← Chapters

ရန့်စုန့်နှင့် ချိန်းဆိုချက်

Vol. 28 Ch. 389

ရန့်စုန့်နှင့် ချိန်းဆိုချက်

Vol. 28 Ch. 389

ရက်အနည်းငယ်ကြာသော် အနောက်ပိုင်းသဲကန္တာရနှင့် အနက်ရောင်နယ်မြေအကြား နယ်စပ်တစ်နေရာတွင် အစိမ်းရောင်ဝတ်ရုံနှင့် မန်ဟိုသည် ဟိန်းဟောက်၍ ပြေးနေသော ဘီလူးရိုင်းကြီး၏ထိပ်၌ တင်ပျဥ်ခွေထိုင်နေသည်။

ဘီလူးရိုင်းကြီး၏လက်ထဲတွင်တော့ မခံနိုင်ရပ်ဖြစ်လျက် မျက်နှာကြီးရှုံ့မဲ့နေသော အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်ယောက် ရှိသည်။ ဤလူကား ဂုလာပင်။

မြို့ပြိုကျနေသည့်အတောအတွင်း၌ သူနှင့်ဘီလူးရိုင်းကြီးမှာ အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူ၏မှော်အစွမ်းကြောင့် ဖြစ်ပေါ်လာသော ကျင်းကြီးအထဲ၌ မြုပ်နေခဲ့လေသည်။ မှော်အစွမ်းပျောက်ကွယ်သွားသော်လည်း ဘီလူးရိုင်းကြီးနှင့်ဂုလာမှာ မြှုပ်လျက် ကျန်ခဲ့၏။

မန်ဟိုသာ သတိမရခဲ့လျှင် သူတို့နှစ်ကောင် အလင်းရောင်ကို ဘယ်တော့မှ မြင်နိုင်တော့မည်မဟုတ်ပေ။

ကြက်တူရွေးသည် မန်ဟို့၏ပခုံးပေါ်တွင် နားနေပြီး  အသားဂျယ်လီက ခေါင်းလောင်းပုံစံ ပြန်ပြောင်းကာ ၄င်း၏ခြေကျင်းဝတ်တွင် တွယ်ကပ်နေ၏။ ကြက်တူရွေး၏မျက်နှာကား တစ်လောကလုံး သူ့လုပ်စာစားနေရသကဲ့သို့ မောက်မာနေဆဲဖြစ်သည်။ ၄င်းက ရံဖန်ရံခါ စိတ်မကောင်းဖြစ်နေဟန်ဖြင့် သက်ပြင်းချရင်း  ကောင်းကင်ကို မတူမတန်သလို မော့ကြည့်တတ်သည်။

၄င်း စိတ်မကောင်းဖြစ်နေရသည့်အကြောင်းရင်းမှာ မန်ဟိုက ရွှေအလင်းဘုရားကျောင်း၏ ကျင့်ကြံသူငါးထောင်ကို တုန်းလော့မြို့တစ်ဖြစ်လဲ ဒေါင်းမုဒိန်းမြို့တွင် ထားခဲ့၍ပင်။

နွယ်တစ်ပင်က ဘီလူးရိုင်းကြီးကို ရစ်ပတ်ထားလျက်ရှိ၏။ အဆိုပါနွယ်မှာ အတော်လေး နွမ်းဖတ်နေပြီး တစ်ခါတရံ ဆူးများက ၄င်း၏မျက်နှာပြင်ပေါ်မှ ထိုးထွက်ကာ ပြန်ဝင်သွားတတ်သည်။ မန်ဟိုသည် သူ၏အရင်အကြံအစည်အတိုင်း နွယ်ကို ဆူးမြို့ရိုးအစေ့ ကျွေးခဲ့လေသည်။ ကံဆိုးစွာနှင့် ယင်းက ၄င်းကို လတ်တလော အထိန်းအကွပ်မဲ့သွားစေ၏။ လောလောဆယ်တွင် ၄င်းမှာ အသက်မျော့မျော့သာ ကျန်တော့သည်။ ၄င်းအတွက် ဆူးမြို့ရိုး၏အစွမ်းများကို အပြည့်အဝစုပ်ယူပြီး နလန်ထူရန် သေချာပေါက် အချိန်တချို့ လိုအပ်ပေလိမ့်မည်။

"အနက်ရောင်နယ်မြေက လုံးဝပရမ်းပတာဖြစ်နေပြီပဲ" သူက ခပ်တိုးတိုးပြောသည်။ သူ့မှာ ဒဏ်ရာအမြောက်အမြား ရရှိထား၍ ဘီလူးရိုင်းကြီး၏ခေါင်းပေါ်တွင် ထိုင်ရင်း ခရီးနှင်နေခဲ့သည်မှာ ရက်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်၏။ ယခုတွင် သန့်စင်နှင်းမြို့တော် ပြိုလဲသွားပြီဖြစ်၍ ကျန်ရှိသော ကိုးပြည်ထောင်စုဝင် မြို့များမှာ အညံ့ခံပြီး အနက်ရောင်နယ်မြေနနန်းတော်နှင့် ပူးပေါင်းသွားကြသည်။

မန်ဟိုမှာ ရက်အနည်းငယ်ကြာသည်အထိ တွန့်ဆုတ်တွေဝေနေပြီးနောက်မှ ရွှေအလင်းဘုရားကျောင်းအတွက်လည်း ထိုနည်းတူ စီစဥ်ရန် ဆုံးဖြတ်ခဲ့သည်။ ဆောက်ရွက်ပုံဆောက်ရွက်နည်းမှာ သတ်မှတ်ထားပြီးဖြစ်ရာ ၄င်းကို အာခံနေပါက ဖျက်စီးချေမှုန်းခြင်းသာ ခံရပေလိမ့်မည်။

အပေါ်ယံတွင်တော့ အနက်ရောင်နယ်မြေနန်းတော်က အနက်ရောင်နယ်မြေကို တစည်းတလုံးတည်း ပေါင်းစည်းလိုက်ပုံရသည်။ သို့သော် တကယ်တမ်း ဝရုန်းသုန်းကားအခြေအနေမှာ အခုမှ အစပျိုးရုံသာ ရှိသေးလေသည်။

အနောက်ပိုင်းသဲကန္တာရမှ အင်အားကြီးမျိုးနွယ်စုခုနစ်စုသည် အနက်ရောင်နယ်မြေသို့ ပေါ်ပေါ်ထင်ထင် ဝင်ရောက်လာခဲ့ပြီး ဤနေရာကို ပုံစံပြောင်းပစ်ရန် ရည်ရွယ်ထားပုံရသည်။ သူတို့ဖြတ်သွားသည့်နေရာတိုင်းမှာ ပျက်စီးကျန်ခဲ့လေသည်။

မန်ဟိုက တစ်ယောက်တည်း ရေရွတ်ရင်း အဝေးသို့ လှမ်းကြည့်လိုက်စဥ် ရုတ်တရက် မျက်နှာထား ပြောင်းသွား၏။ သူသည် ချက်ချင်း စိတ်ဆန္ဒထုတ်လွှတ်၍ ဘီလူးရိုင်းကြီးကို ရပ်စေလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ၄င်းသည် ဝါညိုရောင်တောက်လာပြီး တောင်ကုန်းအသွင်ပြောင်းသွား၏။

ဤအသွင်ပြောင်းနိုင်စွမ်းမှာ ဘီလူးရိုင်းကြီး၏ သဘာဝစွမ်းရည်တစ်ခု ဖြစ်သည်။ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ၄င်းအား သတိပြုမိရန် အားစိုက်ထုတ်ရလိမ့်မည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာကြာပြီးနောက် အဝေးမှ တရွှီးရွှီးမြည်သံများ ကြားလိုက်ရသည်။ အနက်ရောင်တိမ်ပြင်တစ်ခုက ကောင်းကင်တွင် ပျံသန်းနေပြီး ၄င်း၏အလယ်တွင်ကား လင်းတကြီးများပင်။ ၄င်းတို့၏မျက်လုံးများက နီရဲနေပြီး အပုပ်နံ့ကို ထုတ်လွှတ်နေ၏။ ၄င်းတို့ လေကို ခွင်း၍ ပျံသန်းလာနေစဥ် နံဟောင်နေသောတိမ်တိုက်တစ်ခုက ၄င်းတို့ကို ဝန်းရံနေလေသည်။

အောက်တွင် ပင်လယ်သဖွယ် တဖွေးဖွေးလှုပ်နေသော သားရဲများရှိသည်။ ၄င်းတို့ ပြေးလွှားနေသဖြင့် မြေကြီးမှာ တသိမ့်သိမ့်တုန်ခါနေလေသည်။ ဤသားရဲပင်လယ်၏အနောက်တွင် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူ ထောင်ဂဏန်းမျှ လိုက်လာကြသည်။

အလွန်ကြီးမားသော အောင်လံတော်တစ်ခုက တဖျပ်ဖျပ် လွင့်လူနေသည်။ အောင်လံတော်တွင် သူတို့မျိုးနွယ်စု၏အမှတ်အသားဖြစ်သော ဖြူဖျော့ဖျော့ အရိုင်းခေါင်းတံဆိပ်အား ခတ်နှိပ်ထားပြီး သေခြင်းအခိုးအငွေ့များ ထုတ်လွှတ်နေသည်။ ဤသည်မှာ အနက်ရောင်နယ်မြေသို့ ကျူးကျော်လာသော အနောက်ပိုင်းသဲကန္တာရမျိုးနွယ်စုများထဲက တစ်စုဖြစ်သည်။

ထိုမျိုးနွယ်စု အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီးနောက်တွင် တောင်ကုန်းက တဖြေးဖြေး ဘီလူးရိုင်းကြီးနှင့် မန်ဟို့ပုံစံ ပြန်ပြောင်းသွားသည်။ မန်ဟိုက မိုးကုပ်စက်ဝန်းသို့ လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

"ဒါက လေးခုမြောက်မျိုးနွယ်စုပဲ" သူက တွေးသည်။ " အနက်ရောင်နယ်မြေက အနောက်ပိုင်းသဲကန္တာရရဲ့ တစ်စိတ်တပိုင်းမလို့ပဲလား။ အဲ့ဒါကြောင့် ဒီနေရာကို သိမ်းပိုက်ဖို့ ဝင်လာနေကြတာလား" မန်ဟို မျက်မှောင်ပိုကြုတ်သွားသည်။ ဤကိစ္စတစ်ရပ်လုံးနှင့်ပတ်သက်၍ တစ်ခုခုက မူမမှန်ပေ။ ဖြတ်သွားသော မျိုးနွယ်စု၏ အဖွဲ့သားများမှာ စိတ်အေးလက်အေးဖြစ်နေသဖြင့် မန်ဟို့ကို ပို၍ပင် မသင်္ကာဖြစ်သွားစေသည်။

"ကဲပါ ဒီအနောက်ပိုင်းသဲကန္တာရမျိုးနွယ်စုတွေ မူမမှန်တာ အရေးမကြီးဘူး။ လောလောဆယ် ငါက တောင်ပိုင်းဒေသကို ပြန်သွားလို့မရဘူး ပြီးတော့ အနက်ရောင်နယ်မြေကလည်း ဒီလိုဝရုန်းသုန်းကားအခြေအနေတွေအတွက် သေးလွန်းတယ်။ အခုအချိန်မှာ ကျင့်ကြံဖို့အတွက် မသင့်တော်ဘူး။ ဒီတော့ ငါသွားနိုင်တဲ့ တစ်ခုတည်းသော နေရာက ..... အနောက်ပိုင်းသဲကန္တာရပဲ" သူက ခေါင်းမော့ပြီး ထိုနေရာရှိရာသို့ လှမ်းကြည့်လိုက်သည်။

"အနောက်ပိုင်းသဲကန္တာရ ... ငါလာပြီ" အေးခဲနှင်းမျိုးနွယ်စု၏ ကမ်းလှမ်းမှုကို ငြင်းဆိုပြီးနောက်တွင် မန်ဟိုသည် မည်သည့်နေရာသို့ သွားသင့်သည်လဲ သေချာသွား၏။ အနောက်ပိုင်းသဲကန္တာရတွင်သာ အရုပ်များအား ဆက်လက်လေ့လာနိုင်ပြီး ဓာတ်ငါးပါးနှင့်ပတ်သက်သော သူ၏အယူအဆကို အတည်ပြုနိုင်မည်။ ထို့နောက်တွင် ငါးရောင်ခြယ်အနုသုခုမရုပ်ခန္ဓာအား ဖော်စပ်ရန် ဆေးဖော်နည်းများ အသုံးပြုမည်ဖြစ်သည်။

ဘယ်သူမှ ဤကဲ့သို့ လမ်းစဥ်မျိုးအား မလျှောက်လှမ်းခဲ့ဖူးပေ။

"သတ္တု သစ်သား ရေ မီး မြေ။ ဓာတ်ငါးပါးအတွက် အရုပ်တစ်ရုပ်စီလိုအပ်တယ်။ ဒါက ဆေးမဖော်ခင် ဆေးပင်တွေ ပြင်ဆင်ရသလိုမျိုး အခြေခံသဘောတရားပဲ

"ကံဆိုးစွာနဲ့ အနောက်ပိုင်းသဲကန္တာရနဲ့ တောင်ပိုင်းဒေသရဲ့ကျင့်စဥ် ခြားနားတာက သိသာလွန်းတယ်။ သူတို့က အရုပ်စွမ်းအားကို အသုံးပြုတာဆိုတော့ ထွက်လာတဲ့အရှိန်အဝါက လုံးဝကွဲပြားနေမှာ။ တစ်ချက်ကြည့်ရုံနှင့် ငါ့ကို တန်းသတိထားမိမှာ သေချာတယ်" စိတ်လေးလံသွားသော အရိပ်အယောင်က မန်ဟို့၏မျက်လုံးများတွင် ထင်ဟပ်လာသည်။ တောင်ပိုင်းဒေသကျင့်ကြံသူတစ်ယောက်အတွက် အနောက်ပိုင်းသဲကန္တာရကျင့်စဥ်၏ အရေးအကြီးဆုံးအခန်းကဏ္ဍများအား ဖော်ထုတ်ရန် အလွန်ခက်ခဲပေလိမ့်မည်။ သူ အရုပ်များကို လေ့လာလိုလျှင် အကောင်းဆုံးနည်းလမ်းမှာ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်ယောက် အယောင်ဆောင်၍ အနောက်ပိုင်းသဲကန္တာရသို့ ခိုးဝင်ခြင်းသာ ဖြစ်သည်။

သူက ထိုကိစ္စအား အသားဂျယ်လီနှင့်တိုင်ပင်သော်လည်း ၄င်းမှာ သူ့ကို မိုးကြိုးပြစ်ဒဏ်ကျော်လွှားနိုင်အောင် ကူညီပေးပြီးနောက် ခြေကုန်လက်ပန်း ကျနေလေသည်။ ၄င်းအတွက် ကောက်ကျစ်ပြီး ဉာဏ်များသော မန်ဟို့ကို ထပ်မံကူညီပေးရန် အချိန်အတိုင်းအတာတစ်ခု အနားယူရန်လိုအပ်၏။

မန်ဟိုက ဝှက်ဖဲပင် အသုံးပြုပြီး လူယုတ်မာသုံးယောက်ကိစ္စပြောသောအခါ အသားဂျယ်လီမှာ စိတ်လှုပ်ရှားတုန်ရီလာသည်။ သို့သော် ၄င်းမှာ မြင်သာမြင် မကြင်နိုင်သော အဖြစ်ကြောင့် မျက်ရည်လည်ရွဲဖြစ်နေသည်။

ဘီလူးရိုင်းကြီးသည် တရိပ်ရိပ်ပြေးနေ၏။ မန်ဟိုက တိတ်ဆိတ်စွာ ထိုင်စဥ်းစားနေသော်လည်း တခဏကြာသော် သူ၏မျက်လုံးများ တောက်ပသွားပြီး ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် ပြည့်နှက်သွားသည်။

"ဘယ်လိုနေနေ ရန်စုန့်နဲ့ ပတ်သက်ရတော့မယ်ထင်တယ်။ သူ့မှာ ဒီအရှိန်အဝါပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းရှိတယ်လို့ ပြောဖူးတယ်ဆိုတော့....  တကယ်ပဲ ဒီကိစ္စနောက်လိုက်နေတာ နှစ်နဲ့ချီနေပြီဆိုရင် ယုံလို့ရလောက်ပါတယ်

"လက်ရှိ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံ၊ မြန်နှုန်း​​​မြင့်သွေးအလင်းနဲ့ ပဒုမ္မာဓားဝင်္ကပါအရ ငါနဲ့ အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်ကြားမှာ အကွာအဝေးတစ်ခုရှိသေးတယ်။ ဒါပေမဲ့ အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်အနေနဲ့ ငါ့ကို လွယ်လွယ်လေး မသတ်နိုင်တော့ဘူး။ သွေးမျက်နှာဖုံးပါ တပ်လိုက်ရင်.... ငါ အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်ကို သေချာပေါက်ရင်ဆိုင်နိုင်တယ်" သူက ရန်စုန့်၏ သစ်သားပေလွှာကို ထုတ်ပြီး ၄င်းအတွင်းသို့ စိတ်ဝိညာဥ်အာရုံတချို့ ပို့လွှတ်လိုက်သည်။ ထိုသို့လုပ်ဆောင်ပြီးနောက် သူသည် ဘီလူးရိုင်းကြီး၏ခေါင်းကို အသာအယာပုတ်လိုက်၏။ ၄င်းကား ဟိန်းဟောက်ပြီး မန်ဟို့၏ခိုင်းစေမှုအတိုင်း ဦးတည်ရာ ပြောင်းလိုက်လေသည်။

ရက်အနည်းငယ်ကြာသော်....

အနက်ရောင်နယ်မြေနှင့် အနောက်ပိုင်းသဲကန္တာရအကြားက နယ်စပ်တွင် အဆုံးမဲ့သော တောင်စဥ်တန်းများနှင့် နယ်တစ်နယ်ရှိသည်။ ထူထပ်အုံ့ဆိုင်းနေသော တောအုပ်တစ်အုပ်၏အလယ်တွင် ငွေရောင်တောက်နေသော ရေများ တသွင်သွင်စီးဆင်းနေသည့် စမ်းချောင်းတစ်ခုရှိ၏။ မှောင်မိုက်သော ညအချိန်တွင် ဤအလင်းရောင်သည် ကျင့်ကြံခြင်းအ​ခြေခံ လှည့်ပတ်နိုင်သူတိုင်းအတွက် ထင်ရှားနေလေသည်။

လောလောဆယ်တွင် ရန်စုန့်သည် အရှေ့ရှိ သက်လတ်ပိုင်းအရွယ် လူနှစ်ယောက်ကို ပြုံးပြရင်း စမ်းချောင်းလေးဘေးတွင် ထိုင်နေ၏။

ထိုနှစ်ယောက်လုံး၌ အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်ကျင့်ကြံခြင်းအခြေခံ ရှိလေသည်။ တစ်ယောက်က အပြာရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး တစ်ယောက်က အနက်ရောင်ဝတ်ရုံနှင့်ဖြစ်သည်။ သူတို့သည် ဖိုခနောက်ဆိုင်အနေအထားဖြင့် မျက်နှာချင်းဆိုင်၍ တင်ပျဥ်ခွေထိုင်နေကြ၏။

"တာအိုရောင်ရင်းရန် ဘယ်အချိန်စမှာလဲ"

"လောစရာမလိုပါဘူး တာအိုရောင်ရင်းဝမ်။ လမ်းမှာပဲ ရှိသေးတဲ့ တာအိုရောင်ရင်းနှစ်ယောက်ကျန်ပါသေးတယ်။ ကျုပ်တွက်ချက်ကြည့်ရသလောက် သူတို့နှစ်ရက်အတွင်း ရောက်လာလိမ့်မှာပါ။ သူတို့ရောက်ရင် ကျုပ်တို့စလို့ရပြီ"

"တာအိုရောင်ရင်းရန်" အနက်ရောင်ဝတ်ကျင့်ကြံသူက အေးစက်သောလေသံဖြင့် ပြောသည်။ "ခင်ဗျား ဒီကိစ္စကို အသေအချာ စဥ်းစားသင့်တယ်နော်။ လူတစ်ယောက်တိုးတိုင်း အောင်မြင်နှုန်းမြင့်မှာ မှန်ပေမယ့် အကျိုးအမြတ်ခွဲဝေတာမှာတော့ နည်းသွားလိမ့်မယ်"

"တာအိုရောင်ရင်းမို မပူပါနဲ့" ရန်စုန့်က ပြုံး၍ပြောသည်။ "ကျုပ်တို့ သွားမယ့်နေရာကို အထပ်ထပ်လေ့လာပြီးပါပြီ။ စိတ်ဝိညာဥ်ခွဲထွက်ခြင်းဆေးလုံးကို လူငါးယောက်ခွဲယူလို့ရတယ်ဆိုတာ ကျုပ် အာမခံတယ်"

"အမှန်ပြောတာပဲဖြစ်ပါစေလို့ မျှော်လင့်ပါတယ် တာအိုရောင်ရင်းဟန်" ဝမ်အမည်ရသော အပြာရောင်ဝတ်ကျင့်ကြံသူက ပြောသည်။ သူက ရယ်လိုက်သော်လည်း သူ့စကားလုံးများထဲရှိ ခြိမ်းခြောက်မှုမှာ ထင်ရှားလေသည်။

ရန်စုန့်လည်း ရယ်လိုက်သည်။ သူက အေးအေးလူလူ ပြန်ပြောသည်။ "တာအိုရောင်ရင်းဝမ်ကိုယ်တိုင် သစ်သားပေလွှာကို မျက်လုံးနှစ်လုံးနဲ့ မြင်ခဲ့တာပဲ။ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်နိုင်တယ်နော်။ ကျုပ်ကို မယုံဘူးဆိုရင် ကျုပ် ခင်ဗျားကို နားချရင်တောင်မှ ခင်ဗျားနေမှာ မဟုတ်ပါဘူး"

ဝမ်ကျင့်ကြံသူက ဟမ့်ခနဲ နှာမှုတ်လိုက်သော်လည်း ဘာမှပြန်မပြောပေ။

မကြာမီ လထွက်လာသဖြင့် လူသုံးယောက် မော့ကြည့်လိုက်ကြသည်။ ရုတ်တရက် အဝေးတွင် အလင်းတန်းတစ်တန်းသည် အမှောင်ထုကို ထိုးခွင်း၍ လာနေ၏။ အချိန်အနည်းငယ်ကြာသော် ကျင့်ကြံသူသုံးယောက်၏ ဘေးတွင် အဘိုးကြီးတစ်ယောက်ပေါ်လာသည်။

ဤလူ၏ကျင့်ကြံခြင်းအခြေခံမှာ အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်၏ အထွတ်အထိပ်တွင်ဖြစ်ရာ ရန်စုန့်နှင့်အခြားသူများထက် ကျော်လွန်သွားစေသည်။

"ရုပ်ပြောင်းရုပ်လွှဲဆရာကြီး လီထျန်း" ဝမ်မျိုးနွယ်စုကျင့်ကြံသူက မျက်လုံးများ ကျဥ်းမြောင်းလျက် ပြောသည်။ လေးနက်သွားသောအရိပ်အယောင်တစ်ခု သူ၏မျက်ဝန်းအိမ်များ၌ ပေါ်လွင်လာသည်။

အဘိုးလီထျန်းက သူတို့နှစ်ယောက်ကို လှမ်းကြည့်ပြီး ပြုံးပြ၏။ ၄င်းကား သွေးအေးရက်စက်မှုတို့ ပြည့်နှက်နေသည့်အပြုံးဖြစ်သည်။

"ဒီတော့ တာအိုရောင်ရင်းဝမ်နဲ့မို ရောက်နေတာကိုး။ ကျုပ်တို့ အရင်တစ်ခေါက်က လမ်းခွဲခဲ့တုန်းက ခင်ဗျားတို့နှစ်ယောက်က ရင်းနှီးနေနှင့်ပြီ။ အခုတော့ ပိုလို့တောင် ရင်းနှီးလာပုံပဲ။ ခင်ဗျားတို့မင်္ဂလာဆောင်မှာ ဘယ်တော့ ဝါးတီးဆွဲရမလဲဗျာ" သူ့အသံမှာ နားမခံသာအောင် ကျယ်လောင်ပြီး သူ၏မျက်လုံးများက နှိမ့်ချတတ်မှုကို ဖော်ပြနေသည်။

သက်လတ်ပိုင်းလူနှစ်ယောက် သူ့စကားကြားသောအခါ မျက်နှာတစ်ချက် ပျက်သွားခြင်းမရှိပေ။ ကြည့်ရသရွေ့ ဤလူ့၏ပြောပုံဆိုပုံနှင့် အသားကျနေပုံရသည်။

"ခင်ဗျားက ကျုပ်တို့နဲ့ယှဥ်ရင် ဘာမှမဟုတ်ပါဘူး" ဝမ်အမည်ရှိကျင့်ကြံသူက ခွန်းတုံ့ပြန်သည်။ "ကျင့်ကြံနေခဲ့တဲ့ သက်တမ်းတစ်လျှောက်လုံး ခင်ဗျားဖျက်စီးပစ်ခဲ့တဲ့ ဂိုဏ်းသူလေးတွေ ဘယ်လောက်ရှိလဲ ပြောဖို့တောင်ခက်တယ်။ အခု ခင်ဗျား တောင်ပိုင်းဒေသကို ခြေတောင်မချရဲဘူးမလား။ ခင်ဗျားက ခွေးလေခွေးလွင့်တစ်ကောင်လို အဆက်မပြတ် ပြေးလွှားနေရတာလေ။ ဒါမဲ့ ခင်ဗျားဘဝကိုတော့ခင်ဗျား ကျေနပ်နေပုံထောက်တယ် တာအိုရောင်ရင်းလီ" သူသည် လီထျန်းကို ကြောက်သော်လည်း သူ၏စကားများက ပြတ်သားလေသည်။

လီထျန်း၏မျက်လုံးများ အေးစက်သွားသည်။ သူက တဟားဟား အော်ရယ်ပြီးနောက် ဘာမှဆက်မပြောတော့ပေ။

ဤလူသုံးယောက် စကားဆက်မပြောတော့သည်ကို မြင်မှ ရန်စုန့်က လည်ချောင်းရှင်းလိုက်သည်။

"တာအိုရောင်ရင်းလီက ယုံကြည်ရတဲ့လူတစ်ယောက်ပါ" သူက လက်နှစ်ဖက်ယှက်၍ ပြုံးပြီးပြောသည်။ "ဒီအနောက်ပိုင်းသဲကန္တာရခရီးစဥ်မှာ တာအိုရောင်ရင်းတို့အားလုံး အတူတူအလုပ်လုပ်ရမှာပါ"

"သိပ်ကောင်းတယ်" လီထျန်းက သံနှင့်ကျောက်တုံးကို ပွတ်တိုက်လိုက်သံနှင့် တူသော အသံကြီးဖြင့် ပြောသည်။

ရန်စုန့်က ပြုံးပြီး တစ်ခုခုပြောရန် ပြင်လိုက်စဥ် ရုတ်တရက် အဘိုးလီထျန်း၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး ခေါင်းလှည့်ကြည့်လိုက်သည်။

"အဲ့ဒါ ဘယ်သူလဲ"

သူ၏အသံ ဟိန်းထွက်သွားချိန်မှာပင် သွေးရောင်အလင်းတန်းတစ်တန်းက တောအုပ်ကိုဖြတ်၍ သူတို့ဆီ ဦးတည်လာသည်။ တခဏအတွင်း ၄င်းကား အဖွဲ့ထံမှာ မီတာအနည်းငယ်သာ ကွာဝေးတော့၏။

ဤလူသစ်ရောက်ရှိလာခြင်းက ဗြုန်းစားကြီးဖြစ်သည်။ လီထျန်းမေးခွန်းမထုတ်ခင်အထိ ရန်စုန့်၊ ဝမ်နှင့် မိုတို့မှာ ဘာမှအာရုံမရလိုက်ပေ။ လီထျန်းပြောမှ တစ်စုံတခုက မူမမှန်ကြောင်း သူတို့ ရုတ်တရက် သတိထားမိသွားလေသည်။

လူသစ်ရောက်လာသည်နှင့်တစ်ပြိုင်နက် လီထျန်းက အေးစက်စက် နှာမှုတ်လိုက်သည်။ သူက မုဒြာလက်ကွက်ဖော်ရန် ညာလက်ကို မြောက်လိုက်သည်။ အနက်ရောင်ချီမျှင်များ မျောလွင့်တက်လာပြီး အနက်ရောက်ကြိုးကြာအသွင် ဖြစ်ပေါ်လာ၏။ ကြိုးကြာက စူးစူးဝါးဝါးတစ်ချက်အော်ရင်း သွေးရောင်ပုံရိပ်ထံ တဟုန်ထိုးထွက်သွားသည်။

"မျက်နှာမဲ့" သွေးရောင်ပုံရိပ်က ညာလက်ကို ဝှေ့ယမ်းရင်း ပြောသည်။ ချက်ချင်းဆိုသလို ဝေဝါးနေသော်လည်း အံ့မခန်းလိလိစွမ်းအားကို ထုတ်လွှတ်နေသော မျက်နှာအကြီးကြီးပေါ်လာ၏။ အနက်ရောင်ကြိုးကြာ ၄င်းအား ဝင်တိုက်လိုက်သောအခါ ဝုန်းခနဲပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားသည်။

ထိုအသံကြီးက လီထျန်း၏မျက်နှာကို ရှုံ့မဲ့သွားစေသည်။ သွေးအေးမှုက သူ၏မျက်လုံးများမှ ဖြာထွက်နေသော်လည်း ယခုတွင် ၄င်းအတွင်း၌ အကြောက်တရားတို့ ပါရှိနေလေပြီ။

***

All Chapters