မြို့မှ ထွက်ခွာခြင်း
Vol. 30 Ch. 413
ဝေ့ဝယင် ပထမ အစီအစဉ်ကို ချက်ချင်းပင် ပယ်ချခဲ့၏။ လောကသခင် တစ်ပါးကို တိုက်ခိုက်ရန်က လုံးဝ လွယ်ကူသော အရာ မဟုတ်ချေ။ သူတို့၏ လောကနယ်မြေများမှာ အလွန် ကြောက်စရာကောင်းသည့် အပြင် အခြား မည်သည့် ဝှက်ဖဲများ ရှိနေသေးသည်ကို သူ ကိုယ်တိုင်လည်း မသိနိုင်ချေ။ ဘာဝှက်ဖဲမျှ မရှိသည် ထားဦး။ ထိုလောကသခင်က ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ရန် ကြိုးပမ်းမည် ဆိုလျှင်ပင် သူ လွတ်မြောက်နိုင်ရန် အခွင့်အရေး နည်းပါးလိမ့်မည် ဖြစ်သည်။
ဒုတိယမြောက် နည်းလမ်းက သာ၍ပင် ခက်ခဲပုံ ပေါ်သည်။ လောကသခင် တစ်ပါး၏ လက်ချောင်း၌ ရှိနေသည့် လက်စွပ်အား မသိအောင် ခိုးယူရန်… ထိုအကြံက တွေးရုံဖြင့်ပင် ရူးသွပ်စရာ ကောင်းလွန်းသည်။ သို့သော်လည်း ကံကောင်းထောက်မစွာပင် ဝေ့ဝူယင်ထံ၌ နည်းလမ်းတစ်ခု ရှိနေခဲ့သည်။
ပုံရိပ်ယောင် မျက်လုံး...
ကောင်းကင်ဘုံ နတ်မျက်လုံး၏ စွမ်းရည်တစ်ခု ဖြစ်သည့် ထိုကျင့်စဉ်ကို ထုတ်ဖော်ကာ ဝေ့ဝူယင် အခန်းကို ပုံတူပွားခဲ့သည်။ ထို့နောက် ဖြည်းညင်းစွာပင် လောကသခင်ကို ထိုပုံရိပ်ယောင်ကမ္ဘာ အတွင်း ဆွဲယူခဲ့သည်။
ဝေ့ဝူယင် ထိုမိန်းမကြီးနှင့် အေးအေးဆေးဆေး စကားပြောခဲ့သည့် တစ်ခုတည်းသော အကြောင်းပြချက်က သူမ၏ အာရုံကို လွှဲဖယ်ရန် ဖြစ်သည်။ လောကသခင်များမှာ အာရုံခံစားမှု အလွန် ထက်မြက်ကာ အန္တရာယ် အငွေ့အသက်များကို ချက်ချင်းပင် သတိပြုမိနိုင်စွမ်း ရှိသည်။ သူမ သတိထားမိသည်နှင့် ဝေ့ဝူယင် ဖန်တီးထားသည့် ပုံရိပ်ယောင် ကမ္ဘာတစ်ခုလုံးမှာ အလိုအလျောက် ပြိုကျသွားလိမ့်မည် ဖြစ်သည်။
ပုံရိပ်ယောင် ကမ္ဘာ ဖန်တီးရန် အတွက် ဝေ့ဝူယင်မှာ စိတ်စွမ်းအင်များကို ကုန်စင်အောင် သုံးခဲ့ရသည့် အပြင် ဧဒင် အင်အားကိုပါ အကန့်အသတ်ထိ ရောက်အောင် ထုတ်ဖော်ခဲ့ရသည်။ အစီအစဉ် တစ်ခုလုံး၌ အရေး အကြီးဆုံးက လောကသခင်၏ လက်မှ လက်စွပ်ကို ရအောင် ယူဖို့ အပိုင်း ဖြစ်သည်။ ထို့အပြင် အချိန်အကန့်အသတ်အားဖြင့် တစ်မိနစ်ခန့်သာ သူ့တွင် ရှိပေသည်။
လောကသခင်၏ လက်မှ လက်စွပ်ကို ရယူဖို့ အတွက် ဝေ့ဝူယင် ကိုယ်ပိုင် စွမ်းအင်ကို တစ်အောင်စမျှပင် မသုံးရဲခဲ့ချေ။ မည်သည့် စွမ်းအင် အမျိုးအစား မဆို လောကနယ်မြေနှင့် ထိတွေ့သည်နှင့် ချက်ချင်း တုန့်ပြန်ကာ အရာအားလုံး ဗူးပေါ်သလို ပေါ်သွားလိမ့်မည် ဖြစ်သည်။ ထိုအတွက် ဝေ့ဝူယင် မူလ မိုးကုပ်စက်ဝိုင်း အဆင့် စွမ်းအင်ကို သုံးခဲ့သည်။
မူလ မိုးကုပ်စက်ဝိုင်း အဆင့်…
၎င်းကား မန်နာများကို အမြင့်မားဆုံးသော ဒီဂရီ အထိ ထိန်းချုပ်သည့် ထူးဆန်းသော စွမ်းရည် တစ်မျိုးပင် ဖြစ်သည်။ ဝေ့ဝူယင်သည် အသိမ်မွေ့ဆုံးသော မန်နာ လှုပ်ရှားမှုကို သုံးကာ လောကသခင်၏ လက်မှ လက်စွပ်အား ရယူခဲ့သည်။ တစ်ချိန်တည်း၌ လောကသခင် ချက်ချင်း သတိမထားမိသွားစေရန် အတွက် လက်စွပ် ပုံသဏ္ဌာန် ပုံရိပ်ယောင် မြင်ကွင်း တစ်ခုကိုလည်း ဖန်တီးခဲ့ရသည်။
ထိုအခိုက်အတန့်လေး အတွက် ဝေ့ဝူယင် စိတ်စွမ်းအင်များကို ကုန်စင်သည် အထိ သုံးခဲ့ရသည့် အပြင် အသိစိတ် ပင်လယ်ပင်မှာလည်း ကြီးမားစွာ ထိခိုက်သွားခဲ့သည်။ အကယ်၍ နောက်ထပ် စက္ကန့်ပိုင်းမျှ ထပ်မံ ကြာမြင့်မည် ဆိုပါက သူ ထိုအခန်းအတွင်းမှာပင် မူးဝေကာ ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ် ပြုတ်ကျ သွားလောက်ပြီ ဖြစ်သည်။
ဝေ့ဝူယင် အသက်ကို ခပ်ပြင်းပြင်း ရှူရင်း စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်၏။ ထို့နောက် သုံးလွှာ လက်စွပ်ထဲမှ ဆေးရည်ပုလင်း တစ်ခုကို ထုတ်ယူကာ ပုလင်း အဖုံးကို ဖွင့်လိုက်သည်။ ဧဒင်က ဖြည်းညင်းစွာပင် ပျံသန်း ထွက်လာကာ ထိုဆေးရည်များကို စုပ်ယူလိုက်၏။
ဟူး... ဟူး...
ဆေးရည်များကို ဧဒင် စုပ်ယူသည်နှင့် ဝေ့ဝူယင်၏ စိတ်စွမ်းအင်များက တဖြည်းဖြည်း ပြန်လည် ပြည့်နှက်လာ၏။ တစ်ချိန်တည်း၌ ညှိုးနွမ်းစ ပြုနေသည့် ဧဒင်၏ အမြစ်များက ပြန်လည် ပြည့်ဖြိုးကာ သန်မာလာသည်။ မိနစ် အနည်းငယ် ကြာမြင့်ပြီးနောက်တွင် ဝေ့ဝူယင်မှာ မူလ အခြေအနေ အထိ ပြန်လည် ရောက်ရှိလာခဲ့၏။
ခန္ဓာကိုယ်မှ သွေးများကို သန့်စင်ပြီးနောက် သူ ပင့်သက်တစ်ချက် ရှိုက်ရင်း လက်ထဲရှိ လက်စွပ်ကို ကြည့်လိုက်သည်။ သူ၏ ငွေရောင် မျက်လုံးများက တဖျပ်ဖျပ် ပြန်လည် တောက်ပလာကာ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
မကြာခင်မှာပင် လျှို့ဝှက် လမ်းကြောင်းမှ တစ်ဆင့် ဝေ့ဝူယင် အပေါ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ အခန်းထဲတွင်တော့ အိကျူးလင်မှာ ငြိမ်းချမ်းစွာ အိပ်မောကျနေဆဲ ဖြစ်သည်။ ဝေ့ဝူယင် အဝတ်အစားများကို မချွတ်ပဲ သူမဘေးတွင် တိတ်တဆိတ် ဝင်ရောက် လှဲလိုက်၏။
“ငါ ဒီမြို့ကို အကြာကြီး ထိန်းချုပ်လို့ မရဘူး...”
ထိုအရာက သူ့စိတ်ထဲတွင် ပေါ်လာသည့် ပထမဆုံး အတွေး ဖြစ်သည်။ ပထမတွင် နဝမတောင်တန်း ပျက်သုဥ်းခြင်း ဝင်္ကပါ၏ အကူအညီဖြင့် မဟာငလျင်မြို့တော်ကို ထိန်းချုပ်ထားနိုင်လိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မြို့တော်သခင်၏ မှတ်ဉာဏ်များ အရဆို အမြုတေကို အပြည့်အဝ ထိန်းချုပ်ထားလျှင်ပင် ထိုဝင်္ကပါကို ထူးခြားသော နည်းလမ်းတစ်ခုဖြင့် ပိတ်ပစ်နိုင်သည်ဟု ဆိုသည်။
ဝင်္ကပါ၏ တည်ဆောက်ပုံ တစ်ခုလုံးကို ပြောင်းလဲ ပစ်နိုင်ပါက ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ရှင်းလင်းစွာပင် သူ မလုပ်နိုင်ချေ။ ဝင်္ကပါနှင့် အစီအရင် လမ်းစဉ်တွင် သူ၏ အဆင့်က ထိပ်တန်း၌ ရှိမနေချေ။
ထို့အပြင် ၎င်းက တစ်ခုတည်းသော ပြဿနာ မဟုတ်ချေ။ မြို့ဆယ့်နှစ်မြို့နှင့် ၎င်းတို့ကို ကြီးစိုးထားသည့် နောက်ကွယ်မှ အင်အားစုများ အကြောင်းကို သူ သိရှိပြီး ဖြစ်သည်။ မဟာ ငလျင် မြို့တော်ကို ကလန်နှစ်ခုနှင့် ဂိုဏ်းတစ်ခုက ပူးပေါင်း ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ မြို့တော်သခင်မှာ နယ်ရုပ် တစ်ရုပ်မျှသာ ဖြစ်သည်။
ကလန် နှစ်ခုမှာ ဗဟိုနယ်မြေမှ ဖြစ်ကာ ဂိုဏ်းကတော့ ပျက်သုဉ်းခြင်း နယ်မြေတွင်ပင် အခြေစိုက်ထားသည်။ မြို့တော်သခင်၏ မှတ်ဉာဏ်များ အရ ဆိုလျှင် ထိုဂိုဏ်းတွင် အချိန်သခင် တစ်ပါး ရှိသည်။ မဟာ ငလျင် မြို့တော်ကို ပူးပေါင်း ထိန်းချုပ်ထားခြင်းအား ထောက်ချင့်ရပါက ဗဟိုနယ်မြေမှ ကလန် နှစ်ခုတွင်လည်း အချိန်သခင်များ ရှိရပေမည်။
အကယ်၍ မြို့တော် ဝင်္ကပါကို တစ်ချိန်လုံး ထိန်းချုပ်ထားနိုင်ပင်လျှင် အချိန်သခင် သုံးယောက်ကို ခုခံဖို့ မဖြစ်နိုင်ချေ။ အနှေးနှင့် အမြန်ဆိုသလို မြို့တော်ကို ပြန်လည် လက်လွှတ်ရမည် ဖြစ်ကြောင်း ဝေ့ဝူယင် သိရှိပြီး ဖြစ်သည်။ ထို့ကြောင့်ပင် အကောင်းဆုံး ဖြစ်မည့် နည်းလမ်းကို သူ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
လက်ထဲရှိ ဟင်းလင်းပြင် လက်စွပ်ကို ငုံ့ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွား၏။ သမာရိုးကျ နည်းလမ်း အတိုင်း ဆိုပါက ယခုလောက် များပြားသည့် ပျက်သုဉ်းခြင်း ပုလဲများကို ရရှိအောင် သူ နှစ်ပေါင်း ရာနှင့်ချီ၍ စုဆောင်း ရလိမ့်မည် ဖြစ်သည်။
သူ့ အနေဖြင့် အဆင့်မြင့် အဂ္ဂိရတ် ထုတ်ကုန်များကို ထုတ်ဖော် ရောင်းချ၍ ကုန်သွယ်မှု ပြုလုပ်နိုင်သော်လည်း ရက်စက် ကြမ်းကြုတ်သော ဤကမ္ဘာတွင် အမဲလိုက်ခံရမှုနှင့်သာ ရင်ဆိုင်သွားရနိုင်သည်။ သို့သော်လည်း ယခုတွင်တော့ မြို့တော်တစ်ခုလုံး၏ ဆယ်စုနှစ်များစွာ ကြွယ်ဝ ချမ်းသာမှုများကို မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူ ရရှိခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင် ခရာတိုထံသို့ သတင်းစကား တစ်ခု ပေးပို့လိုက်၏။
"မင်း ပြန်လာဖို့ အချိန်ကျပြီ"
ကြမ်းတမ်း ခက်ထန်စွာပင် ဝေ့ဝူယင်၏ နှလုံးသားက တုန်ခါလာ၏။ ထိုအခိုက်၌ နဂါး ဟိန်းဟောက်သံ ခပ်ဖျော့ဖျော့ကိုပင် သူ ကြားလိုက်ရလေသည်။
…
အိကျူးလင် အိပ်ရာမှ နိုးထသည်နှင့် ဝေ့ဝူယင်မှာ သူမကို ခေါ်ဆောင်ကာ မြို့တော်မှ ပြန်လည် ထွက်ခွာ လာခဲ့သည်။ သူတို့၏ လှုပ်ရှားမှုများက သိုဝှက် လျှင်မြန်ကာ ထွက်ခွာလာခဲ့သည့် မည်သည့် အထောက်အထားကိုမျှ မချန်ရစ်ခဲ့ပေ။
ပျက်သုဉ်းခြင်း နယ်မြေဆိုင်ရာ အချက်အလက်များနှင့် မြို့တော်၏ ကြွယ်ဝချမ်းသာမှုများကို ရရှိပြီးနောက်တွင် မဟာငလျင် မြို့တော်၌ ဆက်နေစရာ အကြောင်းရင်း သူ့ထံတွင် မရှိဝောာ့ချေ။ မြို့တော်ကို နှစ်ပေါင်းများစွာ အုပ်ချုပ် မင်းပြု၍ နေထိုင်ရန် ဝေ့ဝူယင်ထံတွင် ဘယ်တုန်းကမှ အစီအစဉ် မရှိခဲ့။
ထို့အပြင် လောကသခင်၏ စကားက အမှန်ပင် ဖြစ်သည်။ သူ့ အနေဖြင့် မဟာငလျင် မြို့တော်ကို တစ်သက်လုံး သိမ်းပိုက်ထားနိုင်လိမ့်မည် မဟုတ်ချေ။ မြို့တော်၏ အစစ်အမှန် ပိုင်ရှင် အချိန်သခင်များ ရောက်ရှိလာသည်နှင့် ခွေးပြေးဝက်ပြေး အသက်လုကာ ထွက်ပြေးရသည့် ဘဝမျိုးကို ကျရောက် သွားလိမ့်မည် ဖြစ်သည်။
ယခုကဲ့သို့ သူ အစောတလျင် ထွက်ခွာရန် ဆုံးဖြတ်လိုက်ရသည့် ရည်ရွယ်ချက်က အချိန်သခင်များ လက်မှ ထွက်ပြေး လွတ်မြောက်ရန် လုံလောက်သည့် အချိန် ရရှိဖို့နှင့် အိကျူးလင်ကို မြေအောက်မြို့တော်ဆီ ပြန်လည် လိုက်ပို့ပေးဖို့ ဖြစ်သည်။
သူ ဤလောကနယ်မြေသို့ ရောက်ရှိလာရသည့် ရည်ရွယ်ချက်က ဒြပ်စင် တိုကင် ကိုးခုကို စုစည်းနိုင်ဖို့ ဖြစ်သည်။ အဘိုးအို ဝမ်ယုထျန်း၏ စကားအရဆိုလျှင် ထိုတိုကင်များက အလွန် အစွမ်းထက်သည့် ပုဂ္ဂိုလ်များထံ၌ ရှိနေနိုင်သည်။ ထိုခရီးစဉ်တွင် မည်သည့် အန္တရာယ်များ၊ ရန်သူများနှင့် ကြုံတွေ့ ရင်ဆိုင်ရဦးမည်ကို သူ မပြောနိုင်ချေ။
သို့ဖြစ်လေရာ အိကျူးလင် အနေဖြင့် လုံခြုံ စိတ်ချရသော မြေအောက်မြို့တော်တွင် နေထိုင် ကျင့်ကြံသည်ကသာ အကောင်းဆုံး ဖြစ်သည်။
ထို့အပြင် အင်အားစု သုံးခုမှာ သဘောထား ကြီးမားသည့် အလှူရှင်များ မဟုတ်လေရာ ဤပြဿနာကို သည်အတိုင်း ထိုင်ကြည့် မနေမှာတော့ သေချာပေသည်။ အနှေးနှင့် အမြန် ဆိုသလို သူတို့က သူ့နောက်သို့ လိုက်လာပေလိမ့်မည်။ သူ ရည်ရွယ်ချက် ရှိရှိ ချန်ထားခဲ့သည့် ပူးပေါင်းကြံစည်မှု ဆိုင်ရာ အထောက်အထားများက မြို့တော်သခင်နှင့် လောကသခင်တို့ အပေါ် သံသယ ဖြစ်စေကာ ကြာနိုင်သမျှ ကြာကြာ အချိန်ဆွဲထားနိုင်ဖို့သာ သူ မျှော်လင့်နိုင်ပေသည်။
ထို့အပြင် သူနှင့် ပတ်သက်သည့် သတင်း အစအနနှင့် ဇစ်မြစ်တို့အား ရရှိနိုင်သည့် သက်သေအားလုံးကို ဝေ့ဝူယင် ဖျောက်ဖျက်ခဲ့ပြီး ဖြစ်သည်။ လီဝမ်၊ ချူလဲ့တောင်းနှင့် ဟွမ်ယုတို့ကို လုံလောက်သော ရင်းမြစ်များ ပေးအပ်ကာ ဤမြို့နှင့် ဝေးနိုင်သမျှ ဝေးအောင် သွားဖို့ သူ အမိန့်ပေးခဲ့သည်။ ဟွမ်ယု အနေဖြင့် အချိန် တစ်ခု ကြာမြင့်၍ အခြေကျ သွားပြီးနောက်တွင် ပြန်လာနေ၍ ရပေသည်။ လီဝမ်နှင့် ချူလဲ့တောင်းတို့မှာမူ ဤမြို့မှ မဟုတ်လေရာ ပြန်မလာရလည်း သူတို့ အတွက် ဘာမှ ထူးခြားလိမ့်မည် မဟုတ်ချေ။
အချိန်သခင်များထံတွင် အငွေ့အသက်ကို ခြေရာခံနိုင်သည့် ထူးဆန်းသော နည်းလမ်းများ ရှိ မရှိ မပြောတတ်လေရာ ထိုသုံးယောက်ကို အဝေးသို့ ပို့ထားလိုက်သည်က အကောင်းဆုံး ဖြစ်ပေသည်။ ထိုထက် ပိုကောင်းသည့် ရွေးချယ်မှုက သူတို့ကို သတ်ပစ်လိုက်ဖို့ပင်။ သို့သော်လည်း ဝေ့ဝူယင်မှာ ထိုမျှ အေးစက် ပြတ်သားသူ တစ်ယောက် မဟုတ်ချေ။ အကယ်၍ မဖြစ်မနေ လုပ်ရန် လိုအပ်ပါက လုပ်ကောင်း လုပ်နိုင်သော်လည်း ဤသည်က ရွေးချယ်စရာများ ရှိနေသည့် အခြေအနေ တစ်ခုသာ ဖြစ်ပေသည်။
လီဝမ်တို့ သုံးယောက်မှာ ဝေ့ဝူယင် ပေးအပ်ခဲ့သည့် အဂ္ဂိရတ် ထုတ်ကုန်နှင့် ပျက်သုဥ်းခြင်း ပုလဲများ အပါအဝင် ရင်းမြစ်များကို ကြည့်ကာ အလွန် ပျော်ရွှင်နေကြပုံ ပေါ်သည်။ သူတို့က ဝမ်းမြောက်ဝမ်းသာပင် အမိန့်ကို လက်ခံကာ ဝေ့ဝူယင် မတိုင်ခင်ကတည်းက ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။
မြို့တော်ကြီးကတော့ ယခင်ကလိုပင် ဝင်သူ ထွက်သူများနှင့် ပုံမှန်အတိုင်း ဆက်လက် လည်ပတ်နေဆဲ ဖြစ်သည်။ မြို့တော်အား ဓားပြတိုက်ခဲ့သည့် အဓိက တရားခံနှင့် ပတ်သက်ရာ ပတ်သက်ကြောင်းများ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့မှုကို မည်သူမှ သံသယ မရှိခဲ့ကြချေ။
ဝေ့ဝူယင်က ရှေ့ဆက်မည့် အစီအစဥ်များ အကြောင်း ပြောပြသော အချိန်၌ အိကျူးလင်မှာ မကျေမနပ်နှင့် နှုတ်ခမ်း စူသွားခဲ့သည်။ ဤခရီးစဥ်မှာ ကြင်စဦး ချစ်သူ နှစ်ယောက်၏ ပျားရည်ဆမ်း ခရီးလို တစ်ယောက်နှင့် တစ်ယောက် လေ့လာရင်း အချစ်ရည်များဖြင့် ပြည့်ရွှမ်းနေလိမ့်မည်ဟု သူမ မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့ ခပ်မြန်မြန် ခွဲခွာရန် ဖြစ်လာခဲ့သည်။
အိကျူးလင်မှာ ဝေ့ဝူယင်ကို ကြည့်ရင်း ပိုမို လျှို့ဝှက် ဆန်းကြယ်လာသလို ခံစားလိုက်ရ၏။ နာမည်တစ်ခုမှ လွဲ၍ ထိုလူငယ် အကြောင်း သူမ ဘာမှ မသိရသေးချေ။ အမှန်အတိုင်း ဝန်ခံရလျှင် သူ၏ ကျင့်ကြံခြင်း အဆင့် အစစ်အမှန်ကိုပင် သူမ မခန့်မှန်းနိုင်ချေ။ သေချာတာ တစ်ခုကတော့ ထိုလူငယ်မှာ ပါရမီအလွန် မြင့်မားပြီး နတ်ဘုရားတို့ကဲ့သို့ ဉာဏ်ရည်မျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ရန်သူများဝန်းရံနေသည့် ကြားကပင် စိတ်လွတ်ကိုယ်လွတ် ထင်တိုင်းကြဲခဲ့သည့် ညအား ပြန်လည် တွေးတောရင်း အိကျူးလင်၏ နှုတ်ခမ်းသားများမှာ ခြောက်သွေ့ လာခဲ့၏။ ချောမောလှကာ ယောက်ျားပီသလှသည့် ဝေ့ဝူယင်၏ မျက်နှာကို မော့ကြည့်မိသော အခိုက်၌ သူမ၏ ရင်က ဗြောင်းဆန်စွာ ခုန်လာခဲ့သည်။
သူက သူမကို အဘယ်ကြောင့် ရွေးချယ်ခဲ့သနည်း။ သူမ၏ မည်သည့် အချက်များကို သူက သဘောကျသွားခဲ့သနည်း။ မေးခွန်းများစွာနှင့် အတူ အိကျူးလင် တစ်ယောက် အတွေးကမ္ဘာထဲ နစ်မြုပ်သွားခဲ့တော့၏။
***