← Chapters

လောကသခင်နှင့် တွေ့ဆုံခြင်း

Vol. 30 Ch. 412

လောကသခင်နှင့် တွေ့ဆုံခြင်း

Vol. 30 Ch. 412

ဝေ့ဝူယင်သည် မထွက်ခွာခင် ဝင်္ကပါ အချို့ဖြင့် အခန်းအား လွှမ်းခြုံထားခဲ့၏။ လက်ရှိ သူ၏ အဆင့်အတန်းက မြို့တော်သခင် တစ်ယောက် ဖြစ်နေပြီ ဖြစ်သည့်တိုင် မျှော်စင်အတွင်းရှိ မည်သူ့ကိုမှ သူ မယုံချေ။ ဖြည်းဖြည်းချင်းပင် လမ်းလျှောက်ဆင်းလာကာ နံရံတစ်ခုကို သူ ထိတွေ့လိုက်၏။ နံရံက တကျွီကျွီ အသံပေး၍ ပွင့်လာကာ အနက်ရောင် အပေါက်တစ်ခု ပေါ်ထွက်လာသည်။

၎င်းက လျှို့ဝှက် တံခါးပေါက်ပင် ဖြစ်၏။ အတွင်းကို ဝင်လိုက်သည်နှင့် အောက်သို့ လျှောဆင်းကျနေသည့် လှေကားထစ်များကို တွေ့လိုက်ရသည်။ ဝေ့ဝူယင် တုန့်ဆိုင်းခြင်း မရှိပဲ ထိုလှေကားထစ်များ တစ်လျှောက် ဆင်းလာခဲ့ကာ မကြာခင်မှာပင် အောက်ခြေအထိ ရောက်ရှိလာခဲ့၏။

“မျှော်စင်ရဲ့ အောက်ဆုံး အထပ်... မြေပြင်အောက် မီတာ တစ်ရာလောက်မှာ မဟာငလျင် အစီအရင်နဲ့ နဝမတောင်တန်း ပျက်သုဥ်းခြင်း ကြယ်တာရာ ဝင်္ကပါရဲ့ အမြုတေ ရှိတယ်...”

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်ရင်း မြို့တော်သခင်ထံမှ ရရှိထားသည့် အချက်အလက်များကို ပြန်လည် စဥ်းစားလိုက်သည်။ ထိုပုဂ္ဂိုလ်မှာ အလွန် ခေါင်းမာသူ ဖြစ်သည်။ အသက်နှင့် ခြိမ်းခြောက်ခဲ့သည့်တိုင် မြို့တော် အကြောင်း ဘာသတင်းစကားကိုမှ နှိုက်ထုတ် မရချေ။

နောက်ပိုင်းတွင် ထိုအရာက မဟာငလျင်မြို့တော် စတင် တည်ထောင်သည့် အချိန်မှ စ၍ မြို့တော်သခင်တိုင်း ကျိန်ဆိုရသည့် ဝိညာဥ် ကျိန်စာကြောင့် ဖြစ်ကြောင်း ဝေ့ဝူယင် သိရှိလာရသည်။ ထို့ကြောင့်ပင် သူက စကားလုံးများဖြင့် စစ်မေး မနေတော့ပဲ မြို့တော်သခင်၏ အသိစိတ် ပင်လယ်အတွင်းကို ကျူးကျော် ဝင်ရောက်ကာ လိုအပ်သမျှ အချက်အလက် အားလုံးကို နှိုက်ထုတ်ခဲ့သည်။

ပုံမှန်အားဖြင့် ထိုကဲ့သို့ ပြုလုပ်ရသည်ကို ဝေ့ဝူယင် မနှစ်ခြိုက်သည့်တိုင် ယခုက သူ့တွင် အခြား ရွေးချယ်စရာ မရှိနေခဲ့ချေ။

မြို့တော်သခင်ထံမှ နဝမတောင်တန်း ပျက်သုဥ်းခြင်း ကြယ်တာရာ ဝင်္ကပါ၊ အမြုတေ ရှိရာသို့ သွားရာလမ်း၊ မြို့တော် အတွင်းရှိ အဓိက နေရာများနှင့် ဟင်းလင်းပြင် ဂိတ်တံခါး အပါအဝင် များစွာသော အချက်အလက်များကို ဝေ့ဝူယင် ရရှိခဲ့သည်။ မြို့တော်ကြီး တစ်ခုလုံးအား ထိန်းချုပ်ထားသည့် နဝမတောင်တန်း ပျက်သုဥ်းခြင်း ကြယ်တာရာ ဝင်္ကပါ မဟုတ်ပဲ မဟာငလျင် အစီအရင်သာ ဖြစ်သည်။

သို့သော်လည်း... နဝမတောင်တန်း ပျက်သုဥ်းခြင်း ကြယ်တာရာ ဝင်္ကပါမှာ မဟာငလျင် အစီအရင်ကို ထိန်းချုပ်ရာ၌ အဓိက သော့ချက် ဖြစ်သည်။ ဆိုလိုသည်က ထိုကြယ်တာရာ ဝင်္ကပါကို ထိန်းချုပ်နိုင်သည့် မည်သူမဆို မြို့တော်တစ်ခုလုံးကိုပါ ထိန်းချုပ်နိုင်ပေသည်။

မြို့တော် ဆယ့်ခုနှစ် အနက် ကိုးခုတွင်လည်း ထိုကဲ့သို့ ဝင်္ကပါများ ရှိကြောင်း မြို့တော်သခင်ထံမှ ဝေ့ဝူယင် သိရှိခဲ့ရသည်။ ထိုအထဲမှ အများစုမှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် တည်တံ့ခဲ့သည့် မြို့တော်ဟောင်းများ ဖြစ်ကာ မဟာငလျင်မြို့တော် တစ်ခုသာလျှင် လွန်ခဲ့သည့် ရာစုနှစ်များကမှ တည်ဆောက်ထားခဲ့သည့် မြို့တော်သစ် တစ်ခု ဖြစ်ပေသည်။

မကြာခင်မှာပင် ဝေ့ဝူယင်မှာ ဝင်္ကပါ အမြုတေ တည်ရှိရာ အခန်းအတွင်း ရောက်ရှိလာခဲ့သည်။ ထိုနေရာ၌ ပျက်သုဉ်းခြင်း စွမ်းအင်များမှာ တဟုန်းဟုန်း ရိုက်ခတ်နေ၏။ ၎င်းတို့က သူ့ထံသို့ တိုးဝင်လာကာ အသက်ဓာတ်များကို စုပ်ယူ စားသောက်မည့်ဟန် ပြင်ကြသည်။

အကယ်၍ သူ့နေရာတွင် သာမန် ကျင့်ကြံသူ တစ်ယောက် ဆိုပါက ချက်ချင်းပင် အသွေးအသားများ ခမ်းခြောက်ကာ သေဆုံးသွားလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ဝေ့ဝူယင်က သာမန် ကျင့်ကြံသူ မဟုတ်ချေ။

ငွေရောင် အလင်းတန်းတစ်ခုမှာ သူ့မျက်လုံးထဲတွင် ဖျပ်ခနဲ တောက်ပလာ၏။ ချက်ချင်းပင် ပျက်သုဉ်းခြင်း စွမ်းအင်များမှာ အရှင်သခင် တစ်ပါးကို တွေ့မြင်ရသည့် အလား ထိတ်လန့်တကြားဖြင့် နောက်သို့  ဆုတ်ခွာသွားကြသည်။ ထို့နောက် ၎င်းတို့က ဘေးနားရှိ နံရံများ အတွင်း စိမ့်ဝင်ကာ အပြီးတိုင် ပျောက်ကွယ သွားကြ၏။

"ပျက်သုဉ်းခြင်း ရည်ရွယ်ချက်…"

အခန်းတစ်နေရာမှ မိန်းမ အသံတစ်ခု ထွက်ပေါ်လာ၏။ အသံက ခြောက်ကပ်ကပ် စူးရှရှပုံ ပေါက်ကာ အနည်းငယ် အက်ကွဲနေသည်။

ဝေ့ဝူယင်မှာ အသံကြောင့် အံ့ဩသွားဟန် မရချေ။ သူက တည်ငြိမ်စွာပင် ရောက်ရှိနေသည့် အခန်းကို လှည့်ပတ် အကဲခတ် လိုက်၏။ နံရံတွင် မြှုပ်ထားသည့် ထူးဆန်းသော ကျောက်တုံးများမှ တစ်ဆင့် နွေးသော အလင်းရောင် တစ်ခုက ခန်းမ အတွင်း ထွန်းလင်းနေသည်။ ခန်းမ၏ အလယ်တွင်တော့ ခြောက်သွေ့ကာ ညစ်ပတ်နေသည့် လက်များနှင့် အရိုးပေါ် အရေတင် ခန္ဓာကိုယ်နှင့် မိန်းမကြီး တစ်ယောက် ရှိနေခဲ့သည်။

ထိုမိန်းမကြီးမှာ သာမန် ရုပ်ရည်ရှိသည့် လူသား မျိုးနွယ် တစ်ယောက်ပင် ဖြစ်ကာ အညိုနှင့် အနက်ရောင် ရောစပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် မျက်လုံးများမှာ ဆွဲဆောင်မှု အရှိဆုံး အပိုင်းပင် ဖြစ်သည်။

သို့သော်လည်း ၎င်းက လှပလွန်း၍ မဟုတ်ပဲ မွေးရာပါ ကြမ်းကြုတ်မှုနှင့် မောက်မာမှုတို့ ပြည့်လျှံ နေ၍ ဖြစ်ပေသည်။ ၎င်းတွင် မရေမတွက်နိုင်သော ရန်သူများကို ချေမှုန်းခဲ့သည့် ရဲစွမ်း သတ္တိနှင့် များစွာသော မိတ်ဆွေများကို ဆုံးရှုံးခဲ့ရသည့် နာကျည်းမှုတို့ ရောနှော ပါဝင်နေသည်။

မီးခိုးရောင် အလင်းတန်းကဲ့သို့ ဆလင်ဒါ နံရံ တစ်ခုမှာ သူမ ခန္ဓာကိုယ် တစ်ဝိုက်ကို လွှမ်းခြုံ ထား၏။ ထိုနံရံမှာ သိပ်မထူလှသော်လည်း အလွန် ခိုင်ခံ့ပုံ ရသည်။ သူမ၏ အထက်တွင်တော့ သေးငယ်သော တောင်တန်း ပုံသဏ္ဌာန် အရိပ်တစ်ခု ရှိနေခဲ့၏။ ထိုတောင်တန်းက ခပ်ဖြည်းဖြည်းပင် ရွေ့လျားနေကာ အောက်သို့ ပိကျလာချိန်တိုင်း မိန်းမကြီး၏ အသက်ရှူသံက မထိန်းချုပ်နိုင်အောင် မြင့်တက်သွားသည်။

မီးခိုးရောင် ဆလင်ဒါ အတွင်းတွင်တော့ ထူးဆန်းသော အကာအကွယ် တစ်ခုက သူမ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ကာ ကာကွယ်ထား၏။ ထိုအရာက သူမ၏ လောကနယ်မြေပင် ဖြစ်လေသည်။

မိန်းမကြီးက ဝေ့ဝူယင်ကို စူးစူးရဲရဲပင် ကြည့်လိုက်၏။

"နင် ဒီမြို့ကို ကြာကြာ သိမ်းပိုက်ထားနိုင်မယ် ထင်နေတာလား… မဟာငလျင် အစီအရင်ကို ထိန်းချုပ်နိုင်ရင်တောင်မှ နင့်မှာ ဘာအာမခံချက်မှ ရှိမှာ မဟုတ်ဘူး"

သူမ၏ လေသံက အမှန်တရား တစ်ခုကို ကြိုတင် သိမြင်နေသည့် အလား တည်ငြိမ်မှုများနှင့် ပြည့်နှက်နေသည်။

ဝေ့ဝူယင်က ဘာမှ ပြန်မပြောချေ။ ပြုံးရုံသာ ပြုံးလိုက်၏။

တစ်ခဏမျှ တွေးတောပြီးနောက် သူ့ ငွေရောင် မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် ဖျပ်ခနဲ တောက်ပသွားသည်။

"ခင်ဗျား ကျုပ်ကို အထင်လွဲနေတာပဲ… ကျုပ် ခင်ဗျားတို့ရဲ့ မြို့ကို မလိုချင်ဘူး… ဒီမြို့တော်က ကျုပ် အတွက် ဘာမှ အသုံး မဝင်ဘူး"

ဝေ့ဝူယင်၏ စကားလုံးများက အနည်းငယ် ရှုပ်ထွေးနေလေရာ မိန်းမကြီးမှာ မျက်မှောင် ကြုတ်လိုက်သည်။

"နင်က ဘာလိုချင်တာလဲ…"

ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြုံးလိုက်ရင်း လက်ဝါးကို ဖြန့်လိုက်၏။

"ခင်ဗျားတို့ရဲ့ ကြွယ်ဝမှုတွေ…"

" … "

မိန်းမကြီးမှာ ဝေ့ဝူယင်၏ ပေါ်တင် ဓားပြတိုက်မှုကြောင့် အနည်းငယ် အံ့ဩ သွားမိ၏။ သူမက အေးစက်စက်ပင် ပြုံးလိုက်သည်။

"ရတယ်လေ… ငါ့ကို အရင်ဆုံး အပြင်ကို ထွက်ခွင့်ပေး… အဲဒါမှ ငါ နင့်ကို ပေးလို့ ရမှာပေါ့"

မိန်းမကြီးက ဘယ်ဘက်လက်၌ စွပ်ထားသည့် ဟင်းလင်းပြင် လက်စွပ်ကို ချွတ်ကာ လက်ဝါးထက်၌ တင်လိုက်သည်။ အကယ်၍ ဝေ့ဝူယင် အနေဖြင့် လက်စွပ်ကို ရယူလိုလျှင် အရင်ဆုံး နဝမ တောင်တန်း ပျက်သုဉ်းခြင်း ဝင်္ကပါကို ဖယ်ရှားရန် လိုအပ်သည်။ ထိုမှတစ်ဖန် သူမ၏ လောကနယ်မြေ အတွင်းကိုပါ ဝင်ရောက်ရပေလိမ့်မည်။  ဘယ်လောက်ပဲ အစွမ်းထက် ဝှက်ဖဲများကို ပိုက်ဆိုင်ထားစေကာမူ ဝိညာဉ်ဆင်းတု အဆင့် တစ်ယောက်မှာ ထိုမျှ အတင့်ရဲလိမ့်မည်ဟု သူမ မထင်ချေ။

"ကျေးဇူးပဲ…"

ဝေ့ဝူယင်က အနည်းငယ် ပြုံးရင်း လက်နှစ်ဖက်ကို ယှက်လိုက်၏။ ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း ချက်ချင်းပင် နောက်သို့ လှည့်ထွက် လိုက်သည်။

ထိုအခိုက်အတန့်တွင်ပင် မိန်းမကြီးမှာ ဝေ့ဝူယင်၏ လက်ညိုးနှင့် လက်ခလည်ကြား၌ လက်စွပ်တစ်ကွင်းကို တွေ့လိုက်ရ၏။ သူမ ကြောင်အသွားကာ အောက်သို့ ချက်ချင်း ငုံ့ကြည့်လိုက်သည်။ ထူးဆန်းစွာပင် သူမ၏ လက်ဝါးထက်ရှိ လက်စွပ်ကား ပျောက်ဆုံး သွားခဲ့ချေပြီ ဖြစ်လေသည်။

"ဘယ်လိုဖြစ်သွားတာလဲ…"

သူမ ခေါင်းကို ပြန်မော့ရင်း ထွက်ပေါက်သို့ ရောက်ရှိသွားပြီ ဖြစ်သည့် ဝေ့ဝူယင်၏ နောက်ကြောကို လှမ်းကြည့်လိုက်၏။ သူမ၏ မျက်လုံးများထဲတွင်တော့ အလွန်အမင်း တုန်လှုပ်မှုနှင့် ထိတ်လန့် ချောက်ချားမှုတို့က နေရာယူနေခဲ့ပြီ ဖြစ်လေတော့သည်။

…

ဝေ့ဝူယင်မှာ အခန်းအတွင်းမှ ပြန်လည် ထွက်ခွာ လာခဲ့၏။ တံခါးအား ပြန်လည် ပိတ်ပြီးနောက်တွင် သူ၏ လှုပ်ရှားမှုများက ရပ်တန့်သွားသည်။ ထို့နောက်တွင် သတိပေးမှု တစ်စုံတစ်ရာ မရှိပါပဲ သွေးများမှာ သူ့ နှာခေါင်း၊ ပါးစပ်နှင့် နားတို့ထဲမှ အဆက်မပြတ် စီးကျလာခဲ့ဝောာ့၏။ ထိုမြင်ကွင်းက ခေါင်းတစ်ခုလုံးမှ သွေးများ ပွင့်နေသည့် ထွက်ပေါက် မှန်သမျှမှ စီးထွက်လာသလို ကြောက်ရွံ့ ထိတ်လန့်ဖို့ ကောင်းလှသည်။

ဝေ့ဝူယင် ရင်ဘတ်ကို ဘယ်ဘက်လက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်၏။ ခေါင်းအား မော့ဖို့ ကြိုးစားလိုက်သော်လည်း သူ့ ခန္ဓာကိုယ် တစ်ခုလုံးက ဟန်ချက်ပျက်ကာ ယိမ်းယိုင်လာသည်။ သူ မြေပြင်ထက်၌ ဆက်လက် ရပ်တည်ရန်ပင် မနည်း ကြိုးစား နေရ၏။

သူ့မျက်လုံးများထဲရှိ ငွေရောင် အလင်းက လျှင်မြန်စွာပင် မှိန်ဖျော့လာ၏။ ၎င်းက ရှင်းလင်းစွာပင် စိတ်စွမ်းအင် ကျဆင်းသွားသည့် လက္ခဏာ တစ်ရပ်ပင်။ သို့တိုင်အောင် ဝေ့ဝူယင်မှာ ငြီးငြူသံ တစ်ခု တစ်လေပင် မပြုပဲ ဆက်လက် တိတ်ဆိတ်နေဆဲ ဖြစ်သည်။

တစ်ချိန်တည်း၌ အသိစိတ်ပင်လယ် အတွင်းတွင် ဧဒင်၏ ကြယ်တာရာ ဝိညာဉ်မှာ မရပ်မနား တုန်လှုပ်နေ၏။ အသိစိတ် ပင်လယ် တစ်ခုလုံးကို ဖြန့်ကျက်ထားသည့် ၎င်း၏ အမြစ်များက စတင် နွမ်းလျကာ ခြောက်ကပ် လာသည်။

ဝေ့ဝူယင် လက်ထဲရှိ လက်စွပ်ကို ကြည့်ရင်း အစီအစဉ် အလုပ်ဖြစ်သွားခဲ့ခြင်း အပေါ် ဝမ်းသာနေမိ၏။

"တကယ်ကို အန္တရာယ် များလွန်းတာပဲ… တစ်စက္ကန့်လောက် နောက်ကျသွားရင်တောင် ငါ စီစဉ်ထားသမျှ အကုန်လုံး သဲထဲရေသွန် ဖြစ်သွားမှာ သေချာတယ်"

သူ အနည်းငယ် ပြုံးလိုက်မိသည်။ နောက်သို့ ပြန်သွားရပါက ထိုလက်စွပ်ကို ရယူရန် သူ့တွင် ရွေးချယ်စရာ နှစ်ခု ရှိခဲ့သည်။

တစ်ခုက အတင်းအကြပ် ခွန်အားသုံး၍ ရယူရန် ဖြစ်ပြီး အခြား တစ်ခုကတော့ ခိုးယူရန်ပင်။

***

All Chapters