သေမင်းတမန် နွယ်ပင်များ
Vol. 30 Ch. 416
“ချွင်... ချွင်...”
“သေစမ်း....”
“ဘုန်း... ဘုန်း...”
ပျက်သုဥ်းခြင်း နယ်မြေကြီး၏ အရှေ့ဘက်ပိုင်း ဒေသတစ်ခုတွင် ဓားချင်း ထိခတ်သံများ၊ ပေါက်ကွဲသံများနှင့် အော်ဟစစ် ကြုံးဝါးသံများမှာ အဆက်မပြတ် ထွက်ပေါ်နေ၏။ ထိုအသံများ၏ နောက်တွင် နာကျင်စွာ အော်ငြီးသံများ၊ မမျှော်လင့်ထားသည့် အာမေဋိတ်သံများနှင့် မောပန်းနွမ်းနယ်နေသည့် အသံများက ပဲ့တင်ထပ်ကာ လိုက်ပါလာသည်။
ဝှစ်... ဝှစ်...
မြစိမ်းရောင် ဆံနွယ်များနှင့် မိန်းကလေး တစ်ယောက်မှာ ကောင်းကင်တွင် ပျံသန်းလိုက် ရံဖန်ရံခါ မြေပြင်ပေါ် ဆင်းသက်လိုက်နှင့် အရှိန်အဟုန်ပြင်းစွာ လှုပ်ရှားနေ၏။
သူမက မျက်နှာတစ်ဝက်ကို အဝတ်စဖြင့် ဖုံးကွယ်ထားကာ သွယ်လျသော ခန္ဓာကိုယ်ထက်တွင်တော့ မီးခိုးရောင် အဝတ်အစားများကို ဆင်မြန်းထားသည်။ ၎င်းတို့ထံမှ ထွက်ပေါ်နေသည့် ခပ်ဖျော့ဖျော့ အလင်းရောင်မှာ လေထုအတွင်း ရစ်သိုင်းနေသည့် ပျက်သုဥ်းခြင်း စွမ်းအင်များကို အဝေးသို့ တွန်းလှန်ပစ်နေ၏။
ဝှစ်... ဝှစ်...
ဓားပျံ ကိုးစင်းမှာ လေချွန်သံများ ပေးရင်း မိန်းကလေး၏ ခန္ဓာကိုယ်ကို ဗဟိုပြုကာ လှည့်ပတ်နေ၏။ ၎င်းတို့၏ ဦးတည်ချက်ကတော့ ရှေ့မှ သေပြေးရှင်ပြေး ပြေးလွှားနေသည့် ကျင့်ကြံသူများပင်။
သူတို့က အရေအတွက်အားဖြင့် ဒါဇင်ချီသည် အထိ ရှိကာ ယောက်ျား၊ မိန်းမ မျိုးစုံ ပါဝင်နေသည်။ သူတို့က မတူကွဲပြားသော ဝတ်စုံများကို ဆင်မြန်းထားလေရာ မကြာသေးခင်မှ စုစည်းထားကြကြောင်း သိသာလှပေသည်။ သူတို့၏ မျက်နှာများက သုန်မှုန်ကာ ထိတ်လန့်ချောက်ချားခြင်းများနှင့် ပြည့်နှက် နေ၏။
“ဘာလို့ ခုလို လုပ်နေရတာလဲ...”
အနှေးကွေးဆုံး တစ်ယောက်က သွေးပျက်စွာ အော်ဟစ်လိုက်၏။ ဓားပျံတစ်စင်းက ကျောမှ တိုးဝင်ကာ ရင်ဘတ်ကို ဖောက်ထွက်သွားသော အခိုက်၌ ထိုအော်ဟစ်သံက ညည်းညူသံတစ်ခု အဆုံးဖြတ်သွားသည်။
ဘုန်း...
သူ၏ ခြေလှမ်းများက ရပ်တန့်သွားကာ အလောင်းမှာ ကြမ်းပြင်ဆီ အရုပ်ကြိုးပြတ် ပြုတ်ကျသွား၏။ သူ၏ သေဆုံးမှုက အခြားလူများကို တဆတ်ဆတ် တုန်ရီသွားစေသည်။ သို့သော်လည်း သူတို့က အနည်းငယ်ပင် မတုန့်ဆိုင်းဝံ့ပဲ အရှိန်ကိုသာ နောက်ဆုံး အကန့်အသတ်ထိ ရောက်အောင် တိုးမြှင့်လိုက်ကြလေ၏။
ဝှစ်...
မြစိမ်းရောင် ဆံနွယ်နှင့် မိန်းကလေးမှာ အလောင်းနံဘေးသို့ ရောက်ရှိလာကာ လက်တစ်ဖက်အား ဝှေ့ယမ်းလျှက် ဟင်းလင်းပြက် လက်စွက်ကို ချွတ်ယူလိုက်၏။ ထို့နောက် သူမက တည်ငြိမ်သော မျက်လုံးများနှင့် အခြားလူများကို ကြည့်လိုက်လေသည်။
ဘုန်း...
ကြယ်တာရာ အင်အားက အရှိန်အဟုန်နှင့် အတူ ပေါက်ကွဲလာကာ တစ်ခဏ အတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်က သူတို့ထံသို့ ကြယ်ပျံတစ်စင်းလို တိုးဝင်သွားတော့၏။
“လူစုခွဲပြေးကြ...”
ချောမော လှပသည့် မိန်းမငယ်လေး တစ်ယောက်က ငယ်သံပါအောင် အော်ဟစ်လိုက်ရင်း အုပ်စုမှ ခွဲထွက်ကာ ထွက်ပြေးလိုက်၏။ သူမက ငယ်ရွယ်ကာ အတွေ့အကြုံ နည်းပါးသူ တစ်ယောက် ဖြစ်လေရာ ဘာလုပ်မိမှန်း ကိုယ့်ကိုယ်ကိုပင် နားလည်နိုင်ဟန် မရချေ။
“မပြေးနဲ့...”
ဘေးနားရှိ မိန်းမကြီး တစ်ယောက်က အော်ဟစ်ရင်း မိန်းမငယ်လေး၏ လိုက်ဆွဲရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း မီတာ ဒါဇင်ဂဏန်းခန့်အကွာသို့ ရောက်သည်နှင့် မီးခိုးရောင် မြေကြီးများကြားမှ အစိမ်းရောင် နွယ်ပင်တစ်ခု ထွက်ပေါ်လာကာ သူမအား ဟန့်တားလိုက်၏။
မိန်းမကြီး၏ ချက်ချင်းပင် ဓားကဲ့သို့ လက်နက်တစ်ခုကို ထုတ်ယူ၍ နွယ်ပင်ကို ဖြတ်တောက်ရန် ကြိုးပမ်းလိုက်၏။ ပျက်သုဥ်းခြင်း နယ်မြေတွင် အစိမ်းရောင် အပင် တစ်ခု ထွက်ပေါ်လာခြင်းက အလွန် ထူးဆန်းသည်ဟု သူမ တွေးလိုက်မိ၏။ သို့သော်လည်း နွယ်ပင်ထက်မှ ထွက်ပေါ်နေသည့် မီးခိုးရောင် အလင်းများကို မြင်ရသော အခိုက်၌ သူမ၏ ကြောက်ရွံ့မှုက ငယ်ထိပ်ထိ ရောက်အောင် ရောက်ရှိ သွားလေတော့သည်။
“တိုင်အာ...”
အုပ်စုအတွင်းရှိ ယောက်ျားကြီး တစ်ယောက်မှာ တုန်လှုပ်စွာဖြင့် မိန်းမကြီး၏ နာမည်ကို ခေါ်လိုက်ရင်း ပြေးထွက်လာရန် ကြိုးပမ်းလိုက်၏။ သူတို့ နှစ်ယောက် အကြားရှိ ဆက်ဆံရေးက နီးကပ်လှသည်မှာ ရှင်းလင်းပေသည်။ သို့သော်လည်း အခြားလူများက သူ့အား အုပ်စုမှ ခွဲထွက်ခွင့် မပေးပဲ မလွတ်စတမ်း ဆွဲထား၏။
ထို့နောက် စက္ကန့်ပိုင်းမျှ အတွင်းမှာပင် မျက်ရည်များ ပြည့်လျှံနေသည့် မျက်လုံးများနှင့် အတူ တစ်သက်သာ အိပ်မက်ဆိုး ဖြစ်လာမည့် မြင်ကွင်း တစ်ခုကို သူ မြင်တွေ့လိုက်ရလေသည်။
ဝှစ်... ဝှစ်...
အစိမ်းရောင် နွယ်ပင်သည် လှုပ်ယမ်းကာ မရေမတွက်နိုင်သည့် နွယ်ပင်များကို ထပ်မံ ပွားထုတ်လိုက်၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ၎င်းတို့က ပတ်ဝန်းကျင် တစ်ခုလုံးကို လျှင်မြန်စွာပင် ဖုံးအုပ်သွားကာ မိန်းမကြီးကို ဝန်းရံလိုက်၏။ အခြေအနေက မျှော်လင့်ချက် ကင်းမဲ့သွားကြောင်း တွေ့မြင်လိုက်ရသည်နှင့် သူမက နောက်သို့ လှည့်ကာ အခြားလူများကို ကြည့်လိုက်သည်။ သူမ၏ ရီဝေဝေ မျက်လုံးများမှာ အဆုံးမဲ့သော ရှင်သန်လိုစိတ်များနှင့် ပြည့်နှက်နေ၏။
“ငါ့ကိုကယ်...”
သို့သော်လည်း စကားပင် ဆုံးအောင် ပြောခွင့် မရလိုက်။ နွယ်ပင်များက သူမ၏ ခန္ဓာကိုယ်ကို ဖောက်ဝင်ကာ အသက်ကို ရက်ရက်စက်စက်ပင် နှုတ်ယူသွားတော့၏။
ဘုန်း...
မိန်းမကြီး၏ ခန္ဓာကိုယ်က မြေကြီးပေါ် ပြုတ်ကျသွားကာ သွေးများ အိုင်ထွန်းသွား၏။ သူမ၏ အလောင်းက ခပ်ဖြည်းဖြည်းချင်းပင် မီးခိုးရောင် သဲသောင်အတွင်း နစ်မြုပ်သွားကာ သွေးကွက်များသာလျှင် မျက်နှာပြင်ပေါ်၌ သူမ တည်ရှိခဲ့ဖူးသည့် သက်သေအဖြစ် ကျန်ရစ်ခဲ့၏။
“တိုင်လင်...”
ယောက်ျားကြီးက မျက်ရည်များနှင့် အော်ဟစ် လိုက်ရင်း အခြားလူများ၏ လက်များအတွင်းမှ ရုန်းထွက်ကာ ပြေးလွှား လာ၏။ သူ၏ မျက်လုံးများက ရဲရဲနီနေကာ ပြင်းထန်သော အမုန်းတရားများ၊ လက်စားချေလိုမှုများနှင့် ပြည့်နှက် နေသည်။
သို့သော်လည်း ပစ်မှတ်သို့ မရောက်မီမှာပင်...
ဝှစ်...
ရုတ်တရက် လေတိုးသံတစ်ခုကို ကြားလိုက်ရကာ ယောက်ျားကြီးမှာ လည်ပင်းတစ်ခုလုံး အေးစက်သွားသလို ခံစားလိုက်ရ၏။ ထို့နောက်တွင် သူ့ပခုံးနားဆီမှ ဖြတ်သန်းသွားသည့် မြစိမ်းရောင် ဓားတစ်စင်းကို သူ တွေ့မြင် လိုက်ရ၏။
“လှလိုက်တဲ့ဓား...”
ထိုအရာက သူ့စိတ်ထဲတွင် ဖြစ်ပေါ်လာသည့် နောက်ဆုံး အတွေးပင်။ ထို့နောက်တွင်ကား...
ဘုန်း...
ခေါင်းနှစ်လုံးမှာ မြေပြင်ပေါ် ပြတ်ကျသွားကာ အလောင်းနှစ်လောင်းမှာ လဲပြိုသွားတော့၏။ ပထမ အလောင်းက ယောက်ျားကြီးပင် ဖြစ်ကာ ဒုတိယ အလောင်းကတော့ စောစောက ပြေးထွက်သွားခဲ့သည့် မိန်းကလေးပင်။
အခြားလူများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ဒူးများပင် တုန်ရီလာခဲ့ကြ၏။ သူတို့မှာ အုပ်စုထံမှ ခြေတစ်ဖဝါးပင် မခွာရဲကြတော့ပဲ စုစုစည်းစည်းဖြင့် ရပ်ရင်း မြစိမ်းရောင် မိစ္ဆာမကို ကာကွယ်လိုက်ကြသည်။
ဝှစ်... ဝှစ်...
မိန်းကလေးမှာ အလောင်းနှစ်ခုထံသို့ ပျံသန်းသွားကာ သူတို့၏ လက်များမှ လက်စွပ်များကို ချွတ်ယူလိုက်၏။ ထို့နောက် သူမက တစ်စည်းတစ်လုံးတည်း ရပ်ကာ ကာကွယ်နေကြဟန် ရသည့် လူများကို ကြည့်ရင်း ခပ်ဖြည်းဖြည်း သက်ပြင်းတစ်ချက် ချလိုက်သည်။
ဝှစ်...
အစိမ်းရောင် နွယ်ပင်တစ်ခုက မီးခိုးရောင် သဲသောင်ပြင် အကြားမှ တိုးထွက်လာ၏။ ၎င်းက ထိပ်တွင် မိန်းမကြီး၏ ဟင်းလင်းပြင် လက်စွပ်ကို သယ်ဆောင်လာကာ သူမထံ ကမ်းပေးလိုက်သည်။ မိန်းကလေးက နောက်ဆုံး အနေဖြင့် အုပ်စုကို တစ်ချက် လှမ်းကြည့်လိုက်၏။ ထို့နောက် သူမ၏ ခန္ဓာကိုယ်က ရွေ့လျားကာ အခြား အရပ်မျက်နှာ တစ်ခုသို့ ထွက်ခွာသွားခဲ့တော့သည်။
တစ်နာရီမျှ ကြာပြီးနောက်၌ လက်ကျန် ကျင့်ကြံသူ နှစ်ဆယ့် ခုနစ်ယောက်မှာ အုပ်စုလိုက် စုစုစည်းစည်းပင် တောင်ခြေတစ်ခုကို ရောက်ရှိလာခဲ့၏။ သူတို့က ကြောက်ရွံ့ ထိတ်လန့်နေသည့် မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် အကဲခတ်ရင်း ဝိညာဥ်အာရုံများကို ဖြန့်ကျက်ကာ မိုင်ပေါင်း ဆယ်ဂဏန်းခန့်ကို စစ်ဆေးလိုက်ကြသည်။
ကံကောင်းထောက်မစွာပင် ဤနေရာ၌ မည်သည့် သက်ရှိ အငွေ့အသက်မှ ရှိမနေခဲ့တော့။
“သူ ထွက်သွားပြီ...”
တစ်ယောက်က မောပန်းနွမ်းနယ်စွာဖြင့် ပင့်သက်တစ်ချက် ရှိုက်ရင်း ရေရွတ်လိုက်၏။ သူ၏ ခြေထောက်များက ခွေယိုင်နေကာ မြေပြင်ပေါ် ပြုကျလုနီးပါးပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“ငါတို့ ပေါ့ဆလို့ မဖြစ်သေးဘူး...”
ထွားကျိုင်းသည့် ရင်သားများကို ပိုင်ဆိုင်ထားသည့် မိန်းကလေး တစ်ယောက်က ခေါင်းခါလိုက်၏။ သူမက သတိအပြည့် မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်နေဆဲ ဖြစ်လေသည်။
အရပ်ရှည်ရှည်နှင့် ရုပ်ရည် သန့်ပြန့်သည့် အသတ်လတ် ယောက်ျား တစ်ယောက် မြေပြင်ပေါ် ဒူးတစ်ဖက်ထောက်ကာ ထိုင်ချရင်း မီးခိုးရောင် သဲသောင်ပြင်ကို လက်တစ်ဖက်ဖြင့် ထိလိုက်၏။
သူ၏ မျက်လုံးများက ဝိညာဥ်အလင်းတန်းများဖြင့် တဖျပ်ဖျပ် တောက်ပနေကာ လောကကြီး၏ လှုပ်ရှားမှုများကို လေ့လာရန် အစီအရင်တစ်ခုကို အသက်သွင်းနေဟန် ရလေသည်။ အခြားလူများမှာ သူ့ကို ဝန်းရံရင်း ရရှိလာမည့် အဖြေကို ရင်တမမဖြင့် စောင့်ဆိုင်းနေကြသည်။ မိနစ် အနည်းငယ် ကြာပြီးနောက် အသက်လတ် လူကြီးက ခေါင်းတစ်ချက် ညိတ်လိုက်၏။
“သူ ထွက်သွားပြီ...”
“သူ ထွက်သွားပြီ...”
ကြီးမားသည့် ဖိအားကြီးတစ်ခု ပြေလျော့သွားသည့် အလား သက်ပြင်းချသံများ အစီအရီ ထွက်ပေါ်လာ၏။ အချို့က စိတ်ကို လျှော့ချလိုက်ဟန်ဖြင့် ကြယ်တာရာ အင်အားများကို ပြန်လည် ရုတ်သိမ်းကာ မြေပြင်ပေါ် ခြေပစ်လက်ပစ် လှဲလိုက်လိုက်ကြသည်။ လွန်ခဲ့သည့် နာရီပိုင်းကား သူတို့ အတွက် ပြန်၍ပင် မတွေးချင်လောက်သည့် ငရဲခန်း တစ်ခုပင်။
“ငါတို့ ကျဆုံးသွားတယ်...”
ရင်သားကြီးကြီးနှင့် မိန်းကလေးက ကြိတ်မနိုင် ခဲမရ ရေရွတ်လိုက်၏။ အသက်လတ် လူကြီးက မတ်တပ်ရပ် လိုက်ရင်း လေးပင်စွာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“အဲဒီ သစ်တောစိမ်း အယ်ဗန် တစ်ယောက်က ပျက်သုဥ်းခြင်း နယ်မြေမှာ ဒီလောက် ကြောက်ဖို့ ကောင်းလိမ့်မယ်လို့ ဘယ်သူက ခန့်မှန်းမိမှာလဲ... ကံတရားကိုပဲ အပြစ်တင်ရမှာပဲ"
စူးရှသည့် မျက်လုံးများကို ပိုင်ဆိုင်ထားသည့် မိန်းမကြီး တစ်ယောက်က မကျေမနပ်ဖြင့် မြေကြီးကို ဆောင့်နင်း လိုက်၏။
“အကိုပိုယု... ငါတို့တွေ ထောင်ချောက်မိသွားကာ... အဲဒီ အယ်ဗန်မက သာမန် ကောင်းကင် အုပ်စိုးသူ မဟုတ်ဘူး... သူ့မှာ အဆင့်မြင့် ကြယ်တာရာ လက်နက် ကိုးခုတောင် ရှိတယ်... နောက်ပြီး အဲဒီ လက်နက် ကိုးခုက အစုံလိုက်လိုမျိုး တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေတာ... နောက်ပြီး သူ့ရဲ့ ကျင့်ကြံခြင်း အခြေခံကလည်း သာမန် မဟုတ်ဘူး... သူနဲ့ ရင်ဆိုင်ရတာက အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက်နဲ့ ရင်ဆိုင် နေရသလိုပဲ”
သူမ၏ ပုံစံက ယခုကဲ့သို့ အလူးအလဲ ခံခဲ့ရခြင်း အပေါ် ခံပြင်းကာ ဒေါသထွက်နေပုံပင်။
“ထောင်ချောက်မိသွားတယ်လို့တော့ ငါ မထင်ဘူး... အချက်အလက်တွေကို ငါတို့ သေချာ မစုဆောင်းလိုက်မိတာ... နောက်တစ်ကြိမ်ကျ ငါတို့ ပိုပြီး စုစည်းဖို့နဲ့ သေချာ ပြင်ဆင်ဖို့ လိုအပ်တယ်... ကန္တရာဆင်းသက်ခြင်း မြို့တော်မှာ သစ်သား ကျင့်ကြံသူတွေကို ကန့်သတ်နိုင်တဲ့ အစီအရင် တစ်ခု ရှိတယ်... ခု ငါတို့ နောက်ပြန်ဆုတ်မယ်... အုပ်စုပြန်ဖွဲ့မယ်... သေချာပြင်ဆင်မယ်... ပြီးရင် နောက်တစ်ခေါက် ပြန်လာမယ်”
အကို ပိုယုဟု အခေါ်ခံရသည့် အသတ်လတ် လူကြီးက အလေးအနက် အမူအရာနှင့် ပြောလိုက်၏။
“ဟုတ်တယ်... အဲဒီ မိစ္ဆာမက ငါတို့လူတွေ အများကြီးကို သတ်ထားတာ... အဲဒီစကားသာ အပြင်ကို ပြန့်သွားရင် အနာဂတ်က ဘယ်သူက ငါတို့ကို ကြောက်ကြတော့မှာလဲ”
စူးရှသည့် မျက်လုံးများကို ပိုင်ဆိုင်ထားသည့် မိန်းမကြီးက ထောက်ခံလိုက်၏။
“အနာဂတ်မှာ ဘယ်သူက ငါတို့ကို ကြောက်ကြတော့မှာလဲ ဟုတ်လား... ဟမ့်... ငါတို့က အုပ်စုတစ်ခုတောင် ဟုတ်လို့လား... ငါတို့ ဆိုပြီး သိမ်းကြုံး မပြောစမ်းပါနဲ့”
ထွားကျိုင်းသည့် ရင်သားများကို ပိုင်ဆိုင်ထားသည့် မိန်းကလေးက နှာခေါင်းရှုံ့ရင်း တုန့်ပြန်လိုက်သည်။ သူတို့နှစ်ယောက် အကြားရှိ ဆက်ဆံရေးက အစောကတည်းက ဆိုးရွားနေသည်မှာ ရှင်းရှင်းလင်းလင်းပင်။
“နင်...”
မိန်းမကြီး၏ မျက်လုံးများက အေးခဲသွားကာ ဒေါသတရားများဖြင့် ပြည့်နှက်သွား၏။ သူမက ဒေါသတကြီး တုန့်ပြန်ရန် ဟန်ပြင်လိုက်စဥ်မှာပင် အကို ပိုယုက ဝင်ရောက် ဖျန်ဖြေလိုက်သည်။
“တော်ကြတော့... ခုချိန်မှာ ငါတို့ အားလုံးရဲ့ ရန်သူက တစ်ယောက်တည်းပဲ... ဆုံးရှုံးသွားတဲ့ အသက်တွေက အလကား မဟုတ်ဘူး... ခုချိန် အတွင်းပိုင်းမှာ သွေးကွဲနေလို့ မဖြစ်ဘူး”
“အမှန်ပဲ... ငါတို့ သူ့ကို ရမှ ဖြစ်မယ်... သစ်တောစိမ်း အယ်ဗန်တစ်ယောက်ရဲ့ တန်ဖိုးက အနည်းဆုံး ကြယ်တာရာ သလင်းကျောက် သောင်းချီတန်ကြေးရှိတယ်... ရလာတဲ့ ပိုက်ဆံတွေကို ခွဲယူမယ် ဆိုရင်တောင် ဆယ်စုနှစ် သုံးလေးခုလောက် ငါတို့ အေးအေးဆေးဆေး ထိုင်သုံးလို့ရတယ်”
အခြား အဖွဲ့ဝင် လူငယ် တစ်ယောက်က နှုတ်ခမ်းကို သပ်ရင်း ဝင်ရောက် ပြောဆိုလိုက်၏။ သူ၏ မျက်လုံးများက ရင်သားကြီးသည့် မိန်းကလေး၏ ခန္ဓာကိုယ် တစ်ခုလုံးကို စုန်ချည်ဆန်ချည် ရွေ့လျားနေသည်။ ထို့နောက် သူ မျက်လုံးများကို မှိတ်လိုက်ရင်း မိန်းကလေးသာ ဘာမှ ဝတ်မထားပါက ဘယ်လိုနေမည်လဲ ဟု စိတ်ကူးယဥ် လိုက်မိ၏။
သစ်တောစိမ်း အယ်ဗန်ကို ဖမ်းမိသည်နှင့် များစွာသော ငွေကြေးများ ရရှိလာမည်မှာ သေချာပေသည်။ အကယ်၍ သူမသာ ကြည်ဖြူမည် ဆိုလျှင်...
“သတိထား...”
ရုတ်တရက် ထွက်ပေါ်လာသည့် အော်ဟစ်သံကြောင့် လူငယ်၏ စိတ်ကူးယဥ် ကမ္ဘာမှာ ပြိုကျသွား၏။ သူ မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ မြစိမ်းရောင် နွယ်ပင်များမှာ မီးခိုးရောင် သဲသောင်ပြင်ထဲမှ တိုးထွက်လာကာ အဖွဲ့အတွင်းရှိ လူများ၏ လည်ပင်းများထံ တိုးဝင် ရစ်ပတ်နေသည်ကို တွေ့မြင်လိုက်ရ၏။
“ဘာလဲ...”
လူငယ်၏ မျက်လုံးများက ချက်ချင်းပင် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်သွားကာ ထိုင်နေရာမှ ခုန်ထလိုက်၏။ ထိုအခိုက်အတန့်တွင်ပင် သူ့ကမ္ဘာတစ်ခုလုံးက ရုတ်ချည်း မည်းမှောင်သွားကာ တိတ်ဆိတ်သွား၏။ ရင်ဘတ်ဆီမှ တိုးဝင်ကာ ဖောက်ထွက်လာသည့် သေမင်းတမန် နွယ်ပင်တစ်ခုကိုတော့ သူ မြင်တွေ့ခွင့် မရလိုက်တော့ချေ။
***