နဂါးသွေးမျိုးဆက်
Vol. 30 Ch. 415
“ကောင်းပြီလေ... စလိုက်ကြတာပေါ့...”
ဝေ့ဝူယင်ထံမှ စကားကို ကြားရသည်နှင့် ခရာတိုမှာ စိတ်လှုပ်ရှားစွာ ခုန်ပေါက်လာ၏။ သူက ကျယ်ဟောင်သော နဂါး ဟိန်းဟောက်သံ တစ်ခုကို ထုတ်လွှတ်လိုက်ရာ ဂူတစ်ခုလုံးပင် တုန်ရီယိမ်းထိုးသွားသည်။
ဝေ့ဝူယင် အသာအယာပင် ပြုံးလိုက်ရင်း လက်စွပ်ထဲမှ ပျက်သုဥ်းခြင်း ပုလဲ နှစ်သောင်းကို ထုတ်ယူလိုက်၏။ ပျက်သုဥ်းခြင်း ပုလဲများမှာ သက်ရှိ နဂါးများထံမှ ထုတ်ယူထားသည့် သွေးစွမ်းအင်များကို ထိန်းသိမ်းထားသည်။ အခြားလူများ ဆိုပါက ၎င်းတို့အား အသုံးပြုရန် စဥ်းစားကောင်း စဥ်းစားလိမ့်မည် ဖြစ်သော်လည်း ထိုအထဲတွင် ဝေ့ဝူယင်နှင့် ခရာတိုတို့ ဘယ်တော့မှ ပါဝင်လိမ့်မည် မဟုတ်ချေ။ သူတို့ နှစ်ယောက်စလုံး၏ ခံယူချက်များက တူညီသည်။ မဖြစ်မနေ လုပ်ရန် လိုအပ်ပါက သက်ရှိ နဂါးတစ်ကောင်ကိုပင် သတ်ဖြတ်ရန် သို့မဟုတ် အင်အားသုံးရန် သူတို့ ဝန်လေးလိမ့်မည် မဟုတ်ချေ။
ပျက်သုဥ်းခြင်း ပုလဲများမှာ အတွင်းပိုင်း၌ နဂါးသွေး စွမ်းအင်များကို ထိန်းသိမ်းထားကာ အပေါ်ယံမှ နေ၍ ပျက်သုဥ်းခြင်း စွမ်းအင်ဖြင့် ဖိနှိပ်ထားသည်။ အထဲရှိ နဂါးသွေး စွမ်းအင်များကို အသုံးပြုလိုလျှင် အရင်ဆုံး မျက်နှာပြင်ထက်ရှိ ပျက်သုဥ်းခြင်း စွမ်းအင်များကို ဖယ်ရှားပစ်ရန် လိုအပ်သည်။ ထိုလုပ်ဆောင်ချက်က အခြားလူများ အတွက် ခက်ခဲကောင်း ခက်ခဲနိုင်သော်လည်း ပျက်သုဥ်းခြင်း ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားသည့် ဝေ့ဝူယင်အတွက်တော့ လွယ်ကူလှပေသည်။
ပျက်သုဥ်းခြင်း ရည်ရွယ်ချက်ကို ထုတ်ဖော်လိုက်သည်နှင့် ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက တဖျပ်ဖျပ် တောက်ပလာ၏။ သူ တည်ငြိမ်စွာပင် ပျက်သုဥ်းခြင်း ပုလဲ နှစ်သောင်းကို ကြည့်ကာ ရုပ်သေးဆရာ တစ်ယောက် ကဲ့သို့ လက်ချောင်းများကို စတင် လှုပ်ရှားလိုက်လေတော့၏။
ရွှီ... ရွှီ...
လေချွန် သကဲ့သို့ အသံများနှင့် အတူ ပျက်သုဥ်းခြင်း ပုလဲ၏ မီးခိုးရောင် မျက်နှာပြင်ထံမှ မီးခိုးရောင် အငွေ့များ ထွက်ပေါ်လာ၏။ တစ်ခဏအတွင်းမှာပင် ဂူတစ်ခုလုံးမှာ ပျက်သုဥ်းခြင်း စွမ်းအင်များနှင့် ပြည့်နှက် သွား၏။ ဝေ့ဝူယင်က လက်ဝါးနှစ်ဖက်ကို ဖြန့်လိုက်ရာ ထိုမီးခိုးရောင် အငွေ့များမှာ အပြင်းထန်ဆုံး သံလိုက်စက်ကွင်း အတွင်း ကျရောက်သွားသည့် အလား ထိုနေရာများ၌ စုစည်းလာ၏။ စက္ကန့်ပိုင်းမျှ အတွင်းမှာပင် ပတ်ဝန်းကျင် တစ်ခုလုံး ရှင်းလင်းသွားသည်။
ဝေ့ဝူယင် လက်ဝါးများကို ပြန်လည် ဖြန့်လိုက်ရာ မီးခိုးရောင် သလင်းကျောက် နှစ်ခု ထွက်ပေါ်လာသည်။ ထိုသလင်းကျောက်များ အတွင်း ပါဝင်နေသည့် ပျက်သုဥ်းခြင်း စွမ်းအင်များက မြို့ငယ်တစ်ခုကိုပင် လွှမ်းမိုးပစ်ရန် လုံလောက်ပေသည်။
ပျက်သုဥ်းခြင်း သလင်းကျောက် နှစ်ခုကို ပြန်လည် သိမ်းဆည်းပြီးနောက် ဝေ့ဝူယင် သူ့ရှေ့တွင် လွင့်မြောနေသည့် ပုလဲလုံးလေးများ ကြည့်လိုက်၏။ ပျက်သုဥ်းခြင်း စွမ်းအင် အထိန်းအကွပ် ကင်းမဲ့သွားသော ၎င်းတို့၏ မျက်နှာပြင်က အနည်းငယ် တုန်ရီနေကာ နဂါးသွေး စွမ်းအင်၏ တည်ရှိမှုကို ထင်ရှားစွာ ထုတ်ဖော်ပြသထားသည်။ ပုလဲလုံးလေးများမှာ မတူညီသည့် နဂါးမျိုးရိုးများမှ ဆင်းသက်လာပုံ ရကာ ကွဲပြားသော အရောင်များမှာ ထိုအမှန်တရားကို သက်သေထူနေသည်။
ပုလဲ အချို့တွင် ဆိုလျှင် ရေနေနဂါးနှင့် နတ်ဆိုးနဂါးတို့၏ အငွေ့အသက်များပင် ပါဝင်နေ၏။ ၎င်းတို့က ရေခိုးရေငွေ့များနှင့် ခရမ်းရောင် အဆင်းများကို ကိုယ်စီ ပိုင်ဆိုင်ထားသည်။ သို့သော်လည်း ထိုမျိုးဆက် နှစ်ခုမှာ ရှားပါးလှကာ အကြမ်းအာဖြင့် ငါးခုခန့်စီသာ ပါရှိပေသည်။
ရေနေနဂါးမျိုးနွယ်၏ သွေးအော်ရာက လျဲ့ယု၏ နှလုံးသားထဲရှိ အငွေ့အသက်နှင့် အတော်လေး အတော်ဆင်တူကာ နတ်ဆိုးနဂါး၏ သွေးအော်ရာကတော့ ယွမ်လုံရှီပိုင်ဆိုင်ထားသည့် အတိုင်း အတိအကျပင်။ လျဲ့ယုနှင့် ယွမ်လုံရှီတို့မှာ ထိုနဂါးများမှ ဆင်းသက်လာသည့် ရှို့ရန် မျိုးနွယ်ဝင်များ ဖြစ်နေမည်လား ဝေ့ဝူယင် တွေးလိုက်မိ၏။
သို့သော်လည်း သူ ချက်ချင်းပင် ခေါင်းကို ခါလိုက်သည်။ ရှို့ရန်များမှာ လူသားနှင့် အခြား မျိုးနွယ်များ စပ်ယှက်ရာမှ ပေါက်ဖွားလာသည့် မျိုးဆက်များ ဖြစ်ကြသည်။ အသွင်အပြင်အားဖြင့် သူတို့မှာ လူသားများနှင့် ဆင်တူသလိုလို ရှိကြသော်လည်း ကွဲထွက်နေသည့် ထူးခြားမှု တစ်ခုတော့ ရှိစမြဲ ဖြစ်သည်။ ဥပမာအားဖြင့် ကျူးဟိုင်ဆိုလျှင် လူသားတစ်ယောက်နှင့် မည်မျှပင် တူစေကာမူ ငါးမန်စွယ် ကဲ့သို့ ချွန်ထက်သည့် သွားများကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။
သို့သော်လည်း လျဲ့ယုနှင့် ယွမ်လုံရှီတို့ ထံတွင်တော့ လူသားများနှင့် ကွဲထွက်နေသည့် မည်သည့် အသွင်အပြင်မျိုးကိုမှ မမြင်ရချေ။ ဆိုလိုသည်က သူတို့ နှစ်ယောက်မှာ နဂါးမျိုးနွယ်မှ ဆင်းသက်လာသည့် ရှို့ရန်များ မဟုတ်ချေ။
ထို့အပြင် လျဲ့ယုမှာ အနန္တ ကုန်းမြေတိုက်ကြီးမှ ဖြစ်ကာ ယွမ်လုံရှီမှာ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး ဇာတိ ဖြစ်သည်။ ဤလောကနယ်မြေနှင့် တစ်စုံတစ်ရာ ပတ်သက်ဆက်စပ်ရန် ဝေးကွာလွန်းလှသည်။
“သူတို့ နှစ်ယောက်က နဂါးမျိုးနွယ်က ဆင်းသက်လာတဲ့ မျိုးဆက်တွေလည်း မဟုတ်ဘူး... နောက်ပြီး ငါနဲ့ ရွှယ်ရီဖေးတို့လိုမျိုး နဂါးအသွင် ပြောင်းလဲခြင်းလို ကျင့်စဥ် တစ်ခုခုကိုလည်း ကျင့်ကြံမထားဘူး... ဒါဆို သူတို့က ဘယ်လိုလုပ်ပြီး နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်နိုင်ကြတာလဲ”
ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေကာ အမျိုးမျိုးသော ဖြစ်နိုင်ချေများကို သုံးသပ်နေ၏။ နောက်ဆုံး ရရှိလာသည့် အဖြေကား ရိုးရှင်းလှပေသည်။ တစ်စုံတစ်ယောက်က သူတို့ထံတွင် မျိုးစေ့တစ်ခု ပျိုးခဲ့ခြင်းပင်။
“ကြည့်ရတာ နဂါးတွေက သမိုင်းစာအုပ်တွေထဲမှာ ဖော်ပြထားသလို ဉာဏ်ရည် နိမ့်ပါးတဲ့ ထုံထုံထိုင်းထိုင်း သတ္တဝါတွေ ဖြစ်ဟန်မတူဘူး... သူတို့က ကပ်ဘေးဆိုးကို ကြိုခန့်မှန်းနိုင်ခဲ့ပြီးတော့ လွတ်မြောက်နိုင်တဲ့ နည်းလမ်းတစ်ခုကို ရှာဖွေနိုင်ခဲ့ပုံ ရတယ်... ငါခန့်မှန်းတာသာ မမှားရင် သူတို့က မျိုးစေ့တွေကို လူတွေရဲ့ သွေးကြောတွေထဲမှာ ထည့်သွင်းပြီး မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်းစေခဲ့တာပဲ...”
“ဧကရာဇ် ဟန်ရှဲ့ နဂါးတွေကို ဘယ်လောက် မုန်းတီးတယ် ဆိုတာက လျှို့ဝှက်ချက် မဟုတ်ဘူး... သူက ဘယ်နဂါး မျိုးဆက်ကိုမှ ရှင်သန် ကြီးထွားခွင့် မပေးဘူး ဆိုတာ နဂါးတွေက ကြိုပြီး ခန့်မှန်းနိုင်ခဲ့ပုံ ရတယ်... ဒါကြောင့် သူတို့က သူတို့ မျိုးစေ့ကို အမွေဆက်ခံဖို့ နဂါးအစား လူတွေကို ရွေးချယ်ခဲ့ကြတာပဲ... မြင့်မားတဲ့ ကျင့်ကြံခြင်း အဆင့် တစ်ခုကို ရောက်တာနဲ့ အဲဒီ သွေးမျိုးဆက်က အသက်ဝင်လာလိမ့်မယ်... နောက်ပြီး သူတို့ကို အော်ရစ်ပင်လယ်ထဲကနေ ကယ်တင်လိမ့်မယ်... ဘယ်လောက် ကောင်းမွန်ပြီး ဉာဏ်နီဉာဏ်နက်များလိုက်တဲ့ အစီအစဥ်ကြီးလဲ”
ဝေ့ဝူယင် အထင်ကြီးစွာဖြင့် ရေရွတ်လိုက်မိ၏။ သို့သော်လည်း အန်နု၏ တည်ရှိနေမှုကို ထောက်ချင့်ရပါက ထိုအရာက နဂါးတို့၏ တစ်ခုတည်းသော အစီအစဥ် ဖြစ်ပုံ မရချေ။ ဝမ်မင်ယာ ပြောခဲ့သည့် ပျက်သုဥ်းခြင်း နိမိတ် ပုံရိပ်အကြောင်း ပြန်လည် တွေးတောမိသော အခိုက်၌ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွားသည်။
သုံးလွှာ ကြယ်တာရာ နယ်မြေ ပျက်သုဥ်းခြင်းနှင့် နဂါးတို့၏ လွတ်မြောက်ခြင်းက ချိတ်ဆက်ကောင်း ချိတ်ဆက်နေမည်လား။ နောက်ပြီး သူကရော နဂါးတို့၏ အစီအစဥ်များထဲမှ တစ်ခုလော။ အန်နုက သူ့ထဲတွင် မျိုးစေ့တစ်ခုကို ပျိုးရန် ကြိုးစားခဲ့သလော။
ဝေ့ဝူယင်မှာ တွေးတောရင်း စိတ်မသက်မသာ သလို ခံစားလိုက်ရသည်။ ထိုအကြောင်းပြချက်ကြောင့်ပင် အန်နုက သူ့အား နဂါး အသွင်ပြောင်းခြင်း နည်းလမ်းကို ရက်ရက်ရောရော ပေးခဲ့သည်လော။ အကယ်၍ ထိုအရာကသာ အစစ်အမှန် နဂါးတို့၏ အစီအစဥ် ဆိုပါက သူက ပထမဆုံး မဖြစ်နိုင်သလို နောက်ဆုံး တစ်ယောက်လည်း မဖြစ်နိုင်ချေ။
ယွမ်လုံရှီနှင့် လျဲ့ယုတို့ကဲ့သို့ပင် နဂါးတို့၏ အစီအစဥ်အတိုင်း ကနေရသည့် နယ်ရုပ်ကလေး တစ်ရုပ်သာ ဖြစ်ဖို့များသည်။
“ဂရုမစိုက်ဘူး... ဂရုမစိုက်ဘူး”
ရုတ်တရက် အိုရီ၏ အသံက ဝေ့ဝူယင်၏ စိတ်အတွင်း ထိုးဖောက် ဝင်ရောက်လာကာ သူ့ အမြင်ကို ပြောဆိုလာ၏။ စကားလုံးများက တိုတောင်း၍ အပ်ကြောင်းထပ်နေကာ အဓိပ္ပာယ် သိပ်မပေါ်လွင်သော်လည်း ဝေ့ဝူယင်ကတော့ ရှင်းလင်းစွာပင် နားလည်ပေသည်။ နဂါးတို့၏ အစီအစဥ်က ဘယ်လောက်ပင် ဉာဏ်နီဉာဏ်နက် များနေပါစေ သူ ဂရုမစိုက် ဟူ၍ပင်။
“တကယ်လို့ အဲဒါက နဂါးတွေရဲ့ အစီအစဥ် ဆိုရင်တောင် မင်းရဲ့ ရည်မှန်းချက်နဲ့ လမ်းကြောင်းက လွဲချော်သွားမှာ မဟုတ်ဘူးလေ”
ဧဒင်က ချင့်ချင့်ချိန်ချိန်ဖြင့် ပြောလိုက်၏။ သူက အသိစိတ် ပင်လယ် အတွင်း နေထိုင်နေသည့် တစ်ခုတည်းသော ကြယ်တာရာ ဝိညာဥ် ဖြစ်လေရာ ဝေ့ဝူယင်၏ အတွေးနှင့် ခံစားချက်များကို အခြားလူများထက် ပို၍ ရှင်းလင်းစွာ နားလည်ပေသည်။ အကယ်၍ ထိုအရာက အန်နု၏ အစီအစဥ် ဆိုလျှင်ပင် သူ့ဘဝက ဘာများ ပြောင်းလဲသွားမှာ မလို့နည်း။
ဘာဆို ဘာမှ ပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ။ သူကား ကောင်းကင်တာအိုကို လှည့်စားကာ လျှောက်လှမ်းနေသည့် အမွေခံ အပြစ်သား တစ်ယောက် ဖြစ်နေဆဲ... ငရဲ၏ ကပ်ဘေးများအား မလွဲမသွေ ရင်ဆိုင်ရမည့် အပြစ်သား တစ်ယောက် ဖြစ်နေဆဲပင်။
“မင်းတို့ နှစ်ယောက်စလုံး မှန်တယ်... အခု ငါက တစ်စုံတစ်ယောက်ရဲ့ အစီအစဥ်ထဲမှာ ရှိနေတယ် ဆိုရင်တောင် နှလုံးသားရဲ့ စိတ်ဆန္ဒအတိုင်းပဲ ငါလျှောက်လှမ်းမယ်... ငါ့သဘောထားနဲ့ အမြင်ကို ဘယ်သူကမှ ပြောင်းလဲလို့ မရဘူး”
ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်၏။
“ကလန့်...”
ဘုရင်က သူ့ကိုယ်ပိုင်အသံတစ်ခုကိုသာ ထုတ်လွှတ်၏။ သို့သော်လည်း ထိုအထဲတွင်တော့ ဂုဏ်ယူသည့် အငွေ့အသက်များ ကိန်းအောင်းနေပေသည်။
ဝေ့ဝူယင်မှာ စိတ်သက်သာရာ ရသွား၏။ မလိုအပ်သေးသော အရာများကို အချိန်ကုန်ခံကာ တွေးတောခြင်း မပြုရန် သူ ဆုံးဖြတ်လိုက်သည်။ ယခုက ခရာတို၏ သွေးမျိုးဆက် ရင်းမြစ်ကို ပြန်လည် သိုလှောင်ကာ အမြင့်ဆုံးထိ ပြန်လည် တွန်းတင်ရမည့် အချိန် ဖြစ်ပေသည်။
***