တရှန်း
Vol. 30 Ch. 409
မြို့တော်သခင်၏ မျှော်စင်အတွင်း၌... ဝေ့ဝူယင်၏ မျက်လုံးများမှာ နောက်ဆုံး၌ ဖြည်းညင်းစွာ ပွင့်လာခဲ့ကာ အိကျူးလင်၏ စပ်စုသော မျက်လုံးများနှင့် အကြည့်ချင်း ဆုံသွားခဲ့၏။ အိကျူးလင်က ချက်ချင်းပင် အကြည့် လွှဲကာ ဝေ့ဝူယင်၏ လက်မောင်းများထဲ တိုးဝင်၍ နောက်တစ်ကြိမ် လှဲလျောင်းနေလိုက်သည်။
မြို့တော်သခင်ကတော့ ပလ္လင်တန်းကို ကိုင်ကာ ထိုင်ရင်း ဝေ့ဝူယင်ကို ကြောက်ရွံ့စွာ ငေးကြည့်နေ၏။ သူ့နဖူးထက်၌ ချွေးသီးချွေးပေါက်များက အဆက်မပြတ် ကျဆင်းနေလေရာ ဖိအားများစွာ ခံစားနေရသည်မှာ သိသာလှသည်။
ဝေ့ဝူယင်က ပင့်သက် တစ်ချက် ရှိုက်လိုက်၏။ ပုံရိပ်ယောင် ကောင်းကင်ဘုံ နတ်မျက်လုံးက ဖြည်းညင်းစွာ ပျောက်ကွယ်သွားကာ ဧဒင်စွမ်းအင်နှင့် ဟင်းလင်းပြင် အင်အားတို့မှာ သူ့ခန္ဓာကိုယ်ထဲ ပြန်လည် စီးဝင် သွားသည်။ ပုံရိပ်ယောင် မျက်လုံးအား ဆက်သွယ်ရန် လိုအပ်သည့် ဧဒင်စွမ်းအင်နှင့် ဟင်းလင်းပြင် အင်အားတို့ကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်ရခြင်းကြောင့် သူ အားအင် ကုန်ခမ်းကာ မောပန်းသလို ခံစားနေ၏။
အိကျူးလင်ကို တစ်ချက် ငုံ့ကြည့်ပြီးနောက် ဝေ့ဝူယင် မြို့တော်သခင်ဘက်သို့ လှည့်လိုက်သည်။ သူက တည်ငြိမ်စွာပင် ပြုံးလိုက်ရင်း...
“အခု ကျုပ်မေးမယ့် မေးခွန်းတွေကို ကောင်းကောင်းမွန်မွန် ပြန်ဖြေပေးဖို့ မျှော်လင့်ပါတယ်... မဟုတ်ရင်တော့”
ဝေ့ဝူယင်၏ တစ်ပိုင်းတစ်စ စကားက မြို့တော်သခင်၏ မျက်လုံးများထဲမှ ကြောက်ရွံ့မှု ဒီဂရီကို အဆပေါင်း များစွာ ပိုမို တိုးမြင့်သွားစေခဲ့တော့သည်။
...
“အဲ့ကောင်မကို မလွတ်စေနဲ့”
ကျယ်လောင်လွန်းလှသည့် အမိန့်ပေးသံတစ်ခုက မိုးခြိမ်းသံ အလား ပေါက်ကွဲကာ ထွက်ပေါ်လာသည်။ ကမ္ဘာမြေကြီးမှာ အင်အားကြီး ငလျင် တစ်ခု ကဲ့သို့ လှုပ်ခါသွားကာ ကောင်းကင်ရှိ ဧရာမ နှင်းပွင့်ကြီးများ မှာလည်း အရှိန်အဟုန်နှင့် လွင့်ပျံသွား၏။
“ကောင်းပါပြီ ဆရာ...”
ကြမ်းကြုတ်သည့် အသံများက စစ်ဗုံများကို တစ်ပြိုင်နက်တည်း တီးခတ်လိုက်သည့် အလား တစ်စည်းတစ်လုံးတည်း ထွက်ပေါ်လာသည်။
လေထုထဲတွင်မူ များဟပုံရိပ်များစွာမှာ ကြောက်မက်ဖွယ် အရှိန်နှုန်းနှင့် အတူ အလွန်လျှင်မြန်စွာ ပျံသန်းနေ၏။ သူတို့က ကြယ်တာရာ အင်အားကို ထုတ်လွှတ်၍ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံထားကာ အဆက်မပြတ် ကျဆင်းနေသည့် နှင်းပွင့်ကြီးများ အကြားတွင် သေချာ လေ့ကျင့်ထားသလို ရှောင်တိမ်းရင်း လှုပ်ရှားနေကြသည်။
ထိုအုပ်စု၏ အရှေ့ဘက် မိုင်အနည်းငယ်ခန့် အကွာတွင်တော့ အရပ်ရှစ်ပေနီးနီးခန့် ပုံရိပ်တစ်ခု ရှိ၏။ သူမက ခန္ဓာကိုယ် အချိုးအစားအား ပေါ်လွင်စေသည့် ကိုယ်ကြပ် စစ်ဝတ်စုံကို ဝတ်ဆင်ထားကာ ဧရာမ နှင်းပွင့်ကြီးများ အကြားတွင် ဓားပျံတစ်စင်းလို ထိုးဖောက် ပျံသန်းနေသည်။
တရှန်း၏ ရွှေရောင် မျက်လုံးများက အနည်းငယ် မှေးမှိန်နေကာ ခရမ်းရောင် သွေးစများမှာ နှုတ်ခမ်း ထောင့်စွန်းတွင် စီးကျနေ၏။ သူမ ဒဏ်ရာရရှိထားသည်က ထင်ထင်ရှားရှားပင်။
ဘုန်း... ဘုန်း...
နောက်မှ လိုက်နေသူများနှင့် ခြားနားစွာပင် တရှန်းမှာ ခရမ်းရောင် စွမ်းအင်ဖြင့် ခန္ဓာကိုယ်ကို ဝန်းရံကာ ဧရာမ နှင်းပွင့်ကြီးများကို တိုက်ရိုက် ထိုးခွဲပစ်နေခဲ့၏။ ထိုကဲ့သို့ ပြုလုပ်ခြင်းက ကြယ်တာရာ အင်အား ကုန်ခမ်းနှုန်းကို သိသိသာသာ တိုးတက်စေသော်လည်း သူမ အရှိန်ကို နည်းနည်းလေးမျှ လျှော့ချ၍ မဖြစ်ချေ။
တရှန်း ခေါင်းကို နောက်သို့ လှည့်ရင်း ကြည့်လိုက်၏။ ရက်စက် ကြမ်းကြုတ်သည့် မျက်နှာများနှင့် ထပ်ချပ်မကွာ လိုက်လာသည့် ပုံရိပ်များကို ကြည့်ရင်း သူမ နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်မိသည်။ သူမ ကြယ်တာရာ အင်အားများကို ထပ်မံ လောင်ကြွမ်းလိုက်ရင်း အရှိန်ကို တိုးမြှင့်လိုက်၏။
ဘုန်း...
ကံမကောင်းစွာပင် သူမ၏ ခန္ဓာကိုယ်က အလွန် ကြီးမားကာ သိပ်သည်းလှသော နှင်းပွင့်ကြီး တစ်ခုအား ဝင်တိုက်မိသွား၏။ အကျိုးဆက် အနေဖြင့် ကြယ်တာရာ အကာအကွယ်က ချက်ချင်းပင် အေးခဲသွားကာ စွမ်းအင်စီးဆင်းမှုများပင် ရပ်တန့်သွားသည်။ တရှန်းမှာ အလွန်အမင်း အေးစက်မှုတစ်ခုကို ခံစားလိုက်ရကာ နှုတ်ခမ်းများပင် ချက်ချင်း ပြာကော့တက်လာ၏။
ဝှစ်... ဝှစ်...
နောက်မှ လိုက်လာသည့် ကျင့်ကြံသူများမှာ လေချွန်လိုက်ကြရင်း တရှန်းနှင့် ဝေးကွာ မသွားစေရန် အတွက် အရှိန်ကို အနည်းငယ် တင်လိုက်ကြသည်။ သူတို့၏ ရည်ရွယ်ချက်က ရှင်းလင်းပေသည်။ တရှန်း ပင်ပန်းကာ ကြယ်တာရာ အင်အား အားလုံး ကုန်သွားသော အခါတွင်မှ အေးအေးဆေးဆေး ဖမ်းဆီးရန်ပင်။
တရှန်းမှာ အရူးတစ်ယောက် မဟုတ်ချေ။ ထို့ကြောင့်ပင် အာကာသ ပဲ့တင်သံ အဆင့် ကျင့်ကြံသူ တစ်ယောက်က သူမကို ခြေရာခံ အမှတ်အသားပြုထားကြောင်း သိပေသည်။ အာကာသ ပဲ့တင်သံ အဆင့်များ၏ အမှတ်အသားများမှာ လွယ်လွယ်နှင့် ပယ်ဖျက်၍ ရသည့် အရာများ မဟုတ်ချေ။ လုံလောက်သည့် အချိန် တစ်ခုရရှိပါက ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ကံဆိုးစွာပင် သူတို့က သူမကို အသက်ရှူခွင့်ပင် မပေးချေ။
သည်အတိုင်းသာ ဆက်ပြေးနေပါက မကြာခင်မှာပင် သူမ၏ ကြယ်တာရာ အင်အား အကုန်လုံးမှာ ကုန်ဆုံးသွား သွားလိမ့်မည် ဖြစ်သည်။ တရှန်း နှုတ်ခမ်းကို တင်းတင်း ကိုက်ရင်း ပြေးလွှားနေရာမှ ရပ်တန့်လိုက်၏။ ထို့နောက် နောက်ကို လှည့်လိုက်ရင်း နှင်းပင်လယ်ပြင်ကို ဖြတ်သန်း၍ လိုက်လာကြသည့် လူများကို စူးရဲသော မျက်လုံးများနှင့် ကြည့်လိုက်သည်။
ဝှစ်... ဝှစ်...
ပုံရိပ်များမှာ ဆက်လက် ပျံသန်းလာကြကာ တရှန်းကို စက်ဝိုင်းသဏ္ဌာန် ဝန်းရံလိုက်ကြ၏။ တစ်ချိန်တည်း၌ သူတို့က ကြယ်တာရာ အင်အားကို ထုတ်လွှတ်ကာ ခန္ဓာကိုယ်အား အထပ်ထပ် ကာကွယ်လိုက်ကြသည်။ တရှန်းက လျှော့တွက် မရနိုင်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ကြောင်း သူတို့ အစောကတည်းက သိရှိပြီး ဖြစ်သည်။ သူမ၏ ပြင်းထန်လှသော တိုက်ခိုက်ရေး စွမ်းအားနှင့် နတ်ဆိုးအင်အားအောက်တွင် သူတို့၏ ရောင်းရင်းများစွာမှာ အသက်များ ရင်းခဲ့ရပြီး ဖြစ်သည်။
သူတို့က သူမကို ဝန်းရံရင်း စိတ်ရှည်စွာပင် ခေါင်းဆောင်များ ရောက်လာမည့် အချိန်ကို စောင့်နေလိုက်ကြ၏။ သူတို့၏ အလုပ်က ရိုးရှင်းစွာပင် သူမ နောက်တစ်ကြိမ် လွတ်မြောက် မသွားဖို့သာ ဖြစ်သည်။
တရှန်းက အံကို တင်းတင်းကြိတ် လိုက်၏။ ဂိတ်တံခါးမှ ထွက်ထွက်ချင်းမှာပင် ဧရာမ နှင်းပွင့်ကြီးများနှင့် ရေခဲပြင်ကြီးများသာ ကြီးစိုးနေသည့် ဤကမ္ဘာကို သူမ ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။ ရောက်ရောက်ချင်းပင် ဤပတ်ဝန်းကျင်က ရှင်သန် နေထိုင်ဖို့ အလွန် ခက်ခဲကြောင်း သူမ တွေ့ရှိခဲ့ရသည်။
မန်နာနှင့် ကြယ်တာရာ အမတေများ တင်းကြမ်စွာ ကန့်သတ်ခံထားရသည့် အပြင် လေထုထဲ၌ နတ်ဆိုးစွမ်းအင် လုံးဝ မရှိချေ။ ဆိုလိုသည်က ဤပတ်ဝန်းကျင်မှာ နတ်ဆိုး ဖြစ်တည်မှုများ အတွက် နည်းနည်းမျှ မသင့်တော်ချေ။ အခြား ခရီးသွားများထံမှ စုံစမ်းကြည့်ခဲ့ဝောာ့ ဤရေခဲကမ္ဘာကို နှင်းကုန်းမြေဟု ခေါ်ကြောင်း သူမ သိရှိလာရသည်။
ထိုခရီးသွားများမှာ သူမကို တွေ့တော့ အလွန် အံ့ဩကာ ကြောက်လန့် နေကြပုံ ပေါ်သည်။ ၎င်းတို့၏ တုန့်ပြန်ပုံများက နတ်ဆိုးမျိုးနွယ်ကို တစ်ကြိမ်တစ်ခါမှ မတွေ့ မမြင်ဖူးကြသည့် အတိုင်းပင်။ သို့သော်လည်း သူတို့၏ ကျင့်ကြံခြင်း အခြေခံများက အားနည်းလေရာ တရှန်းကို ကလန်ကဆန် မလုပ်ဝံ့ကြပဲ မေးသမျှကို ဖြေပေးခဲ့ကြပေသည်။ ကွယ်ရာသို့ ရောက်ခါမှ နှင်းကမ္ဘာတွင် ထူးဆန်းသော သတ္တဝါ တစ်မျိုးကို တွေ့မြင်ခဲ့ရကြောင်း သတင်းအား ဖြန့်လေတော့သည်။
ဤသို့နှင့် တရှန်းမှာ ထူးဆန်းသော သတ္တဝါ တစ်ကောင် အဖြစ် တစ်စတစ်စ နာမည်ကြီးလာကာ လူသား ကျင့်ကြံသူ တစ်စု၏ အမဲလိုက်ခြင်းကို ခံခဲ့ရလေတော့သည်။
သူမ သူတို့ထဲမှ အများစုကို မညှာမတာပင် သတ်ဖြတ်ပစ်ခဲ့သည်။ ဖြူဖွေးလှပသော ရေခဲပြင်ကို သွေးစတို့ဖြင့် ချင်းချင်းနီစေခဲ့သည်။ သို့သော်လည်း ထိုလုပ်ရပ်က သူမနောက်ရှိ လူများအား လုံးဝ ရပ်တန့်သွားအောင်တော့ မဟန့်တား နိုင်ခဲ့ချေ။
သူတို့က တစ်ယောက် သေသွားတိုင်း ပိုမို သန်မာသော လူများကို စေလွှတ် ခဲ့သည်။ နောက်ဆုံး အာကာသ ပဲ့တင်သံ အဆင့် သုံးယောက်ပင် ပါဝင်လာကာ သူမကို ဝိုင်း၍ တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲက ကြောက်မက်ဖွယ် ကောင်းအောင် ပြင်းထန်ခဲ့၏။ ထူးဆန်းသော သွေးမျိုးဆက်နှင့် ဝေ့ဝူယင် ပေးအပ်ထားသည့် ရတနာများ၏ အကူအညီ ကြောင့်သာ မဟုတ်ပါက အစောကြီးတည်းကပင် ထိုလူများ၏ လက်၌ သူမ ဖမ်းဆီးခံလိုက်ရပြီ ဖြစ်သည်။
တရှန်းမှာ ခြေကုန်လက်ပန်း ကျနေခဲ့၏။ သူမ အလွန် ဒေါသထွက်နေသလို တစ်ချိန်တည်းတွင် ဝမ်းလည်း နည်းနေခဲ့မိသည်။ ဂိတ်တံခါးတစ်ဖက်သို့ ဝင်ဝင်ချင်း ယခုလို အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ချေ။
ထိုတိုက်ပွဲ၌ စစ်တူအား ဖောက်ခွဲပစ်ခြင်းနှင့် အတူ အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက်ကို သူမ သတ်ဖြတ် နိုင်ခဲ့ကာ နှစ်ယောက်ကို ဒဏ်ရာကြီးစွာ ရစေခဲ့သည်။ သို့တိုင်အောင် သူတို့က ဇွဲမလျှော့ပေးပဲ သူမ နောက်ကို မီးခိုးကြွက်လျှောက် လိုက်နေသေးဆဲ ဖြစ်သည်။
"စိတ်ပျက်စရာ ကောင်းလိုက်တဲ့ အမှိုက်တွေ…"
တရှန်းက သူမအား ဝန်းရံနေသည့် လူသား ကျင့်ကြံသူများကို ကြည့်ရင်း အေးစက်စက် နှာခေါင်းရှုံ့ လိုက်၏။ ထို့နောက် ကြယ်တာရာ အင်အားကို တိတ်တဆိတ် စုစည်းရင်း တိုက်ပွဲဝင်ရန် အဆင်သင့် အနေအထား ဖြစ်အောင် ပြင်ဆင် လိုက်သည်။
သူမ သိပ်ကြာကြာ မစောင့်လိုက်ရချေ။ ငွေရောင် အစက်အပျောက် နှစ်ခုမှာ မိုးကုပ်စက်ဝိုင်း တစ်နေရာတွင် ကြယ်ပျံများ ကဲ့သို့ ပေါ်လာခဲ့၏။ ထိုပုံရိပ်များကား သူမကြောင့် ဒဏ်ရာ ရရှိသွားသည့် အာကာသ ပဲ့တင်သံ အဆင့် နှစ်ယောက်ပင် ဖြစ်သည်။
နောက်လိုက်နောက်ပါများ ကဲ့သို့ပင် ထိုကျင့်ကြံသူ နှစ်ယောက်မှာ ရေခဲစွမ်းအင်ကို ခုခံနိုင်ပုံရသည့် အဖြူရောင် ဝတ်စုံများကို ဝတ်ဆင်ထား၏။ သူတို့၏ မျက်နှာများထက်တွင်တော့ တစ်ခြမ်းပဲ့ မျက်နှာဖုံးများ ရှိနေခဲ့ကာ ၎င်းတို့က ပတ်ဝန်းကျင်ရှိ ရေခဲစွမ်းအင်များကို ပါးစပ်များမှ တစ်ဆင့် အဆုပ် အတွင်း မဝင်ရောက်နိုင်အောင် တားဆီးထားသည်။
တရှန်းက ထိုနှစ်ယောက်ကို စိုက်ကြည့်လိုက်၏။ သူမ၏ ရွှေရောင် မျက်လုံးများက ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ အကယ်၍ အကြည့်ဖြင့်သာ လူသတ်နိုင်မည် ဆိုပါက ဤနှင်းပြင်ကျယ်ကြီး တစ်ခုလုံးမှာ တစ်ခဏလေးအတွင်း သွေးပင်လယ်အဖြစ် ပြောင်းလဲ သွားလိမ့်မည် ဖြစ်သည်။
***