူအတွင်း၌ မရေမတွက်နိုင်သောအရိပ်များအား မြင်နိုင်ပြီး အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ၏ သွေးပျက်မတတ်အော်ဟစ်သံများ ဆူညံပွက်လောရိုက်နေလေသည်။ ဤအသံအားလုံးက အတူတကွ ပေါင်းစည်းပြီး နှုတ်ဆက်ခွဲခွာခြင်းတေးသံဖြစ်လာသည်။ မန်ဟိုသည် အေးခဲနှင်းမျိုးနွယ်ဝင်များကို လှည့်ကြည့်လိုက်သည်။ မျိုးနွယ်ဝင်များမှာ ပျောက်ကွယ်နေစဥ် မန်ဟို့ကို ပြန်ကြည့်ပြီး လက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးနေကြသည်။

ဤလူများကား သူစိမ်းမဟုတ်ပေ။ တစ်ဦးတစ်ယောက်ချင်းစီကို သူမှတ်မိ၏။ နာမည်များတော့ မသိသော်လည်း သူသည် သူတို့နှင့်အတူ မြို့အား လပေါင်းများစွာ ခုခံကာကွယ်ခဲ့ပြီး သူတို့ကို ကြိမ်ဖန်များစွာ ကယ်တင်ပေးခဲ့သည့်အတွက် ၄င်းက သွေးသောက်ရဲဘော်စိတ်ဓာတ်ကို မွေးဖွားပေးခဲ့လေသည်။

"မဟာအကြီးအကဲမန် ကျေးဇူးကို အမြဲသတိရနေပါ့မယ်"

"အတူပြန်ဆုံမယ့်တစ်နေ့ ရောက်လာလိမ့်လို့ မျှော်လင့်ပါတယ် မဟာအကြီးအကဲမန်"

"မဟာအကြီးအကဲမန်ရေ အစစအရာရာ ဂရုစိုက်နော်"

အေးခဲနှင်းမျိုးနွယ်ဝင်တစ်ယောက်ပြီးတစ်ယောက် နေရာရွှေ့ပြောင်းခြင်းမန္တန်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားကြသည်။ အကြီးအကဲလေးဦးက မန်ဟို့ကို ကြည့်ပြီး အရိုအသေပေး၏။ သူတို့ မန္တန်အတွင်း ဝင်ရောက် ပျောက်ကွယ်သွားကြစဥ် သူတို့၏မျက်နှာအမူအရာများမှာ အတော်လေး ဝမ်းနည်းကြေကွဲနေကြလေသည်။

ဟန်ရွှယ့်ရှန်းက မလှုပ်မယှက်ရပ်နေသည်။ သူမသည် အရိုအသေ မပေးသလို စကားလည်း မပြောပေ။ သူမမှာ သူ့ကို ကြည့်ရင်း မျက်ဝန်းအိမ်မှ စီးကျလာသည့် မျက်ရည်တို့ကို မတားဆီးနိုင်တော့ပေ။

သူတို့မှာ မန္တန်အစီအရင်ခြားလျက် တစ်ယောက်ကိုတစ်ယောက် ရပ်ကြည့်နေကြပြီး နှစ်ယောက်လုံး၏ မျက်လုံးထဲတွင် သူတို့၏ပုံရိပ်များ တဖြေးဖြေး ဝေဝါးလာသည်။

တစ်ကမ္ဘာလုံး မဝေဝါးသွားခင် ဟန်ရွှယ့်ရှန်းက အားတင်းပြီး မန်ဟို့၏ပျောက်ကွယ်နေသော ပုံရိပ်ကို လှမ်းပြောသည်။ "နှင်းကျတိုင်း နင် ငါ့အကြောင်းတွေးရမယ်"

သူမ မမြင်ရမှန်း သိသော်လည်း မန်ဟိုက ပြုံးပြီး ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။

ဟန်ရွှယ့်ပေါင်မှာ စိတ်မကောင်းဖြစ်သွားပြီး ခေါင်းခါလိုက်၏။ ယခုတွင် နေရာရွှေ့ပြောင်းခြင်းမန္တန်ထဲ မဝင်ရောက်ရသေးသော အေးခဲနှင်းမျိုးနွယ်ဝင်ဟူ၍ သူတစ်ယောက်သာ ကျန်တော့သည်။ သူသည် ပတ်ပတ်လည်ရှိ အပျက်အစီးများကို ကြည့်ပြီး ဒေါသတကြီးဟိန်းဟောက်သံများ၊ မချိတင်ကဲအော်များ ကြားနေရသည့် တဖွေးဖွေးလှုပ်နေသော မြူထုကို လှည့်ကြည့်လိုက်သည်။ ၄င်းတို့အားလုံးမှာ ရုတ်တရက် အလွန်အလှမ်းဝေးနေပုံရလေသည်။

"တောင်ပိုင်းဒေသကို မလိုက်ခဲ့ချင်တာ သေချာလား" သူက မန်ဟို့ကို စိတ်ချင်းဆက်သွယ်လိုက်သည်။

"လိုက်မရလို့ပါ။ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် စီနီယာကြီး။ လမ်းခရီးဖြောင့်ဖြူးပါစေ" သူက ခပ်ရေးရေးပြုံးရင်း လက်ယှက်၍ ပျောက်ကွယ်နေသော ဟန်ရွှယ့်ပေါင်ကို အရိုအသေပေးလိုက်သည်။

ဟန်ရွှယ့်ပေါင်က ဘာမှပြန်မပြောပေ။ သူသည် ပျောက်ကွယ်နေစဥ် မျက်လုံးများကို မှိတ်လိုက်၏။ မျက်စိကျိန်းမတတ် တောက်ပသော နေရာရွှေ့ပြောင်းခြင်းအလင်းရောင်တို့က ကောင်းကင်အထိ ထိုးတက်သွားပြီး လှိုင်းများအဖြစ် ဖြာထွက်ကာ ပျောက်ကွယ်သွားလေသည်။

မန်ဟိုက သူတို့ပျောက်ကွယ်သွားသည်ကို ကြည့်နေ၏။ တခဏကြာပြီးနောက် သူသည် ညာလက်ကို မန္တန်ဝင်ပေါက်ထံ ဝှေ့ရမ်းလိုက်သည်။ ဝုန်းခနဲအသံနှင့်အတူ ဝင်ပေါက်သည် အစိတ်စိတ်အမြွှာမြွှာဖြစ်ကာ ဘယ်တော့မှ ပြန်လည်တည်ဆောက်မရတော့သော ပြာဘဝရောက်သွားလေသည်။

သူက မြူထုကို လှည့်ကြည့်လိုက်၏။ ရုတ်တရက် ရောင်စုံအလင်းတန်းတစ်တန်း ပေါ်လာသည်။ ၄င်းသည် မန်ဟို့၏ပခုံးအပေါ်၌ နားလိုက်သော ကြက်တူရွေးဖြစ်သည်။ အသားဂျယ်လီကလည်း ဦးထုပ်ပုံစံဖြင့် နောက်မှလိုက်လာသည်။

နွယ်ပင်များက မြေကြီးကို ထိုးဖောက်၍ သူတို့ကို ဝန်းရံလိုက်သည်။ ယခုအချိန်တွင် မန်ဟို၏ပုံစံမှာ လုံးလုံးလျားလျား မိစ္ဆာဆန်နေတော့သည်။

ထိုစဥ် ရုတ်တရက် သိုလှောင်အိတ်ထဲမှ ဖောက်ခနဲ အက်ကွဲသံမျိုးကြားလိုက်သည်။ သူက ညာလက်ဖြင့် လက်ဖျောက်တီးလိုက်ရာ ပိုးအိမ်ပျံထွက်လာသည်။ ၄င်း၏မျက်နှာပြင်အပေါ်ရှိ အက်ကွဲကြောင်းများ ရုတ်တရက် ကွာကျသွားပြီး အဖြူရောင်ပိုးကောင်တစ်ကောင်ထွက်လာ၏။

ဤပိုးကောင်သည် နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေပြီး လက်သန်းအရွယ်ရှိသည်။ ၄င်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် သလင်းကျောက်သဖွယ် ကြည်လဲ့နေ၏။ အေးစိမ့်ခြင်းမရှိသော်လည်း ကောင်းကင်နှင့်မြေကြီးကို ကိုင်လှုပ်နိုင်စွမ်းရှိပုံပေါ်သော ထူးခြားဆန်းကြယ်သည့်စွမ်းအားတစ်ရပ်အား ထုတ်လွှတ်နေသည်။

မျက်လုံးမဲ့ပိုးကောင်

၄င်း၏ဗလာကျင်းနေသောမျက်လုံးများက အေးစိမ့်သောအလင်းရောင်ကို ထုတ်လွှတ်နေပြီး ၄င်းက ပိုးအိမ်ကို ခွဲထွက်လာစဥ် အရာအားလုံးကို ခါရမ်းသွားစေသော အသံတစ်သံပြုလိုက်၏။

ပိုးကောင်များက အသံမထွက်နိုင်သော်လည်း ဤ မျက်လုံးမဲ့ပိုးကောင်ကတော့ အသံထုတ်လွှတ်နိုင်သည်။

ဤအသံသည် ၄င်း၏ တစ်ဘဝလုံးမှ တစ်ကြိမ်သာ ထုတ်လွှတ်သည့် အသံတစ်သံဖြစ်သည်။

မျက်လုံးမဲ့ပိုးကောင် အော်လိုက်စဥ် အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ အရာအားလုံး တုန်လှုပ်သွားလေသည်။ အနက်ရောင်နယ်မြေ၊ တောင်ပိုင်းဒေသနှင့် အနောက်ပိုင်းသဲကန္တာရသာမက အရှေ့ဘက်နယ်မြေများပင် တသိမ့်သိမ့် တုန်လှုပ်သွား၏။

***

All Chapters