← Chapters

ငါးရောင်ခြယ်သော ကောင်းကင် ကျင့်ကြံခြင်းအခြေခံအဆင့်တက်ပြီ

Vol. 28 Ch. 386

ငါးရောင်ခြယ်သော ကောင်းကင် ကျင့်ကြံခြင်းအခြေခံအဆင့်တက်ပြီ

Vol. 28 Ch. 386

ကြက်တူရွေးမှာ မန်ဟို ပြစ်ဒဏ်မိုးကြိုးများခြံရံလျက် ရပ်နေသည်ကို မျက်လုံးကလေးကလယ်ကလယ်ဖြင့် ကြည့်နေသည်။ ကီလိုမီတာ ၃၀၀၀ နယ်ပယ်အတွင်းရှိ မြေပြင်မှာလည်း သလင်းရေခဲကျောက်အတိပြီးနေချေပြီ။ ကောင်းကင်တွင်လည်း တိမ်မည်းတိမ်စိုင်များ ထူထပ်နေပြီး မိုးကြိုးများက တဖွဲဖွဲရွာကျကာ ကောင်းကင်နှင့်မြေကြီးကို တုန်ခါနေစေတော့သည်။

မန်ဟိုက ၄င်းတို့အားလုံး၏အလယ်တွင် ခေါင်းနောက်လှန်၍ မိုးကောင်းကင်ကို ဟားတိုက်ရယ်နေသည်။ ကြက်တူရွေးမှာ ၄င်းတစ်ခါက မြင်ခဲ့ဖူးသည့် ပုံရိပ်ကို အမှတ်ရလိုက်သည်။ ထိုလူလည်း  ပြစ်ဒဏ်မိုးကြိုးကို မျက်နှာမူပြီး မထီမဲ့မြင် ရယ်နေခဲ့သည်။ မတူသည့်အရာဟူ၍ မန်ဟိုက မြေကြီးပေါ်တွင် ဖြစ်ပြီး ၄င်းမှတ်ဉာဏ်ထဲက ပုံရိပ်မှာ လေလယ်တွင် ဖြစ်သည့်အချက်သာ ရှိသည်။

ကောင်းကင်ရှိ တိမ်တိုက်များမှာ မန်ဟို၏ ပြက်ရယ်ပြု ရယ်သံများကြောင့် ဒေါသူပုန်ထသွားပုံရသည်။ တိမ်တစ်လွှာပေါ်တစ်လွှာထပ်၍ တလိပ်လိပ်အုံကြွလာပြီး အနီရောင်နှင့်အနက်ရောင်အပြင် နောက်ထပ်အရောင်တစ်ရောင် ထပ်တိုးလာသည်။

အစိမ်းရောင်

တုန်လှုပ်ချောက်ချားဖွယ်ရာ အစိမ်းရောင်လျှပ်စီးတန်းကြီးက အနီရောင်နှင့်အနက်ရောင်လျှပ်စီးတန်းများနှင့် ရောထွေးလိမ်ယှက်သွားသည်။ ထို့နောက် သုံးရောင်ခြယ်လျှပ်စီးတန်း ဆယ့်နှစ်တန်းက မန်ဟို့ထံသို့ တစ်ပြိုင်တည်းထိုးဆင်းလာလေသည်။

အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူရှစ်ယောက်မှာ ဆဲရန် အားပင်မရှိကြတော့ပေ။ သူတို့ခမျာ မိုးကြိုးကို အစွမ်းကုန် ခုခံတွန်းလှန်နေရလေသည်။ တဝုန်းဝုန်း မိုးကြိုးပစ်ချသံများအကြား မန်ဟို၏ ရယ်သံကြီး ပဲ့တင်ထပ်နေစဥ် အဖြူရောင်အမျှင်များသည် သူ၏ပတ်ပတ်လည်ရှိ လေထဲ၌ မျောလွင့်နေ၏။ မိုးကြိုးသည် ဤအမျှင်များအား နည်းနည်းလေးပင် ဖျက်စီးနိုင်စွမ်းမရှိပေ။

ကီလိုမီတာ ၃၀၀၀ နယ်ပယ်အတွင်းရှိ ကျင့်ကြံသူများအနက်မှ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူရှစ်ယောက်နှင့် ..... ကြယ်နက္ခတ်မျိုးနွယ်စုမှ အဖြူရောင်ဝတ်ရုံနှင့်လူသာလျှင် သုံးရောင်ခြယ်မိုးကြိုးကို ခံနိုင်ရည်ရှိ၏။

ဤအချိန်အထိ တောင့်ခံနိုင်ခဲ့သည့် အခြားကျင့်ကြံသူများအားလုံး ယခုတွင် သေဆုံးသွားကြလေပြီ။

အဖြူရောင်ဝတ်ရုံနှင့်ကျင့်ကြံသူ၏ ရင်ထဲတွင် သတိပေးခေါင်းလောင်းသံများ ဆူညံသွား၏။ သူ့မှာ ဤအချိန်အထိ နည်းနည်းလေးမှ အချွတ်အချော်မခံဘဲ သတိထားခဲ့သော်လည်း နောက်ဆုံးတွင်တော့ ကံကြွေး၏ကူးစက်ခြင်း ခံလိုက်ရလေပြီ။ သူသည် ယခုတွင် ပြစ်ဒဏ်၏သံသရာထဲ သွတ်သွင်းခံလိုက်ရပြီဖြစ်၏။ သူ၏မျက်လုံးများမှာ အငြိုးအာဃာတတို့ဖြင့် ပြည့်နှက်သွားသော်လည်း သူတတ်နိုင်သည့်အရာမရှိပေ။

"သောက်ကျိုးနည်း သုံးရောင်ခြယ်ပြစ်ဒဏ်မိုးကြိုးတဲ့လား။ ဒီကောင် မိုးကောင်းကင်ကို ဘယ်လိုတောင်အာခံခဲ့လို့ ဒဏ္ဍာရီလာပြစ်ဒဏ်မိုးကြိုး ပေါ်လာရတာတုန်း"

သုံးရောင်ခြယ်လျှပ်စီးတန်းများ အဆက်မပြတ် ကျဆင်းလာသည့်အတွက် ထစ်ချုန်းသံများ နောက်ဆက်တွဲထွက်ပေါ်လာသည်။

မျက်လုံးမဲ့ပိုးကောင်မှ ထွေးထုတ်ပေးနေသော ပိုးချည်မျှင်များက ဘယ်တော့မှ အဆုံးမသတ်သလို ပျက်စီးခြင်းလည်းမရှိပေ။

ပိုးချည်မှာ ရှည်လည်းရှည်နိုင်သလို တိုလည်းတိုနိုင်၏။ လောလောဆယ်တွင် ၄င်းသည် မန်ဟို့ကို ရစ်ပတ်၍ တစ်လွှာပြီးတစ်လွှာ ဖန်တီးနေသည်။ ကောင်းကင်မှ ထိုးဆင်းလာသော လျှပ်စီးတန်းကြီး ၄င်းအား ထိမှန်သောအခါ ပေါက်ကွဲသံအကျယ်ကြီးများ လေတွင် ပြည့်နှက်သွား၏။ လျှပ်စီးတန်းသည် မပျက်စီးနိုင်သော ပိုးချည်ကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပုံရသည်။ သို့သော် နောက်ဆက်တွဲ လှိုင်းဂယက်များက မန်ဟို့ကို အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်လေသည်။

မီးပွားများက လေထုထဲတွင် ကခုန်ပြီး မြေပြင်သို့ ကျရောက်သော် နောက်တစ်ဖန် ပြန်ကန်ပြီး မန်ဟို့ကို ထိမှန်ပြန်သဖြင့် သူ့မှာ သွေးတစ်လုပ်အန်လိုက်ရသည်။ သူ၏ခြေထောက်မှ ဖျောက်ခနဲ အရိုးကျိုးသံအား ကြားလိုက်ရပြီး ကျိုးကြေသွားသောအရိုးက ရုတ်တရက် သူ၏အရေပြားကို ဖောက်၍ ထွက်လာသည်။

မန်ဟို၏အမြင်အာရုံ တဖြည်းဖြည်း ဝေဝါးလာသည်။ သွေးများ ပါးစပ်၌ ပြည့်နေသော်လည်း သူက ဘာမှမဟုတ်သလို ထွေးထုတ်ပြီး ထပ်ရယ်ပြန်လေသည်။ သူ၏မျက်လုံးများသည် ခရမ်းရောင်အလင်းသာမက ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့်ပါ ပြည့်နှက်နေသည်။ သူသည် ခရမ်းမျက်ဆံအသွင်ပြောင်းခြင်း၏စွမ်းအားကို အသုံးပြုပြီး သက်တမ်းအား ငှားယူခြင်းဖြင့် သူ့ကိုယ်သူ ကုသလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူကား ပုံမှန်ပြန်ဖြစ်သွားလေပြီ။

ဤအခိုက်အတန့်တွင် ကီလိုမီတာသုံးထောင်အတွင်း၌ သလင်းကျောက်မဟုတ်သော မြေကြီးဟူ၍မရှိတော့ပေ။ ယင်းက မန်ဟို့ကို ပို၍သာ ထိခိုက်ဒဏ်ရာရစေသည်။

ဤအခြေအနေအရ ကောင်းကင်သို့....   တန်းတန်းမတ်မတ် ပျံတက်သွားရုံသာ ရှိတော့၏။

အဆိုပါအပြုအမူက ကြက်တူရွေး၏မျက်လုံးများကို ဝိုင်းစက်ပြူးကျယ်သွားစေသည်။ ၄င်းမှာ မန်ဟို့၏ပုံရိပ်နှင့် မှတ်ဉာဏ်ထဲက ပုံရိပ်ကို ခွဲခြားရန် အခက်တွေ့တော့သည်။

"ဒါက ငါ့ရဲ့ ရွှေအမြုတေပြစ်ဒဏ် ၊ ငါ အဆုံးထိ တောင့်ခံမယ်။ မပုန်းတော့ဘူး။ ကြောက်လည်းမကြောက်သလို တုန်လည်း မတုန်လှုပ်တော့ဘူး။ ကျင့်ကြံသူတစ်ယောက်၏ နှလုံးသားထဲမှာ ကြောက်ရွံ့တုန်လှုပ်မှုတွေ ရှိနေရင် ဘယ်လိုလုပ် ကြီးမြတ်တဲ့ တာအိုကို ကျင့်ကြံနိုင်တော့မလဲ။ ဘယ်လိုလုပ် ယုံကြည်ချက်ကို တည်ဆောက်နိုင်တော့မလဲ

" ငါ ချီအခြေတည်အဆင့်ကို ရောက်ရှိခဲ့တုန်းက ထွက်ပြေးခဲ့တယ်။ အမြုတေဖြစ်တည်မှုအဆင့်ရောက်တော့လည်း တွန့်ဆုတ်ခဲ့တယ် ။ အေး အခု ..... ငါ ထပ်ပြီး နောက်တွန့်မနေတော့ဘူး" အစွမ်းထက်လိုသော စိတ်ဆန္ဒဖြင့် ပြည့်နှက်နေသော ဟိန်းဟောက်သံကြီး မန်ဟို့ထံမှ ပဲ့တင်ထပ်လာသည်။

"ဒီပြစ်ဒဏ် ပြီးဆုံးသွားရင် ငါ ပိုပြီး အစွမ်းထက်လာလိမ့်မယ်" သူသည် ​လေတွင် ပျံဝဲလျက် ခေါင်းနောက်လှန်ပြီး ကြုံးဝါးလိုက်သည်။ သူ၏အနက်ရောင်ဆံနွယ်များက မျောလွင့်နေပြီး သူ၏ကျောသည် မတ်နေ၏။ သူ၏ပုံစံမှာ မာနကြီးသော သူရဲကောင်းတစ်ဦး အသွင်ဆောင်နေသည်။ မည်သည့်အရာမှ ဖျက်စီးမရနိုင်သော မျက်လုံးမဲ့ပိုးကောင်၏ ပိုးခြည်များက သူ့ကိုပတ်၍ လွင့်မျောနေ၏။

မန်ဟို ဟိန်းဟောက်ကြုံးဝါးလိုက်စဥ် နောက်ထပ် သုံးရောင်ခြယ်လျှပ်စီးတန်းကြီးက သူ့ထံ ဦးတည်၍ ထိုးဆင်းလာသည်။ သူက ယုံကြည်ချက်ရှိသော မျက်ဝန်းများဖြင့် မထီမဲ့မြင်ရယ်ပြီး ညာလက်သီးကို ဆုပ်ကာ ပြစ်ဒဏ်မိုးကြိုးအား တိုက်ရိုက်ထိုးချလိုက်သည်။

ဤသည်မှာ သူ ပထမဆုံးအကြိမ် ပြန်တိုက်ခိုက်ခြင်းဖြစ်၏။

ထိုကဲ့သုံခုခံမှုမျိုးက ရိုးရှင်းသယောင် ထင်ရသော်လည်း လူတချို့မှာတော့ ပြစ်ဒဏ်မိုးကြိုးကို ကျော်လွှားဖို့ ဤနည်းလမ်းအား အသုံးပြုရန် စိတ်ပင်ကူးမိမည်မဟုတ်ပေ။ အမှန်အားဖြင့် ပြစ်ဒဏ်မိုးကြိုးအား ဖျက်စီးရန် ကြိုးစားခြင်းမှာ ရှားမှရှားသောအရာဖြစ်၏။

မန်ဟို့၏လက်သီး မိုးကြိုးအား ထိလိုက်သည့်နှင့်တစ်ပြိုင်နက် သူ၏ အသစ်ဖြစ်သောအစိတ်အပိုင်းတစ်ခုမှာ ရုတ်တရက် ဆွဲထုတ်ခံလိုက်ရသည့်အလားပင်။ သူ၏စိတ်ဆန္ဒနှင့် နှလုံးသားတို့ ထပ်တူလှုပ်ရှားလာပြီး သူ၏ကျင့်ကြံခြင်းအခြေခံလည်း စုစည်းလာသည်။ ပြစ်ဒဏ်မိုးကြိုးအား တန်ပြန်တိုက်ခိုက်လိုစိတ်အတိုင်း လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ကျင့်ကြံခြင်းအခြေခံသည် ရုတ်တရက် တဟုန်ထိုး ထိုးတက်သွား၏။

သူကား အလယ်အလတ်ရွှေအမြုတေအဆင့် မဟုတ်တော့ဘဲ နှောင်းပိုင်းရွှေအမြုတေအဆင့်သို့ တက်လှမ်းရောက်ရှိခဲ့လေပြီ။ မှန်ပါသည်၊ အထွတ်အထိပ်မဟုတ်သော်လည်း နှောင်းပိုင်းအဆင့်သို့ ဝင်ရောက်သွားသည်မှာ သံသယဖြစ်စရာမလိုပေ။ အသက်ပင်ဆုံးရှုံးရနိုင်သော အပြုအမူများကို လုပ်ဆောင်ဝံ့သည့် ထိုကဲ့သို့ စိတ်ဆန္ဒမျိုးနှင့် တမုဟုတ်ချင်း အဆင့်သွားခြင်းက သြချရလောက်သည်အထိ ရင်သပ်ရှုမောဖွယ်ကောင်းလှ၏။

အကန့်အသတ်မရှိသော ရွှေရောင်ခြည်တို့သည် သူ၏ခန္ဓာကိုယ်မှ ဖြာထွက်လာကာ သူ၏မျက်လုံးများမှာ ရွှေအလင်းရောင်တို့ဖြင့် စူးရှတောက်ပနေသည်။ မန်ဟိုက တုံ့ဆိုင်းခြင်းမရှိဘဲ သာလွန်အဆင့်ဝိညာဥ်ကျောက်တုံးတစ်တုံး ထုတ်လိုက်သည်။ ၄င်း သူ၏လက်အတွင်း၌ ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူသည် စိတ်ဝိညာဥ်စွမ်းအင်ကို စုပ်ယူပြီး အမှုန့်ခြေပစ်လိုက်၏။ ထို့နောက် ကျင့်ကြံခြင်းအခြေခံစွမ်းအားအသစ်၊ ဝိညာဥ်ကျောက်တုံးအတွင်းက စွမ်းအင်နှင့် ညာလက်၏ ထူးခြားဆန်းကြယ်အားအင်ကို ဆင့်ခေါ်စုစည်းရင်း ဟိန်းဟောက်ကာ ပြစ်ဒဏ်မိုးကြိုးဆီသို့ တဟုန်ထိုးပျံတက်သွား၏။

ဂျိန်းခနဲ မြည်ဟည်းသွားပြီး ပြစ်ဒဏ်မိုးကြိုး တစ်ခု၊ နှစ်ခု၊ သုံးခု .... ငါးခုက သူ့ကို ပစ်ချပြီး အောက်သို့ တွန်းထုတ်လိုက်သဖြင့် မန်ဟို သွေးအန်လိုက်ရသည်။ ပိုးချည်များသည် သူ့ကို တဟူးဟူး လှည့်ပတ်နေပြီး ခရမ်းရောင်ချီက သူ၏မျက်လုံးများတွင် ထွက်ပေါ်လာသည်။ သူခံစားနေရသော ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းလာနေ၏။ ကီလိုမီတာ ၃၀၀၀ နယ်ပယ်အတွင်းကျန်ရှိသော အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူရှစ်ဦးအနက် သုံးဦးမှာ ရုတ်တရက် သွေးအန်လိုက်ရပြီး မိုးကြိုး၏သုတ်သင်ခြင်း ခံလိုက်ရသည်။

သူတို့မှာ ပြစ်ဒဏ်မိုးကြိုးကို ခုခံရန် မှော်ပစ္စည်းများမရှိသလို၊ မိုးကြိုးပစ်ခံရဖူးသည့် အတွေ့အကြုံလည်းမရှိပေ။ ထို့အပြင် ခိုင်မာပြတ်သားသော စိတ်ဆန္ဒကိုလည်း မပိုင်ဆိုင်ထားလေရာ သူတို့အတွက် သေလမ်းတစ်ခုသာ ရှိတော့၏။

အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများပင်လျှင် ဤပြစ်ဒဏ်မှ ထွက်မပြေးနိုင်သဖြင့် ခန္ဓာကိုယ်များ တစစီဖြစ်ကုန်ကြလေပြီ။

မန်ဟို၏ ခန္ဓာကိုယ်မှာ တုန်ရီနေပြီး သွေးတို့က သူ့ကို နေရာလပ်မကျန် ဖုံးလွှမ်းနေပုံရသည်။ သူ မြေပြင်သို့ ပြန်ဆင်းလာနေသည့်အချိန် ခရမ်းမျက်ဆံအသွင်ပြောင်းခြင်းက စတင် အလုပ်လုပ်လာသည်။ သူသည် ဆေးလုံးအမြောက်အမြားအား အလျင်အမြန်စားလိုက်ပြီး မြေပြင်မှ ကိုးမီတာသာ ကွာဝေးတော့စဥ် ရုတ်တရက် လေလယ်တွင် ရပ်လိုက်၏။ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အက်ကွဲကွဲရယ်သံကြီးက နောက်တစ်ဖန် ပျံ့လွင့်လာ​ပြန်သည်။

ကောင်းကင်မှာ ရုတ်ခြည်း မည်းမှောင်သွား၏။ လျှပ်စီးတန်းများက ပြစ်ဒဏ်၏ဂုဏ်သိက္ခါကို သယ်ဆောင်ရင်း ထိုးဆင်းလာကြသည်။ ၄င်းတို့က မန်ဟို့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာနေကြပြီး ထိုစဥ် ခေါင်းအထက်ရှိ ကောင်းကင်မှာ ရုတ်တရက် ဖရိုဖရဲဖြစ်လာသည်။ အလွန်ကြီးမားသော တိမ်တိုက်များက စတင်လည်လာရင်း ဝဲတစ်ခုဖန်တီးလိုက်ရာ လေထုအတွင်း၌ တဂျိန်းဂျိန်း ထစ်ချုန်းမြည်ဟည်းသံများ ဆူညံနေတော့သည်။ ဤမြင်ကွင်းကိုသာ ပန်းချီရေးဆွဲနိုင်လျှင်တော့ ကြည့်လိုက်သူတိုင်း တစ်သက်မမေ့နိုင်မည့် ပန်းချီကားကို ဖော်ဆောင်ပေးလိမ့်မည်။

"မန်ဟိုက ငြိမ်ခံနေတတ်တဲ့ကောင်စား မဟုတ်ဘူးကွ" မန်ဟိုက ရယ်သည်။ သူသည် လက်ကို မြှောက်၍ ကောင်းကင်သို့လက်ညှိုးထိုးလိုက်၏။ ရုတ်တရက် အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်စွမ်းအား မန်ဟို့ကိုယ်အတွင်းမှ ထွက်လာသည်။ စွမ်းအား မိုးကောင်းကင်ထံသို့ တဟုန်ထိုးတက်သွားစဥ် သရဲပုံရိပ်များ နေရာလပ်မကျန် ပေါ်ပေါက်လာ၏။

"မိစ္ဆာချီ သမာဓိအပ်နှင်းခြင်းပညာရပ် အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်"

ကောင်းကင်နှင့်တကွ ပထဝီမြေကြီးသည် တသိမ့်သိမ့် တုန်ခါလာ၏။ မန်ဟို တစ်ယောက်သာ မြင်နိုင်သော အရှိန်အဝါသည် သလင်းကျောက်မြေပြင်မှ တလိပ်လိပ်ထိုးထွက်လာပြီး သူ့ထံ ပြေးဝင်လာသည်။ မရေမတွက်နိုင်သော အမျှင်များက ချက်ချင်း စုပေါင်းပြီး ဆူပွက်နေသည့် မြူတိမ်တိုက်တစ်ခု ဖြစ်လာသည်။

မန်ဟိုက မြေ​​ကြီး၏ အနှစ်သာရကို ဆင့်ခေါ်နေသကဲ့သို့ မိစ္ဆာမြူတိမ်တိုက်သည် မန်ဟို့ကို ဝန်းရံလျက် သူသွားရာနောက်သို့ လှိုင်းလုံးကြီးသဖွယ် လိုက်ပါလှုပ်ရှားနေသည်။ ၄င်းက လာနေသော လျှပ်စီးတန်းဆယ်တန်းထံသို့ ပြေးထွက်သွား၏။

အလွန်ပြင်းထန်သော ပေါက်ကွဲမှုကြီးက ဝေဟင်နှင့်မြေပြင်ရှိ အရာအားလုံးကို ရိုက်ခတ်သွားသည်။ မိုးကြိုးက ထစ်ချုန်းအော်မြည်ရင်း အောက်သို့ ထိုးဆင်းလာ၏။ ၄င်းသည် မန်ဟို့၏ဝန်းရံထားသည့် မိစ္ဆာချီကို ဝင်တိုက်ကာ တစ်လွှာပြီးတစ်လွှာ ကွဲကြေသွားစေသည်။ မိုးကြိုးသည်လည်း တဖြေးဖြေး လွင့်စင်ပျောက်ကွယ်လာ၏။

မျက်စိတစ်မှိတ်အတွင်း ပြစ်ဒဏ်မိုးကြိုးဆယ်ခုအနက် သုံးခုသာ ကျန်ရှိတော့သည်။ မိစ္ဆာချီ ပဲ့ကြွေကျသွားပြီး ကျန်ရှိသော ပြစ်ဒဏ်မိုကြိုးများက အော်မြည်ရင်း မန်ဟိုထံ ပြေးဝင်လာကြသည်။ မျက်လုံးမဲ့ပိုးကောင်၏ ချည်မျှင်တို့က ချက်ချင်း သူ့ကို ဝန်းရံလိုက်သည့်တိုင် မိုးကြိုးတချို့က လျှိုဝင်လိုက်နိုင်သေးသည်။

မန်ဟို့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်သွားပြီး သူ့ပါးစပ်မှ သွေးအမြောက်အများ ပန်းထွက်သွားသည်။ သူ၏ခန္ဓာကိုယ်မှာ ဥက္ကာခဲသဖွယ် အောက်သို့ထိုးကျ၍ သလင်းကျောက်မြေပြင်နှင့် မိတ်ဆက်သွားသဖြင့် နားကွဲမတတ်ကျယ်လောင်သော အသံကြီး ကြားလိုက်ရသည်။ မြေပြင်သည် အစိတ်စိတ်အမွမွဖြစ်သွားပြီး အက်ကြောင်းများ ဖြာထွက်ကာ ချိုင့်ကြီးတစ်ခု မြင်သာလာသည်။

ခေါင်းအထက်ရှိ မိုးကြိုးတိမ်တိုက်များမှာ ကခုန်နေသော လျှပ်ပန်းလျှပ်နွယ်များဖြင့် တလိပ်လိပ် ဆူပွက်နေ၏။ ရုတ်တရက် လျှပ်စီးတန်းများက အတူတကွပေါင်းစည်းကာ အရောင်ထပ်ပြောင်းလာသည်။ ယခုတွင် မိုးကြိုး၌ လေးရောင်ရှိသွားလေပြီ။ လျှပ်စီးလက်သံများ တဖျစ်ဖျစ် တဖြောက်ဖြောက် မြည်လာသည်။

ကီလိုမီတာ ၃၀၀၀ နယ်ပယ်အတွင်း၌ ကျန်ရှိသော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူငါးဦးမှာ သွေးအန်လိုက်ကြရ၏။ နှစ်ယောက်က ချက်ချင်း ပေါက်ကွဲသွားသည်။ သူတို့၏ ယိုင်နဲ့နဲ့ အနုသုခုမရုပ်ခန္ဓာများမှာ ထွက်ပြေးရန် ကြိုးစားပါသော်လည်း မိုးကြိုး၏သုတ်သင်ခြင်း ခံလိုက်ရသည်။

သူတို့မသေခင် မကျေမချမ်းအော်သံများ အား ကြားနိုင်လေသည်။ ယခုတွင် အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူသုံးဦးသာ ကျန်ရှိတော့၏။ သူတို့၏ခန္ဓာကိုယ်များမှာ တုန်ရီနေပြီး သူတို့၏မျက်လုံးများ၌ စိတ်ပျက်အားလျှော့မှုများ ပြည့်နေသည်။ မန်ဟို့အပေါ် မုန်းတီးစိတ်တို့က သူတို့ရင်ထဲ၌ ပြည့်ကြပ်နေပါသော်လည်း ကံဆိုးစွာနှင့် သူတို့တတ်နိုင်သည့်အရာ မရှိပေ။

ယခုအချိန်တွင် တပွက်ပွက်ဆူနေသော တိမ်များအတွင်းမှ လေးရောင်ခြယ်မိုးကြိုးကြီး စတင်ထိုးဆင်းလာလေပြီ။ ၄င်းက ချိုင့်ခွက်ထံ တဟုန်ထိုးသွားနေသော်လည်း ထိုနေရာသို့ ရောက်တော့မည့်အချိန်မှာပင် လက်သီးတစ်လုံးက ရုတ်တရက် ပျံထွက်လာပြီး မိုးကြိုးကို ထိုးနှက်လိုက်၏။

ဝုန်းခနဲ ပေါက်ကွဲပြီး အရာအားလုံး တုန်ခါသွားသည်။ မန်ဟိုက မီးကျွမ်း၍ မည်းခြစ်နေသော ခန္ဓာကိုယ်ဖြင့် ထွက်လာသည်။ သွေးတို့ရွှဲရွှဲစိုနေသော်လည်း ခရမ်းရောင်အလင်းက သူ၏မျက်ဝန်းအိမ်ထဲ၌ ဆက်လက်တောက်ပနေပြီး ဒဏ်ရာများကို ကုသပေးနေ၏။ သူက အသံပြာကြီးဖြင့် မထီမဲ့မြင်ရယ်ပြီးနောက် ရဲစွမ်းသတ္တိအပြည့်နှင့် လေပေါ်ပျံတက်သွားသည်။

"ရွှေအမြုတေပြစ်ဒဏ်။ မင်း မိုးကြိုးတစ်ရာလောက်ပစ်ချပြီးပြီပဲ။ လာစမ်းပါ နည်းနည်းလောက် ထပ်ပစ်ချဦးလေ" သူ၏အသံ ပဲ့တင်ထပ်နေစဥ် ရူးသွပ်မှုက သူ၏မျက်ဝန်းများတွင် တောက်ပနေ၏။

ပြစ်ဒဏ်မိုးကြိုတိမ်တိုက်များက ဒေါသတကြီး ထစ်ချုန်းအော်မြည်ရင်း တပွက်ပွက်ဆူလာ​ပြန်သည်။ ရုတ်တရက် ခေါင်းအထက်ရှိ အရာအားလုံး အနီရောင်တောက်သွား၏။ တစ်ဆက်တည်းဆိုသလို မရေမတွက်နိုင်သော အနီရောင်လျှပ်စီးတန်းများက မန်ဟို့အပေါ် တဖွဲဖွဲကျရောက်လာသည်။

၄င်းတို့သည် မန်ဟို့ကို ထိမှန်ရင်း မီးပွားများအသွင် ပြောင်းသွား၏။ သို့ထိတိုင် မန်ဟိုသည် လေအလယ်တွင် ပျံဝဲနေလျက် သူ၏ ကြီးကျယ်ခမ်းနားမှုမှာ ဆက်လက်ထည်ဝါ၍သာရှိသည်။

ထိုစဥ် အပေါ်ထက်တွင် နောက်ထပ်အရောင်တစ်ရောင် ပေါ်ပေါက်လာသည်။ အနက်ရောင်။

ကောင်းကင်မှာ တစ်ခြမ်းအနက်၊ တစ်ခြမ်းအနီဖြစ်နေ၏။ ယခုတွင် ရွာကျနေသော လျှပ်စီးမိုး၌ အနက်ရောင်လျှပ်စီးတန်းများ ပါဝင်လာသည်။ နားကွဲလုမတတ် ကျယ်လောင်သော မိုးထစ်ချုန်းပြည့်နှက်နေပြီး အစိမ်းရောင် ထပ်ပေါ်လာပြန်သည်။

အနီ၊ အနက် နှင့် အစိမ်း။ အရောင်သုံးရောင်က ကောင်းကင်တွင် အပြန်အလှန်ချိတ်ဆက်လျက်ရှိပြီး ရွာကျနေသော လျှပ်စီးမိုး၌ ဤသုံးရောင်လုံး ပါရှိနေလေပြီ။

သို့ရာတွင် မပြီးဆုံးသေး။ လေးရောင်မြောက် ပေါ်ထွက်လာ၏။

အဖြူရောင်

ယခုတွင် အရောင်လေးရောင်အား ကောင်းကင်တွင် မြင်နိုင်လေသည်။ အဖြူရောင်လျှပ်စီးတန်းသည် လေးရောင်ခြယ်ကောင်းကင်မှ ထိုးဆင်းလာ၏။ ၄င်းက မြေကြီးကို ဝင်တိုက်၍ တသိမ့်သိမ့် တုန်ခါသွားစေသည်။

ဤလေးရောင်ခြယ် လျှပ်စီးမိုးကြိုးများအကြားတွင် မန်ဟိုသည် မျက်လုံးမဲ့ပိုးကောင်၏ပိုးချည်ဖြင့် ခြံရံလျက် ပျံဝဲနေ၏။ သူသည် ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ရင်း ပြစ်ဒဏ်မိုးကြိုးကို တန်ပြန်တိုက်ခိုက်နေသည်။

ဤအခိုက်အတန့်တွင် မမြင်ရသော လူတစ်ယောက် ဟိန်းဟောက်ကြုံးဝါးလိုက်သကဲ့သို့ အရာအားလုံး တုန်ရီသွားသည်။ ရုတ်တရက်.... ကောင်းကင်တွင် ငါးရောင်မြောက် ပေါ်ပေါက်လာလေပြီ။

အဝါရောင်

အနီ အနက် အစိမ်း အဖြူ အဝါ

ငါးရောင်ခြယ်ကောင်းကင်၊ ငါးရောင်ခြယ်ပြစ်ဒဏ်မိုးကြိုး။ ဤသည်ကား ရွှေအမြုတေပြစ်ဒဏ်အတွက် မန်ဟို ရင်ဆိုင်ရမည့် နောက်ဆုံးသော ပြစ်ဒဏ်မိုးကြိုးပင်။ ဤငါးရောင်ခြယ်မိုးကြိုးကိုသာ သူကျော်လွှားနိုင်လျှင် ဤဒဏ်ခတ်ခြင်း အဆုံးသတ်လိမ့်မည်။

"ဒီတော့ ဒါက နောက်ဆုံးပြစ်ဒဏ်မိုးကြိုးပေါ့" သူ၏မျက်လုံးများကား ပြင်းပြသောစိတ်ဆန္ဒတို့ဖြင့် တဖျပ်ဖျပ် လက်နေချေသည်။

***

All Chapters