ကမ္မတန်ဖိုး အပြောင်းအလဲ
Vol. 30 Ch. 410
"ဘာလို့လဲ…"
သူမ မေးခွန်းထုတ် လိုက်၏။ ထိုအုပ်စု သူမနောက်ကို လိုက်နေခဲ့သည်မှာ လေးရက် နီးနီး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ နေ့နေ့ညည တစ်စက္ကန့်မျှပင် သူမ အနားမရခဲ့။
"ဟားဟား… နင်က ဈေးထဲမှာ ဈေးကောင်းကောင်း ရမှာ မလို့ပေါ့"
အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက်က အမုန်းတရားများ ပြည့်နှက်နေသည့် အသံဖြင့် ရယ်မောရင်း ပြောလိုက်၏။
သူ ရယ်မောသည်နှင့် လက်အောက် ငယ်သားများမှာလည်း လိုက်လံကာ ရယ်မော လိုက်ကြသည်။ ချက်ချင်းပင် ပတ်ဝန်းကျင် တစ်ခုလုံးမှာ ဆိုးသွမ်းသော မိစ္ဆာသံများနှင့် ပြည့်နှက်သွား၏။
"ဈေးမှာ ရောင်းမယ်"
တရှန်း၏ မျက်လုံးများထဲရှိ မုန်းတီးမှုနှင့် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်လိုစိတ်က ပိုမို မြင့်တက်လာသည်။ အာကာသ ပဲ့တင်သံ အဆင့် နောက်တစ်ယောက်က သူမကို အရေခွံခွာလိုသည့် မျက်လုံးများဖြင့် စေ့စေ့စပ်စပ် ကြည့်ရင်း…
"ကံကောင်းမယ် ဆိုရင် မင်းရဲ့ ပုံစံကို သဘောကျတဲ့ သူ တစ်ယောက်က မင်းကို ဝယ်သွားနိုင်တယ်… သူတို့က မင်းကို နူးနူးညံ့ညံ့ ဆက်ဆံကြတာမျိုးတောင် ဖြစ်နိုင်တယ်… အဲ့တာကိုမှ အသာတကြည် လက်မခံချင်ဘူး ဆိုရင်တော့ သေတာထက် ဆိုးတဲ့ အတွေ့အကြုံတွေ ခံစားရအောင် ငါ မင်းကို လုပ်ပစ်မယ်"
သူ၏ အသံက နှိုင်းယှဥ်မရနိုင်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေ၏။ အကယ်၍ သွေးများ စီးကျနေဆဲ ဖြစ်သည့် သူ၏ ညာဘက် လက်ပြတ်ကို မြင်ပါက သူ အဘယ်ကြောင့် တရှန်းအား မုန်းတီးနေကြောင်း အပြည့်အဝ နားလည်သွားလိမ့်မည် ဖြစ်သည်။
တရှန်းက အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။
"ငါ ဘယ်သူလဲ ဆိုတာ နင်တို့ သိကြလား"
"..."
ထိုမေးခွန်းကို မည်သူမှ မျှော်လင့်မထားရာ အားလုံးမှာ ငြိမ်သက်သွားကြသည်။ အာကာသ ပဲ့တင်သံ အဆင့် နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် မေးခွန်းထုတ်သည့် ပုံစံမျိုးဖြင့် ကြည့်လိုက်ကြသည်။
တရှန်းမှာ ခရမ်းရောင် အရည်ပြားနှင့် အရပ်ကို ရှည်မားစေသည့် နည်းလမ်းတစ်မျိုးအား ကျင့်ကြံထားခြင်း ဖြစ်လိမ့်မည်ဟု သူတို့ အစက ယူဆထားခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း လက်တွေ့ ရင်ဆိုင်ရသော အချိန်၌ ထိုမိန်းမက အဆင့်မြင့် လက်နက်များကို ပိုင်ဆိုင်ထားသည့် အပြင် အလွန် သန်မာလှသည်။
သူတို့၏ စိတ်ကူးနှင့် ရည်ရွယ်ချက်က သူမကို စျေးကောင်းကောင်းနှင့် ရောင်းချရန် ဖြစ်သည်။ သို့သော်လည်း သေချာ ပြန်စဥ်းစားကြည့်တော့ ရက်အနည်းငယ် ကြာအောင် အမဲလိုက်ခဲ့ကြသည့်တိုင် ထိုအမျိုးသမီးက မည်သူ ဖြစ်သည်ကို သူတို့ မသိရှိရသေးချေ။
“နင်က ဘယ်သူလဲ...”
အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။
တရှန်းက အေးစက်စက် နှာခေါင်းရှုံ့ လိုက်သည်။
“ငါက အာဏာရှင် အင်ပါယာရဲ့ မိန်းမပဲ...”
သူမ၏ စကားလုံးများက ပြင်းပြသော ဂုဏ်ယူ ဝင့်ကြွားမှုများနှင့် ပြည့်နှက်နေသည်။ ဖြစ်နိုင်လျှင် ဝေ့ဝူယင်၏ နာမည်ကို အသက်ကယ် ပစ္စည်းတစ်ခု အဖြစ် မသုံးချင်သော်လည်း သူမတွင် အခြား ရွေးချယ်စရာ မရှိတော့ချေ။
“အာဏာရှင် အင်ပါယာ... “
အာကာသ ပဲ့တင်သံ ကျင့်ကြံသူ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် နောက်တစ်ကြိမ် ကြည့်လိုက်မိကြ၏။ အာဏာရှင် အင်ပါယာက မည်သူနည်း။ နာမည်ကို တစ်ခါမှ မကြားဖူးကြသည့်တိုင် အမျိုးအမည် မသိ ကြောက်ရွံ့မှု တစ်ခုက သူတို့ နှလုံးသားတွင် ဖြစ်ပေါ်လာကာ ခန္ဓာကိုယ် တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ သူတို့က စိတ်ဝိညာဥ်ကို ဖြန့်ကျက်ရင်း တစ်ယောက်နှင့် တစ်ယောက် အသည်းအသန် ဆွေးနွေးလိုက်ကြသည်။
သိပ်မကြာခင်မှာပင် အာဏာရှင် အင်ပါယာ ဆိုသော ပုဂ္ဂိုလ်မှာ ဤကမ္ဘာတွင် လုံးဝ မရှိကြောင်း သူတို့ အတည်ပြုလိုက်နိုင်၏။ သူတို့၏ မျက်နှာများက တဖြည်းဖြည်း ဒေါသများဖြင့် ပြည့်နှက်လာကာ တရှန်းဘက်သို့ ပြန်လှည့်လာသည်။ ထိုမိန်းမက တစ်ခါမှ မရှိဖူးသည့် နာမည်တစ်ခုကို သုံး၍ သူတို့ကို ခြိမ်းခြောက်ရဲရသလော။
ဤနေရာက လုံးဝ ခြားနားသော ကမ္ဘာတစ်ခု ဖြစ်ကြောင်း သတိရသည်နှင့် တရှန်း၏ မျက်နှာထက်ရှိ အပြုံးက အေးခဲသွားသည်။ ဤလူများမှာ သုံးလွှာ ကြယ်တာရာ နယ်မြေမှ မဟုတ်လေရာ ဝေ့ဝူယင်၏ တည်ရှိမှုကို မည်ကဲ့သို့ သိကြမည်နည်း။ အခြေအနေများက ပိုမို၍ ဆိုးရွားလာကြောင်း နားလည်လိုက်ရာ နောက်ဆုံး ဝှက်ဖဲကို ထုတ်သုံးရန် တရှန်း ဆုံးဖြတ်လိုက်သည်။
ဝှစ်...
လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သွေးရောင် ဆေးတောင့်တစ်ခုမှာ သူမ၏ လက်ဖဝါးထက်၌ ပေါ်လာခဲ့၏။ ထိုဆေးတောင့် ပေါ်လာသည်နှင့် ပတ်ဝန်းကျင်မှာ ပူပြင်းလာကာ ပတ်ဝန်းကျင်ရှိ ရေခဲစွမ်းအင် အကုန်လုံး လျှင်မြန်စွာပင် လွင့်ပါး ပျောက်ကွယ်သွားသည်။,
ချက်ချင်းပင် နေတစ်စင်း ထွက်ပေါ်လာသည့် အလား ဆေးတောင့်၏ ပတ်လည် ဆယ်ပေခန့်မှာ ခြောက်ကပ်သွား၏။ ဧရာမ နှင်းပွင့်ကြီးများ ပင်လျှင် ထိုဧရိယာ အတွင်း တိုးဝင်ရမည်ကို ကြောက်လန့်သည့် အလား အခြားနေရာများသို့ လွင့်ပျံသွားကြ၏။
ခေါင်းဆောင်များ၏ အမူအရာက ဆန့်ကျင်ဘက် အသွင်သို့ ပြောင်းလဲသွားသည်။ နောက်လိုက်နောက်ပါများမှာလည်း အလားတူပင်။
“မီးဓာတ်ပြု အဂ္ဂိရတ် ဆေးတောင့်...”
အာကာသ ပဲ့တင်သံ အဆင့် နှစ်ယောက် အနက် တစ်ယောက်က သရဲတစ္ဆေ တစ်ကောင်ကို တွေ့မြင်လိုက်ရသည့် အလား အသံကုန် အော်ဟစ်လိုက်ရင်း ချက်ချင်းပင် ထွက်ပြေးသွားတော့၏။
“နင် ရူးနေပြီ...”
အခြားတစ်ယောက်ကလည်း နည်းနည်းမျှ မတုန့်ဆိုင်းချေ။ ကြယ်တာရာ အင်အားကို အဆုံးစွန်ထိ ဖောက်ခွဲကာ ဆန့်ကျင်ဘက် အရပ်တစ်ခုကို ကြယ်ပျံတစ်စင်းလိုမျိုး ပျံတက် ထွက်ခွားသွားတော့၏။ တစ်ချိန်တည်း၌ သူတို့၏ လက်အောက်ငယ်သားများမှာလည်း ကြောက်ရွံ့စွာဖြင့် အော်ဟစ်ရင်း ခြေဦးတည့်ရာကို ကိုယ်စီ ထွက်ပြေး သွားကြပြီ ဖြစ်လေသည်။
“...“
တရှန်းမှာ နားမလည်နိုင်အောင် ဖြစ်သွား၏။ ထိုအရာက ဝေ့ဝူယင် သူမကို ပေးအပ်ထားခဲ့သည့် အဆင့်ရှစ် မီးဓာတ်ပြု ဆေးတောင့် ဖြစ်ပြီး အရေးပေါ် အခြေအနေများတွင် အသုံးပြုရန် သူမ ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
“သူတို့က ဘာလို့ ဒီလောက် ကြောက်သွားရတာလဲ...”
တရှန်း အဖြေရှာရန် ကြိုးစားနေစဥ်မှာပင် အထက်ရှိ ကောင်းကင်မှာ စတင် တုန်ရီလာ၏။ အပေါ်သို့ မော့ကြည့်မိသော အခိုက်၌ တရှန်း၏ ရွှေရောင် မျက်လုံးများက အပ်ပေါက်များ ကဲ့သို့ ကျဥ်းမြောင်း သွားသည်။ တုန့်ဆိုင်းခြင်း မရှိပါပဲ တရှန်း လက်ထဲရှိ ဆေးတောင့်ကို လွှတ်ပစ်လိုက်၏။ ထို့နောက် သူမကိုယ်တိုင်လည်း ရန်သူများ၏ လမ်းစဥ်နောက်သို့ လိုက်ပါ ထွက်ပြေးရန် ကြိုးစားလေတော့သည်။
သို့သော်လည်း ခြေလှမ်း အနည်းငယ် အတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်က အေးခဲသွား၏။ တူညီစွာပင် လေထဲရှိ ဆေးတောင့်မှာလည်း အေးခဲသွားသည်။ ထို့နောက် သူမနှင့် ဆေးတောင့် နှစ်ခုစလုံးမှာ ကောင်းကင်သို့ မြင့်တက်သွားကာ တလိမ့်လိမ့်ယိမ်းထိုးနေသည့် တိမ်စိုင်များ အကြားတွင် ပျောက်ကွယ်သွားလေတော့သည်။
...
တစ်ချိန်တည်း၌ မြို့တော်သခင်ဟောင်းကို စစ်မေးနေသည့် ဝေ့ဝူယင်မှာ ပြင်းပြသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်က အလိုအလျောက် တုန့်ပြန်သည့် အလား အင်္ကျီလက်အိုးကို မတင်ကာ လက်မောင်းကို ကြည့်လိုက်သည်။
ကမ္မတန်ဖိုး ... ၉၈၂.၀ → ၉၄၄.၉
ပထမကပ်ဘေး လွတ်မြောက်ခြင်း ... ၇/၇
ဒုတိယ ကပ်ဘေး တားဆီးခြင်း ... ၇ နှစ်
၎င်းက ကမ္မတန်ဖိုးကျဆင်းခြင်းပင်။
“အခွင့်ရေးလား... “
ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်ရင်း ကောင်းကင်တာအို၏ လမ်းညွှန်မှု ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းလိုက်၏။
ပုံမှန်အားဖြင့် ဆိုလျှင် ကမ္မတန်ဖိုး ကျဆင်းသည်နှင့် ချက်ချင်းပင် ကောင်းကင်တာအိုမှာ သူ့အတွေးများကို ဖုံးလွှမ်းသွားကာ အခွင့်အရေးများ ရရှိနိုင်မည့် အရပ်မျက်နှာတစ်ခုဆီသို့ ဦးတည်ကာ ခေါ်ဆောင်သွားလိမ့်မည် ဖြစ်သည်။ ထို့နောက်တွင် အခွင့်အရေးကို ဆုပ်ကိုင်လျှင် ကိုင်နိုင်သလောက် အကျိုးအမြတ်များ ရရှိလိမ့်မည် ဖြစ်သည်။
သို့သော်လည်း စက္ကန့်အနည်းငယ်မျှ ကြာသည် အထိ မည်သည့် ထူးခြားချက်မှ ဖြစ်ပေါ်မလာချေ။ သူ့အတွေးများက ပုံမှန်အတိုင်းပင် ဆက်လက် စီးဆင်းနေဆဲ ဖြစ်သည်။ ဝေ့ဝူယင် မျက်မှောင်ကြုတ်ရင်း ကမ္မတန်ဖိုး တစ်မှတ်ကို အသုံးပြုကာ ပိုင်လင် ရွှေရောင်သစ်သီး ရရှိခဲ့ဖူးသည့် အဖြစ်အပျက်ကို ပြန်လည် သတိရသွား၏။
ယခုတစ်ကြိမ် ကမ္မတန်ဖိုး ကျဆင်းခြင်းကလည်း သူနှင့် နက်ရှိုင်းစွာ ဆက်နွယ်နေသည့် တစ်စုံတစ်ယောက်နှင့် ပတ်သက်လိမ့်မည်ဟု ဝေ့ဝူယင် တွေးလိုက်မိသည်။ ထိုကဲ့သို့ ဖြစ်စဥ်များမှာ ရှားပါးသော်လည်း လုံးဝ မဖြစ်တတ်သည်မျိုးတော့ မဟုတ်ချေ။ ဝေ့ဝူယင် မျက်မှောင်ကြုတ်ရင်း ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဥ်မှ အမှန်တရား မျက်လုံးကို အသက်သွင်း လိုက်၏။
ဟူး...
ဝိညာဥ် စွမ်းအင်လှိုင်းများမှာ လောကအတွင်း စိမ့်ဝင် နစ်မြုပ်သွားကာ အချက်အလက် အချို့က သူ့ ခေါင်းအတွင်း စီးဝင်လာသည်။ အသေးစိတ်ကို သေချာ မသိရသည့်တိုင် သူနှင့် ဆက်နွယ်နေသည့် တရှန်းနှင့် ချင်ချူးမူတို့ နှစ်ဦးအနက် တစ်ဦးမှာ အန္တရာယ် မရှိတော့ကြောင်း သူ ခံစားလိုက်ရ၏။ ထိုတစ်ယောက်က ကမ္မ ကံကောင်းမှု တစ်ခုနှင့် ကြုံတွေ့နေရပြီ ဖြစ်ကြောင်း သူ ပြောနိုင်ပေသည်။
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချရင်း ကုန်ဆုံးသွားသည့် စိတ်စွမ်းအင်များကို ပြန်လည် ဖြည့်တင်း လိုက်၏။ ဤလောကနယ်မြေမှာ အန္တရာယ်များနှင့် ပြည့်နှက်နေသည့် နေရာတစ်ခု ဖြစ်သလို အဆင့်မြင့် ကျင့်ကြံသူများမှာလည်း နေရာတိုင်းတွင် ရှိနေခဲ့သည်။ ပျက်သုဥ်းခြင်း နယ်မြေအတွင်းရှိ မြို့ဆယ့်နှစ်မြို့အနက် တစ်မြို့တွင်ပင် လောကသခင်တစ်ပါးကို သူ တွေ့ရှိခဲ့ရသည်။
နယ်မြေကြီး တစ်ခုလုံး၏ ထိပ်တန်းခေါင်းဆောင်များဆိုလျှင် မည်မျှပင် အစွမ်းထက် နေမည်နည်း။ အချိန်သခင်များလော၊ သို့မဟုတ် ကြယ်တာရာ သခင်များလော... သူ သေချာ မပြောတတ်ချေ။ ထိုခေါင်းဆောင်များ၏ ကျင့်ကြံခြင်း အဆင့်က အလွန် မြင့်မားမည်မှာတော့ သေချာလှပေသည်။
ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်လိုက်၏။ ဤကမ္ဘာနှင့် ပတ်သက်သည့် သီအိုရီ အချို့ သူ့ ခေါင်းထဲတွင် ပေါ်လာနေခဲ့သော်လည်း ၎င်းတို့အား အချိန်ကုန်ခံကာ စူးစမ်းလေ့လာရန် သူ့တွင် အချိန်မရှိသေးချေ။ ထို့ထက် ပိုအရေးကြီးသည့် လုပ်စရာ ကိစ္စများစွာ သူ့တွင် ရှိနေပေသည်။
ဝေ့ဝူယင် မြို့တော်သခင်ဟောင်းဘက်သို့ ပြန်လှည့်လိုက်၏။
“ပျက်သုဥ်းခြင်း နယ်မြေမှာ ရှိတဲ့ မြို့တော်ဆယ့်နှစ်ခု အကြောင်း ကျုပ်ကို ခင်ဗျား သိသလောက် ပြောပြစမ်းပါ”
***