ပိုးအိမ်ကို ခွဲထွက်ခြင်း
Vol. 28 Ch. 388
ထိုအချိန်တွင် အေးခဲနှင်းမျိုးနွယ်စုသည် တောင်ပိုင်းဒေသ၏ ဇီယွင်ဂိုဏ်းရှိ တောင်ထွတ်တစ်ခုအပေါ်သို့ နေရာရွှေ့ပြောင်းရောက်ရှိခဲ့ပြီးလေပြီ။ ဇီယွင်ဂိုဏ်းက သူတို့မျိုးနွယ်စုအခြေချရန်အတွက် ဤတောင်ကို စီစဥ်ထားပေး၏။
ဟန်ရွှယ့်ရှန်းသည် သူမ၏ ပြစ်မျိုးမှဲ့မထင် အလှလေးကြောင့် အရှေ့ဆေးဝါးအဖွဲ့၏ ဆေးဝါးပညာရှင်များအကြားထဲ အတော်လေး နာမည်ကြီးနေပြီဖြစ်သည်။ မျိုးနွယ်စုမှာလည်း ဇီယွင်ဂိုဏ်းအတွင်း၌ နေသားတကျ ရှိနေလေပြီ။ ဟန်ရွှယ်ရှန်းက အရှေ့ဆေးဝါးအဖွဲ့သို့ ဝင်ရောက်၍ ဆေးဝါးပညာရှင်ဖြစ်လိုသော သူမ၏အိပ်မက်နောက်လိုက်ရန် ရွေးချယ်ခဲ့သည်။
ဇီယွင်ဂိုဏ်းသို့ရောက်ပြီးနောက်မှ သူမသည် မဟာအကြီးအကဲဆေးဒယ်အိုး ဂိုဏ်းအား စွန့်ခွာသွားသည့်သတင်းကို သိရှိခဲ့ရ၏။ ၄င်းနှင့်ပတ်သက်၍ သူမမည်သို့ခံစားရသည်လဲ ဖော်ပြရခက်သည်။ အနည်းငယ် ဟာတာတာဖြစ်သွားသော်လည်း အေးဆေးတည်ငြိမ်မှုလည်းရှိနေ၏။
မန်ဟိုနှင့်သာ မဆုံတွေ့ခဲ့လျှင်တော့ သူမ ပိုခံစားရလောက်သည်။ သို့သော် ယခုတွင် မဟာအကြီးအကဲဆေးဒယ်အိုးအား မြင်တွေ့ရခြင်း၊ မမြင်တွေ့ရခြင်းသည် သူမအတွက် သိပ်အရေးမပါတော့ပေ။
ဟန်ရွှယ့်ရှန်းသည် အနက်ရောင်နယ်မြေရှိရာသို့ လှမ်းကြည့်ရင်း တောင်ထိပ်တွင်ရပ်နေစဥ် ရုတ်တရက် အသံတစ်သံက သူမ၏အတွေးများကို ပြတ်တောက်သွားစေ၏။ "ညီမလေးရှန်း ... သန့်စင်နှင်းမြို့တော်မှာတုန်းက မဟာအကြီးအကဲမန်ဆိုတဲ့လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်လို့ ညီမလေးရဲ့မျိုးနွယ်ဝင်တွေဆီက ကြားခဲ့ရတယ်"
ဟန်ရွှယ့်ရှန်း အနောက်လှည့်ကြည့်လိုက်ရာ အပြာရောင်ဂါဝန်ရှည်လေးနှင့် နတ်သက်ကြွေလာသည့်အလား လှပသောမိန်းမပျိုတစ်ဦးကို တွေ့လိုက်ရသည်။ သူမ၏မျက်နှာလေးမှာ တောက်ပပြီး ဆွဲဆောင်မှုရှိကာ နူးညံ့လွန်းလှသဖြင့် လေညင်းလေးကြောင့် ပျက်စီးသွားမှာစိုးရလေသည်။ သူမမှာ ပန်းချီကားထဲမှ လူ့ကမ္ဘာထဲသို့ ထွက်လာသကဲ့သို့ ရှုမငြီးသောအလှတရားကို ဖော်ဆောင်လျက်ရှိ၏။
"ဂါဝရပြုပါတယ် မမချူ" ဟန်ရွှယ့်ရှန်းက ခါးကိုင်းအရိုအသေပေးရင်း ပြောသည်။ သူမအရှေ့တွင် ရပ်နေသူကတော့ ဇီယွင်ဂိုဏ်း၏ အလှဆုံးသော နတ်မိမယ်လေး ချူယွီယန်ဖြစ်သည်။ သူမ၏အလှမှာ တစ်ခါတရံ ဟန်ရွှယ့်ရှန်းအတွက် သူမအား ကြည့်ဖို့ပင် မဝံ့ရဲသည်အထိ ဖြစ်စေသည်။
မမချူနှင့် မဟာအကြီးအကဲဆေးဒယ်အိုးတို့နှစ်ယောက်၏ ဟိုလိုလိုသည်လိုလို သတင်းများကိုလည်း သူမ ကြားထားလေသည်။
"သူ့လိုမိန်းကလေးမျိုးကပဲ မဟာအကြီးအကဲဆေးဒယ်အိုးနဲ့ လိုက်ဖက်ညီပါပေတယ်" သူမက တွေးလိုက်သည်။ ယခု ချူယွီယန်ကို မြင်လိုက်သည်နှင့် ဟန်ရွှယ့်ရှန်း၏အတွေးများမှာ ရုတ်တရက် သူမနှင့်မန်ဟို့၏ပတ်သက်မှုထံသို့ ရောက်သွားသည်။ သူ့မျက်နှာက သူမစိတ်ထဲ၌ ပေါ်လာလေသည်။
"ရှန်း" ချူယွီယန်က အနားသို့ တိုးကပ်လာရင်း ခပ်တိုးတိုးလေးဆို၏။
ဟန်ရွှယ့်ရှန်း မျက်နှာလေးနီမြန်းသွားပြီး ချက်ချင်း ခေါင်းငုံ့မိသွားသည်။ သူမမှာ မန်ဟို့အကြောင်း ဘာကြောင့်တွေးနေမိသည်လဲ အဖြေရှာရင်း အတော်လေး ရှက်ရွံ့နေ၏။ မန်ဟိုက အချစ်နှင့်ပတ်သက်လျှင် အရိပ်သုံးပါးနားမလည်သော လူစားမျိုးပင်။
"ဟုတ် မဟာအကြီးအကဲမန်နဲ့ တွေ့ခဲ့ပါတယ်" သူမက အသံတိုးတိုးလေးဖြင့် ပြန်ဖြေသည်။ "သူက ဆေးဖော်တာတော်တယ်။ သူသာမရှိရင် အေးခဲနှင်းမျိုးနွယ်စု တစ်ယောက်မကျန် အသတ်ခံရမှာ။ ညီမလေးလည်း ဒီမှာရှိနေမှာမဟုတ်ဘူး"
"မဟာအကြီးအကဲမန်က အနက်ရောင်နယ်မြေကျင့်ကြံသူလား" ချူယွီယန်က ဟန်ရွှယ့်ရှန်းကိုကြည့်ရင်း မေးသည်။
"ဟုတ် သူက ခေါင်းဆောင်ကြီးရွှေအလင်းလို့ နာမည်ကြီးတဲ့ အနက်ရောင်နယ်မြေသားပဲ" သူမစကားပြောနေစဥ် သူမမျက်နှာလေးမှာ ပိုပိုရဲလာ၏။ "သူရဲ့ကျင့်ကြံခြင်းအခြေခံက ပြိုင်စံရှားပဲ။ သူကလေ ညီမတို့ရဲ့ ဆူးမြို့ရိုးကိုတောင် ဓာတ်ကူပေးနိုင်တယ်။ အနက်ရောင်နယ်မြေနန်းတော်က တာအိုကလေးဆို သူ့ကို အရမ်းကြောက်တာ ... ဆေးဖော်စပ်တာနဲ့ ပတ်သက်ရင် မဟာအကြီးအကဲကျိုးတောင်မှ သူ့ကိုမမှီဘူး။ ဒါနဲ့ မမချူ ဘာလို့ သူ့အကြောင်းမေးတာလဲဟင်"
ချူယွီယန်က ရယ်သည်။ ဟန်ရွှယ့်ရှန်းကို ကြည့်ပြီး သူမ၏အတွေ့အကြုံအရ ဤကလေးမလေး ချစ်နေကြောင်း ပြောနိုင်လေသည်။ သူမနှလုံးသားလေးမှာ အနက်ရောင်နယ်မြေကျင့်ကြံသူ မဟာအကြီးအကဲမန်၏ အချစ်နှောင်ကြိုးထဲ ငြိနေပြီဖြစ်၏။
"အို ဘာမှမဟုတ်ပါဘူး" သူမက ခေါင်းကို ဘယ်ညာခါရမ်းရင်း အပြုံးလေးဖြင့် တုံ့ပြန်သည်။ "ဒီတိုင်း ညီမလေးရဲ့မျိုးနွယ်ဝင်တွေ ပြောတာ ခဏခဏကြားနေရတာနဲ့ သူ့ဆေးဝါးတာအိုကို စိတ်ဝင်စားမိလို့ပါ။ ဘယ်အဆင့်ထိများရောက်နေပြီလဲ သိချင်လို့။ ကံဆိုးစွာနဲ့ သူက ဒီမှာမရှိဘူးဆိုတော့ လိုက်မေးကြည့်ဦးမှလို့ တွေးနေတာ" ဤမဟာအကြီးအကဲမန်က အနက်ရောင်နယ်မြေသားဆိုလျှင် သူမ ထင်နေသောသူ မဟုတ်နိုင်ပေ။ သူမလှည့်ပြန်တော့မည့်အချိန်မှာပင် ရုတ်တရက် ဟန်ရွှယ့်ရှန်းက စကားဆက်ပြောသည်။
"အင်း အဲ့မဟာအကြီးအကဲမန်ကလေ တောင်ပိုင်းဒေသကို မလာချင်ဘူးတဲ့။ ဒါပေမဲ့ ညီမမှာ သူပေးထားတဲ့ ဆေးလုံးတစ်လုံးရှိတယ်။ အဲ့ဒါကြည့်ပြီး သူ့ဆေးဝါးတာအိုအဆင့်ကို မမချူ ပြောနိုင်မယ်ထင်လားဟင်" မျှော်လင့်ချက်တို့က သူမမျက်နှာလေးကို ဝင်းပနေ စေသည်။ ဇီယွင်ဂိုဏ်းသို့ ရောက်ပြီး အရှေ့ဆေးဝါးထဲ ဝင်ပြီးနောက်တွင် သူမသည် ဆေးဝါးပညာရှင်အဆင့်များအား ကောင်းကောင်းနားလည်ခဲ့ပြီဖြစ်၏။ မန်ဟို့၏ ဆေးဝါးပညာအသိကို သိချင်စိတ်က ဤအတောအတွင်း သူမကို ခိုးလုခုလု ဖြစ်နေစေခဲ့သည်။
"အင်း မမ ကူညီပေးနိုင်တယ်" ချူယွီယန်က ပြုံးပြီး ခေါင်းညိတ်၏။ "ရှန်း ကြိုက်တဲ့ မဟာအကြီးအကဲမန်က ဘယ်အဆင့်မှာလဲ ကြည့်ကြတာပေါ့" သူမအဆင့်အတန်းကို ထည့်တွက်လျှင် ပုံမှန်အားဖြင့် ဘယ်တော့မှ ယခုကဲ့သို့အရာမျိုး လုပ်မည်မဟုတ်ပေ။ သို့သော် ဟန်ရွှယ့်ရှန်းက အတိတ်က သူမကို ပြန်သတိရစေလေသည်။ ချူယွီယန် သက်ပြင်းခိုးချလိုက်မိ၏။
ချူယွီယန်၏ စကားလုံးများက ဟန်ရွှယ့်ရှန်းကိို ပိုရှက်သွားစေသည်။ သူမက ခေါင်းကလေးငုံ့ရင်း မန်ဟို သူမအတွက် ပေးထားသည့်ဆေးလုံးကို ချက်ချင်း ထုတ်လိုက်သည်။ သူမ ၄င်းကို ချူယွီယန်လက်ထဲ ထည့်လိုက်သည်နှင့်တစ်ပြိုင်နက် နောင်တရသွား၏။
မန်ဟိုက မဟာအကြီးအကဲဆေးလုံးမိစ္ဆာကို ဆေးလုံးပြရန် ပြောခဲ့သည့်အကြောင်းကို သူမသတိရလိုက်လေသည်။ "အလကားလေကြီးတာပဲ နေမှာ။ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်လုပ်ချင်နေတယ်...."
သူမမှာ ဆေးလုံးကို မြင်လိုက်သည့်တခဏ၌ ချူယွီယန်မျက်နှာထား ပြောင်းသွားခဲ့သည်ကို သတိမထားမိလိုက်ပေ။ သူမ၏အသက်ရှူသံများ မြန်ဆန်လာသည့်အခါမှ ဟန်ရွှယ့်ရှန်း ကြောင်တောင်တောင်နှင့် ခေါင်းမော့ကြည့်မိသည်။ ချူယွီယန်မှာ အံ့သြမှင်သက်နေပြီး လုံးဝမယုံနိုင်ဖြစ်နေလေသည်။
"မမချူ...."
ချူယွီယန်က အကြာကြီး မျက်လုံးမှိတ်ထားပြီးနောက်မှ ပြန်ဖွင့်သည်။ သူမက ဆေးလုံး၏ ဘေးဘက်တွင် ထွင်းထားသော 'နှင်း' ဆိုသည့်စာလုံး ကြည့်ပြီး ဟန်ရွှယ့်ရှန်းကို ပြန်ကြည့်သည်။ အကြောင်းတစ်စုံတရာကြောင့် သူမနှလုံးသားထဲ၌ ဒေါသလှိုင်းထန်လာသည်။
"သူ့နာမည်က ဘာလဲ" သူမက သွားလှလှလေးများကို တင်းတင်းစေ့ရင်း မေးသည်။
ဟန်ရွှယ့်ရှန်းမှာ ရုတ်တရက် အတန်ငယ်ကြောက်သွား၏။ သူမက တိုးတိုးလေး ပြန်ပြောသည်။ "မန်....မန်ဟို...."
"အစုတ်ပလုတ် မန်ဟို" ချူယွီယန်မှာ ဟန်မဆောင်နိုင်တော့ဘဲ ဒေါသတကြီးအော်သည်။ သူမအသံသည် ဒေါသတို့လည်း ရောယှက်နေသလို ဝမ်းသာသွားသောအရိပ်အယောင်လည်း စွက်ဖက်နေ၏။ ယခုတွင် မန်ဟိုတစ်ယောက် အန္တရာယ်ကင်းသည်သာမက အဆင်ပြေနေကြောင်း သူမသိလိုက်ရလေပြီ။
ဤအခြင်းအရာက သူမကို ပိုဒေါသထွက်စေသည်။
ဟန်ရွှယ့်ရှန်းက သူမက ကြည့်နေ၏။ ချူယွီယန်သည် ကျင့်ကြံခြင်းအခြေခံအရရော၊ အဆင့်အတန်းအရပါ သူမထက် သာသည်။ သို့ရာတွင် ဟန်ရွှယ့်ရှန်း၏မျက်နှာလေးအပေါ်က ဒေါသမှာ အထင်းသားမြင်သာနေသည်။
"ရှန်းက သူ့ကို ဘာလို့ စိတ်တိုနေတာလဲ" ချူယွီယန်က သက်ပြင်းချရင်း ပြောသည်။ "မန်ဟိုက မဟာအကြီးအကဲဆေးဒယ်အိုးပဲ။ သူနဲ့ဖန်မုက တစ်ယောက်တည်းလေ" ချူယွီယန်က ဟန်ရွှယ့်ရှန်းကို နောက်ဆုံးတစ်ချက် ကြည့်ပြီးနောက် ဆေးလုံးအားပြန်ပေးကာ ထွက်သွား၏။
ဟန်ရွှယ့်ရှန်းမှာတော့ နွေခေါင်ခေါင် မိုးကြိုးပစ်ခံလိုက်ရသည့်အလားပင်။ သူမသည် မျက်လုံးလေး ကလယ်ကလယ်နှင့် ကြောင်တောင်တောင်လေး ရပ်ကျန်ခဲ့၏။
"သူက မဟာအကြီးအကဲဆေးဒယ်အိုးတဲ့လား....."
ဤအဖြစ်အပျက်များ ဖြစ်ပွားနေသည့် တစ်ချိန်တည်းမှာပင် အနောက်ပိုင်းသဲကန္တာရအတွင်း တစ်နေရာ၌ တစ်နှစ်ပတ်လုံး သဲမုန်တိုင်းကျိန်စာသင့်နေသော ကန္တာရတစ်ခုရှိသည်။ တဝေါဝေါ အော်မြည်နေသော သဲလေတို့က ဝေ့ဝိုက်တိုက်ခတ်နေရာ နေ့ရောညပါ အမှောင်ဖုံးနေစေ၏။
ဤနေရာမှာ တားမြစ်အန္တရာယ်မြေသဖွယ် ဖြစ်ကြောင်း မည်သူပြောနိုင်လေသည်။
ဤကန္တာရအတွင်း၌ သဲမြေထဲသို့ တစ်ဝက်နစ်မြုပ်နေသော ပလ္လင်တစ်ဆူရှိသည်။ ပလ္လင်၏အထဲတွင် လက်သီးအရွယ် သေတ္တာတစ်လုံးရှိ၏။ ရုတ်တရက် သေတ္တာမှာ အလင်းရောင်တို့ ဖြာထွက်လာသည်။ တစ်ချိန်တည်းမှာပင် တိုက်ခတ်နေသောလေကား ပို၍ပြင်းထန်လာ၏။ မှိတ်တုတ်မှိတ်တုတ်လက်နေသော အလင်းသည် ပတ်ဝန်းကျင်ရှိ အရာရာတိုင်းအား ရှင်းလင်းဖယ်ရှားပစ်နိုင်သော အနက်ရောင်နေတစ်စင်းအသွင် ပြောင်းလာသည်။
ပလ္လင်အတွင်းမှ ဂျိန်းခနဲ မြည်သံကြီးနှင့်အတူ သေတ္တာက ရုတ်တရက် ပျံ့ထွက်လာသည်။ ၄င်းမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပြီး အထဲမှ တွန့်လိမ်လူးလွန့်နေသော သွေးအစိုင်ပြင်ကြီး ထွက်လာသည်။ သွေးမှာ တဖြေးဖြေးနှင့် လူတစ်ယောက်၏ပုံသဏ္ဍာန် ဖြစ်လာ၏။ ဤလူမှာ အတော်လေး အားနည်းနေပုံရသည်။ နောက်ဆုံးတွင် မျက်နှာအင်္ဂါရပ်များ ထင်ရှားလာ၏။
ဤသည်မှာ အေးခဲနှင်းမျိုးနွယ်စု ချီနန်အမွေ၏ သတ်ဖြတ်ခြင်းခံခဲ့ရသော အနက်ရောင်ဝတ်ရုံနှင့် စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူမှတစ်ပါး အခြားမဟုတ်ပေ။
သူကား အမှန်တကယ် သေသွားခြင်းမဟုတ်။ ခန္ဓာကိုယ်က သေဆုံးသွားသော်လည်း တာအိုက ကျန်ရစ်ခဲ့သည်။ သူ၏အနှစ်သာရလည်း ဖယ်ရှားမခံခဲ့ရသလို အသက်မီးတောက်လည်း မငြိမ်းခဲ့ပေ။
အချိန်တို့ ကြာမြင့်လာသည်နှင့်အမျှ ခန္ဓာကိုယ်မှာ ကြီးထွားလာခြင်း ပြီးမြောက်သွားသည်။ သူက ညာလက်ကို မြှောက်ကာ အနက်ရောင်ဝတ်ရုံတစ်စုံအား သူ၏ကိုယ်ကို ဖုံးသွားစေသည်။ သူသည် ခေါင်းကို တဖြေးဖြေး မော့လိုက်ရာ ခက်ထန်သောအကြည့်အား သူ၏မျက်လုံးများ၌ မြင်နိုင်၏။
"အဲ့ဒီအမွေအပြည့်အစုံကို လက်ခံနိုင်တဲ့သူတစ်ယောက်က အေးအေးဆေးဆေး သွားရန်စလို့ရတဲ့သူ မဟုတ်ဘူး" သူက ပြောသည်။ "ဒါပေမဲ့ ငါ ဒီက လွတ်လာမယ့်အချိန်အထိပဲစောင့်... ထပ်တွေ့ကြသေးတာပေါ့"
သန့်စင်နှင်းမြို့တော်မှာ ယခုတော့ ချိုင့်ခွက်ကြီးထက် မပိုတော့ပေ။ နှင်းများက ကျင့်ကြံသူငါးထောင်၏ခန္ဓာကိုယ်များအပေါ်သို့ တဖွဲဖွဲကျဆင်းနေသည်။
ဤကျင့်ကြံသူများ၏အလယ်တွင် တည်ရှိသည်ကား သုံးမီတာခန့် ရှည်သော ပိုးအိမ်တစ်လုံး။ တရိပ်ရိပ် သက်ဝင်လှုပ်ရှားနေသော အရောင်အဝါမှာ ၄င်းထံမှ ဖြာထွက်နေသည်။ ပြီးခဲ့သည့်ရက်ပိုင်းကတည်းက အရောင်အဝါမှာ တောက်ပသထက် တောက်ပလာခဲ့၏။
ရုတ်တရက် အက်သံများ ကြားလိုက်ရသည်။ ကျင့်ကြံသူများအားလုံး ကျုံ့လာနေသော ပိုးအိမ်ကို လှမ်းကြည့်လိုက်ကြ၏။ ထိုအသံသည် လေတိုက်နေသကဲ့သို့ တဟူးဟူး ပဲ့တင်ထပ်သွားသည်။
သို့ရာတွင် သေသေချာချာကြည့်ပါက လေတိုက်မနေပေ။ ပိုးအိမ်ဖွဲ့ထားသည့် ပိုးချည်များက ပြောင်းပြန် ပြန်ဖြေနေခြင်းဖြစ်သည်။ များမကြာမီ ပိုးအိမ်မှာ အလွန်ပါးလာပြီး ကျုံ့နှုန်းကား လေပွေသဖွယ် မြန်ဆန်လာ၏။
၄င်းက ပတ်ဝန်းကျင်ရှိကျင့်ကြံသူများ ဘာမှမမြင်နိုင်အောင် ကာဆီးနေသော်လည်း အားကောင်းသော အရောင်အဝါ ဖြာထွက်မလာအောင်တော့ ဟန့်မတားနိုင်ပေ။
ကျင့်ကြံသူများက နောက်သို့ တဖြေးဖြေးဆုတ်ရင်း အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာသည်အထိ ဖြစ်စဥ်ကို စောင့်ကြည့်နေ၏။ ရုတ်တရက် လေပွေအတွင်း၌ လူတစ်ယောက်ပေါ်လာသည်။ လျှပ်စီးမိုးကြိုးများက သူ့ဘေးပတ်လည်တွင် ပြိုးပြိုးပြက်ပြက်ကခုန်နေပြီး သူ၏ခြေထောက်၌ မိုးကြိုးအိုင်ကြီးရှိနေသည်။ ယခုတွင် ဤလူသည် မိုးကြိုးစိတ်ဆန္ဒကို နားလည်သွား၍ ၄င်းအား အမိန့်ပေးနိုင်စွမ်းရှိပုံပေါ်၏။
အပြည့်အဝ ရုပ်လုံးပေါ်လာမှသာလျှင် ကျင့်ကြံသူများမှာ ဤပုဂ္ဂိုလ်၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ကြလေသည်။ မှန်ပါသည်၊ ထိုသူကား ခေါင်းဆောင်ကြီးရွှေအလင်း....မန်ဟို။
သူ၏ရှည်လျားနေသော ဆံနွယ်များသည် တဖျပ်ဖျပ်လွင့်နေပြီး သူက အစိမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။ သူ၏ပုံပန်းသွင်ပြင်မှာ တင့်တယ်ခန့်ညားပြီး ခြေထောက်အောက်တွင် တဖျစ်ဖျစ် တဖျောက်ဖျောက် မြည်နေသော မိုးကြိုးအိုင်က နေရာယူထားသည်။ မရေမတွက်နိုင်သော မီးပွားများက သူ၏ခန္ဓာကိုယ်ပေါ်တွင် လူးလွန့်သွားလာနေရာ သူ၏အစိမ်းရောင်ဝတ်ရုံအား မိုးကြိုးခြုံထည်အသွင်ဆောင်နေစေသည်။
မန်ဟိုကား ပြစ်ဒဏ်မိုးကြိုးအား အောင်အောင်မြင်မြင် ကျော်ဖြတ်ခဲ့ပြီးလေပြီ။ သူ၏ကျင့်ကြံခြင်းအခြေခံ လည်ပတ်သွား၏။ ၄င်းသည် နှောင်းပိုင်းရွှေအမြုတေအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။ ယခုတွင် သူသည်...အနုသုခုမရုပ်ခန္ဓာအဆင့်မှ ခြေတစ်လှမ်းမျှသာ ဝေးကွာတော့၏။
မန်ဟို အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ ယခင်နှင့်မတူခြားနားသွားပြီဖြစ်သည် ။ ပြစ်ဒဏ်မိုးကြိုးအား ကျော်ဖြတ်ပြီးနောက်တွင် သူ၏ပြီးပြည့်စုံသောရွှေအမြုတေမှာ ပို၍ပင် ကျစ်လစ်သိပ်သည်းလာ၏။ ကျင့်ကြံခြင်းအခြေခံမှ ထုတ်လွှတ်နေသောစွမ်းအားသည် သူ့ကို အမြုတေဖြစ်တည်မှုအဆင့်တွင် ယုံကြည်ချက်အခိုင်အမာရှိနေစေလေပြီ။
ပို၍ပင် အံ့သြစရာကောင်းသည်မှာ စဦးချီဖွဲ့စည်းမှုအဆင့် (၁၁) ၏ ပြောင်းလဲခြင်း၊ ချီအခြေတည်အဆင့်၏ သန့်စင်ခြင်းနှင့် ယခု ပြစ်ဒဏ်မိုးကြိုးရင်ဆိုင်ကျော်လွှားခြင်းက သူ၏အပြင်အားကိုယ်ကို သာမန်ကျင့်ကြံသူတစ်ယောက်ထက် အဆများစွာ သန်မာသွားစေသည်။ တကယ်တမ်းဆိုရလျှင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်၏ အပြင်အားကိုယ်ပင်လျှင် ခွန်အားနှင့် ခံနိုင်ရည်အရာ၌ သူနှင့် မယှဥ်နိုင်ပေ။
သို့သော် ယင်းကား.... ဒုတိယသာဖြစ်၏။
မန်ဟို့အတွက် ကျေနပ်စရာအကောင်းဆုံးမှာ ဤပြစ်ဒဏ်မိုးကြိုးအား ရင်ဆိုင်ပြီးနောက်တွင် သူ၏ခန္ဓာကိုယ်မှာ မယုံနိုင်ဖွယ်ရာ အတိုင်းအတာတစ်ခုအထိ မိုးကြိုးဒဏ်ခံနိုင်သွားခြင်းဖြစ်သည်။ အမှန်တွင် သူ၏ကိုယ်အတွင်း၌ပင် မိုးကြိုးရှိနေပြီး သူ၏မှော်ပညာရပ်များ၌ ပြစ်ဒဏ်မိုးကြိုး၏အငွေ့အသက်များ ပါရှိနေလေပြီ။
ဤသည်မှာ ပြစ်ဒဏ်မိုးကြိုးပစ်ချခံရသည့်အတောအတွင်း သူရရှိခဲ့သော ကံကောင်းခြင်းဖြစ်သည်။ လူတိုင်း ဤကဲ့သို့ ကံမကောင်းနိုင်ပေ။ ၄င်းမှာ သေမင်းအား မျက်နှာချင်းဆိုင်၍ အသက်စွမ်းအားတချို့အား စတေးပြီးမှ ရောက်လာသောကံမျိုးဖြစ်သည်။
မန်ဟိုက ရှေ့သို့ လျှောက်လာရင်း အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ဝဲကြီး ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး မိစ္ဆာချုပ်နှောင်ကျောက်စိမ််းက သူ၏သိုလှောင်အိတ်ထဲ ပျံဝင်လာ၏။ မျက်လုံးမဲ့ပိုးကောင်လည်း ရွေ့လျားလာပြီး အဖြူရောင်လက်စွပ်အသွင်ပြောင်းကာ မန်ဟို့၏လက်ညှိုး၌ နေရာယူလိုက်သည်။
သူက မျက်လုံးမဲ့ပိုးကောင်သာမရှိပါက ပြစ်ဒဏ်မိုးကြိုးအား ကျော်လွှားနိုင်ခဲ့မည်မဟုတ်ကြောင်း စဥ်းစားရင်း လက်စွပ်အား ပွတ်လိုက်သည်။
"အခုကစပြီး ငါရဲ့လမ်းဟာ ပင်လယ်နဲ့ကောင်းကင်တွေလို အကန့်အသတ်မဲ့သွားပြီ။ ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံနဲ့ဆိုရင် သတိထားသရွေ့ ဘယ်နေရာကိုမဆို ခြေဆန့်နိုင်ပြီ"
မန်ဟို ခေါင်းမော့လာသည်နှင့် ကျင့်ကြံသူငါးထောင်က ချက်ချင်း ဒူးထောက်အရိုအသေပေးလိုက်ကြသည်။
"ဂုဏ်ယူဝမ်းမြောက်မိကြောင်းပါ ခေါင်းဆောင်ကြီး"
***