ပစ်ချလိုက်စမ်း
Vol. 28 Ch. 385
အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်များ၏ နတ်ဘုရားစွမ်းရည်များ မန်ဟို့အပေါ် ကျရောက်သွားသဖြင့် ထစ်ချုန်းသံကြီး မြည်ဟည်းလာသည်။ ရန်လိုသောအရိပ်အယောင်များက သူတို့၏မျက်နှာများကို ဖုံးလွှမ်းနေပြီး ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒတို့က ရောင်ခြည်ကဲ့သို့ ဖြာထွက်နေလေသည်။
တူနှင့်ထုခံလိုက်ရသော ကြွေကဲ့သို့ မန်ဟို့၏အားနည်းသောခန္ဓာကိုယ် တစစီပေါက်ကွဲသွားမည့် မြင်ကွင်းကို သူတို့အားလုံး စိတ်ကူးကြည့်နေကြသည်။ ထို့နောက်တွင်တော့ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များ လွင့်စင်ပြိုကွဲကာ ဤအဓိပ္ပါယ်မရှိသောတိုက်ပွဲ ပြီးဆုံးသွားလိမ့်မည်။
မန်ဟို၏အကြည့်သည် မိုးကောင်းကင်ထံမှ လာနေသောကျင့်ကြံသူများဆီသို့ ကျဆင်းလာသည်။ "ကောင်းကင်တွေက ဖီဆန်စရာမဟုတ်ဘူး။ ရန်စစရာမဟုတ်ဘူး။ အစားထိုးစရာမဟုတ်ဘူး။ အခု ကောင်းကင်တွေက ငါ့ကို သုတ်သင်ဖို့ ကြိုးစားနေတယ်။ မင်းတို့ကောင်တွေ.. မင်းတို့ကိုယ်မင်းတို့ ဘာထင်နေလဲ။ ငါကို သုတ်သင်ဖို့ ကြိုးစားနေတဲ့ ကောင်းကင်ကို အစားထိုးရအောင် မင်းတို့မှာ ဘာအရည်အချင်းတွေရှိနေလို့လဲ" သူက မထီမဲ့မြင် ရယ်သည်။
သူ၏ရယ်သံက အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများကို ချက်ချင်း မျက်နှာပျက်သွားစေ၏။ သူတို့၏နတ်ဘုရားစွမ်းရည်တစ်ခုမှ မန်ဟို့အပေါ် သက်ရောက်မှုမရှိကြောင်း တွေ့ရှိလိုက်ရသဖြင့် သူတို့မှာ အံ့သြတုန်လှုပ်သွားတော့သည်။ နတ်ဘုရားစွမ်းရည်တို့သည် အရိုးအား ကျောက်တုံးဖြင့် ချည်၍ ပင်လယ်ထဲ ပစ်ချခံလိုက်ရသော ပုဆိန်ပမာ အစအနမကျန် ပျောက်ကွယ်ကုန်လေသည်။
တစ်ဆက်တည်းဆိုသလို မယုံကြည်နိုင်ဖွယ်ရာ အန္တရာယ်အငွေ့အသက်လည်း ရုတ်တရက် ထွက်ပေါ်လာသည်။ လျှပ်စီးများသည် ကောင်းကင်တွင် စုဝေးလာပြီး အတိုင်းအဆအားဖြင့် စောစောကထက်ပင် များပြားလာသည်။ ဂျိန်းခနဲ ထစ်ချုန်းသံကြီးနှင့်အတူ လုံးပတ်လည် သုံးမီတာရှိသော ဧရာမလျှပ်စီးတန်းကြီးတစ်တန်း ထိုးဆင်းလာသည်။ ၄င်းမှာ ဧရာမအလင်းတိုင်ကြီးနှင့်ပင် တူချေသည်။
၄င်းသည် ချက်ချင်းပင် အတန်းကိုးတန်းခွဲပြီး အောက်သို့ ထိုးဆင်းလာနေ၏။
မန်ဟိုက စူးစူးဝါးဝါးအော်နေသော အသားဂျယ်လီ အား ကိုင်ထားသည့် ညာလက်ကို မြှောက်လိုက်သည်။ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူရှစ်ယောက် ခေါင်းနပန်းကြီးသွားသည်။ မန်ဟို့၏ရယ်သံကြီးက အရာအားလုံးကို အိပ်မက်ဆိုးကြီး ဖြစ်စေခဲ့လေပြီ။ သူတို့မှာ လာနေသောပြစ်ဒဏ်မိုးကြိုးမှ လွှတ်အောင် ခြေကုန်သုတ်ပြေးတော့သည်။
သူတို့ မည်မျှမြန်မြန်ပြေးစေကာမူ မိုးကြိုးက အလွန်တရာကျယ်လောင်သော အသံကြီးဖြင့် သူတို့ကို ပစ်ချလိုက်သည်။ သွေးများ သူတို့ပါးစပ်မှ ပန်းထွက်သွားပြီး မျက်နှာများဖြူဆုပ်သွားကြ၏။ သူတို့မှာ မန်ဟို့ကို ကြောက်လန့်တကြား လှည့်ကြည့်ရင်း ကပျာကယာ နောက်ဆုတ်သွားကြသည်။
ကြယ်နက္ခတ်မျိုးနွယ်စုမှ အဖြူရောင်ဝတ်ရုံနှင့်ကျင့်ကြံသူလည်း အတန်ငယ် မျက်နှာဖြူဆုပ်သွားပြီး မျက်မှောင်ကြုတ်သွား၏။ "ရှေးမှတ်တမ်းတွေအရ ပြစ်ဒဏ်မိုးကြိုးကို ကျော်လွှားနေတဲ့ ဘယ်အရာမဆို ကောင်းကင်နဲ့မြေကြီးရဲ့ အံ့ဖွယ်သက်ရှိပုံစံဖြစ်တယ်လို့ ဆိုကြတယ်။သူ့ဆီကနေ ကီလိုမီတာငါးထောင် အတွင်းမှာရှိတဲ့ အရာအားလုံး ပြာကျသွားလိမ့်မယ်။ ဒါပေမဲ့ သူက အံ့ဖွယ်သက်ရှိပုံစံတစ်ခု ဖြစ်နေသေးတယ်ဆိုတော့ သူ့အနားက ဘယ်သူမဆို သေချာပေါက်သေလိမ့်မယ်
"ဒါ့အပြင် သူ့ကို သတ်ဖို့ မဖြစ်နိုင်ဘူး။ အထူးသဖြင့် ဂုဏ်သိက္ခါပိုင်းနဲ့ ပတ်သက်ရင် မိုးကောင်းကင်ကို နားလည်သဘောပေါက်ဖို့ ခက်ခဲတယ်။ မိုးကောင်းကင်က ဒီလူ့ကို သုတ်သင်ချင်နေမှတော့ တခြားလူတွေကို ဘယ်လိုကူညီခွင့်ပေးနိုင်မှာလဲ။ သူ့ကို အခု သတ်ဖို့ကြိုးစားတာက ကိုယ့်ကိုယ်ကို မိုးကောင်းကင်ရဲ့ရန်သူဖြစ်အောင် လုပ်နေတာပဲ
"ပြစ်ဒဏ်မိုးကြိုးရဲ့ သုတ်သင်ခြင်းခံရတာနဲ့ သူ့ရဲ့ခန္ဓာကိုယ်က လျှပ်စီးလုံးတွေအဖြစ် ပေါက်ကွဲသွားလိမ့်မယ်...... ရှေးမှတ်တမ်းတွေအရ အဲ့ဒီလို လျှပ်စီးမိုးကြိုးပေါက်ကွဲမှုမျိုး ဖြစ်ပွားရင် စက်ကွင်းအတွင်းက အရာအားလုံး ပျက်စီးပျောက်ကွယ်သွားလိမ့်မယ်
"အသက်ရှင်နိုင်မယ့် တစ်ခုတည်းသော မျှော်လင့်ချက်က အဲဒီကောင် ပြစ်ဒဏ်မိုးကြိုးကို ကျော်လွှားနိုင်စေဖို့ပဲ။ ပြီးတော့ မိုးကြိုးကူးစက်တာခံလို့ မဖြစ်ဘူး။ ကူးစက်သွားရင် အသက်တော့မသေပေမယ့် ကံကြွေးကို လှုံ့ဆော်မိသွားပြီ... အဲ့ဒီလိုကံကြွေးကို လှုံ့ဆော်မိသွားရင် ပြစ်ဒဏ်မိုးကြိုးက မသေမချင်း နောက်က လိုက်နေတော့မှာပဲ။ မင်းတို့ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူရှစ်ယောက် ..... သေမှာ မလွဲဧကန်ပဲ"
အဖြူရောင်ဝတ်ရုံနှင့်ကျင့်ကြံသူက မျက်နှာထား တင်းမာခက်ထန်နေလျက် အမြင့်ဆုံးအရှိန်ဖြင့် နောက်ဆုတ်လိုက်သည်။
ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်မှ မိုးကြိုးများက အသားဂျယ်လီကို အပေါ်သို့မြှောက်၍ ကိုယ့်ကိုယ်ကို ကာကွယ်နေသော မန်ဟို့အပေါ်သို့ တဂျိန်းဂျိန်း ပစ်ချနေလေသည်။ လျှပ်စီးများက နောက်ဆက်တွဲအနေဖြင့် သူ၏ပတ်ဝန်းကျင်သို့ ခွဲဖြာထွက်သွားတတ်၏။ ထိုသို့ ဖြစ်သည့်အခါ အနီးအနားရှိ ကျင့်ကြံသူများထံမှ သွေးပျက်မတတ် အော်ဟစ်သံများ ထွက်လာတတ်သည်။ မကြာမီ လေထုသည် ဆဲဆိုကြိမ်းမောင်းသံများဖြင့် ပြည့်နှက်သွားတော့၏။
မန်ဟိုက ဂရုမစိုက်ပေ။ ဤသည်မှာ မှီခိုရာဂိုဏ်းချုပ်ဆီမှ သင်ယူခဲ့သောအရာ ဖြစ်သည်။ သင် တစ်ယောက်ယောက်ကို နားလည်ပါးရိုက်လုပ်မိ၍ အဆဲခံရလျှင် ဂရုမစိုက်ခြင်းဖြင့် အေးဆေးသောပုံစံ ဖမ်းရမည်။ ၄င်းသည် အမှီအခိုကင်းမဲ့သော နယ်ပယ်တစ်ခု ဖြစ်လေသည်။
နှစ်ပေါင်းများစွာ တစ်လျှောက်လုံး မန်ဟိုသည် သူတစ်ပါးအပေါ် ကလိမ်ကျခြင်း၊ နားလည်ပါးရိုက်ခြင်းများ လုပ်ခဲ့၍ ထိုပညာပိုင်းတွင် တစ်ဖက်ကမ်းခတ် ထူးချွန်ခဲ့သည်။ ထို့ကြောင့် သူက ထိုးဆင်းလာနေသော လျှပ်စီးမိုးကြိုးများကို ကီလိုမီတာသုံးထောင် ပတ်ဝန်းကျင်အတွင်းရှိသော ကျင့်ကြံသူများထံသို့ ဦးတည်ချက်ဆက်ပြောင်းပေးနေ၏။
သူ ဘယ်နေရာသွားသွား အော်ဟစ်ငိုကြွေးသံများနှင့်အတူ လျှပ်စီးကန်ကြီးတစ်ကန်က သူ့ကို ဝန်းရံသွားတတ်သည်။ သူ့အနောက်တွင် ကျန်ခဲ့သည်ကား မီးကျွမ်းနေသောအလောင်းများ ဖြစ်၏။
ဤနေရာရှိ ကျင့်ကြံသူများအတွက်တော့ ဘယ်သူမှ ပြန်လည်တိုက်ခိုက်ခြင်းမပြုနိုင်သည့် အစုလိုက်အပြုံလိုက် လူသတ်ပွဲကြီးဖြစ်နေတော့သည်။ မန်ဟို့၏အမြန်နှုန်းမှာ မိုးကြိုးပစ်ခံနေရသည့်တိုင် မယုံနိုင်လောက်အောင် မြန်လှသဖြင့် ..... သူတို့မှာ သူ့ကို ပြန်လည်းမတိုက်ခိုက်နိုင်သလို ၊ ထွက်လည်းမပြေးနိုင်ကြပေ။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ပြစ်ဒဏ်မိုးကြိုးများက ဆက်လက် ထိုးဆင်းလာနေပြီး ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးနီးပါးမှာ မန်ဟို့ကောင်းမှုကြောင့် အသက်ထွက်ကုန်ကြလေသည်။ မတူညီသော အရပ်မျက်နှာအသီးသီးသို့ ခွဲထွက်သွားခဲ့သော ကျင့်ကြံသူတစ်ရာခန့်သာ ရှိတော့၏။ သူတို့အားလုံး မျက်နှာများဖြူဆုပ်လျက် ကြောက်ဒူးတုန်နေကြသည်။
မန်ဟို သူတို့ဘက် လှည့်ကြည့်ရုံရှိသေးသည်၊ အကုန်လုံး ဆန့်ကျက်ဘက်လားရာသို့ ဝရုန်းသုန်းကား ထွက်ပြေးကုန်ကြ၏။
ကံဆိုးစွာနှင့်.... လျှပ်စီးတန်းများ အဆက်မပြတ် ထိုးဆင်းလာနေသဖြင့် မရှောင်လိုက်နိုင်သော လူတချို့ရှိလေသည်။ အထူးသဖြင့် မန်ဟို့ကို တိုက်ခိုက်ခဲ့သော ကျင့်ကြံသူများ ဖြစ်သည်။ မန်ဟိုက ကျဆင်းလာနေသော လျှပ်စီးတန်းများကို ညှို့ယူရန် သူတို့အနားကပ်သွားရန်ပင် မလိုအပ်ပေ။
အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူရှစ်ယောက်မှာ မကြာခင် မည်သည့်နေရာကို မည်သို့ပြေးပြေး မန်ဟို့ကို မိုးကြိုးပစ်ချလျှင် သူတို့လည်း အပစ်ခံရကြောင်း သဘောပေါက်သွားကြ၏။
လျှပ်စီးတန်းတစ်တန်းစီ၌ မယုံနိုင်ဖွယ်ရာအားကြီးပါဝင်သည်။ သူတို့မှာ အနုသုခုမရုပ်ခန္ဓာအဆင့်ဖြစ်လျှင်တောင်မှ ဤအတိုင်းဆက်သွားနေလျှင် ခံနိုင်ရည်ရှိတော့မည်မဟုတ်ပေ။
"သေလိုက်ပါတော့ ဒီမေနိုးကတော့ နှိပ်စက်ရမှ အာသာပြေပုံပဲ။ ဒါက အဲ့ဒီခွေးမသားရဲ့ ပြစ်ဒဏ်လေ ငါတို့က အပြစ်မှမရှိတာကို...."
"အဲ့ဒီမေနိုးကို သတ်ပစ်မယ်ကွ သတ်ပစ်မယ်"
"အဲ့ဒီကောင် မသေရင် ငါ့တစ်ဘဝလုံးမှာ အကြီးမားဆုံး မဟာရန်သူတော်ကြီးဖြစ်မယ်ဆိုတာ ကျိန်ရဲတယ်"
အသက်ရှင်လျက် ကျန်ရစ်သော ကျင့်ကြံသူတစ်ရာခန့်မှာ တဂျိန်းဂျိန်း မိုးကြိုးပစ်သံများအကြားတွင် အဆက်မပြတ် အော်ဟစ်နေကြရသည်။ မန်ဟို့ကို မိုးကြိုးပစ်တိုင်း သူတို့လည်း အချောင်သက်သက်ခံကြရသည်။
မန်ဟိုက အသားဂျယ်လီကို ပြန်ချရင်း ချောင်းဖွဖွဆိုးလိုက်သည်။ အသားဂျယ်လီမှာ ဗိုက်ကားလွန်း၍ အန်ထွက်တော့မည့်ပုံရလေသည်။ ၄င်းက မန်ဟို့ကို စိတ်ဆိုးမာန်ဆိုးနှင့်ကြည့်သည်။
"မင်း အကျင့်ပျက်ပြားနေတာပဲ။ ယုတ်မာကောက်ကျစ်လွန်း ....."
အုန်း
"အားးးးးး င့လိုး......"
အုန်း
"လွှတ်ပေးပါတော့နော် သခင်လေးရယ်။ မင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံးသခင်ပါ။ ငါ့လို မသိနားမလည်တဲ့ အဘိုးကြီးကို ခွင့်လွှတ်ပေးပါကွာ။ ငါဗိုက်ပြည့်နေပြီဟ၊ တကယ်ပြောတာ ဗိုက်ကားလွန်းလို့ ထပ်မစားနိုင်တော့ဘူး.... "
အသားဂျယ်လီ၏ သနားစရာအခြေအနေကို ကြည့်ရင်း မန်ဟိုက နောက်ဆုံးသောလျှပ်စီးတန်းကို ခုခံရန် ၄င်းအား မြှောက်ပြီးနောက် အင်္ကျီလက်စခါလိုက်သည်။ အသားဂျယ်လီသည် မြူထုထံသို့ တဟုန်ထိုးထွက်သွားသော အလင်းတန်းအသွင် ချက်ချင်း ပြောင်းသွား၏။
"င့လိုးမသား မန်ဟို" ၄င်းက ဟိန်းဟောက်သည်။ "နေနှင့်ဦးပေါ့ အယုတ်တမာကောင် မအေဘေးလေး။ ငါ မင်းကို ဒီဘဝမှာ သေချာပေါက် ပြောင်းလဲပစ်မယ်ကွ" ၄င်းမှာ မတရားသဖြင့် ခံရသည်ဟု တွေးရင်း အတောမသပ်နိုင်အောင် ဆဲဆိုနေချိန် မန်ဟိုက ၄င်းထံသို့ စကားတစ်ခွန်းတည်း ပေးပို့လိုက်သည်။
"မမျှော်လင့်ထားတာတွေ မဖြစ်လို့ ကျုပ် အနုသုခုမရုပ်ခန္ဓာအဆင့် ရောက်သွားရင် ပြစ်ဒဏ်မိုးကြိုးအတွက် ခင်ဗျားရဲ့အကူအညီ ထပ်လိုလိမ့်မယ်"
အသားဂျယ်လီ ရုတ်တရက် တုန်တက်သွားပြီး မျက်နှာချိုသွေးလိုက်သည်။ ထို့နောက် ဘာစကားမှပြန်မပြောဘဲ မြူအတွင်းသို့ ပျံဝင်သွား၏။ ၄င်းမှာ မန်ဟို့ကို သေးထွက်ကျမတတ် ကြောက်သဖြင့် ပြန်ပြောနေလျှင် အန်ထွက်ပြီး ပေါက်ကွဲသွားသည့်တိုင်အောင် အတင်းအဓမ္မ မိုးကြိုးအကျွေးခံရမှာ စိုးလေသည်။
မန်ဟိုက ကီလီုမီတာသုံးထောင်ဧရိယာကို လှည့်ပတ်ကြည့်လိုက်ရာ ဘယ်သူ့ကိုမှ မတွေ့ရတော့ပေ။ ကျန်ရှိသော လူတစ်ရာကျော်မှာ လူစုခွဲ၍ ပုန်းအောင်းနေကြလေသည်။ မန်ဟို သူတို့ကို ရှာမတွေ့လျှင် ပြစ်ဒဏ်မိုးကြိုးလည်း ရှာနိုင်မည်မဟုတ်ပေ။
မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လေးနက်သွားသော အရိပ်အယောင်တစ်ခု သူ၏မျက်နှာပေါ်တွင် ဖုံးလွှမ်းသွားသည်။ ယခုတွင် စစ်မှန်သော မိုးကြိုးဖြင့်ဒဏ်ခတ်ခြင်း စတင်ပေတော့မည်။ အဘယ်ကြောင့်ဆိုသော် ပြစ်ဒဏ်မိုးကြိုးကား အနီရောင်သက်သက် မဟုတ်တော့ဘဲ နောက်တစ်ရောင် ထပ်ပါဝင်လာခြင်းကြောင့်ပင်။
၄င်းသည် ပိတ်ပိတ်ပိန်း နက်မှောင်နေသော အမည်းရောင်ဖြစ်၏။
နက်မှောင်နေသော မိုးကြိုး။
ယခုတွင် လျှပ်စီးတန်းတစ်တန်းစီ၏ ဖျက်စီးခြင်းအားက နှစ်ဆဖြစ်သွားလေပြီ။ ၄င်း ထစ်ချုန်းအော်မြည်ရင်း အောက်သို့ ထိုးဆင်းလာစဥ် အနီရောင်နှင့် အမည်းရောင်အတွင်း၌ မယုံနိုင်ဖွယ်ရာ ချေမှုန်းခြင်းအားကြီးကို မန်ဟို မြင်လိုက်ရသည်။ သူက ညာလက်ကို မြှောက်လိုက်ရာ အထဲတွင် လီမျိုးနွယ်စုခေါင်းဆောင်ကြီးပေါ်လာ၏။
စိတ်မချမ်းမြေ့စရာ အော်သံကြီးနှင့်အတူ ပေါက်ကွဲသံကြီးက ပဲ့တင်ထပ်နေသည်။ ဝိညာဥ်ကိုယ်မှာ လိမ်ဖယ်ရှုံ့တွသွားသော်လည်း လွင့်စင်ပြိုကွဲသွားခြင်းမရှိပေ။ မန်ဟိုက ၄င်းကို မိုးကြိုးနှင့်အသားကျအောင် မကြာခဏအသုံးပြုခဲ့၍ ၄င်းသည် ဝိညာဥ်ကိုယ်အပြည့်အဝ မဖြစ်သေးသည့်တိုင် လမ်းတစ်ဝက်ကျော်တော့ ရောက်နေပြီမဟုတ်ပါလော။
"မအေဘေးလေး မန်ဟို။ ငါ မင်းကို ဘယ်တော့မှ အလွှတ်မပေးဘူးကွ" လီမျိုးနွယ်စုခေါင်းဆောင်ကြီး၏ ဟိန်းဟောက်သံများမှာ အံ့သြတုန်လှုပ်ဖွယ်ကောင်းပြီး ပူဆွေးသောကများဖြင့် ပြည့်၍နေသည်။ ပြီးခဲ့သည့်နှစ်ဝက်က သူ့မှာ သူ့ဘဝတစ်လျှောက်လုံး တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးသည့် ညှင်းပန်းနှိပ်စက်မှုဒဏ်ကို ခံစားခဲ့ရ၏။ သူသည် အလွန်မြင့်မားသောအဆင့်အတန်းတစ်ခုဖြင့် မွေးဖွားလာခဲ့ပြီး လီမျိုးနွယ်စုတွင် ခေါင်းဆောင်ကြီးတစ်ဦးအဖြစ် လေးစားကိုးကွယ်ခံခဲ့ရသည်။ သို့ရာတွင် ယခုတော့ မန်ဟို့ကြောင့် အရှင်လတ်လတ်နှင့် ငရဲကျနေရချေပြီ။
လောလောဆယ်တွင် သူ့မှာ ပူဆွေးသောကများ နှလုံးသားထဲတွင် ပြည့်ကြပ်နေပြီး မန်ဟို့ကို ကျိန်ဆဲနေချိန်မှာပင် နောက်တစ်ဖန် အပေါ်သို့ အမြှောက်ခံလိုက်ရပြန်သည်။ ဝုန်းခနဲ အသံနှင့်အတူ အားခနဲအော်သံကြီး နောက်ဆက်တွဲ ပျံ့လွင့်လာ၏။
အမှန်တွင် သူ့မှာ အသားဂျယ်လီနှင့်အတူရှိရသည်ကမှ မန်ဟိုထက်စာလျှင် တော်သေးသည်ဟုပင် ခံစားနေရတော့သည်။ ယခင်က အသားဂျယ်လီအား သူ၏ အဆိုးရွားဆုံး အိပ်မက်ဟု သတ်မှတ်ထားခဲ့သော်လည်း စိတ်ပြောင်းသွားခဲ့သည်မှာ ကြာခဲ့လေပြီ။ အသားဂျယ်လီမှာ တကယ်တမ်း နှစ်လိုဖွယ်ကောင်းပြီး မန်ဟိုကမှ အဆုံးစွန်အထိ ဆိုးရွားသော အိပ်မက်ကြီးဖြစ်နေတော့သည်။
လျှပ်စီးတန်းတစ်တန်းပြီးတစ်တန်း ကျဆင်းလာနေသဖြင့် တဝုန်းဝုန်း ပေါက်ကွဲသံများ မြည်ဟည်းနေသည်။ လီမျိုးနွယ်စုခေါင်းဆောင်ကြီးနှင့် မန်ဟို၏ မိုးကြိုးဒဏ်ခံနိုင်စွမ်းဖြင့်ပင်လျှင် တောင့်ခံရန် ခက်ခဲနေသေး၏။
မန်ဟို၏ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်နေသည်။ သူ့ပတ်ပတ်လည်ရှိ မြေကြီးမှာ စိစိညက်ညက်ကြေနေပြီး အများစုက သလင်းကျောက် ဖြစ်နေချေပြီ။ ၄င်းတို့မှာ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ ပုံပန်းသွင်ပြင်နှင့် စိမ်းပုပ်ရောင်ကျောက်များဖြစ်၏။
ဤအသစ်ဖြစ်ပေါ်လာသော မြေကြီးအပေါ်သို့ မိုးကြိုးပစ်ချသောအခါ ၄င်းက ပြန်ကန်ပြီး မန်ဟို့ကို ပို၍ထိခိုက်စေသည်။ သို့ဖြစ်၍ သူ့မှာ တစ်နေရာတည်းတွင် နေမရဘဲ ဟိုဟိုသည်သည် သွားနေရ၏။ သူ့အပေါ် သက်ရောက်နေသောဖိအားသည် ဆတိုးလာနေသည့်အပြင် ကီလိုမီတာ ၁၅၀၀ အတွင်းရှိနေသေးသော အခြားသူများအတွက်လည်း ထိုနည်းတူပင်။
မိုးကြိုးများ တဖွဲဖွဲရွာကျနေစဥ် သွေးပျက်မတတ် အော်ဟစ်သံများ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သည်။ ယခုတင် ကီလိုမီတာ ၅၀၀ အကွာ၌ အရုပ်ဆေးကြောင်များထိုးထားသော လူ၏ပါးစပ်မှ သွေးများပန်းထွက်သွား၏။ မိုးကြိုးများက သူ ခံနိုင်ရည်မရှိတော့သည့်တိုင်အောင် ပစ်ချနေသဖြင့် သူ့မှာ သေဆုံးသွားလေသည်။ အဆုံးသတ်တွင် သူတွင် မန်ဟို ဤပြစ်ဒဏ်ကို ကျော်လွှားနိုင်အောင် ကူညီပေးရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
ထိုလူသေဆုံးပြီးနောက် ပို၍များပြားသော မိုးကြိုးများ ကောင်းကင်မှ ထိုးဆင်းလာကြသည်။
ကီလိုမီတာ ၂၀၅၀ အကွာတွင်
အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူသုံးယောက်သည် တလက်လက်တောက်ပနေသော အရုပ်ကိုးရုပ်နှင့် မှော်ပစ္စည်းဒါဇင်ကျော်နှင့်အတူ သူတို့၏စွမ်းအားကို စုစည်းရင်း ခေါင်းအထက်၌ ပြိုးပြိုးပြက်ပြက်လက်နေသော ဒိုင်းတစ်ခုကို ဖော်ဆောင်၍ တင်ပျဥ်ခွေထိုင်နေကြသည်။ လျှပ်စီးတန်းများက ဒိုင်းအပေါ်သို့ အဆက်မပြတ် ရိုက်ခတ်နေ၏။ ရုတ်တရက်.....
အနီရင့်ရောင်ပြစ်ဒဏ်မိုးကြိုးသုံးတန်းက ဒိုင်းကို ဆက်တိုက်ပစ်ချကာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားစေသည်။ သူတို့၏မှော်ရတနာများလည်း ပျက်စီးသွားပြီး အရုပ်များ ကွဲထွက်သွား၏။ ကျင့်ကြံသူသုံးယောက်၏ ခန္ဓာကိုယ်များ အကြောဆွဲသွားပြီး သူတို့ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ အချိန်အနည်းငယ်ကြာသော် သူတို့မှာ လေယူရာ မျောလွင့်သွားသော ပြာများ ဖြစ်သွားတော့၏။
ကီလိုမီတာ ၁၀၀၀ အကွာတွင် မြေအောက်ခန်းတစ်ခန်းထဲသို့ ထွက်ပြေးသွားခဲ့သော အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်ယောက် ရှိသည်။ သူ၏အပေါ်တွင် လူ့အရိုးခေါင်းထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော အကွင်းများ ပျံဝဲနေ၏။ ၄င်းတို့က ယခုအချိန်အထိ သူ့ကို ဖုံးကွယ်ပေးထားခဲ့သော်လည်း အနီရင့်ရောင်လျှပ်စီးတန်း တစ်တန်းပြီးတစ်တန်း ပစ်ချနေသည်နှင့်အမျှ အရိုးခေါင်းများမှာ ရေခဲကျောက်များ ဖြစ်ကုန်သည်။ အချိန်အနည်းငယ်ကြာသော် ထိုလူသည် မြေကြီးနှင့်တစ်သားတည်းဖြစ်သွားသော သလင်းကျောက်အခဲကြီးထက် မပိုတော့ပေ။
အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် မန်ဟိုက သွေးတချို့အန်ပြီး ခေါင်းမော့၍ ဟားတိုက်ရယ်လိုက်သည်။ သူ၏ဆံပင်များက လေတွင် မျောလွင့်နေပြီး သူ၏ခန္ဓာကိုယ်မှာ မီးလောင်ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသည်။ သို့သော် သူ၏ စိတ္တဇဆန်သော ရယ်သံက အတန်ငယ်ပင် တိမ်ဝင်သွားခြင်းမရှိ။
ဤပြစ်ဒဏ်ကျော်လွှားခြင်း၌ သူနှင့်အတူ ပါဝင်ခဲ့သော လူတစ်ရာကျော်အနက် နှစ်ဆယ်ကျော်ကျန်သေး၏။ ကျန်ရှိသူများအားလုံး သေဆုံးကုန်လေပြီ။
အမွှေးတိုင်နှစ်တိုင်ထွန်းစာကြာသော် မန်ဟို့၏ခန္ဓာကိုယ်မှ ဝုန်းခနဲ ပေါက်ကွဲသံကြီး မြည်ဟည်းလာသည်။
လီမျိုးနွယ်စုခေါင်းဆောင်ကြီးမှာတော့ သေလုမျောပါးဖြစ်နေသည်။ မန်ဟိုက သူ့အား သုံး၍ရသည်အထိ သုံးပြီးနောက်မှ ပြန်သိမ်းလိုက်သည်။ ဤအကြော့ပြီးသည့်နောက်တွင် မန်ဟို့၏ခန္ဓာကိုယ်မှာ ပျက်စီးတော့မည့်အလား ခံစားနေရလေပြီ။ သို့သော် သူ၏မျက်လုံးများ၌ ခရမ်းရောင်ချီပေါ်လာပြီး သူ၏ခန္ဓာကိုယ်မှ ဒဏ်ရာများ ပျောက်ကင်းလာသည်။
"ပစ်ချလိုက်စမ်း" သူက ခေါင်းနောက်လှန်၍ ဟိန်းဟောက်ကာ ရယ်ပြီးရင်း ရယ်နေ၏။ သူ၏ရယ်သံမှာ ကျောချမ်းစရာကောင်းသော်လည်း ခိုင်မာပြတ်သားသောစိတ်ဆန္ဒနှင့် ရူးသွပ်မှုဖြင့်ပင် ပြည့်နှက်နေပုံရသည်။ ရယ်သံကြီးသည် ရွှေအလင်းဘုရားကျောင်း၏ ပြေးနေသော ကျင့်ကြံသူငါးထောင်နားထဲသို့ ဝင်ရောက်လာစဥ် လူသားဆန်မှု ကင်းမဲ့နေတော့သည်။
***