← Chapters

မြေးအဘိုး

Vol. 30 Ch. 407

မြေးအဘိုး

Vol. 30 Ch. 407

မဟာငလျင် မြို့တော်အတွင်းရှိ သန်းပေါင်းများစွာသော မြို့တော်သူ မြို့တော်သားများ အကြားတွင် မျက်မှောင်ကြုတ်နေသည့် ပုဂ္ဂိုလ် နှစ်ယောက် ရှိနေခဲ့လေသည်။ သူတို့သည် ကျားခုံရှေ့တွင် ထိုင်ကာ ဆက်လက် ကစားနေကြဆဲ ဖြစ်သော်လည်း အာရုံများကတော့ ထိုနေရာ၌ ရှိနေကြပုံ မပေါ်တော့ချေ။

ဝိညာဥ်အလင်း ခပ်ဖျော့ဖျော့ဖြင့် တောက်ပနေသည့် သူတို့၏ မျက်လုံးများက ဝေ့ဝူယင် ဝင်ရောက်သွားသည့် မြို့တော်ဝန် မျှော်စင်နှင့် ကောင်းကင်ဆီ ထိုးဖောက်နေသည့် တောင်တန်းကြီးများကိုသာ တစ်လှည့်စီ ငေးမော ကြည့်ရှုနေကြသည်။

“အဘိုး... အဲဒီလူက ဘယ်သူလဲ... သူက တကယ်ပဲ ဝိညာဥ်ဆင်းတု အဆင့်လား... ဒါမှမဟုတ် ကျင့်ကြံခြင်းကို သက်သက်ဖုံးကွယ်ထားတာလား”

ရုတ်တရက် မိန်းကလေးက မေးလိုက်၏။ တဖျပ်ဖျပ် တောက်ပနေသည့် မျက်လုံးဝိုင်းလေးများက ထိုကိစ္စကို သူမ မည်မျှ စိတ်ဝင်စားကြောင်း ဖော်ပြသယောင် ရှိနေသည်။

သို့သော်လည်း လူအိုကြီးက ကြားဟန် မရသလို အင်တင်တင် လုပ်ရင်း တစ်ဖက်ကို လှည့်ကာ မုတ်ဆိတ်မွေးများကိုသာ ပွတ်သပ်နေခဲ့၏။

"ဒီမှာ အဘိုးကြီး...”

မိန်းကလေးက ဒေါသတကြီးဖြင့် အော်ဟစ်ရင်း စားပွဲခုံကို ရိုက်ချလိုက်၏။ လူအိုကြီးမှာ မိန်းကလေး၏ ဒေါသကြောင့် လန့်ဖျန့်သွားကာ ကုလားထိုင်ပေါ်မှ ပြုတ်ကျတော့မလိုပင် ဖြစ်သွားခဲ့သည်။

“အဟွတ်... အဟွတ်... “

သူက ချောင်းတစ်ချက် နှစ်ချက်ဆိုးရင်း ဒေါသအရှိန်ထနေသည့် မြေးမလေးကို မကြည့်ချင် ကြည့်ချင် လှည့်ကြည့်လိုက်သည်။

မိန်းကလေး၏ ရုပ်ရည်ဖြင့် ဒီထက် နည်းနည်း ပိုသိမ်မွေ့ပြီး  ပြိုင်ဆိုင်လိုစိတ် နည်းပါက လင်ကောင်းသားကောင်း ရဖို့ ဘယ်လောက် လွယ်ကူလိမ့်မည် ဖြစ်ကြောင်း တွေးလိုက်မိသည်။ သို့သော်လည်း ထိုမျှော်လင့်ချက်က ကမ္ဘာပျက်လျှင်ပင် ဖြစ်မလာနိုင်ကြောင်း သိလေရာ လူအိုကြီးမှာ ခေါင်းကိုသာ ခါလိုက်မိလေ၏။

“ဘာတွေ လျှောက်ခေါင်းခါနေတာလဲ... ပြောမပြရင် အဘိုး ‌ရေချိုးခန်းတွေထဲ သွားချောင်းတဲ့ အကြောင်း အဘွားကို ပြန်တိုင်ပြောမယ်”

မိန်းကလေးက ခြိမ်းခြောက်လိုက်၏။ ချက်ချင်းပင် လူအိုကြီး၏ အမူအရာက ကြိုးတိုက်ထဲ ဝင်ရတော့မည့် သေမိန့်ကျ ရာဇဝတ်သား တစ်ယောက်လိုမျိုး ဆိုးဆိုးရွားရွား တွန့်လိမ် သွား၏။ သူက ချက်ချင်းပင် ဣန္ဒြေဆည်လိုက်ရင်း...

“ဘာရေချိုးခန်းလဲ... နင်ပြောတာ ငါ ဘာမှ မသိဘူး...”

“ဟဟ... အဘွားက ဘယ်သူ့ကို ယုံမလဲ ကြည့်ရသေးတာပေါ့လေ...”

မိန်းမငယ်လေးက နတ်ဆိုးမ တစ်ယောက်ကဲ့သို့ ရယ်မောရင်း လက်နှစ်ဖက်ကို ဆန့်တန်းကာ အကြောဆန့်လိုက်၏။

“ ... “

လူအိုကြီး၏ အ‌‌ရေထူသော မျက်နှာမှာ ချက်ချင်း ပြိုကျသွားကာ အသနားခံသော အရိပ်အယောင်များက အစားထိုး နေရာယူလာသည်။ သို့သော်လည်း... မိန်းမငယ်လေးကတော့ အဘိုးဖြစ်သူ အပေါ် နည်းနည်းလေးမှ ဂရုဏာသက်ပုံ မပေါ်ချေ။ သူမက ခြိမ်းခြောက်သော မျက်လုံးများဖြင့်သာ လူအိုကြီးကို စူးစူးဝါးဝါး စိုက်ကြည့်နေခဲ့၏။

“ငါ့ရဲ့ ယဥ်ကျေးသိမ်မွေ့တဲ့ သမီးလေးဆီကနေ ဘယ်လိုလုပ်ပြီး ဒီလို နတ်ဆိုးမလေး တစ်ယောက် ထွက်လာရတာလဲ... ဒီလူအိုကြီးရဲ့ နောက်ဆုံးနေ့ရက်လေးတွေကတော့ ဆိုးဆိုးရွားရွားကို လုံးပါးပါးတော့မှာပဲ”

အဘိုးအိုက လေးပင်စွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။  ထို့နောက် သူက ဝေ့ဝူယင် ဝင်ရောက်သွားသည့် မြို့တော်ဝန် မျှော်စင်ကို တစ်ချက် လှမ်းကြည့်လိုက်ရင်း...

“အဲဒီလူငယ်က တကယ့်ကို ဝိညာဥ် ဆင်းတု အဆင့်မှာပဲ ရှိသေးတယ်... သူ့လို အရမ်း ကြောက်စရာ ကောင်းတဲ့ ချာတိတ်လေးမျိုး ငါ့ဘဝ တစ်လျှောက်လုံး တစ်ခါမှတောင် မတွေ့ဖူးဘူး”

“ ... “

ထိုစကားလုံးများက မိန်းကလေး၏ အမူအရာက လေးနက်သွားစေ၏။ သူမက မျက်မှောင်ကြုတ်လိုက်ရင်း လူအိုကြီး ငေးမောနေသည့် မြို့တော်ဝန် မျှော်စင်ကို လှမ်းကာ ကြည့်လိုက်သည်။ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ရှိနေသေးသော်လည်း  သူမ၌ မေးရန် စိတ်ကူး မရှိတော့‌ချေ။ လူအိုကြီး စကားစတင် ပြောသည်နှင့် ကျိုးကျလာသည့် ဆည်ကြီးတစ်ခုလို ရေလွှမ်းမိုးမှု ဖြစ်တော့မည် ဖြစ်ကြောင်း သူမ သိရှိပြီး ဖြစ်သည်။

မျှော်လင့်ထားသည့် အတိုင်းပင် လူအိုကြီးက ကရားရေလွှတ် တတွတ်တွတ် ဆက်ပြောလိုက်သည်။

“သူ့ဆီမှာ အမှီအခိုကင်းပြီး ကိုယ်ပိုင် လောကပင်လယ်ကို ဖွံ့ဖြိုးထားတဲ့ ကြယ်တာရာ အမြုတေ နှစ်ခုတောင် ရှိတယ်... နောက်ပြီး အဲဒီ ကြယ်တာရာ အမြုတေတွေရဲ့ အရွယ်အစားက အရမ်းကို ကြီးမားလွန်းတယ်... ဝိညာဥ်ဆင်းတု အဆင့် မပြောနဲ့ လောကသခင် အဆင့်မှာတောင် သူ့ ကြယ်တာရာ အမြုတေကို ယှဥ်နိုင်တဲ့လူ တစ်ယောက်မှာ မရှိဘူး”

“နှစ်ခုတောင်လား... အဲ့တာတွေက ဘယ်လောက်‌တောင် ကြီးနေလို့လဲ...”

မိန်းမငယ်လေးက ဆက်လက် ထိန်းချုပ် မထားနိုင်တော့ရာ မေးလိုက်၏။ လှပ ဝိုင်းစက်သော သူမ၏ မျက်ဝန်းလေးများက စိတ်ဝင်စားမှုဖြင့် တဖျပ်ဖျပ် တောက်ပနေသည်။

လူအိုကြီးမှာ မိန်းမငယ်လေး၏ ကြားဖြတ် မေးခွန်ကြောင့် စကားစ ပြတ်သွားကာ သူမကို လှည့်ကြည့် လိုက်၏။

“အင်း... ဘယ်လောက်ကြီးလဲ ဆိုတော့ သူ့ညီလေးလောက်တော့ ဘယ်ကြီးမလဲ... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကြီးတယ်”

သူက စဥ်းစဥ်းစားစား ချင့်ချင့်ချိန်ချိန် ပုံစံမျိုးဖြင့် အဖြေပေး လိုက်သည်။

“သူ့ညီလေးကို ဘယ်သူက မေးနေလို့လဲ...”

မိန်းကလေးမှာ မျက်နှာတစ်ခုလုံး ရဲရဲနီသွားကာ လူအိုကြီးကို စူးစူးရဲရဲ ကြည့်လိုက်၏။ အနည်ထိုင်စ ပြုနေသည့် ဒေါသက နောက်တစ်ကြိမ် အရှိန်အဟုန်နှင့် နိုးထစ ပြုလာသည်။ ထိုအရွယ်အစားကို မည်သူက မေးနေလို့နည်း။

လူအိုကြီးကတော့ လုံးဝ အပြစ်ကင်းစင်နေသည့် ပုံပင်။ သူက မိန်းမငယ်လေး၏ ဒေါသကို သတိပင် မထားမိသည့် အလား မျှော်စင်ဘက်ကို ပြန်ငေးကာ ဆက်လက် ပြောလိုက်၏။

“သူ့ရဲ့ ကြယ်တာရာ အမြုတေ နှစ်ခုလုံးက တစ်ဆယ် စင်တီမီတာလောက် ရှိတယ်...”

“ဘာကြီး... တစ်ဆယ် စင်တီမီတာ...”

မိန်းမငယ်လေးက စူးစူးဝါးဝါး ထအော်လိုက်၏။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးက တဆတ်ဆတ် တုန်ရီနေကာ ဝိုင်းစက်ပြူးကျယ်နေသော သူမ၏ မျက်လုံးလေးများကတော့ လူအိုကြီး၏ စကားကို လက်ခံနိုင်ရန် ခက်ခဲနေပုံ ပေါ်သည်။

လူအိုကြီးက ဖြူရော်စွာ ပြုံးရင်း ခေါင်းညိတ်လိုက်သည်။

“အမှန်ပဲ... ငါတောင် မယုံနိုင်ဘူး... သူ့ရဲ့ ကြယ်တာရာ အမြုတေ နှစ်ခုစလုံးက တစ်ဆယ် စင်တီမီတာလောက်ကို ရှိနေတာ... နောက်ပြီး ဟိုမျိုးနွယ်က မဟုတ်တာ သေချာတယ်... သူ့ရဲ့ ကြယ်တာရာ အမြုတေတွေက တစ်ခုနဲ့ တစ်ခု ဘာအဆက်အစပ်မှ မရှိဘူး... လုံးဝ အမှီအခို ကင်းတယ်... အဲဒီလို ပုံစံမျိုး ငါ တစ်ခါမှတောင် မတွေ့ဖူးဘူး”

မိန်းမငယ်လေးမှာ ငြိမ်သက်သွား၏။ သူမက မယုံကြည်နိုင်မှုများ ပြည့်နှက် နေဆဲ ဖြစ်သည့် မျက်လုံးများဖြင့် မြို့တော်ဝန် မျှော်စင်ကို လှမ်းကြည့်လိုက်သည်။

“သူက အဲဒီမျိုးနွယ်က မဟုတ်ဘူးလား...”

အဘိုးဖြစ်သူထံမှ အမြုတေ နှစ်ခု အကြောင်း ကြားရသောအချိန်၌ ထိုလူငယ်လေးမှာ သူမ ကြားဖူးသည့် မျိုးနွယ်မှ ဖြစ်လိမ့်မည်ဟုသာ ပေါ့ပေါ့ဆဆ ယူဆထားခဲ့ခြင်း ဖြစ်သည်။

လူအိုကြီးက မျက်မှောင်ကြုတ်ရင်း ခေါင်းခါလိုက်၏။

“သူက အဲဒီမျိုးနွယ်ရဲ့ သွေးမျိုးဆက်ကို တုပထားတဲ့ ထူးဆန်းတဲ့ နည်းလမ်းတစ်မျိုးကို ကျင့်ကြံထားတာ... ဒါပေမဲ့ မူရင်း မျိုးနွယ်တွေထက်တောင် ပိုပြီး အစွမ်းထက်နေတာကတော့ အံ့အားသင့်စရာပဲ... ငါ့ဘဝ တစ်လျှောက်လုံး အဲဒီလို နည်းလမ်းမျိုး ရှိလိမ့်မယ်လို့ ကြားတောင် မကြားဖူးဘူး”

“သွေးမျိုးဆက်ကို တုပနိုင်တဲ့ နည်းလမ်း...”

မိန်းမငယ်လေး၏ မျက်ဝန်းများက လောဘ အရိပ်အငွေ့များဖြင့် တလက်လက် တောက်ပလာခဲ့၏။ အကယ်၍ ထိုနည်းလမ်းကိုသာ ပိုင်ဆိုင်နိုင်ခဲ့ပါက...

“စိတ်မကောင်းစရာပဲ... အဲဒီနည်းလမ်းကို ကောင်းကင်ကပ်ဘေး ရင်မဆိုင်ရသေးတဲ့ ချီပျစ်ခဲခြင်း အဆင့်တွေပဲ ကျင့်ကြံလို့ရတယ်”

သူမ၏ အတွေးမဆုံးခင်မှာပင် လူအိုကြီးက လေးပင်စွာ ခေါင်းခါရင်း ဆိုလိုက်သည်။

“ချီပျစ်ခဲခြင်း အဆင့်တွေပဲလား...”

ထိုစကားလုံးများကြောင့် မိန်းမငယ်လေးမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားပုံ ရ၏။ သူမက ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်းခဲ့ပြီး ဖြစ်သည်။ ဆိုလိုသည်က သူမတွင် အခွင့်အရေး မရှိတော့ချေ။

လူအိုကြီးက မြေးမလေး၏ အမူအရာကို ကြည့်ရင်း စိတ်ထဲမှ သက်ပြင်း တစ်ချက် ချလိုက်သည်။ အမှန်အတိုင်း ဝန်ခံရပါက သူ လိမ်ညာလိုက်ခြင်းပင်။

“နင် ဘာတွေ တွေးနေတာလဲ ဆိုတာ ငါသိပါတယ်... အသက် ငါးဆယ်တောင် မပြည့်သေးတဲ့ လူငယ်လေး တစ်ယောက်က အဲဒီလို အစွမ်းထက်တဲ့ နည်းလမ်းမျိုးကို ကိုယ်တိုင် ဖန်တီးနိုင်မယ်လို့ ထင်နေတာလား... ကြောက်စရာကောင်းတဲ့ ကျင့်ကြံခြင်း အခြေခံ တစ်ခုတည်းနဲ့တင် သူ့နောက်မှာ ရှိနေတဲ့ အဖွဲ့အစည်းက ဘယ်လောက် အင်အားကြီးနေမယ် ထင်လဲ... နင့်ကို လိမ်မိတဲ့ အတွက် အပြစ်မတင်ပါနဲ့... ဒီလိမ်ညာမှုက နင့်ရဲ့ အသက်ကို ကယ်တိုင်လိုက်တာတောင် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်”

သူတို့ နှစ်ယောက်ကြားတွင် အချိန် အတန်ကြာ တိတ်ဆိတ်သွား၏။ လူအိုကြီးမှာ မြို့တော်သခင်၏ မျှော်စင်ကို လှမ်းငေးမောနေကာ မိန်းမငယ်လေးကတော့ မြေပြင်ကို ကြည့်ရင်း တစ်စုံတစ်ခုကို စဥ်းစားနေဟန် ရလေသည်။ အတန်ကြာပြီးနောက်တွင်မှ သူမက ခေါင်းကို မော့ရင်း မေးလိုက်သည်။

“အဘိုး... သူ့လို လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ... ဒီနေရာက အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ လောကနယ်မြေ မလား”

ထိုလူငယ်ကဲ့သို့ ပါရမီမြင့်မားလွန်းသည့် ကျင့်ကြံသူ တစ်ယောက် ဤနေရာသို့ ရောက်ရှိနေခြင်းက ပုံမှန် မဟုတ်ဟု သူမ ခံစားရသည်။ သူက အခြားနေရာမှ လာသူ တစ်ဦး ဖြစ်မည်မှာ ကျိန်းသေသည်။ ချို့ယွင်းမှုများ ရှိနေသည့် ဤလောကနယ်မြေမှာ ထိုကဲ့သို့ ထူးချွန်သည့် ပုဂ္ဂိုလ်တစ်ဦးကို ဘယ်လိုနည်းနှင့်မှ မွေးထုတ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။

လူအိုကြီးက ခေါင်းတစ်ချက် ညိတ်လိုက်၏။ သူ၏ မျက်ဝန်းများက မျှော်စင်ဆီမှ မိန်းမငယ်လေးထံသို့ ပြန်လည် ရွေ့လျားလာသည်။

“အင်း... အဲဒီလူငယ်လေးက စမ်းသပ်ပွဲကို လာပြီး ယှဥ်ပြိုင်တဲ့ ရွေးချယ်ခံ တစ်ယောက်ပဲ... သူ့မှာ မူလဲဒြပ်စင် ရည်ရွယ်ချက် ရှိတယ်... သူ ပစ်လွှတ်လိုက်တဲ့ အဖြူရောင် လျှပ်စီးတန်းကို မြင်တယ်မလား... အဲဒါက အဆင့်မြင့် လျှပ်စီး ရည်ရွယ်ချက် တစ်ခု ဖြစ်တဲ့  ခရမ်းရောင် လျှပ်စီး ရည်ရွယ်ချက်ကနေ ထွက်ပေါ်လာတာ... အမြန်နှုန်းနဲ့ ခွန်အားကို တိုင်းတာ ကြည့်ရမယ် ဆိုရင် အဲဒီ ရည်ရွယ်ချက်က ဒီလောကရဲ့ အမြင့်ဆုံး ရည်ရွယ်ချက် သုံးခုထဲမှာတောင် ပါတယ်... အဲဒီလို အစွမ်းထက်တဲ့ လျှပ်စီး ရည်ရွယ်ချက်မျိုးကို သူ အောင်မြင်ထားလိမ့်မယ်လို့ ငါ ထင်တောင် မထားခဲ့ဘူး...”

“ဘာကြီး... သူက မူလ ဒြပ်စင် ရည်ရွယ်ချက်ကိုပါ အောင်မြင်ထားတာလား.. အဲဒါကြီးက မများလွန်းဘူးလား...”

မိန်းမငယ်လေးမှာ လန့်ဖျန့်ကာ ထပ်အော်လိုက်မိ၏။ သူမ၏ မျက်လုံးများက မယုံကြည်နိုင်ခြင်းများနှင့် ဝိုင်းစက် ပြူးကျယ်နေသည်။ အလန့်တကြားဖြင့် မျှော်စင်ရှိရာကို သူမ လှမ်းကြည့်လိုက်၏။

ထိုလူငယ်နှင့် ပတ်သက်ပြီး ကြားရသမျှ စကားလုံးတိုင်းက တစ်ခုမှ ရိုးရှင်း မနေခဲ့ချေ။ ကြယ်တာရာ အမြုတေ နှစ်ခု၊ နောက် ကြားပင် မကြားဖူးသည့် ကြယ်တာရာ အမြုတေ အရွယ်အစား၊ ယခုတစ်ဖန် မူလ ဒြပ်စင် ရယ်ရွယ်ချက်... သူက ဘာသားနှင့် ထုထား၍ ယခုလောက် ထူးချွန်နေရသနည်း။

“ ... “

လူအိုကြီးက ပင့်သက်တစ်ချက် ရှိုက်ရင်း စကားစကို ပြန်ဆက်ရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း ရုတ်ချည်းပင် သူ့မျက်နှာက မှုန်မှိုင်းသွားကာ ခါးသီးသော အပြုံးတစ်ခုမှာ သူ့နှုတ်ခမ်းများထက်တွက် နေရာယူလာခဲ့သည်။ သူက ဖြူရော်စွာဖြင့် မိန်းမငယ်လေးကို ကြည့်လိုက်သည်။

“ပြောရင်းဆိုရင်းပဲ သူ ငါတို့ကို တွေ့သွားပြီ”

“ဟမ်...”

မိန်းကလေးမှာ နားမလည်နိုင်အောင် ဖြစ်သွားသည်။ ထိုအခိုက်တွင်ပင် နောက်နားမှ အသံတစ်ခုကို သူမ ကြားလိုက်ရ၏။

“တွေ့ရတာ ဝမ်းသာပါတယ်...”

မိန်းကလေးက နောက်ကို လှည့်ကြည့်လိုက်ရာ ကျန်းမာ သန်စွမ်းမှုနှင့် ချောမောခန့်ညားမှုတို့ကို အချိုးကျကျ ပေါင်းစပ်ထားသည့် ငယ်ရွယ်ပျိုမြစ်သော မျက်နှာတစ်ခုကို မြင်လိုက်ရ၏။ နက်မှောင် ဖြောင့်စင်းနေသည့် မျက်ခုံးများ အောက်ရှိ သူ၏ ငွေဘော်ရောင် မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေကာ နှုတ်ခမ်းပါးများထက်တွင်တော့ အပြုံးစတစ်ခုက တွဲလွဲ ခိုနေသည်။

ထိုလူငယ်မှာ ဝေ့ဝူယင်မှ လွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။

***

All Chapters