← Chapters

မိုးကောင်းကင်ကို ချုပ်နှောင်မယ်

Vol. 28 Ch. 387

မိုးကောင်းကင်ကို ချုပ်နှောင်မယ်

Vol. 28 Ch. 387

"ပြစ်ဒဏ်မိုးကြိုးမှာ အရောင်ငါးရောင်ရှိတယ်။ ဓာတ်ငါးပါးမှာရောပဲ...  အဲ့ဒီနှစ်ခုကြားမှာ ပတ်သက်မှုတစ်ခုခုများ ရှိနေမလား" မန်ဟို့၏မျက်လုံးများ လင်းလက်သွားသည်။ ယခုအချိန်မှာ ထိုအကြောင်းအား စဉ်းစားရမည့်အချိန်မဟုတ်ပေ။ ကောင်းကင်ထက်တွင် အရောင်ငါးရောင် အတူတကွ စုစည်းသွားသည်နှင့် ငါးရောင်ခြယ်လျှပ်စီးတန်းကြီးတစ်တန်း ပေါ်လာပြီး အောက်သို့ ထိုးဆင်းလာသည်။

ပထမတစ်ချက်ကြည့်လျှင် ဤငါးရောင်ခြယ်မိုးကြိုးမှာ မန်ဟို့အတွက် ကောင်းကင်မှ ပြုတ်ကျလာသည့် ဧရာမသစ်ပင်ကြီးနှင့် တူလေသည်။ သို့သော် ၄င်းမှာ ရွှေရောင်ဓားတစ်လက်ပုံစံ လျင်မြန်စွာ ပြောင်းလာ၏။ ၄င်းသည် လေထုကို ထိုးခွင်းလာနေရင်း ဤတစ်ကြိမ်တွင် မြင်မြင်သမျှ အရာအားလုံးကို ဖျက်စီးချေမှုန်းပစ်ရန် အသင့်ဖြစ်နေပုံရသော ဧရာမပင်လယ်ကြီးအသွင် ပြောင်းသွားပြန်သည်။

အချိန်အနည်းငယ်ကြာသော် ၄င်းက နောက်တစ်ဖန် ပြောင်းသွားပြန်၏။ ယခုတွင် ၄င်းသည် တည်ရှိသမျှအရာအားလုံးကို မီးလောင်တိုက်သွင်းပစ်နိုင်သော မီးပင်လယ်ကြီးတစ်ခု ဖြစ်သွားလေပြီ။ ၄င်း၏အလယ်တွင်ကား ဧရာမ ရွှံ့ငှက်ကြီးတစ်ကောင်။

ဤပြောင်းလဲမှုငါးမျိုးက ချက်ချင်း ဖြစ်ပြီး ပျက်သွားခြင်းဖြစ်သည်။ သို့သော် မန်ဟိုက အကုန်မြင်လိုက်ပြီး ဖြစ်ပျက်နေသည်တို့ကို သဘောပေါက်သွားသဖြင့် ချက်ချင်းပင် စိတ်နှလုံးတုန်ရီသွားသည်။

ဂျိန်း

ငါးရောင်ခြယ်ပြစ်ဒဏ်မိုးကြိုးက မန်ဟို့ကို ပစ်ချလိုက်သည်။ သူ့တွင် မျက်လုံးမဲ့ပိုးကောင်နှင့် ၄င်း၏ပိုးချည်များရှိသည်။ ခရမ်းမျက်ဆံအသွင်ပြောင်းခြင်း တတ်မြောက်ထားပြီး အင်မတန်အစွမ်းထက်သော ကျင့်ကြံခြင်းအခြေခံကိုလည်း ပိုင်ဆိုင်ထား၏။ သူ၏ညာလက်တွင် ပြစ်ဒဏ်မိုးကြိုးပင် မဖျက်စီးနိုင်သော လက်အိတ်ဝတ်ထားသည်။ မိုးကြိုးပစ်သံကြီးက ပြေးနေသော ကျင့်ကြံသူငါးထောင်၏ နားများကို အူသွားစေပြီး အထက်ကောင်းကင်ယံအထိ ထိုးတက်မြည်ဟည်းသွား၏။

ငါးရောင်ခြယ်ပြစ်ဒဏ်မိုးကြိုး ကျရောက်လာသောအခါ ကီလိုမီတာသုံးထောင်နယ်ပယ်အတွင်း၌ ကျန်ရှိသော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူသုံးယောက်ထဲအနက်မှ တစ်ယောက်မှာ တုန်ရီပြီးနောက် သွေးသားမြူတိမ်အဖြစ် ပေါက်ကွဲကာ ပြာကျသွားလေသည်။ သူ၏အနုသုခုမရုပ်ခန္ဓာလည်း သုတ်သင်ခံလိုက်ရ၏။

"ငါးရောင်ခြယ်ကောင်းကင်" ကြယ်နက္ခတ်မျိုးနွယ်စုမှ အဖြူရောင်ဝတ်ရုံနှင့်ကျင့်ကြံသူက အော်သည်။ "ဒါ ဒဏ္ဍာရီလာ ငါးရောင်ခြယ်ကောင်းကင်ပဲ" ယခုတွင် ထိုလူ၏အဝတ်အစားများ စုတ်ပြတ်သပ်သွား၍ သူ၏ ရှေးဆန်သောမျက်နှာ ပေါ်လွင်လာသည်။ အံ့သြတုန်လှုပ်ဖွယ်အကောင်းဆုံးအရာမှာ သူ၏မျက်နှာတစ်ခုလုံးမှာ လူရုပ်ပင်မပေါ်အောင် ပုံပျက်ဆင်းပျက်ဖြစ်နေပြီး နားမှာလည်း နားရွက်ပုံစံမရှိဘဲ အရေပြားဖြင့် ဖုံးနေ၏။

သူ၏မျက်လုံးများသည် အနီရောင်အလင်းဖြင့် တောက်ပနေပြီး ကောင်းကင်ကို မော့ကြည့်နေစဉ် သူ့တစ်ကိုယ်လုံးမှာ တဆတ်ဆတ်တုန်လျက်ရှိ၏။ အကြောက်တရားနှင့် အံသြတုန်လှုပ်မှုတို့အား သူ၏မျက်ဝန်းအိမ်ထဲ၌ မြင်နိုင်သည်။

မန်ဟို၏ခန္ဓာကိုယ်လည်း တုန်ရီနေသည်။ သူသည် ငါးရောင်ခြယ်မိုးကြိုး သူ့အပေါ် ကျရောက်လာသည်ကို အံတင်းတင်းကြိတ်၍ တောင့်ခံနေ၏။ ၄င်းက သူ့ကို အပိုင်းပိုင်းစုတ်ဖြဲပြီး သူ၏ဝိညာဉ်ကို ဝါးမြိုရန် ရည်ရွယ်ရင်း တဖျစ်ဖျစ်မြည်နေလေသည်။ ၄င်းသည် သူ၏အသားထဲ ထိုးဖောက်၍ သွေးသားနှင့်ချီစီးဆင်းမှုလမ်းကြောင်းများကို ဖျက်စီးပစ်ချင်နေသည်။

သို့သော် ကောင်းကင်နှင့်မြေကြီး၏ အဖိုးတန်ဆုံးရတနာတစ်ပါးဖြစ်သည့် မျက်လုံးမဲ့ပိုးကောင်က မပြတ်တောက်နိုင်သော ချည်အထပ်ထပ်ကို ထုတ်လွှတ်ရင်း ငါးရောင်ခြယ် ပြစ်ဒဏ်မိုးကြိုးကို အပိုင်းပိုင်းခွဲပစ်နေသည်။

ပိုးချည်၏ကျေးဇူးကြောင့် ငါးရောင်ခြယ်မိုးကြိုးသည် တစစလွင့်ပျယ်ပျောက်ကွယ်လာ၏။ နောက်ဆုံးတွင် မည်သည့်လျှပ်စီးတန်းကိုမှ မမြင်ရတော့ပေ။ မန်ဟိုက ခေါင်းမော့ပြီး မာန်သွင်းဟိန်းဟောက်လိုက်သည်။ ခရမ်းရောင်ချီသည် နောက်တစ်ဖန် ထွက်လာပြီး သူ၏ခန္ဓာကိုယ်ကို ပြန်လည်ကုသပေးနေ၏။ သို့သော် ယခုတွင်သူ၏မျက်နှာပေါ်၌ ဇရာကြောင့်ဖြစ်လာသော အတွန့်အခေါက်များ ပေါ်လာလေပြီ။

"ငါးရောင်ခြယ်မိုးကြိုးက မန်ဟိုရဲ့စိတ်ဆန္ဒကို မရိုက်ချိုးနိုင်ဘူး"

ငါးရောင်ခြယ်ကောင်းကင်ကြီး ဂျိန်းခနဲ ထစ်ချုန်းသွားပြီး ဆူပွက်နေသောတိမ်တိုက်များက ရုတ်တရက် စုစည်းလာသည်။ တိမ်တိုက်များ ရွေ့လျားနေစဉ် အချိန်ကိုယ်တိုင် ၄င်းတို့အတွင်း၌ လှုပ်ရှားသက်ဝင်နေပုံရ၏။ ငါးရောင်ခြယ်လျှပ်စီးတန်းများ မရေမတွက်နိုင်အောင် ပေါ်ပေါက်လာသဖြင့် နားကွဲမတတ်ကျယ်လောင်သော ထစ်ချုန်းသံကြီးများ တရစပ်ထွက်ပေါ်လာသည်။ ၄င်းတို့အားလုံးက တဖြေးဖြေး အတူတကွ ရောယှက်လာလေသည်။

လောလောဆယ်တွင် စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သော ဖိအားတစ်ခုသည် အောက်သို့ သက်ရောက်နေ၏။ တိမ်တိုက်များ ကျုံ့လာနေစဥ် ၄င်းတို့မှာ တစ်ခါမှမမြင်ဖူးသည့် အားကြီးဖြင့် ပြည့်နှက်နေပုံရသည်။

"နေဦး မန်ဟို" ကြက်တူရွေးက ကီလိုမီတာသုံးထောင်နယ်ပယ်အပြင်မှ လှမ်းအော်သည်။ "ဒါက နောက်ဆုံးမိုးကြိုးပဲ"

နောက်ဆုံးသော ပြစ်ဒဏ်မိုးကြိုးအစုအဝေး ဖြစ်တည်လာသဖြင့် လျှပ်စီးဝင်းခနဲ လက်သွားပြီး မိုးထစ်ချုန်းသွားသည်။ အသက်ဆယ်ရှိုက်အတွင်း ကောင်းကင်တွင် မည်သည့်ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်ကိုမှ မမြင်ရတော့ပေ။ ယခုတွင် တောက်ပကွန့်မြူးနေသော အရောင်ငါးရောင်ကိုသာ မြင်ရတော့လေသည်။

ဤငါးရောင်ခြယ်အလင်းကား...  မိုးကြိုးမဟုတ်။ ၄င်းသည် ဧရာမလက်ဝါးကြီးပုံစံ ဖြစ်ပြီး လက်ချောင်းတစ်ချောင်းစီက အရောင်တစ်ရောင်စီကို ကိုယ်စားပြုနေ၏။ ၄င်းကား မိုးကောင်းကင်နှင့်သက်ဆိုင်ပြီး လျှပ်စီးမိုးကြိုးများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ မည်သို့ဆိုစေ ၄င်းမှာ ငါးရောင်ခြယ်မိုးကြိုးပင်မဟုတ်ပါလော။ ကြည့်လိုက်သည်နှင့်ပင် ဤလက်ဝါးကြီးမှာ ပြိုင်ဘက်ကင်းသည့်ပုံပေါ်နေသည်။

ထူးဆန်းစွာနှင့် ၄င်း၌ လက်ဗွေရာမရှိပေ။

ငါးရောင်ခြယ်လက်ဝါးကြီးက ထစ်ချုန်းအော်မြည်ရင်း ကောင်းကင်မှ အောက်သို့ ကျဆင်းလာသည်။

၄င်း နီးကပ်လာသည်နှင့်အမျှ ပထဝီမြေကြီးသည် တသိမ့်သိမ့်တုန်ခါလာပြီး ကီလိုမီတာသုံးထောင်ဧရိယာမှာ စိစိညက်ကြေမွလာ၏။ ယခုအချိန်အထိ အသက်ရှင်နေ​သေးသော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူနှစ်ယောက်မှာ ထပ်မံမတောင့်ခံနိုင်တော့ပေ။ သွေးမပျက်မတတ် ဟစ်အော်သံများအကြား၌ သူတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲကုန်ကြသည်။ အသက်အစွမ်းအား အစအနများနှင့်အတူ သူတို့၏အနုသုခုမရုပ်ခန္ဓာများလည်း အပြီးတိုင်ချေမှုန်းခံလိုက်ရလေပြီ။

ကြယ်နက္ခတ်မျိုးနွယ်စုမှ အဖြူရောင်ဝတ်ရုံနှင့်လူမှာမူ သွေးတစ်ပွက် အန်လိုက်ရသည်။ သူ၏မျက်နှာပေါ်၌ စိတ်ပျက်မှုများက အတိုင်းသားပေါ်လွင်နေသည်။

လက်ဝါးကြီး ကျရောက်လာသည်နှင့် တစ်ခါမှမကြုံတွေ့ဖူးသော ဖိအားကြီးကို မန်ဟို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး မျက်နှာဖြူဆုပ်သွားကာ ပါးစပ်မှ သွေးတို့ ပန်းထွက်သွား၏။ သူ့မှာ အလွန်ပြင်းထန်သော ဖိအားကြီးဖြင့် အောက်သို့ တွန်းချခံနေရသည့်အတွက် တဆတ်ဆတ်တုန်ရီလျက် လေလယ်တွင် ရပ်နေသည်။

ကျဆင်းလာနေသော ဖိအားကြီးသည် တောင်ကို ပျောက်ကွယ်သွားအောင် နင်းခြေနိုင်စွမ်းရှိလေသည်။ မန်ဟို့မှာ တောင့်မခံနိုင်တော့ပေ။ မကြာခင် သူ ပြားကပ်သွားပေတော့မည်။

"နောက်ဆုံးမိုးကြိုး" မန်ဟိုက ဖိနှိပ်ခံနေရ၍ တစ်ကိုယ်လုံးတုန်ရီနေလျက် ပြောသည်။ "မင်း ငါ့ကို သုတ်သင်ချင်တယ်ပေါ့။ အေး ငါ မင်းကို ချုပ်နှောင်ပစ်ရင် ဘယ်လိုလဲ" သူက ရုတ်တရက် လက်ကို ဆန့်ထုတ်လိုက်သည်။ သူ မြေကြီးထံသို့ လက်ညှိုးထိုးလိုက်စဥ် ရက်စက်ကြမ်းကြုတ်သောအငွေ့အသက်တို့ သူ့ထံမှ ထွက်လာသည်။

"မိစ္ဆာချီ သမာဓိအပ်နှင်းခြင်းပညာရပ်"

မိစ္ဆာချီသည် ကီလိုမီတာသုံးထောင်ဧရိယာအတွင်းရှိ မြေပြင်မှ နောက်တစ်ဖန် စီးမျောထွက်လာသည်။ သို့ရာတွင် မန်ဟို သတိမမူမိသည်မှာ ဤတစ်ကြိမ်၌ မိစ္ဆာချီမလုံလောက်သည့် အချက်ကို ဖြစ်၏။ သူ့မှာ စိစိညက်ညက် ကြေနေသော မြေကြီးအပေါ်သို့ ရောက်ရှိသည်အထိ ထိုးကျသွားသည်။

"မိစ္ဆာချီမလုံလောက်ဘူး" သူက ရှုံ့မဲ့နေရင်း ကောက်ချက်ချလိုက်သည်။ ထို့နောက် မာန်သွင်းဟိန်းဟောက်ကာ မိစ္ဆာချုပ်နှောင်ကျောက်စိမ်းကို ထုတ်လိုက်၏။ နားကွဲကျယ်လောင်သော ထစ်ချုန်းသံကြီး ရိုက်ညောင်းသွားပြီး မြေပြင်တစ်ခုလုံး တသိမ့်သိမ့်တုန်သွားသည်။ တစ်ချိန်တည်းမှာပင် မန်ဟို့လက်ထဲရှိ မိစ္ဆာချုပ်နှောင်ကျောက်စိမ်းမှ လှိုင်းများ ဖြာထွက်လာသည်။ ကီလိုမီတာ ၃၀၀၀ ၊ ကီလိုမီတာ ၅၀၀၀......

မန်ဟို့၏မျက်နှာမှာ တင်းမာခက်ထန်ပြီး ရှုံ့မဲ့နေ၏။ အေးခဲနှင်းမျိုးနွယ်စု၏ ချီနန်အမွေနှင့်အတူ ပြန်လည်မွေးဖွားခြင်းဂူအနား၌ ရရှိခဲ့သော အင်မိုတယ်လမ်းညွှန်တို့မှ စွမ်းအားများ ထွက်ပေါ်လာသည်။ စွမ်းအားသည် သူ့ထံမှ စီးမျောထွက်ပြီးနောက် မိစ္ဆာချုပ်နှောင်ကျောက်စိမ်းအတွင်း ဝင်ရောက်သွားသည်။

မန်ဟို၏စိတ်မှာ ချာချာလည်နေတော့သည်။ မိစ္ဆာချုပ်နှောင်ကျောက်စိမ်းမှ လှိုင်းများ ဖြာထွက်လာ၏။ ကီလိုမီတာ ၅၀၀၀၊ ကီလိုမီတာ ၁၅၀၀၀၀......

စုစုပေါင်း ကီလိုမီတာ ၁၅၀၀၀၀ .....

ရုတ်တရက် မန်ဟိုသည် ဤဧရိယာအတွင်းရှိ အပင်အားလုံးကို အာရုံရလိုက်၏။ သူ၏စိတ်ဆန္ဒအတွင်း၌ သက်ရှိအရာအားလုံး တည်ရှိနေလေပြီ။ ပြောင်းလဲမှုအလုံးစုံသည် သူ၏ထိန်းချုပ်မှုအောက်တွင် ဖြစ်သည်။

"မိစ္ဆာချီ သမာဓိအပ်နှင်းခြင်းပညာရပ်" သူက သူ့အပေါ်သို့ ကျဆင်းလာသည့် ဧရာမငါးရောင်ခြယ်လက်ဝါးကြီးကို မော့ကြည့်လိုက်သည်။ သူ၏အသံ ပဲ့တင်ထပ်နေစဥ် ကီလိုမီတာငါးထောင်အတွင်းရှိ မိစ္ဆာချီအားလုံး သူထံသို့ တဟူးဟူး ပြေးဝင်လာကြသည်။

၄င်းက မန်ဟို့၏ ပတ်ပတ်လည်တွင် စုစည်းပြီး မိစ္ဆာချီဝဲကြီးတစ်ခု ဖန်တီးလိုက်သည်။ ဝဲကြီးကား အကျယ်က သုံးမီတာမှ စသည်။ ထို့နောက် သုံးမီတာမှ သုံးထောင်၊ သုံးထောင်မှနောက်ဆုံး သုံးသောင်းအထိ ကျယ်လာသည်။

မန်ဟို့၏မျက်လုံးများသည် ထက်မြက်မှုနှင့် ခိုင်မာပြတ်သားသော စိတ်ဆန္ဒတို့ဖြင့် တောက်ပနေ၏။ သူက ညာလက်ကို ဖြေးဖြေးချင်း မြှောက်ပြီး အပေါ်မှကျလာနေသော လက်ဝါးကြီးထံ ဆန့်တန်းလိုက်သည်။

သူထိုသို့လုပ်လိုက်သည်တွင် မိစ္ဆာချီဝဲကြီးသည် အပေါ်မြောက်တက်သွားပြီး မန်ဟိုတစ်ယောက်သာမြင်နိုင်သည့် လက်ဝါးပုံစံဖြစ်ပေါ်သွား၏။

ဤလက်ဝါးကား ကောင်းကင်နှင့်မြေကြီးရှိ အရာအားလုံးကို ချုပ်နှောင်နိုင်စွမ်းရှိပုံရသည်။

"ငါက ကိုးဆက်မြောက်မိစ္ဆာချုပ်နှောင်သူ မိုးကောင်းကင်ကို ချုပ်နှောင်ပစ်မယ်ကွ"

သူက ကျဆင်းလာနေသော ငါးရောင်ခြယ်လက်ဝါးထံသို့ ညာလက်ဝါးအား ရိုက်ချလိုက်သည်။

ထိုရိုက်ချက်က သူ၏ခိုင်မာပြတ်သားမှု၊ အစွမ်းထက်ပညာရှင်တစ်ဦး ဖြစ်လိုသော အိပ်မက်အပြင် သူ၏အသက်စွမ်းအားတို့အား တစ်ပါတည်း သယ်ဆောင်သွားသည်။

ဤပြစ်ဒဏ်အား ကျော်လွှားနိုင်ခြင်းမရှိလျှင် သူ မလွဲဧကန် သေရတော့မည်မဟုတ်ပါလော။

အဆိုပါရိုက်ချက်ကား မန်ဟို့၏ အင်မိုတယ်လမ်းညွှန်၊ အေးခဲနှင်းမျိုးနွယ်စု၏ ချီနန်အမွေအနှစ်နှင့် သူ၏ရူးသွပ်မှုတို့ကိုလည်း သယ်ဆောင်သွားသည်။

ထိုကဲ့သို့ ရူးသွပ်မှုမျိုးမှာ မရှိမဖြစ်လိုအပ်၏။ အကြောင်းမူ ဤသည်က မှော်တိုက်ပွဲမဟုတ်၊ မိုးကောင်းကင်ကို ချုပ်နှောင်ခြင်းဖြစ်၍ပင်။

ဤရိုက်ချက်တွင် ကိုးဆက်မြောက်မိစ္ဆာချုပ်နှောင်သူ၏ ဂုဏ်သိက္ခါ၊ မိုးကောင်းကင်ကို ချုပ်နှောင်မည့် စွမ်းအားနှင့် ကီလိုမီတာ ၁၅၀၀၀ ဧရိယာအတွင်းရှိ မိစ္ဆာချီအလုံးစုံ၏ ပြင်းထန်သောအင်အားတို့ဖြင့် ပြည့်နှက်နေသည်။

ထိုတင်မကသေး၊ လီမျိုးနွယ်စုခေါင်းဆောင်လည်း ဟိန်းဟောက်နေသော အသားဂျယ်လီနှင့်အတူ ထွက်လာသည်။ ယခုတွင် ပြစ်ဒဏ်မိုးကြိုးကို တန်ပြန်တိုက်ခိုက်ရန် မန်ဟိုပိုင်ဆိုင်ထားသည့် ပစ္စည်းအားလုံး အဆင်သင့်နေရာယူထားပြီးဖြစ်သည်။

ကြက်တူရွေးသည် မျက်လုံးများ သွေးချင်းနီလျက် စိတ်လှုပ်ရှားစွာဖြင့် တဂီးဂီးအော်နေ၏။ နောက်ဆုံးတော့ ၄င်း စောင့်ဆိုင်းနေခဲ့ရသော အခိုက်အတန့်သို့ ရောက်ရှိလာခဲ့လေပြီ။ ၄င်းအနေဖြင့် နောက်ဆုံးပြစ်ဒဏ်မိုးကြိုး ကျရောက်လာသည့်အခိုက်အတန့်မှ လှုပ်ရှားပြီး ကျင့်ကြံသူငါးထောင်ကို ဦးဆောင်သွားနိုင်သည်။ ဤနည်းဖြင့်သာ သူတို့ မိုးကြိုးစက်ကွင်းမှ လွတ်ပေလိမ့်မည်။

ကျင့်ကြံသူငါးထောင်က မန်ဟို့ထံ တဟုန်ထိုးထွက်သွားပြီး သူ့ကို ဝန်းရံလိုက်ကြသည်။ နောက်ဆုံးသော ပြစ်ဒဏ်မိုးကြိုးကို တန်ပြန်တိုက်ခိုက်ရန် မြူများ တထောင်းထောင်းထလာလေပြီ။

ထိုစဥ် မည်သည့်အသံမဆိုထက် ကျယ်လောင်သော ထစ်ချုန်းသံကြီးက ကျင့်ကြံသူငါးထောင်၏အသံများကို ဖုံးလွှမ်းဖိနှိပ်လိုက်သည်။ ထိုအသံသာလျှင် ပတ်ဝန်းကျင်ကို စိုးမိုးနေပြီး.....ငါးကြိမ်တိုင်တိုင် ပဲ့တင်ထပ်သွားလေ၏။

၄င်းကား ဧရာမလက်ဝါးကြီးနှစ်ခု တစ်ခုကိုတစ်ခု ဝင်တိုက်ပြီး ပြိုကွဲသွားသော အသံကြီးပင်။

ပထမပဲ့တင်သံတွင် ကျင့်ကြံသူငါးထောင် သွေးအန်လိုက်ရသည်။ ၄င်းတို့မှာ အဘက်ဘက်သို့ လွင့်ထွက်သွားပြီး မြူများ လွင့်စင်ပြိုကွဲကုန်၏။ ကြယ်နက္ခတ်မျိုးနွယ်စုမှ အဖြူရောင်ဝတ်ရုံနှင့်လူမှာ အပိုင်းပိုင်း စုတ်ဖြဲခံလိုက်ရသဖြင့် စူးစူးဝါးဝါးအော်ဟစ်ပြီး ရုပ်ရောနာမ်ပါ ပျက်စီးသွား၏။

ဒုတိယပဲ့တင်သံတွင် တစ်လောကလုံး တုန်လှုပ်သွားသည်။ မြေပြင်ပေါ်ရှိ အရာအားလုံး မီးလောင်ပြာကျပြီး သလင်းကျောက်ဖြစ်နေသည့် မြေကြီးအားလုံး ချိုင့်ဝင်သွား၏။

တတိယပဲ့တင်သံတွင် အသားဂျယ်လီထံမှ ငိုသံကြီးထွက်လာပြီး လီမျိုးနွယ်စုခေါင်းဆောင်ကြီးမှာ ပျက်စီးလုနီးပါးဖြစ်သွားလေသည်။

စတုတ္ထပဲ့တင်သံတွင် ကြက်တူရွေးက ၄င်း၏ကိုယ်ပေါ်ရှိ ရောင်စုံအမွှေးအားလုံး ကျွတ်ကုန်သဖြင့် ဖြေမဆည်နိုင်စွာ အော်ဟစ်လိုက်သည်။ ယခုတွင် မြင်မြင်သမျှအရာအားလုံးမှာ ငါးရောင်ခြယ်ကမ္ဘာသာ ဖြစ်နေတော့၏။

ပဥ္စမပဲ့တင်သံတွင်..... ကောင်းကင်ချုပ်နှောင်မိစ္ဆာလက်ဝါးနှင့် ငါးရောင်ခြယ်လက်ဝါးတို့ ဝင်တိုက်သွားသည်ကို မန်ဟိုမြင်လိုက်ရသည်။ ဧရာမချုပ်နှောင်တံဆိပ်ကြီးတစ်ခုက ပြစ်ဒဏ်မိုးကြိုးကို ချုပ်နှောင်ရန် ပြင်ဆင်နေသည့်အလားပင်။

တစ်ချုန်းသံများအကြားတွင် လက်ဝါးကြီးနှစ်ခု ဆုံသွား၏။ တစ်ခုက ငါးရောင်ခြယ်ကောင်းကင်လက်ဝါး။ ကျန်တစ်ခုက မိစ္ဆာချုပ်နှောင်သူလက်ဝါး။ တစ်ခုသည် ဖျက်စီးချေမှုန်းပစ်ချင်နေသည်။ ကျန်တစ်ခုက ကောင်းကင်ကို ချုပ်နှောင်ပစ်လိုသည်။ ပါရှိနေသော စွမ်းအားကား ဖော်ပြရန်ခက်ခဲလှ၏။ ယခုအခိုက်အတန့်တွင် ကောင်းကင်သည် ကောင်းကင်မဟုတ်တော့၊ ကမ္ဘာမြေသည် ကမ္ဘာမြေမဟုတ်တော့၊ မိစ္ဆာကား မိစ္ဆာမဟုတ်တော့ပေ။

လေထုပင် ပုံပျက်ပျက်စီးသွားသည်။ ထစ်ချုန်းသံကြီး တစ်လောကလုံးကို စိုးမိုးနေစဥ် ငါးရောင်ခြယ်ကမ္ဘာမှာ ရုတ်တရက် တဖြေးဖြေး အမှောင်ထုအတွင်းသို့ သက်ဆင်းလာ၏....

အမှောင်ထုအတွင်းတွင် မန်ဟို့၏မျက်လုံးများသည် ယုံကြည်မှုတို့ဖြင့် တောက်ပနေ၏။ သူက အနက်ရောင်ကောင်းကင်ကို မော့ကြည့်ပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။ "ဆိုတော့ မိုးကောင်းကင်ကို ချုပ်နှောင်နိုင်တာပဲ"

ထို့နောက် သူ၏နှလုံးသားအတွင်းမှ ပွင့်အံထွက်လာသော အားနည်းမှုကို အာရုံရလိုက်သည်။ သူက ပြုံး၍ မျက်လုံးမဲ့ပိုးကောင်၏ အကာအကွယ်ကို အသုံးပြုရင်း မျက်လုံးများ ပိတ်လိုက်သည်။ ပိုးချည်များက တရစပ် ထွက်လာပြီး ဧရာမပိုးအိမ်တစ်ခုကို ရက်​ပေးနေသည်။

မန်ဟို့တစ်ကိုယ်လုံးမှာ ပိုးအိမ်အတွင်းသို့ ရောက်ရှိသွားလေပြီ။

မည်သည့်အသံမှ မကြားရ။ ပြစ်ဒဏ်မိုးကြိုးလည်း မရှိတော့။ ထိုနေရာရှိ ချိုင့်ကြီးအတွင်းတွင် ပိုးအိမ်တစ်ခုက ထာဝရတည်ရှိနေမည့်အလားပင်။

တဖြေးဖြေးနှင့် ကောင်းကင်သည် နဂိုအရောင်ပြန်သမ်းလာ၏။ ငါးရောင်ခြယ်လက်ဝါးကြီး ပျောက်ကွယ်သွားပြီး မန်ဟို့၏ မိစ္ဆာချုပ်နှောင်လက်ဝါးလည်း ပြာကျသွားချေပြီ။ လက်ဝါး၏ဗဟိုချက် ဖြစ်ခဲ့သည့် မိစ္ဆာချုပ်နှောင်ကျောက်စိမ်းသာလျှင် ကျန်ရစ်ခဲ့၏။ ၄င်းက မန်ဟို့ပိုးအိမ်အနားရှိ မြေကြီးအပေါ်သို့ ဒုန်းခနဲ ပြုတ်ကျသည်။

ပြစ်ဒဏ်မိုးကြိုး၏ဖိအားသည်လည်း ပျောက်ကွယ်သွားပြီ ဖြစ်ပြီး မိုးကြိုးဒဏ်သင့်ရာ ဧရိယာမှာ.....  ယခုတော့ သုဿန်တစပြင်ပမာ တိတ်ဆိတ်ငြိမ်သက်နေ၏။ မန်ဟိုကား ပြစ်ဒဏ်မိုးကြိုးကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်သည်။

ကြက်တူရွေး၊ အသားဂျယ်လီနှင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူငါးထောင်တို့အားလုံးလည်း ခြေကုန်လက်ပန်းကျနေကြသည်။ သူတို့က ပိုးအိမ်၏ပတ်ပတ်လည်တွင် ဝန်းရံ၍ မန်ဟို့အား ကာကွယ်ရင်း သူ ဖောက်ထွက်လာမည်ကို စောင့်နေကြသည်။

အချိန်များ တဖြေးဖြေး ကုန်လွန်လာသည်။ မကြာမီ ပိုးအိမ်အတွင်းမှ အသွင်ပြောင်းခြင်းအရောင်အဝါများ ဖြာထွက်လာ၏။ အထဲ၌ မန်ဟို့မှာ အိပ်မောကျနေသော်လည်း သူ၏ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်းစီ ပြောင်းလဲလာနေသည်။ ယခုတွင် သူကား ပို၍ပင် မိုးကြိုးဒဏ်ခံနိုင်သွားလေပြီ။ အမှန်အားဖြင့် ရံဖန်ရံခါ သူ့ခန္ဓာကိုယ်မှ လျှပ်စီးတန်းများ ထွက်လာပြီး ပိုးအိမ်အနားတစ်ဝိုက်တွင် ပြိုးပြိုးပြက်ပြက်လက်ကာ အဘက်ဘက်သို့ ဖြာထွက်သွားတတ်၏။

***

All Chapters