← Chapters

စလိုက်ကြတာပေါ့

Vol. 30 Ch. 414

စလိုက်ကြတာပေါ့

Vol. 30 Ch. 414

နာရီပေါင်းများစွာ ပျံသန်းပြီးနောက် သူတို့ နှစ်ယောက်မှာ ဝေ့ဝူယင်နှင့် အိရှန်းယွမ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ထိုပတ်ဝန်းကျင် တစ်ခုလုံးမှာ ပုံပျက်ပန်းပျက် ချောက်နက်ကြီးများဖြင့် ပြည့်နှက်နေသည်။ အချို့နေရာများတွင် ဆိုလျှင် နဂါး လက်သည်းနှင့် ဝမ်းဗိုက်ရာကြီးများမှာ ကျန်ရှိနေဆဲ ဖြစ်၏။ ဒြပ်စင်စွမ်းအင် အကြွင်းအကျန် အချို့ကတော့ အဖြူရောင် မြူနှင်းမှုန်များ အဖြစ်ဖြင့် လေထုကို ရစ်သိုင်းကာ လွင့်မြောနေလေသည်။

“ငါတို့ ရောက်ပြီ...”

ဝေ့ဝူယင် မြေပြင်ပေါ် ဆင်းသက်ရင်း ပြောလိုက်၏။ သူ၏ ထိန်းချုပ်မှုနှင့် အတူ အိကျူးလင်ကလည်း မြေပြင်ပေါ် ခြေချလိုက်သည်။

မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်မျိုးနွယ် တစ်ယောက် အတွက် ပျံသန်းခြင်းက ဘဝတွင် ရရှိရန် အလွန် ခက်ခဲသော အတွေ့အကြုံ တစ်ခု ဖြစ်သည်။ အထူးသဖြင့် ယခုလို ဆုတ်ယုတ်မှု ရာသီမျိုးတွင် မန်နာများမှာ အလွန် ရှားပါးလှရာ ပျံသန်းရန်မှာ လုံးဝ မဖြစ်နိုင်လောက်အောင်ပင်။

ထို့အပြင် ဆုတ်ယုတ်မှု ရာသီအပြီး၌ ကျရောက်လာသည်က မိစ္ဆာရာသီ ဖြစ်သည်။ ထိုရာသီတွင် ပျက်သုဥ်းခြင်း နယ်မြေ တစ်ခုလုံးမှာ မိစ္ဆာတို့၏ စားကျက် အဖြစ် ပြောင်းလဲသွားလေရာ မြေအောက်မြို့တော်မှ အပြင်ဘက်သို့ပင် ထွက်ခွာရန်ပင်လျှင် အလွန် အန္တရာယ် များလွန်းလှသည်။ ဝေ့ဝူယင်နှင့်မှသာ ယခုလို လွတ်လွတ်လပ်လပ် သူမ ပျံသန်းဖူးခြင်း ဖြစ်သည်။

ဝှစ်...

အိကျူးလင်ကို မြေပြင်ပေါ် ချထားပြီးသည်နှင့် ဝေ့ဝူယင်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ကျောက်စိမ်း သေတ္တာလေးတစ်လုံးကို ထုတ်ယူလိုက်၏။ ၎င်း၏ မျက်နှာပြင်က ချောမွေ့ တောက်ပနေကာ အေးမြသော အငွေ့အသက် အချို့ပင် ထွက်ပေါ်နေသည်။

“အဲဒါက ဘာလဲ...”

အိကျူးလင်က စိတ်ဝင်တစားနှင့် မေးလိုက်သည်။

“မင်းအတွက် ငါ့ရဲ့ နှုတ်ဆက်လက်ဆောင်ပေါ့... အထဲမှာ အဆင့်ခုနစ်နဲ့ အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန်တွေ ပါတယ်... ထုတ်ကုန် တစ်ခုချင်းစီက ကျင့်ကြံခြင်းကို မတူကွဲပြားတဲ့ ပုံစံတွေနဲ့ အထောက်အကူ ပြုပေးနိုင်တယ်... ငါ အဖုံးကို ချိတ်ပိတ်ထားတယ်... မင်းရဲ့ အငွေ့အသက် တစ်ခုနဲ့ပဲ အဲဒါကို ဖွင့်လို့ရလိမ့်မယ်... အကျိုးရှိရှိ အသုံးချပါ... တကယ်လို့ အခြားလူတွေ အတွက် ခွဲပေးချင်တယ် ဆိုလည်း မင်း စိတ်ကြိုက် ဆုံးဖြတ်ပါ”

ဝေ့ဝူယင်က နွေးထွေးစွာ ပြုံးရင်း ဆိုလိုက်၏။

“ရှင် တကယ်သွားတော့မှာလား...”

အိကျူးလင်မှာ တဟုန်ထိုးဖြင့် ဝေ့ဝူယင်၏ ကျယ်ပြန့်သော ရင်ခွင် အတွင်း တိုးဝင်လိုက်သည်။ ထို့နောက် သူမက ခေါင်းကို မော့ရင်း နှုတ်ခမ်းအား နမ်းရှုံ့လိုက်၏။

ဝေ့ဝူယင်မှာ ပထမတွင် အနည်းငယ် ကြောင်အ သွားခဲ့သော်လည်း ထိုအခွင့်အရေးမျိုးကို သူ မည်ကဲ့သို့ လက်လွှတ်ခံမည်နည်း။ သူက သူမ၏ ခန္ဓာကိုယ်လေးကို သိုင်းဖက်လိုက်ရင်း စိတ်ဆန္ဒ ပြင်းပြစွာဖြင့်  ပြန်လည် နမ်းရှုံ့လိုက်၏။ သူမ၏ လက်များက သူမ၏ ခန္ဓာကိုယ် အနှံ့ ကြမ်းတမ်းစွာဖြင့် ရွေ့လျားသွားသည်။

အိကျူးလင်၏ ခန္ဓာကိုယ်လေးမှာ ပိုမို ပူပြင်းကာ လောင်မြိုက်လာ၏။ သူမ၏ မျက်လုံးများက တဖြည်းဖြည်း ရီဝေလာသည်။

ဤသို့နှင့် နောက်တစ်ဆင့်သို့ တက်လုဆဲဆဲ အချိန်ကလေးမှာပင် သူမက နောက်သို့ ဆုတ်ကာ ဝေ့ဝူယင်၏ ရင်ခွင် အတွင်းမှ ရုန်းထွက်လိုက်သည်။ သူမ၏ မိဘများမှာ ချဥ်းကပ်လာနေချေပြီ ဖြစ်သည်။ အိကျူးလင် သူတို့ကို ခံစားနိုင်ပေသည်။

“ဒါက နှုတ်ဆက် အနမ်း မဟုတ်ဘူးနော်...”

ရုတ်တရက် ဝေ့ဝူယင်၏ အသံကို သူမ ကြားလိုက်ရ၏။ နောက်သို့ လှည့်ကြည့်လိုက်သော အခိုက်၌ သူ၏ ပုံရိပ်က ပျောက်ကွယ်သွားခဲ့လေပြီ ဖြစ်သည်။ သူမ ပတ်ဝန်းကျင် တစ်ခုလုံးကို ချာချာလည်အောင် လိုက်ကြည့်မိသည့်တိုင် အငွေ့အသက်နှင့် ခြေရာများပင် မကျန်ရစ်ခဲ့တော့။

လက်ထဲရှိ ကျောက်စိမ်း သေတ္တာလေးကို ငုံ့ကြည့်ရင်း သူမ ဝမ်းနည်းလာသလို ခံစားလိုက်ရသည်။  လွန်ခဲ့သည့် တစ်ပတ်အတွင်း ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကား ပြဇာတ်တစ်ခုလို အလှည့်အပြောင်း ဆန်လွန်းလှသည်။ မည်ကဲ့သို့ တုန့်ပြန်ရမှန်းပင် သူမ မသိတော့ချေ။

အိကျူးလင်နှင့် မလှမ်းမကမ်း တစ်နေရာတွင် ဖွတ်ပုတက် ကဲ့သို့ သတ္တဝါကြီး နှစ်ကောင်မှာ မြေပြင်ကို ဖောက်ကာ ထွက်ပေါ်လာ၏။ ၎င်းတို့၏ ဦးခေါင်းများ ထက်တွင်တော့ စိုးရိမ်မှုများ ပြည့်နှက်နေသည့် ပုံရိပ်နှစ်ခု ရှိနေခဲ့သည်။ သူတို့ကတော့ အိကျူးလင်၏ မိခင်နှင့် ဖခင်တို့ပင်။

မိန်းမကြီး၏ မျက်လုံးများမှာ ခံစားချက်များနှင့် ပြည့်နှက်နေကာ မျက်ရည်များပင် ရစ်သိုင်းနေခဲ့သည်။ လျှပ်တပြက်အတွင်းမှာပင် သူမမှာ အိကျူးလင် နံဘေးသို့ ရောက်ရှိလာကာ တင်းကြပ်စွာ ဖက်ထားလိုက်တော့၏။

ဖခင်ဖြစ်သူကတော့ မျက်မှောင်ကြုတ်ရင်း ပတ်ဝန်းကျင်ကိုသာ စေ့စေ့စပ်စပ် အကဲခတ်နေ၏။ ဧရာမ ချောက်နက်ကြီးများနှင့် နဂါး ဝမ်းဗိုက်ရာကြီးများကို ကြည့်ရင်း ကြောက်ရွံ့ ထိတ်လန့်မှု အငွေ့အသက် အချို့က သူ့ မျက်လုံးများထဲ၌ ဖျပ်ခနဲ ပေါ်လာခဲ့သည်။

ထို့နောက် သူက သက်ပြင်းတစ်ချက် ချကာ အိကျူးလင်ဘက်သို့ ပြန်လှည့်လိုက်ရင်း အိရှန်းယွမ်နှင့် သူမတို့ ဘာဖြစ်ခဲ့သည်ကို မေးမြန်းလိုက်တော့သည်။

သားအမိ သားအဖ သုံးယောက် ပြန်လည် ဆုံစည်းနေကြချိန်တွင် ဝေ့ဝူယင်ကတော့ ပျံသန်းကာ ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ ရင်ဆိုင်စရာ အန္တရာယ်များနှင့် အရေးတကြီး လုပ်စရာ ကိစ္စများသာ မရှိပါက သူ အိကျူးလင်ကို မိဘများထံ ပြန်ပို့ခဲ့လိမ့်မည် မဟုတ်ချေ။ သူမအား ခေါ်ဆောင်ကာ လောကကြီး အနှံ့ လိုက်လံ ကြည့်ရှုရင်း ကြင်စဦး ချစ်သူတို့၏ အရသာကို အပြည့်အဝ ခံစားခဲ့လိမ့်မည် ဖြစ်သည်။

သို့သော်လည်း... ဤလောကနယ်မြေ၏ အစစ်အမှန် အင်အားကို သဘောပေါက်ပြီးနောက်တွင် သူမအား ထိုကဲ့သို့ ခေါ်‌ဆောင်သွားခြင်းက ဝန်ထုပ်ဝန်ပိုး တစ်ခုလို ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း သူ သဘောပေါက် လာခဲ့သည်။  အထူးသဖြင့် ထိပ်တန်း ကျင့်ကြံသူများနှင့် ယှဥ်ကာ ဒြပ်စင်တိုကင်များအား လုယူရမည့် အနေအထားမျိုးတွင် သူမက သူ့အတွက် အားနည်းချက် တစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။

မြို့တော်သခင်၏ မှတ်ဉာဏ်များ အရဆိုလျှင် ဤဒေသခံများမှာ ဒြပ်စင်တိုကင်များကို ကောင်းကင် သင်္ကေတများ ဟု ခေါ်ဆိုကြပြီး ကမ္ဘာလောက၏ နတ်ဘုရားခြောက်ပါး အဖြစ် အထွတ်အမြတ်ထားကြသည်။ ထိုအထဲမှ နှစ်ခုကတော့ အမွေအနှစ် အဖြစ် လက်ဆင့်ကမ်းခြင်းကို ခံခဲ့ကြရကာ ဆက်ခံသူများကို ဒြပ်စင် အမှန်တရား၏ တော်ဝင်သားတော်နှင့် သမီးတော်များဟုခေါ်ဆိုကြသည်။ ထိုနှစ်ယောက် စလုံးမှာ ဗဟိုနယ်မြေများမှ  ဖြစ်ကြကာ သတ္တုနှင့် လျှပ်စီး ဒြပ်စင်များအား အထူးပြုကြသည်ဟု ဆိုသည်။

သူတို့၏ ကျင့်ကြံခြင်း အခြေခံနှင့် ပတ်သက်သည့် အ‌သေးစိတ် အချက်အလက်များကိုတော့ မြို့တော်သခင်၏ မှတ်ဉာဏ်များထဲ၌ မတွေ့ရချေ။ သို့သော်လည်း သူတို့က လူငယ်မျိုးဆက်၏ ထိပ်တန်း ကျင့်ကြံသူများ ဖြစ်သည်ကတော့ မလွဲမသွေပင် ဖြစ်သည်။ သူတို့ နှစ်ယောက်စလုံးမှာ ဗဟိုနယ်မြေ၏ အင်အား အကြီးဆုံး အင်အားစုကြီး နှစ်ခုမှ ဖြစ်သည်။ အခြား ဒြပ်စင်တိုကင် ‌လေးခုနှင့် ပတ်သက်၍တော့ မြို့တော်သခင်မှာ ၎င်းတို့၏ တည်နေရာလောက်ကိုသာ သိရှိထားပေသည်။

“ဒီစမ်းသပ်မှုက ငါထင်ထားတာထက် ပိုပြီး ခက်ခဲတော့မယ့် ပုံပဲ...”

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်ရင်း မြို့တော်သခင်၏ မှတ်ဉာဏ်ထဲမှ ပျက်သုဥ်းခြင်း နယ်မြေ၏ မြေပုံကို ပြန်လည် စဥ်းစားလိုက်သည်။ ထို့နောက် သူက တန်းတန်းမတ်မတ်ပင် အရပ်မျက်နှာ တစ်ခုကို ဦးတည်လိုက်၏။

တစ်နာရီခန့်မျှ ပျံသန်းပြီးနောက်တွင် မိုးကောင်းကင် အောက်၌ ထီးထီး ရပ်တည်နေသည့် တောင်တန်း တစ်ခုကို ဝေ့ဝူယင် လှမ်းကာ တွေ့မြင်လိုက်ရသည်။ သူ ထိုတောင်တန်းနားသို့ ပျံသန်းသွားကာ ဂူတစ်ခု တူးဖော်လိုက်သည်။ ထို့နောက် ဝင်္ကပါများစွာကို အထပ်ထပ် ချမှတ်ရင်း ဂူကို ကျင့်ကြံဖို့ အတွက် လုံခြုံ သင့်တော်သည့် ပတ်ဝန်းကျင် တစ်ခု အဖြစ် ပြောင်းလဲ လိုက်သည်။

စိတ်ချရသည်အထိ အကြိမ်ကြိမ် ပြန်လည် စစ်ဆေးလိုက်ပြီးနောက် သူ ထိုင်ချကာ ဟင်းလင်းပြင် လက်စွပ် တစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းမှာ မဟာငလျင်မြို့တော် လောကသခင်ထံမှ ရရှိခဲ့သော လက်စွပ် မဟုတ်ချေ။ အထဲရှိ ပစ္စည်းများကို ကိုယ်ပိုင် လက်စွပ် တစ်ခုထဲသို့ လွှဲပြောင်း ရယူပြီးနောက် သူ ၎င်းအား အစဖျောက်ဖျက် ပစ်လိုက်သည်မှာ ကြာလှပြီ ဖြစ်သည်။ အကယ်၍ သူတို့ထံတွင် လက်စွပ်အား ခြေရာခံသည့် နည်းလမ်းတစ်ခု ရှိမည် ဆိုလျှင် သူတို့၏ စုံစမ်း စစ်ဆေးမှုက ပိုမို၍ပင် နှောင့်နှေး သွားလိမ့်မည် ဖြစ်သည်။

ဟင်းလင်းပြင် လက်စွပ်ကို ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပသွား၏။ ထိုအတွင်း ရှိနေသည်က များစွာသော ပျက်သုဥ်းခြင်း ပုလဲများပင်။

ပျက်သုဥ်းခြင်း ပုလဲ...

နဂါးသွေး စွမ်းအင်များ ပါဝင်နေသည့် ပျက်သုဥ်းခြင်း ပုလဲများမှာ ခရာတို၏ သွေးမျိုးဆက် စွမ်းအင်ကို ပြန်လည် ဖြည့်တင်းနိုင်သည့်တစ်ခုတည်းသော ရင်းမြစ်များ ဖြစ်သည်။ ဟွမ်ယု ပိုင်ဆိုင်ထားသည့် ပျက်သုဥ်းခြင်း ပုလဲကို စစ်ဆေးကာ ခန့်မှန်းရလောက်ဆိုလျှင် သူ့အနေဖြင့် အပြီးအစီး ပျက်သုဥ်းခြင်း ပုလဲ နှစ်သောင်းခန့် လိုအပ်သည်။

ထိုပမာဏ အတွက် စိုးရိမ်စရာ မလိုချေ။ ယခုလက်စွပ်ထဲတွင် ပျက်သုဥ်းခြင်း ပုလဲ ခြောက်သန်းခန့် ရှိနေခဲ့ပေသည်။ သို့တိုင်အောင် ထိုအရာက ပျက်သုဥ်းခြင်း ပုလဲများကိုသာ သီးသန့် ရေတွက်ထားခြင်း ဖြစ်သည်။ အခြား ရင်းမြစ်များနှင့် ကြယ်တာရာ သလင်းကျောက်များ မပါဝင်သေးချေ။

ထိုပမာဏကို တွေ့လျှင် တွေ့ချင်း ဝေ့ဝူယင် အလွန် အံ့အားသင့်ခဲ့ရသည်။ မြို့တော်သခင်၏ မှတ်ဉာဏ်များ အရဆိုလျှင် ထိုလက်စွပ်ထဲတွင် ပျက်သုဥ်းခြင်း ပုလဲ သုံးသိန်းထက် ပို၍ ရှိမနေသင့်ချေ။ ထိုလောကသခင်က အတော်လေး စိတ်ဝင်စရာကောင်းသည်ဟု ဝေ့ဝူယင် တွေးလိုက်မိ၏။

တစ်ခဏကြာပြီးနောက် သူ လက်စွပ်ထဲမှ ကြယ်တာရာ သလင်းကျောက် တစ်ခုကို ထုတ်ယူကာ စစ်ဆေးကြည့် လိုက်သည်။ ပျက်သုဥ်းခြင်း သလင်းကျောက်နှင့် ယှဥ်ပါက ၎င်းတို့မှာ အ‌ရေအတွက် အတော်လေး နိမ့်ပါးလှကာ ဟင်းလင်းပြင် လက်စွပ်ထဲတွင် စုစုပေါင်း အခု နှစ်သိန်းခန့်သာ ရှိပေသည်။ သို့သော်လည်း ထိုပမာဏက သုံးလွှာ ကြယ်တာရာ နယ်မြေရှိ ကြယ်တာရာ ကျောက်တုံး ခြောက်သိန်းခန့်နှင့် ညီမျှကာ အလယ်အလတ် အင်အားစု တစ်ခု အတွက် ဆယ်စုနှစ်များစွာ သုံးစွဲရန် လုံလောက်ပေသည်။

မြို့တော်သခင်၏ မှတ်ဉာဏ်များ အရဆိုလျှင်... ပျက်သုဥ်းခြင်း ပုလဲများကို ကြယ်တာရာ သလင်းကျောက် အဖြစ် သန့်စင်သည့် ဖြစ်စဥ်က ကျဆုံးနိုင်ချေ အလွန် များပြားသည်ဟု ဆိုသည်။ ထိပ်တန်း သန့်စင်သူများ ပင်လျှင် တစ်ရာခိုင်နှုန်းမှ တစ်ဆယ် ရာခိုင်နှုန်းခန့် အထိသာ အောင်မြင်ကြပေသည်။

ဝေ့ဝူယင် မြို့တော်သခင်ထံမှ သန့်စင်သည့် နည်းလမ်းတစ်ခုကို ရရှိထားခဲ့ပြီး ဖြစ်သည်။ ၎င်းမှာ အဂ္ဂိရတ် သန့်စင်သည့် နည်းလမ်းများနှင့် သိပ်မကွာခြားပဲ အနည်းအကျဥ်းလောက်သာ ကွာခြားပေသည်။ ထိုနည်းလမ်းကို အသေးစိတ် လေ့လာပြီးနောက် ကိုယ်ပိုင် ဗဟုသုတနှင့် အတွေ့အကြုံများကို အခြေခံကာ ပိုမို အနုစိတ်သည့် နည်းလမ်းတစ်ခု တီထွင်ရန် သူ ဆုံးဖြတ်လိုက်သည်။

သေမျိုး ကြယ်တာရာ ဝင်္ကပါ ကပ်ဘေးကို ဧဒင် ဖြတ်ကျော်နေသည့် အချိန်၌ သန့်စင်ခြင်းနှင့် ပတ်သက်သည့် နားလည်မှု အချို့ကို သူ ရရှိခဲ့သည်။ ဘုရင်နှင့် အိုရီတို့ အဆင့်မြင့် ရည်ရွယ်ချက်များကို ရရှိခဲ့ သကဲ့သို့ အဂ္ဂိရတ် တာအို၏ နက်ရှိုင်းသော နိယာမများကို သူ လေ့လာခွင့် ရရှိခဲ့သည်။ ထိုလမ်းစဥ်၏ သဘောတရား ခုနစ်မျိုးကို နက်ရှိုင်းစွာ ဆုပ်ကိုင် နိုင်ခဲ့သည်။ ထိုအရာကပင် သူနှင့် ချင်ကူးယင်တို့ကို ပိုမို ဝေးကွာသွားစေခဲ့သည့် အကြောင်းရင်းလည်း ဖြစ်သည်။

နှစ်နာရီခန့် အလေးအနက် သုံးသပ် ခြင်ဆင်ပြီးနောက် နည်းလမ်း အသစ် တစ်ခုကို ဝေ့ဝူယင် အဆုံးသတ်လိုက်နိုင်၏။ သက်ပြင်းတစ်ချက် မှုတ်ထုတ်ရင်း သူ တောက်ပစွာ ပြုံးလိုက်၏။ ထိုနည်းလမ်းက သန့်စင်မှု နှုန်းထားကို ရာနှုန်းပြည့်နီးပါး တိုးတက်စေမှာ သေချာပေသည်။ သို့သော်လည်း သူ့အတွက်တော့ မလိုအပ်ချေ။ သူ၏ ကြယ်တာရာ ဝိညာဥ်များမှာ ပျက်သုဥ်းခြင်း ပုလဲများ အတွင်း ပါဝင်နေသည့် စွမ်းအားများကို သန့်စင်စရာ မလိုပဲ စုပ်ယူနိုင်စွမ်း ရှိပေသည်။

သို့သော်လည်း ထိုနည်းလမ်းက သူ့အတွက် လုံးလုံး မသုံးမဝင်သည်တော့ မဟုတ်ချေ။ အမတေ ဖြည့်တင်းခြင်းဆေးများ ဖော်စပ်ရန်နှင့် အခြားလူများ၏ ကျင့်ကြံခြင်း အမြန်နှုန်းကို မြှင့်တင်ရန် ထိုကြယ်တာရာ သလင်းကျောက်များကို သူ အသုံးပြုနိုင်ပေသည်။

ဝေ့ဝူယင် တွေးတောနေစဥ်မှာပင် ခရာတို၏ အသံက နှလုံးသား ရှိရာထံမှ ထွက်ပေါ်လာ၏။

“မြန်မြန်... မြန်မြန်... ရပြီလား...”

စိတ်လှုပ်ရှားနေသည့် သူ၏ နဂါးသွေး ကြယ်တာရာ ဝိညာဥ်ကို ကြည့်ရင်း ဝေ့ဝူယင် အသာအယာပင် ပြုံးလိုက်၏။

“ကောင်းပြီလေ... စလိုက်ကြတာပေါ့”

***

All Chapters