ထာဝရအသက်တစ်ရှိုက်
Vol. 28 Ch. 383
ပိုးကောင်များသည် အသံမထုတ်လွှတ်နိုင်ပေ။ သို့သော် ဤအခိုက်အတန့်တွင် သန္ဓေပြောင်း မျက်လုံးမဲ့ပိုးကောင်က အသံထွက်လိုက်လေသည်။ ဤသည်မှာ တစ်သက်မှတစ်ခါသာ ကြားရမည့် အသံတစ်သံဖြစ်သည်။
၄င်းကား ပိုးကောင်၏အသံပင်။
အသံထွက်လာသောအခါ မန်ဟို့၏နားနှစ်ဖက် အူသွားသည်။
ထိုအခိုက်အတန့်တွင် တစ်ကမ္ဘာလုံး တိတ်ဆိတ်ငြိမ်ကျသွားသည်..... မျက်လုံးမဲ့ပိုးကောင်သည် တစ်သက်မှ တစ်ကြိမ်သာ အသံထွက်ပြီး ထိုသို့ထွက်သည့်အခါ တစ်ကမ္ဘာလုံးကို တိတ်ဆိတ်သွားစေ၏။
ဤအသက်တစ်ရှိုက်အတွင်း မန်ဟို့ပတ်ပတ်လည်ရှိ လေ၊ ကောင်းကင်၊ မြေကြီး၊ လူများနှင့် အရာအားလုံး..... ငြိမ်သက်သွားသည်.....
ပြေးလွှားနေကြသော ကျင့်ကြံသူငါးထောင်၊ တထောင်းထောင်းထနေသော ဖုန်များ၊ မှော်ပညာရပ်များ၏ လှိုင်းဂယက်များ၊ ပတ်ဝန်းကျင်ရှိ အရာအားလုံး ငြိမ်သက်ရပ်တန့်သွား၏။ သက်ရောက်မှုကြီးက အနက်ရောင်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံရင်း ပျံ့နှံ့လာသည်။
၄င်းသည် အနောက်ပိုင်းသဲကန္တာရအထိ ပျံ့နှံ့ပြီး တောင်ပိုင်းဒေသကို ဖုံးလွှမ်းကာ နဂါးငွေ့တန်းပင်လယ်ကိုဖြတ်၍ အရှေ့ဘက်နယ်မြေသာမက မြောက်ပိုင်းသဲကန္တာရအထိပင် ဝင်ရောက်သွား၏။ ဤအခိုက်အတန့်တွင်..... အရာအားလုံး တိတ်ဆိတ်ငြိမ်ကျသွားလေပြီ။
ဤသည်မှာ ပကတိ တိတ်ဆိတ်သွားခြင်းဖြစ်၏။ အနုသုခုမရုပ်ခန္ဓာအဆင့် ၊ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ၊ တာအိုရှာဖွေခြင်းအဆင့်ပညာရှင်အားလုံး ထိုနည်းတူပင်။ ဤအခိုက်အတန့်တွင် တိတ်ဆိတ်နေမှုအတွင်း၌.... သူတို့အားလုံးဆီမှ အသက်တစ်ရှိုက် ခိုးယူခံလိုက်ရလေပြီ။
ဤခိုးယူမှုကား သတိပြုမိရန် မယုံနိုင်လောက်အောင် ခက်ခဲ၏။
၄င်းသည် မျက်လုံးမဲ့ပိုးကောင် ပေါ်ပေါက်လာသည့်အခိုက်အတန့်အား ထင်ရှားပေါ်လွင်စေသော သြဇာကြီးမားမှု၏ သရုပ်သကန်ဖြစ်သည်။ မျက်လုံးမဲ့ပိုးကောင်တွင် အသက်စွမ်းအားမရှိသောကြောင့် ခိုးယူရန် လိုလေသည်။ ၄င်းသည် ဝေနေယျသက်ရှိအားလုံးမှ အဓမ္မလုယက်လိုက်၏။ အချိန်စီးဆင်းမှုအတွင်း၌ တည်ရှိသော သက်ရှိအရာအားလုံးမှာ .... အသက်တစ်ရှိုက်ဆုံးရှုံးလိုက်ရလေပြီ။
အပင်များ၊ တိရစ္ဆာန်များ၊ သေမျိုး၊ ကျင့်ကြံသူများ .... အသက်ရှိသည့်အရာအားလုံး။ မည်သည့်အရာမဆို လှုပ်ရှားမှုမရှိ၊ ငြိမ်သက်နေပြီးနောက် အသက်တစ်ရှိုက်ဆုံးရှုံးသွားလေသည်။
အသက်တစ်ရှိုက်ဟူသည် သိပ်မများသော်လည်း တစ်ကမ္ဘာလုံးရှိ အရာခပ်သိမ်းကို ပေါင်းစည်းလိုက်ပါက နှစ်ပေါင်းအသင်္ချေသို့ ရောက်ရှိသွားပြီဖြစ်၏။
တောင်ပိုင်းဒေသတစ်ခုလုံး၊ အနောက်ပိုင်းသဲကန္တာရတစ်ခုလုံး၊ အရှေ့ဘက်နယ်မြေတစ်ခုလုံး၊ မြောက်ပိုင်းသဲကန္တာရတစ်ခုလုံး၌ အသက်တစ်ရှိုက် ခိုးယူခံလိုက်ရသည်ကို သတိထားမိသော အရာဟူ၍ မတည်ရှိပေ။ တာအိုရှာဖွေခြင်းအဆင့်၏ အထွတ်အထိပ်ရှိ ပညာရှင်များပင်လျှင် အသက်တစ်ရှိုက်ဆုံးရှုံးသွားခြင်းကိုသော်လည်းကောင်း ၊ ကမ္ဘာကြီး တိတ်ဆိတ်ငြိမ်သက်နေမှုကိုသော်လည်းကောင်း ဘယ်နည်းနှင့်မှ မသိရှိနိုင်ပေ။
အင်မိုတယ်များသာ သိရှိနိုင်၏။
အင်မိုတယ်များမှတစ်ပါး တခြားဘယ်သူမှ သတိမထားမိနိုင်ပေ။
သူတို့သည် ၄င်းကို အာရုံမခံနိုင်သော်လည်း ယခုတွင် သူတို့၏အသက်စွမ်းအားမှာ အသက်တစ်ရှိုက် လျော့နည်းသွားလေပြီ။ ကမ္ဘာကြီးတွင်နေထိုင်နိုင်သော သူတို့၏အချိန်ကား ကျဆင်းသွားခဲ့ပြီဖြစ်၏။ ကျင့်ကြံခြင်းအခြေခံအဆင့် မြင့်လေလေ၊ ဆုံးရှူံးမှုကြီးမားလေလေ ဖြစ်သည်။
ထိုအသက်တစ်ရှိုက်သည် မျက်လုံးမဲ့ပိုးကောင်နှင့် မန်ဟို့၏အပိုင်ဖြစ်လာ၏။
အရာအားလုံး မလှုပ်မယှက် ရပ်တန့်နေသည့်အတောအတွင်း တောင်ပိုင်းဒေသရှိ ပြန်လည်မွေးဖွားခြင်းဂူမှ ရုတ်တရက် လှိုင်းဂယက်များ ဖြာထွက်လာသည်။ ၄င်းတို့သည် လေထုအတွင်းသို့ ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သောချီမျှင်များဖြစ့် ဖွဲ့စည်းထားသော ပုံရိပ်တစ်ခုပေါ်လာသည်။ ၄င်းက အနက်ရောင်နယ်မြေကို လှမ်းကြည့်နေ၏။
"မျက်လုံးမဲ့ နတ်ပိုးကောင်...."
အနောက်ပိုင်းသဲကန္တာရရှိ လျှို့ဝှက်ဆန်းကြယ်သောတစ်နေရာတွင် အပျက်အစီးများပုံနေသော နေရာရှိသည်။ လွန်ခဲ့သောနှစ်ပေါင်းအသင်္ချေက ဤနေရာသည် ကောင်းကင်နှင့်မြေကြီးကို တသိမ့်သိမ့်တုန်လှုပ်စေနိုင်သော နာမည်တစ်ခုကို ပိုင်ဆိုင်ခဲ့လေသည်။ ၄င်းက..... အင်မိုတယ်ခြေလှမ်းတံတား ဟုခေါ်သည်။
ယခုတွင် ၄င်းမှာ အုတ်ပုံကြီးထက်မပိုတော့ပေ။ သို့ထိတိုင် ၄င်းသည် အနောက်ပိုင်းသဲကန္တာရရှိ အဆန်းကြယ်ဆုံးသောနေရာများထဲက တစ်နေရာဖြစ်သည်။
လောလောဆယ်တွင် အဆုံးမဲ့သောအပျက်အစီးအပိုင်းအစများကြား၌ မယုံနိုင်လောက်အောင် ရှေးဆန်သည့် အသံကြီးတစ်သံက သက်ပြင်းချလိုက်သည်။
"နတ်ပိုးကောင်ပေါ်လာပြီလား.... ဒါပေမဲ့ အရမ်းအားနည်းလွန်းသလိုပဲ...."
အရှေ့ဘက်နယ်မြေ၊ မြောက်ပိုင်းသဲကန္တာရ၊ နဂါးငွေ့တန်းပင်လယ်တို့တွင်လည်း ထိုနည်းတူပင်။ ခပ်မှိန်မှိန်အရှိန်အဝါတစ်ခု ပေါ်လာပြီးနောက် ပျောက်ကွယ်သွားလေသည်။
ဤတိတ်ဆိတ်ငြိမ်သက်နေသောအခိုက်အတန့်၌ နဂါးငွေ့တန်းပင်လယ်အထက်ရှိ ကောင်းကင်တွင် ဧရာမမျက်နှာကြီးတစ်ခု ဖျတ်ခနဲ ပေါ်လာသည်။
အနောက်ပိုင်းသဲကန္တာရအတွင်းရှိ တောင်တစ်လုံးတွင် အဘိုးကြီးတစ်ဦးသည် တောင်နှင့်မြစ်များပါရှိသည့် ပန်းချီကားတစ်ကား ထိုင်ဆွဲနေ၏။ ဤအခိုက်အတန့်တွင် သူ၏စုတ်တံက ရုတ်တရက် ရပ်သွားပြီး သူက ခေါင်းမော့လိုက်သည်။
"နတ်ပိုးကောင်နဲ့...အဲ့ဒီကလေး.... ဆိုတော့ သူတို့နှစ်ယောက် ကံကြွေးနဲ့ ပိတ်မိနေတာပဲ။ မင်းကို နောက်တစ်ခေါက် ကယ်တင်ရဦးမယ်ထင်ပါတယ်" သူသည် ခေါင်းခါရင်း စုတ်တံကို ဝှေ့ယမ်းလိုက်ရာ ဆေးတစ်စက်က မြေကြီးအပေါ်ကျသွားလေသည်။
ဤလူကား ရွှေတုန်းလျှိုဖြစ်၏။
တခဏကြာသော် အရှေ့ဘက်နယ်မြေ၌ ဆေးလုံးမိစ္ဆာနှင့် တိုက်ခိုက်ခဲ့သော ကျီမျိုးနွယ်စုမှ အဘိုးကြီးသည် ကောင်းကင်ရေကန်တွင် ငါးမျှားနေ၏။ ရုတ်တရက် ကြိုးက ဘန်းခနဲ တင်းသွားလေသည်။
သူ့မှာ သွေးတစ်လုပ်အန်လိုက်ရပြီး အံ့သြတုန်လှုပ်ခြင်းက သူ၏မျက်နှာတွင် ပြည့်နှက်သွားသည်။
"ဘာဖြစ်သွားတာလဲ"
နဂါးငွေ့တန်းပင်လယ်ထဲတွင် ရိုက်ခတ်လှုပ်ရှားနေသည့် လှိုင်းများအကြား၌ မျောနေသော ကျွန်းတစ်ကျွန်းရှိသည်။ နိုင်ငံတစ်ခုလုံးသည် ထိုကျွန်းအပေါ်၌ တည်ရှိနေ၏။ ထိုနေရာတွင် တောင်တန်းများ၊ မြောက်ပင်လယ်၊ ယွင်ကျဲစီရင်စုနှင့် ကျင့်ကြံသူများရှိသည်။ မှန်ပါသည် ၄င်းကား ကျိုးပြည်ပင်။
မျောနေသောကျွန်းကား မှီခိုရာဂိုဏ်းချုပ်မှတစ်ပါး အခြားမဟုတ်ပေ။
ကမ္ဘာကြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားစဥ် တစ်ကျွန်းလုံး တုန်ခါသွား၏။ ကျွန်း၏အဆုံးတွင် ဧရာမခေါင်းကြီးတစ်ခေါင်းက ရုတ်တရက် အခွံထဲမှ ပြူထွက်လာပြီး ကောင်းကင်သို့ တအံ့တသြ မော့ကြည့်လိုက်သည်။
တောင်ကောင်းကင်ဂြိုဟ်တစ်ခုလုံး၌ ဤကဲ့သို့အရာများ နေရာအသီးသီး၌ ဖြစ်ပျက်သွားခဲ့လေသည်။
အနက်ရောင်နယ်မြေတွင် မန်ဟိုသည် သူ၏လက်ဝါးပေါ်ရှိ မျက်လုံးမဲ့ပိုးကောင်ကို ငေးကြည့်ရင်း အသက်ပြင်းပြင်းရှူနေမိ၏။ အေးခဲနှင်းပိုးကောင်အား အစာကျွေးခဲ့တုန်းက ၄င်းသည် လုံးဝသာမန်သာ ဖြစ်ခဲ့သည်။ သို့သော် ယခုတော့ ရုတ်တရက်ကြီး မန်ဟို့၏ရင်ထဲ၌ အကြောက်တရားများပြည့်နှက်လာတော့သည်။
သူသည် မျက်လုံးမဲ့ပိုးကောင်ဖန်တီးပုံနှင့် စပ်လျဥ်း၍ အထပ်ထပ်စုံစမ်းခြင်းဖြင့် အချက်အလက်များ စုဆောင်းရရှိခဲ့သည်။ မည်သည့်အပိုင်းက အမှန်လား အမှားလား မဆုံးဖြတ်တတ်သော်လည်း ကိုးဆယ်ရာခိုင်နှုန်းမှန်ပြီး ဆယ်ရာခိုင်နှုန်းက မှားသည်ကိုတော့ သူသိသည်။
ထို့ကြောင့် သူအနေဖြင့် အရာအားလုံးကို ဂရုတစိုက် ဆောင်ရွက်ခဲ့ခြင်းဖြစ်လေသည်။
သို့သော် သူ့ကို သတင်းပေးခဲ့သော အနက်ရောင်နယ်မြေကျင့်ကြံသူပင်လျှင် မျက်လုံးမဲ့ပိုးကောင်က ပေါ်ထွက်လာသည့်အချိန်၌ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိရှိခဲ့မည်မဟုတ်ပေ။
အမှန်တွင် သူမသိအောင် တမင်ထိမ်ချန်ထားခဲ့သည့် အကြောင်းအရာတစ်ခုမှာ မျက်လုံးမဲ့ပိုးကောင်ပေါ်ထွက်လာဖို့အတွက် စိတ်ကူးမရနိုင်လောက်အောင် များပြားသော ပိုးစာမိုးကြိုးသစ်ရွက်များ လိုအပ်သည့်အချက်ဖြစ်သည်။ တကယ်တမ်း တောင်ကောင်းကင်ဂြိုဟ် တစ်ဂြိုဟ်လုံးရှိ ပိုးစာမိုးကြိုးသစ်ရွက်များနှင့်ပင် လောက်မည်မဟုတ်ပေ။
မန်ဟိုက မျက်လုံးမဲ့ပိုးကောင်တစ်ကောင်အား အမှန်တကယ် သန္ဓေပြောင်းနိုင်ခဲ့မည်ဟူ၍ မည်သူတွေးနိုင်ခဲ့မည်နည်း။
၄င်းမှာ တကယ်တမ်း မဖြစ်နိုင်သောအရာတစ်ခုဖြစ်လေသည်။
အမှန်မှာ အေးခဲနှင်းပိုးကောင်တစ်ကောင် ပိုးစာမိုးကြိုးသစ်ရွက်တစ်ရွက် စစားသည်နှင့် အတိုင်းအတာတစ်ခုအထိ ဆက်အကျွေးမခံရလျှင် ကြောက်မက်ဖွယ် ဖျက်စီးခြင်းအားကြီးတစ်ရပ်ဖြင့် ပေါက်ကွဲသွားပေလိမ့်မည်။ ထွက်ပေါ်လာသော အားသည် အချင်းဝက်မီတာသုံးရာအတွင်းရှိ အရာအားလုံးကို အမြစ်ဖြုတ်သုတ်သင်နိုင်သည်အထိ ပြင်းထန်လေသည်။
ယင်းက သူ၏အစီအစဥ်အစစ်ဖြစ်သည်။ သူလိုချင်သည်က မျက်လုံးမဲ့ပိုးကောင်မဟုတ်၊ ကြောက်မက်ဖွယ် ဖျက်စီးခြင်းအားလှိုင်းဖြစ်၏။ ၄င်းသည် သူ့အား ခြိမ်းခြောက်၍ရသည့်စွမ်းအားများ ပေးစွမ်းနိုင်သော အဖိုးထိုက်ရတနာတစ်ပါးဖြစ်လေသည်။
မန်ဟိုက အသက်ပြင်းပြင်းရှူပြီး မျက်လုံးမဲ့ပိုးကောင် ဘာလုပ်နေသည်လဲ အာရုံခံလိုက်သည်။ ၄င်းသည် သူ၏လက်ဝါးအပေါ်၌ တုတ်တုတ်မှမလှုပ်သော်လည်း အလွန်အားကောင်းပြီး အစွမ်းထက်သော အသက်စွမ်းအားတစ်ခုကို မန်ဟိုအာရုံရလိုက်သည်။ သူသည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည့်အခိုက်အတန့်ကို ပြန်တွေးမိလိုက်၏။
ဤအသက်စွမ်းအားသည် သူမြင်ခဲ့ဖူးသမျှထက် ကျော်လွန်နေလေ၏။ သွေးခွေးကြီးပင်လျှင် ဤအချက်၌ မျက်လုံးမဲ့ပိုးကောင်ကို မယှဥ်နိုင်ပေ။ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်ရလျှင်တောင်မှ ထိုပုဂ္ဂိုလ်လည်း မျက်လုံးမဲ့ပိုးကောင်၏ အသက်စွမ်းအားကို ယှဥ်နိုင်မည်မဟုတ်။
အပြင်လူများအနေဖြင့် ထိုမျှအားကောင်းသော အသက်စွမ်းအားကို အာရုံခံနိုင်မည်မဟုတ်ပေ။ မန်ဟိုသာလျှင် သူတို့နှစ်ယောက်အကြားရှိ ဖျက်စီး၍မရသော ပဋိညာဥ်ကြောင့် ထိုသို့လုပ်နိုင်ခြင်းဖြစ်သည်။ ၄င်းက အေးခဲနှင်းပိုးကောင်ဘဝကတည်းက အစပြုခဲ့၏။ သို့သော် ၄င်း မျက်လုံးမဲ့ပိုးကောင်အဖြစ် သန္ဓေပြောင်းသွားသည့်အချိန်တွင် ဆက်သွယ်မှုက ၄င်း၏အသက်အပေါ်၌ အမှတ်အသားပြု၍ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သွားခဲ့လေသည်။
ပဋိညာဥ်က ၄င်း သန္ဓေပြောင်းသွားသော အခိုက်အတန့်မှာပင် ပေါ်ပေါက်လာခြင်းဖြစ်ရာ သာမန်လူများ စိတ်ကူးနိုင်သည့် မှော်စွမ်းအားထက် သာလွန်လေသည်။ မိုးကောင်းကင်အောက်တွင် မန်ဟိုနှင့် မျက်လုံးမဲ့ပိုးကောင်အကြား၌ တည်ရှိသောဆက်သွယ်မှုအား ဖျက်စီးနိုင်သည့် စွမ်းအားမရှိသလောက်ပင်။ ယခုတွင် ပိုးကောင်သည် မန်ဟို့၏တစ်စိတ်တစ်ပိုင်းကဲ့သို့ ဖြစ်နေလေပြီ။ ဤအခြင်းအရာကြောင့် မန်ဟိုက ၄င်းအတွင်း၌ တည်ရှိသော ကြောက်မက်ဖွယ်အသက်စွမ်းအားကို အာရုံခံနိုင်ခဲ့ခြင်းဖြစ်၏။
ဤအသက်စွမ်းအားကြောင့် သန္ဓေပြောင်းမှုပြီးနောက် မျက်လုံးမဲ့ပိုးကောင်သည် တုန်လှုပ်ချောက်ချားဖွယ် နတ်ဘုရားစွမ်းရည်ကို အသုံးပြုနိုင်သွားသည်။
ပိုးကောင်သည် ဘယ်တော့မှ ပျက်စီးမည်မဟုတ်သလို၊ ပိုးချည်သည်လည်း ပြတ်တောက်မည်မဟုတ်။ ပိုးချည်ဘယ်တော့မှ မပြတ်တောက်သလို ၊ ပိုးကောင်လည်းပျက်စီးမည်မဟုတ်။
***