ငါ့ရွှေအမြေတေပြစ်ဒဏ်
Vol. 28 Ch. 384
၄င်းမှာ စည်းမျဥ်းတစ်ခု ဖြစ်ပုံရသည့်အရာအတွင်းတွင် နားလည်ရခက်သော သံသရာစက်ဝန်းတစ်ခု ရှိနေသည့်အလားပင်။ ဤအခြင်းအရာကြောင့် မျက်လုံးမဲ့ပိုးကောင်မှာ ဘယ်တော့မှ အသတ်မခံရနိုင်သလို ၄င်း၏ပိုးချည်လည်း ဖျက်စီးခြင်းမခံရနိုင်ပေ။ ထိုအချက်သည် အမှန်တကယ် အံ့ဖွယ်ကောင်းလေသည်။
"ဒီသတ္တဝါက မိုးကောင်းကင်ကို ဖီဆန်နေတယ်....." မျက်လုံးမဲ့ပိုးကောင်နှင့် ဆယ်နွှယ်မှုအား ခံစားရပြီးနောက် မန်ဟို့၏မျက်လုံးများ တောက်ပလာပြီး ရင်တဒိန်းဒိန်းခုန်လာသည်။
သခင်ငါးမှာ မန်ဟို့ကို မနာလိုမှုအပြည့်ဖြင့်ကြည့်ရင်း ဝမ်းနည်းပက်လက် ဖြစ်နေပုံရသည်။ ၄င်း၏နှလုံးမှာ ပေါက်ကွဲတော့မတတ် တဒိန်းဒိန်း ခုန်နေချေသည်။ ၄င်းသည် တမူထူးခြားသော အကောင်ဖြစ်၍ ယခုလေးတင် ဖြစ်ပျက်သွားခဲ့သည့်အရာကို အာရုံခံနိုင်လေသည်။ ၄င်း၏အကြည့်သည် မျက်လုံးမဲ့ပိုးကောင်အပေါ် ကျရောက်လာပြီး အချိန်အတန်ကြာသော် ဟင်းခနဲ သက်ပြင်းချလိုက်၏။
"သခင်ငါးက သောက်ရမ်းချောပြီး သောက်ရမ်းခန့်လွန်းတဲ့" ၄င်းက သက်ပြင်းထပ်ချပြီး ပြောသည်။ "ကောင်းကင်နဲ့မြေကြီးအားလုံးမှာ ဖူးဖူးမှုတ်ခံထားရတဲ့ ပြိုင်ဘက်ကင်း ငှက်တစ်ကောင်ပဲ။ ဒီဘဝမှာ ငါ ဒီလို မိုးကောင်းကင်ကို ဖီဆန်နေတဲ့ အံ့ဖွယ်ပိုးကောင်တစ်ကောင်ကို တစ်ခါမှ မရရှိခဲ့ဘူး။ ဘယ့်နှယ့်ကြောင့် ဒီကောင်မန်ဟိုက ရုတ်တရက်ကြီး ရသွားတာတုံး.... မတရားဘူး လိ့မှမတရားဘူးကွ"
မန်ဟိုက ကောင်းကင်ကို ခေါင်းမော့ကြည့်လိုက်သည်။
"ကြက်တူရွေး ပြစ်ဒဏ်မိုးကြိုးဆီကနေ ဖုံးကွယ်ပေးဖို့ ကျုပ်အပေါ် ထားရှိထားတဲ့ ဘယ်စွမ်းအားကိုမဆို ဖယ်ရှားချိန်ကျပြီ။ အခုအချိန်က ကျုပ်ရဲ့ ရွှေအမြုတေပြစ်ဒဏ်ကို ကျော်လွှားဖို့ အချိန်ပဲ" သူ၏မျက်လုံးများသည် ထူးခြားဆန်းကြယ်စွာ တောက်ပလာ၏။ ၄င်းသည် ယုံကြည်ချက်ရှိသောအလင်းရောင်ဖြစ်ပြီး အထင်သေးသောအရိပ်ယောင်လည်း ပါရှိနေသည်။
ကြက်တူရွေးက မန်ဟို့ကို ဖျတ်ခနဲ ကြည့်ပြီးနောက် တောင်ပံနှစ်ဖက်အား တဖျပ်ဖျပ် ခတ်လိုက်သည်။ ၄င်းထံမှ ရောင်စုံအလင်းဖြာထွက်လာကာ မန်ဟို့၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ရောင်စုံအလင်းက သူ့ကို ဖြတ်ကျော်သွားသည့်အခါတွင် ရုတ်တရက် အရှိန်အဝါတစ်ခုသည် အလွန်ကြီးမားလှသောစွမ်းအားဖြင့် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ဤသည်မှာ သူ၏ကျင့်ကြံခြင်းအခြေခံမှ အရှိန်အဝါမဟုတ်၊ ပြစ်ဒဏ်မိုးကြိုးထံမှ ဖုံးကွယ်ပေးရန်အတွက် ကြက်တူရွေး သူ၏အပေါ်၌ ထားရှိခဲ့သော လှိုင်းများဖြစ်သည်။
ယခုတွင် လှိုင်းများ ပေါ်ထွက်လာပြီဖြစ်၍ ကောင်းကင်တွင် တဂျိန်းဂျိန်း ထစ်ချုန်းသံကြီးများ ချက်ချင်း မြည်ဟည်းသွားသည်။ အနက်ရောင်တိမ်တိုက်ကြီးများက တစ်လွှာပေါ်တစ်လွှာထပ်၍ အရာအားလုံးကို အုပ်မိုးရင်း ကောင်းကင်တွင် ပြည့်နှက်လာကြသည်။ လျှပ်စီးတန်းများသည် တိမ်တိုက်များအကြားတွင် တွန့်လိမ်ကောက်ကွေးလျက် ပြိုးပြိုးပြက်ပြက် လက်နေကြသည်။ ထိုမြင်ကွင်းမှာ အလွန်အသက်ရှူမှားဖွယ်ကောင်းလေသည်။
အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာမူ မန္တန်အစီအရင်အတွင်းတွင် ပိတ်မိနေကြသည်။ ကြယ်နက္ခတ်မျိုးနွယ်စုမှ အဖြူရောင်ဝတ်ရုံနှင့်လူလည်း ပိတ်မိနေပြီး ချက်ချင်း မျက်နှာပျက်သွားလေသည်။
"အဲ့ဒါ.... မိုးကောင်းကင်ပြစ်ဒဏ်ပါလား"
မန်ဟိုသည် ကောင်းကင်အပြည့်နေရာယူထားသော ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များနှင့် မြွေများသဖွယ် တွန့်လိမ်ကောက်ကြွေးနေသော ငွေရောင်လျှပ်စီးတန်းများကို မော့ကြည့်လိုက်၏။ နားကွဲလုမတတ် ကျယ်လောင်သော မိုးထစ်ချုန်းသံကြီး ပဲ့တင်ထပ်နေစဥ် မန်ဟိုက အေးစက်စွာ ပြောသည်။ "ရွှေအလင်းဘုရားကျောင်းရဲ့ ကျင့်ကြံသူတွေကို ဒီနေရာနဲ့ဝေးဝေးကို ခေါ်သွား။ ကီလိုမီတာထောင့်ငါးရာ ကွာဝေးတဲ့အထိ ဆုတ်ကြ။ ခင်ဗျားလည်း ကီလိုမီတာထောင့်ငါးရာ ခွာနေ။ ဒီပြစ်ဒဏ်မိုးကြိုးအတွက်.... ကျုပ် ခင်ဗျား အကူအညီလိုမှာမဟုတ်ဘူး။ ဒါက ကျုပ်ရဲ့ ရွှေအမြုတေအတွက် ပြစ်ဒဏ်ပဲ"
ကြက်တူရွေးက တခဏတွေဝေနေပြီးနောက် လေပေါ်ပျံတက်သွားသည်။ အသားဂျယ်လီက မန်ဟို့ကို ကြည့်ရင်း ဘေးတွင်တန့်နေ၏။ "မင်း မိုးကြိုးကြောင့် မသေပါစေနဲ့လို့ဆုတောင်းပါတယ်...." ၄င်းက လူကြီးဆန်ပြီး စိတ်မကောင်းဖြစ်နေသောပုံဖမ်းရင်း တည်ကြည်လေးနက်စွာပြောသည်။ "သေသွားခဲ့ရင်လည်း ဒီကမ္ဘာမှာ လူယုတ်မာတစ်ယောက် လျော့သွားတာပေါ့ကွာ။ ဒါပေမဲ့ မပူပါနဲ့ မင်း မိုးကြိုးကြောင့် ကြွသွားရင် ငါ သိပ်ကြေကွဲမိမှာမဟုတ်ပါဘူး။ တကယ်တော့ ငါ...." ၄င်း မန်ဟို့၏ကံဆိုးမှုကို ဘဝင်ခွေ့နေပြီး ထွက်သွားတော့မည့်အချိန်မှာပင် မန်ဟိုက ၄င်းကို လှမ်းဖမ်းလိုက်၏။
"ဟေ့ကောင် ဘာလုပ်တာတုန်း" ၄င်းက ဒေါသတကြီး ငေါက်သည်။
"ခင်ဗျား မသွားရဘူး" မန်ဟိုက တည်ငြိမ်အေးဆေးစွာ ပြန်ဖြေသည်။ မန်ဟို့ကို ဝန်းရံနေသည့် နွယ်များက ချက်ချင်း မြေကြီးထဲ ထိုးဝင်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။ ကြက်တူရွေးလည်း အမြန်ဆုံးအရှိန်ဖြင့် ခြေကုန်သုတ်နေ၏။ တခဏအတွင်း ၄င်းသည် ကီလိုမီတာထောင့်ငါးရာအကွာသို့ ရောက်သွားလေပြီ။
တစ်ချိန်တည်းမှာပင် ကြက်တူရွေးသည် မြူအတွင်းရှိ ရွှေအလင်းဘုရားကျောင်း၏ကျင့်ကြံသူများထံသို့ စိတ်ချင်းဆက်သွယ်လိုက်သည်။ သူတို့အားလုံး ချက်ချင်း လူစုခွဲပြီး တတ်နိုင်သမျှ မြန်မြန်ပြေးထွက်သွားကြသည်။ မကြာမီ မန်ဟို့၏ပတ်ဝန်းကျင်တွင် မြူအတွင်းမှ အံ့သြတုန်လှုပ်နေသော မျက်နှာများဖြင့် ထွက်လာကြသော အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများသာ ရှိတော့၏။
သူတို့ မန်ဟို့ကို မြင်လိုက်သည့်အခိုက်အတန့်မှာပင် ခေါင်းအထက်၌ မိုးထစ်ချုန်းသံကြီးများ မြည်ဟည်းလာသည်။ အသံကြီး၏ ပြင်းအားက အရာအားလုံးကို ပြိုကျပျက်စီးသွားစေလေသည်။ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူ သုံးဆယ်ရာခိုင်နှုန်းခန့်မှာ သွေးအန်ပြီးနောက် နားစည်များကွဲကုန်သဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်ကြသည်။
တစ်ဆက်တည်းဆိုသလို တောက်ပနေသော အနီရောင်လျှပ်စီးတန်းကြီးက ကောင်းကင်ထက်မှ မန်ဟို့ထံသို့ ထိုးဆင်းလာလေသည်။ ၄င်းသည် နိမ့်ဆင်းလာစဥ် အနီးနားရှိ လျှပ်စီးတန်းများကိုပါ ညှို့ယူနေ၏။ မန်ဟို့အား ထိတော့မည့်အချိန်တွင် ၄င်းကား လူ့ပေါင်လုံးလောက် ဒုရှိနေလေပြီ။
၄င်း သူ့ကို ထိတော့မည့်အခိုက်၌ မန်ဟိုက လက်ကို လျင်မြန်စွာ မြှောက်လိုက်သည်။ သူ၏လက်အတွင်း၌ အသားဂျယ်လီရှိ၏။
ဂျိန်းခနဲ မိုးကြိုးပစ်သံနှင့်အတူ စူးစူးဝါးဝါးအော်သံကြီး ပဲ့တင်ထပ်သွားပြီး အသားဂျယ်လီတစ်ကိုယ်လုံး မည်းခြစ်သွားသည်။ အနီရောင်မီးပွားများက သူ၏လက်မောင်းအပေါ် ဖြာကျလာပြီး ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသဖြင့် မန်ဟို တုန်ရီသွားသည်။ ထို့နောက် ၄င်းတို့က သူ၏ခြေထောက်တစ်လျှောက် ကျဆင်းကာ မြေကြီးအပေါ်ရောက်သွားပြီး နှင်းဖုံးနေသောမြေပြင်ကို အနီရောင်လျှပ်စီးကန်ကြီး ဖြစ်သွားစေ၏။
"ဒီတော့ ဒါက မိုးကောင်းကင်ပြစ်ဒဏ်ပေါ့...." မန်ဟိုက ကောင်းကင်ကို မျက်နှာမူ၍ ဟားတိုက်ရယ်သည်။ "ပစ်ချလိုက်စမ်း" သူ၏ဆံပင်များသည် လေတွင် တလွင့်လွင့်ဖြစ်နေပြီး သူ မိုးကောင်းကင်ကို ဟားတိုက်ရယ်နေစဥ် သူ၏မျက်လုံးများမှာ အထင်သေးမှုတို့ဖြင့် ပြည့်နှက်နေတော့သည်။
"သေစမ်း သူက ပြစ်ဒဏ်ကို ကျော်လွှားနေတာဟ၊ တကယ်လုပ်နေတာပဲ" အနီးရှိ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ၏မျက်နှာပေါ်တွင် အံ့သြတုန်လှုပ်ခြင်းတို့ ပြည့်နှက်နေလေသည်။ သူတို့အားလုံးက ခေါင်းနပန်းကြီးစွာဖြင့် နောက်ဆုတ်လိုက်ကြသည်။ သူတို့ထဲက အများစုမှာ ပြေးဖို့သာ တွေးနိုင်ကြလေသည်။
သို့သော် တချို့က အတွေးမတူပေ။ သူတို့၏မျက်လုံးများ၌ အသက်အဖြတ်စိတ်ဆန္ဒများ ဖြတ်ပြေးသွားသည်။
"သူ့ကို သတ်၊ ပြစ်ဒဏ်မိုးကြိုး ပျောက်ကွယ်သွားလိမ့်မယ်" ဤသည်မှာ သူတို့ သူ့ကို တိုက်ခိုက်ရန် မှော်ပညာရပ်များ ထုတ်ဖော်ရင်း မြန်နိုင်သမျှမြန်မြန် သွားနေစဥ် တွေးနေကြသည့်အရာ ဖြစ်၏။
"တုံးလိုက်တဲ့နွားတွေ" မန်ဟိုက လာနေသောကျင့်ကြံသူများကို လျစ်လျူရှုရင်း တစ်ချက်ရယ်လိုက်သည်။ သူတို့ သူနှင့်နီးကပ်လာသည့်အချိန်မှာပင် ကောင်းကင်မှ ထစ်ချုန်းသံကြီးနှင့်အတူ နောက်ထပ်လျှပ်စီးတန်းကြီးတစ်တန်း သူ့ဆီ ထိုးဆင်းလာ၏။
ဤတစ်ခေါက်တွင် မန်ဟိုက အသားဂျယ်လီကိုမသုံးပေ။ အဘယ့်ကြောင့်ဆိုသော် ဤလျှပ်စီးတန်းသည် သူ့ထံမှ မီတာသုံးရာခန့်အကွာရောက်သော် ရုတ်တရက် ခွဲထွက်သွားသောကြောင့် ဖြစ်သည်။ ၄င်းသည် သေးငယ်သော လျှပ်စီးတန်းအသွင်ပြောင်းကာ မန်ဟိုနှင့် သူ့ထံလာနေကြသော အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ အပေါ်သို့ မိုးကဲ့သို့ ရွာကျလာသည်။
ဂျိန်း
"အာ အယားပြေချက်ပဲ" မန်ဟိုက တစ်ချက်ရယ်ပြီး ပြောသည်။ ကြုံသလို ပစ်ပစ်ချတတ်သော ပြစ်ဒဏ်မိုးကြိုးနှင့် လပေါင်းများစွာ ရင်ဆိုင်ခဲ့ရပြီးနောက်တွင် သူ၏အရေပြားမှာ အတော်လေးမောကြာလာခဲ့၏။ ပြစ်ဒဏ်မိုးကြိုးတစ်တန်းက အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူ တစ်ယောက်ကို အလွယ်တကူသတ်ဖြတ်နိုင်သော်လည်း မန်ဟို့ကိုတော့ နာကျင်အောင်မလုပ်နိုင်ပေ။
သူ့မှာ ၄င်းအား အသားကျနေပြီဖြစ်၏။ မိုးကောင်းကင်ပြစ်ဒဏ်အား သာမန်လူများ ဘယ်တော့မှ စိတ်ကူးကြည့်နိုင်မည်မဟုတ်သော နည်းလမ်းမျိုးဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသဖြင့် သူ၏ခန္ဓာကိုယ်သည် မိုးကြိုးနှင့် ပို၍အကျွမ်းဝင်လာခဲ့သည်။
အသေးအမွှားလျှပ်စီးတန်းလေးများကတော့ အယားပင်ပြေသေးလေသည်။ မိုးကြိုး သူ့၏ခန္ဓာကိုယ် ထိမှန်သည့်အခါ သူခံစားရသမျှမှာ ဖျဥ်းခနဲ ထုံသွားရုံသာဖြစ်သည်။
တကယ်တမ်း ၄င်းမှာ အတော်လေး အကြောပြေ၏။
သူ့ကို သတ်ရန် ကြိုးစားခဲ့ကြသော အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ ဂျိန်းခနဲ ထစ်ချုန်းသွားသည့်အခိုက်၌ ချက်ချင်း မီးလောင်ပြာကျသွားလေသည်။ သူတို့၏မှော်ပညာရပ်များ၊ ရတနာများအားလုံး သစ်ကိုင်းခြောက်လေးသဖွယ် ဖျက်စီးခံလိုက်ရ၏။
မန်ဟို့အသံထွက်လာသည့်အချိန်တွင်တော့ သူတို့၏ မည်းခြစ်နေသော အလောင်းများ မြေပြင်ပေါ်ပြုတ်ကျသွားသည်။ ဤမြင်ကွင်းက တခြားအနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများကို အံ့သြမှင်သက်သွားစေသည်။
အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူရှစ်ဦး၏ သူငယ်အိမ်များပင်လျှင် ကျုံ့သွား၏။
"လူရောဟုတ်ရဲ့လား"
"သောက်ကျိုးနည်း ပြစ်ဒဏ်မိုးကြိုးတောင် အရသာခံနေသေးတယ်၊ ဒီကောင်ကတော့ လူမဟုတ်ဘူး" ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ ဆူညံပွက်လောရိုက်နေတော့သည်။ အတော်များများမှာ ပြစ်ဒဏ်မိုးကြိုးစက်ကွင်းမှလွတ်အောင် ပြေးနေကြလေပြီ။ ကီလိုမီတာထောင်ပေါင်းများစွာ ကွာဝေးမှသာလျှင် အန္တရာယ်ကင်းပြီး ပြစ်ဒဏ်မိုးကြိုးအား မညှို့ယူနိုင်မည်ဖြစ်ကြောင်း သူတို့ပြောနိုင်၏။
ရုတ်တရက် သွေးအေးရက်စက်မှုတို့ ပြည့်နှက်နေသော မန်ဟို့၏ အသံ ဟိန်းထွက်လာသည်။ "ရွှေအလင်းဘုရားကျောင်းအဖွဲ့ကီလိုမီတာသုံးထောင်ပတ်ပတ်လည်ကို မန္တန်အစီအရင်နဲ့ ဝိုင်းလိုက်။ ဒီလူတွေကို ဒီမှာ ချောင်ပိတ်ထားရမယ်။ ခြေတစ်လှမ်းအောင် အပြင်ရောက်မလာစေနဲ့" ယခုတွင် သူတို့ ဤနေရာသို့ ရောက်နေပြီဖြစ်၍ မန်ဟိုကား ဘယ်နည်းနှင့်မှ အလွှတ်ပေးမည်မဟုတ်ပေ။
သူတို့သည် အမြုတေဖြစ်တည်မှုအဆင့်၊ အနုသုခုမရုပ်ခန္ဓာအဆင့်မက၍ ကြယ်နက္ခတ်မျိုးနွယ်စုမှ လျှို့ဝှက်ဆန်းကြယ်သော အဖြူရောင်ဝတ်ရုံနှင့်လူပင်ဖြစ်နေစေကာမူ အရေးမကြီး။ မန်ဟိုက ပြစ်ဒဏ်အား အတူတကွခံစားရန် သူတို့ကိုခေါ်ထားမည်ဖြစ်သည်။
"ခေါင်းဆောင်ကြီးရဲ့ အမိန့်တော်မြတ်အတိုင်းပါ" ကျင့်ကြံသူငါးထောင်က တညီတညာတည်း ဟစ်ကြွေးလိုက်ကြသည်။ သူတို့၏အသံများက ကောင်းကင်၏ ဟိန်းဟောက်ထစ်ချုန်းသံများကို တန်ပြန်တိုက်ခိုက်လိုက်သော အားလှိုင်းကြီးတစ်ရပ်အသွင်ပြောင်းသွား၏။ ၄င်းသည် အဘက်ဘက်သို့ ဖြာထွက်ရင်း ကီလီုမီတာသုံးထောင်ဧရိယာတစ်ခုလုံး ပြည့်နှက်သွားသည်။ ထို့နောက် ရွှေအလင်းဘုရားကျောင်း၏ကျင့်ကြံသူငါးထောင်က စပြေးကြတော့သည်။ တဖွေးဖွေးလှုပ်နေသော မြူထုကြီးဖြစ်ပေါ်လာပြီး ထစ်ချုန်းသံများ ကြားနိုင်လေသည်။
"လူတွေက ငါ့ကို တိုက်ရဲလား အမြဲမေးကြတယ်။ ဒီနေ့ ငါ မင်းတို့ကို မေးမယ် ဘယ်ကောင်..... မန်ဟို့ကို တိုက်ခိုက်ရဲလဲ" သူက အင်္ကျီလက်စကို ခါပြီး သူ့အသံ၏ ပဲ့တင်ထပ်နေသော အသံနှင့်အတူ အခြားကျင့်ကြံသူများထံသို့ ပျံသန်းသွားသည်။
သူ သူတို့ထံ ပြေးဝင်သွားစဥ် မိုးကောင်းကင်မှာ ကောင်းကင်ဘုံ၏အင်အား ပါဝင်နေပုံရသော လျှပ်စီးများဖြင့် တဝင်းဝင်း ပြိုးပြိုးပြက်ပြက်လက်ရင်း ဒေါသတကြီး ထစ်ချုန်းအော်ဟစ်နေလေသည်။ ပထမတစ်ခေါက်ကထက်ပို၍ အလုံးတုတ်သော အနီရောင်လျှပ်စီးတန်းကြီး ထိုးဆင်းလာသည်။ ဤသို့ဖြစ်ပျက်သွားစဥ် မန်ဟိုက ကျင့်ကြံသူတစ်ဒါဇင်ကျော်၏ ရှေ့မှောက်သို့ ရောက်လာ၏။
သူတို့၏မျက်နှာများမှာ ဘီလူးမ သံပုရာသီးကိုက်သလို ရှုံ့မဲ့သွားကြပြီး ရင်ထဲ၌ မိမိကိုယ်ကို ကျိန်ဆဲသံများဖြင့် ပြည့်နှက်သွားသည်။ ပြစ်ဒဏ်မိုးကြိုးကြီးက ခွဲထွက်ပြီး ရှိရှိသမျှလူတိုင်းကို ထိမှန်သွားသဖြင့် ပေါက်ကွဲသံများ နေရာအနှံ့အပြား၌ ပဲ့တင်ထပ်သွားသည်။ ချက်ချင်း မန်ဟို့၏ပတ်ဝန်းကျင်၌ အလောင်းများပုံသွား၏။ သူ၏ခန္ဓာကိုယ် တုန်ခါနေစဥ် မီးပွှားများက သူ၏ခြေထောက်မှတစ်ဆင့် မြေကြီးအတွင်းသို့ စီးဆင်းသွားလေသည်။ နောက်တစ်ဖန် မီတာဒါဇင်ပေါင်းများစွာ အကျယ်ရှိသော လျှပ်စီးကန်ကြီးတစ်ကန်က သူ့ကိုဝန်းရံသွားပြန်သည်။ မန်ဟို၏ရယ်သံက နောက်တစ်ဖန် ပျံ့လွင့်လာ၏။
"ဘယ်သူ ငါ့ကို တိုက်ခိုက်ရဲလဲ" သူက အော်သည်။
"သေစမ်း ဒီလူက မကောင်းဆိုးဝါးပဲ"
"ဝေးဝေးနေကြ ဝေးဝေးနေကြ"
ပေါက်ကွဲသံများ ထပ်မံမြည်ဟည်းသွားသည်။ မန်ဟိုသွားသည့်နေရာတိုင်းသို့ မိုးကြိုးပစ်ချလေသည်။ သူထံမှ မီတာသုံးရာအတွင်းရှိ မည်သူမဆို မန်ဟို ပြစ်ဒဏ်မိုးကြိုးကျော်လွှားနိုင်ရေးအတွက် ကူညီပေးနေရသည့် အသေခံမိတ်ဆွေများဖြစ်သွားကြတော့သည်.....
လူတစ်ဒါဇင်ကျော်အား သုတ်သင်ရန် ပြစ်ဒဏ်မိုးကြိုတန်းတစ်တန်း ထိုးဆင်းလာနေသည့်အချိန်မှာပင် အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်များ၏ မျက်လုံးထဲ၌ အသတ်အဖြတ်စိတ်ဆန္ဒများ ရုတ်တရက် တဟုန်းဟုန်း တောက်လာသည်။ ပြစ်ဒဏ်မိုးကြိုးက ပတ်ဝန်းကျင်ရှိ ချီများကို ဝရုန်းသုန်းကား ဖြစ်နေစေသည့်အတွက် အသေးစားနေရာရွှေ့ပြောင်းရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့အားလုံးသည် မတူညီသော အရပ်မျက်နှာအသီးသီးမှ မန်ဟို့ဆီသို့ ပြေးဝင်သွားကြ၏။
သူတို့အနေဖြင့် အသေးစားနေရာရွှေ့ပြောင်းခြင်းကို အသုံးပြု၍မရသော်လည်း သူတို့၏အမြန်နှုန်းများကား မယုံနိုင်ဖွယ်ကောင်း၏။ သူတို့အတွက် မန်ဟို့အပေါ်တည့်တည့်သို့ ရောက်ရန် တခဏသာကြာလိုက်သည်။ ရှစ်ယောက်လုံးက စွမ်းအားများကို တိုက်ကွက်တစ်ကွက်တည်းအဖြစ် အတူတကွစုပေါင်း၍ မန်ဟို့ကို ပစ်လွှတ်လိုက်သည်။
"သေစမ်း" သူတို့က ကြုံးဝါးလိုက်သည်။ မန်ဟို့ကို သူတို့ ရိုးတွင်းခြင်ဆီအထဲထိ မုန်း၏။ ပထမတွင် သူသည် သူတို့ကို ချောင်ပိတ်ခဲ့ပြီးနောက် ယခု မိုးကြိုးပစ်ခံရအောင်လုပ်သည်။ ထိုအခြင်းအရာအားလုံးက မလောက်လေးစား အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူလေးတစ်ယောက်ကြောင့် ဖြစ်ပွားခဲ့လေသည်။ သူတို့သည် မည်သည့်အခြေအနေတွင်မဆို အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူများက အနုသုခုမရုပ်ခန္ဓာအဆင့်အတွက် ဂျပိုးသဖွယ်သာဖြစ်ကြောင်း ပညာပေးရန် စိတ်ပိုင်းဖြတ်ပြီးကြလေပြီ။
ဤအခြင်းအရာကိုမြင်သော် ကြယ်နက္ခတ်မျိုးနွယ်စုမှ အဖြူရောင်ဝတ်ရုံနှင့်လူ၏မျက်နှာ ကွက်ခနဲ ပျက်သွားသည်။ သူက ချက်ချင်း အော်လိုက်၏။ "ရပ်လိုက်" သို့ရာတွင် သူကား နောက်ကျလွန်းသွားလေပြီ။
မန်ဟိုက မထီမဲ့မြင်ပြုံးရင်း သွေးအေးသော မျက်နှာထားဖြင့် တိုက်ခိုက်သူရှစ်ယောက်ကို လျစ်လျူရှုကာ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
"ကောင်းကင်ဘုံရဲ့အင်အားက ဘာလဲကွ...."
***