ကျီးနတ်မင်း၏ မျိုးနွယ်စုငါးစု
Vol. 28 Ch. 390
သွေးရောင်ပုံရိပ်က နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ပြီး အမှုမထားသလို အင်္ကျီလက်စခါလိုက်သည်။ လရောင်အောက်က ဤလူ၏ပုံရိပ်သည် လူတိုင်း၏မှတ်ဉာဏ်အတွင်း၌ ချက်ချင်း စွဲထင်ကျန်သွားလေပြီ။
မျက်နှာဖုံး၌ မျက်လုံးပေါက်နှစ်ပေါက်ရှိသော်လည်း ကျန်အင်္ဂါရပ်များ မပါရှိပေ။ မျက်လုံးများပင်လျှင် နီရဲနေ၏။ သို့သော် ၄င်းတို့က ရူးသွပ်မိုက်မဲမှုတို့ဖြင့် ပြည့်နှက်မနေဘဲ သွေးအေးရက်စက်မှုတို့ ပြည့်နှက်နေသည်။
သူ၏အစိမ်းရောင်ဝတ်ရုံနှင့် ရှည်လျားသော အနက်ရောင်ဆံနွယ်များ အပေါ်သို့ လရောင်ခြည်တို့ ဖြာကျနေစဥ် သူသည် အစွမ်းထက်သော အခိုးအငွေ့နှင့်အတူ မိစ္ဆာအငွေ့အသက် အနည်းငယ်ကိုလည်း ထုတ်လွှတ်နေသည်။
"လူကြီးမင်း သင်က ဘယ်သူပါလဲ" လီထျန်းက အာကျယ်ကျယ်နှင့် ပြောသည်။ သူ့ဘေးတွင် ဝမ်နှင့်မိုက မန်ဟို့ကို မျက်လုံးများ ကျဥ်းမြောင်းလျက် ကြည့်နေသည်။ စိတ်ထဲတွင် သူတို့သည် သတိအပြည့်ရှိနေ၏။ မျက်နှာဖုံး၏ တမူထူးခြားသော အစွမ်းများကို သူတို့ မမြင်နိုင်သော်လည်း မန်ဟို့၏ကျင့်ကြံခြင်းအခြေခံမှာ အမြုတေဖြစ်တည်မှုအဆင့်သာ ရှိသေးသည်ကို သူတို့ ကောင်းကောင်းမြင်နိုင်လေသည်။ သို့စေကာမူ စောစောက တိုက်ကွက်မှာ သာမန်ကာလျှံကာ ဖြစ်ပုံပေါ်သော်လည်း တကယ်တမ်း အနုသုခုမရုပ်ခန္ဓာအဆင့်နီနီး စွမ်းအားလှိုင်းများအား ပြသခဲ့လေသည်။
ထို့ကြောင့် လူတိုင်းမှာ မန်ဟို့၏ကျင့်ကြံခြင်းအခြေခံနှင့်ပတ်သက်ပြီး ရုတ်တရက် တွေဝေကုန်ကြ၏။
ရန်စုန့်၏မျက်လုံးများ လက်သွားသည်။ တစ်စုံတခုက ရင်းနှီးနေသည့်အတွက် သူ၏ရင်ထဲတွင် အံ့သြတုန်လှုပ်ခြင်းတို့ ပြည့်သျှံလာသည်။
"ကျုပ်ကို တာအိုရောင်ရင်းရန် ဖိတ်ထားတာ" မန်ဟိုက အေးတိအေးစက်ပြောသည်။ "ဒါက ခင်ဗျား ဧည့်သည်ကို ဆက်ဆံတဲ့ပုံလား" သူ၏အနောက်တွင် ဘီလူးရိုင်းကြီးက တောကိုဖြတ်၍ တရွေ့ရွေ့လျှောက်လာသည်။ ဂုလာမှာမူ မန်ဟို့လက်ချက်ကြောင့် သတိမေ့နေ၏။ လက်ရှိကိစ္စမှာ သူနားထောင်ရမည့်အရာမဟုတ်ပေ။
ဘီလူးရိုင်းကြီးမှာ အလွန်ကြီးမားသော်လည်း အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ အဖက်လုပ်နေမည့်အရာမဟုတ်ပေ။
ရန်စုန့်သည် မန်ဟို့အသံကို မှတ်မိလိုက်သဖြင့် သဘောပေါက်သွား၏။ "တာအိုရောင်ရင်းမန်" သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ စိတ်ထဲတွင်တော့ မန်ဟိုက သူထင်ထားသည်ထက်ပို၍ လျှို့ဝှက်ဆန်းကြယ်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်လေသည်။ ယခင်က သူ၏သုံးသပ်ချက်မှာ မန်ဟိုသည် အမြုတေဖြစ်တည်မှုအဆင့် ဆေးဝါးတာအိုမဟာအကြီးအကဲတစ်ဦးဟူ၍ ဖြစ်သည်။ သို့သော် စောစောက မြင်ကွင်းက သူ့ကို စိတ်နှလုံးမတုန်လှုပ်စေဘဲ မနေပေ။
"ဘာလျှို့ဝှက်ချက်တွေများ ရှိနေဦးမလဲ...." ရန်စုန့်က တွေးသည်။ တကယ်တမ်း မန်ဟိုနှင့်ပတ်သက်၍ များများစားစား မသိထားကြောင်း သူသဘောပေါက်သွားလေသည်။ သူက တစ်ချက်ရယ်ပြီးနောက် လက်ယှက်ကာ ပြောသည်။ "တာအိုရောင်ရင်းမန်မှန်း မသိလိုက်လို့ပါဗျာ။ နားလည်မှုလေးလွဲသွားတာပါ။ တာအိုရောင်ရင်းလီ၊ တာအိုရောင်ရင်းမိုနဲ့ တာအိုရောင်ရင်းဝမ်တို့ ဟော့ဒီက တာအိုရောင်ရင်းမန်နဲ့ မိတ်ဆက်ပေးပါရစေ။ သူက ကျုပ်တို့အဖွဲ့ရဲ့ နောက်ဆုံးလူ၊ ကျုပ်တောင် မယှဥ်နိုင်တဲ့ ဆေးဝါးတာအိုမဟာအကြီးအကဲတစ်ယောက်ပဲ။ တာအိုရောင်ရင်းမန် ဒီရောက်လာပြီဆိုမှတော့ ကျုပ်တို့ရဲ့ အောင်မြင်နိုင်ခြေလည်း မြင့်သွားပြီ"
လီထျန်းနှင့်အခြားသူများက ခေါင်းညိတ်လိုက်သည်။ စောစောကထက် ရန်လိုမှုများများ နည်းပါးသွားလေပြီ။
သူတို့အနေဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံက အမြုတေဖြစ်တည်မှုအဆင့် ဖြစ်သည့်အတွက် အထင်သေးကောင်း အထင်သေးနိုင်သည်။ သို့သော် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများမှာ ပုံမှန်အားဖြင့် ထူးခြားကြလေသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ အတော်များများမှာ ကျင့်ကြံခြင်းအခြေခံ အစစ်အမှန်ကို တခြားသူများ မသိရှိအောင် ဖုံးကွယ်ထားလိုကြောင်း သူတို့သိကြ၏။
ရန်စုန့်သည် ထပ်မံရှင်းပြမနေတော့ဘဲ အဖွဲ့နှင့်အတူ ငွေရောင်စမ်းချောင်းဘေးတွင် စုဝေးလိုက်သည်။
မန်ဟို့၏ပုံစံမှာ ဟက်ဟက်ပက်ပက်မရှိပေ။ သူသည် တောင်ပိုင်းဒေသရှိ ချင်းလော်ဂိုဏ်း၏ မြင့်မြတ်သော ရှေးဟောင်းနယ်မြေမှာတုန်းက ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်ကြောင့် အသက်စွမ်းအားအနည်းငယ် စတေး၍ မျက်နှာဖုံးတပ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ထိုစဥ်က သူ့မှာ မလုံလောက်သော ကျင့်ကြံခြင်းအခြေခံကြောင့် အတိုက်ခိုက်ခံခဲ့ရ၏။ ပြဿနာအား ဖြေရှင်းခဲ့ပြီးသော်လည်း ၄င်းက မလိုလားသော အခြေအနေတချို့ ဖြစ်ပွားစေခဲ့သေးသည်။
ဤတစ်ခေါက်တွင်တော့ သူလည်း အစွမ်းထက်သောပုံစံ ဖမ်းသင့်ကြောင်း သဘောပေါက်လိုက်သည်။ သွေးမျက်နှာဖုံးတပ်ထားခြင်းဖြင့် သူသည် ပုံမှန်ထက်အစွမ်းထက်သွားပြီမဟုတ်ပါလော။
"တာအိုရောင်ရင်းမန် ရောက်လာပြီဆိုတော့" ဝမ်အမည်ရှိလူက ပြောသည်။ "လူစုံသွားပြီပဲ။ တာအိုရောင်ရင်းဟန် စိတ်ဝိညာဥ်ခွဲထွက်ခြင်းဆေးလုံးကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်ရှင်းပြပေးလို့ ရမလား" သူက မန်ဟို့ကို ကြည့်ပြီးနောက် မိုအမည်ရှိ အနက်ရောင်ဝတ်ကျင့်ကြံသူကို လှမ်းကြည့်သည်။ သူ၏မျက်လုံးများမှာ သည်းမခံနိုင်တော့သော အရိပ်အယောင်နှင့် အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် တောက်ပသွားသည်။
သူက သဘောထားကို ဖုံးကွယ်ခြင်းမရှိရာ လီထျန်းထံမှ ရယ်သံထွက်လာသည်။ ရန်စုန့်လည်း သတိပြုမိ၏။ သူ့မှာ ဘာပြောရမလဲ မသိတော့သဖြင့် အားတုံ့အားနာပြုံးလိုက်သည်။
မန်ဟို မှင်သက်သွား၏။ ကျင့်ကြံသူဝမ်၏အသတ်အဖြတ်စိတ်ဆန္ဒမှာ နားလည်ရခက်သဖြင့် မန်ဟို့ကို အံ့အားသင့်သွားစေလေသည်။ ထိုအခါမှ မိုအမည်ရှိ ကျင့်ကြံသူလည်း သူ့ကို အသိအမှတ်ပြုပြီး စူးစမ်းနေသော အရိပ်အယောင်ဖြင့် ကြည့်နေကြောင်း သတိထားမိလိုက်သည်။ ထိုလူမှာ သက်လတ်ပိုင်းအရွယ်ဖြစ်သော်လည်း သူ၏အသားအရေမှာ ကျောက်စိမ်းသဖွယ် ကြည်လဲ့နေပြီး သူ၏ ခန့်ညားသော ပုံပန်းသွင်ပြင်မှာ နူးညံ့ကြင်နာမှုတို့ဖုံးလွှမ်းနေသည်။
ကျင့်ကြံသူမို၏ အကြည့်မှာ ထိတ်လန့်စရာကောင်းသော်လည်း လီထျန်း၏ရယ်သံကို ကြားသည်နှင့်တစ်ပြိုင်နက် သူ့ကိုခြောက်လှန့်နေသော အရာတစ်ခုကို တွေးမိလိုက်ဟန်တူသည်။ သူက ချောင်းဟန့်ပြီး ဝမ့်အကြည့်ကို ရှောင်လွှဲရန် နောက်ဆုတ်လိုက်သည်။
ရန်စုန့်က ခေါင်းကို ဘယ်ညာခါရမ်းလိုက်၏။ သူ့မှာ ခပ်ယဲ့ယဲ့သာ ပြုံးနိုင်တော့သည်။ "တာအိုရောင်ရင်းတို့ လေးယောက် ကျုပ်အပေါ် ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားအားလုံး ရောက်လာပြီဆိုတော့ အနောက်ပိုင်းသဲကန္တာရမှာ ကျုပ်တို့လုပ်ငန်းကို သေချာပေါက် အကောင်အထည်ဖော်နိုင်ပါပြီ။ ဒါပေမဲ့ ကျုပ် ရန်စုန့် ခင်ဗျားတို့ကို လှည့်စားဖို့ စိတ်ကူးမရှိပါဘူး။ ဒီကိစ္စက အရမ်းအန္တရာယ်များမှာပါ" သူက လေးယောက်၏ အမူအရာကို အကဲခတ်ပြီးနောက် ဆက်ပြောသည်။
"ရှေးခေတ်ဆေးဝါးတာအိုဆိုတာ ယနေ့ခေတ်ဆေးဝါးတာအိုထက် အဆများစွာ သာလွန်တယ်။ အများစုက တိမ်ကောပျောက်ကွယ်သွားပြီး အခုအချိန်မှာ အနုသုခုမရုပ်ခန္ဓာအဆင့်အထိပဲ အာနိသင်ရှိတဲ့ ဆေးလုံးတွေကိုပဲ အတွေ့များတော့တယ်။ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအတွက် အသုံးဝင်တဲ့ဆေးလုံးတွေက အင်မတန်ရှားပါးနေပြီ။ လူတစ်ယောက်ဟာ ရှေးခေတ်ကတည်းက အခုထိ တည်ရှိနေသေးတဲ့ ဆေးလုံးကို ရယူပြီးတော့ ဆေးလုံးပြန်ဖော်နိုင်တယ်။ ဒါပေမဲ့ အဲ့ဒါက အလွန်ဆုံး မူလဆေးလုံးရဲ့ ဆယ်ရာခိုင်နှုန်းလောက်တောင် မထိရောက်ပေဘူး
"ရှေးခေတ်ဆေးဝါးတာအိုနဲ့ မျက်မှောက်ခေတ်ဆေးဝါးတာအိုကို ပိုင်းခြားထားတဲ့အရာက စိတ်ဝိညာဥ်ခွဲထွက်ခြင်းဆေးလုံးပဲ။ ရှင်သန်ခြင်းနေ့လို့လည်း အသိများတဲ့ ဒီဆေးလုံးကို စားလိုက်တာနဲ့ ကျင့်ကြံသူက ကောင်းကင်နှင့်မြေကြီးရဲ့ ဉာဏ်အလင်းထဲ စျာန်ဝင်စားသွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်း နားလည်ပြီး ပထမခွဲထုတ်ခြင်းကို လုပ်ဆောင်နိုင်ပြီ
"ရောင်ရင်းတို့အားလုံး ကျုပ်ပေးထားတဲ့ သစ်သားပေလွှာမှာ တစ်ခေါက်ပြန်ဖတ်ကြည့်နိုင်ပါတယ်။ ကျုပ် ရန်ဟာ နေရာမျိုးစုံကို နှစ်ပေါင်းများစွာ ခရီးနှင်ခဲ့ပြီးမှ အနောက်ပိုင်းသဲကန္တာရမှာ တည်ရှိနေတဲ့ ရှေးဆေးဝါးတာအိုရဲ့ တည်နေရာကို အတည်ပြုနိုင်ခဲ့တယ်
"သူ့တည်တန့်နေရတဲ့အကြောင်းရင်းက ကျီးနတ်မင်းမျိုးနွယ်စု ပေါ်ထွက်လာတာနဲ့ ပတ်သက်နေလောက်တယ်။ သူတို့ရဲ့ အထွတ်အမြတ်တောင်ကို တိတ်တဆိတ်ဝင်ရောက်ဖို့ ကျုပ်ကြိုးစားခဲ့ပေမယ့် အနားတောင် ကပ်မရခဲ့ဘူး။ အဝေးကပဲ ကြည့်လို့ရခဲ့တယ်။ ဒါပေမဲ့ အဲ့ဒါက ရှေးဆေးဝါးတာအိုနဲ့ ပတ်သက်နေတာ သေချာတယ်"
ရန်စုန့် ဖြေးဖြေးချင်း ရှင်းပြနေစဥ် မန်ဟို၏အမူအရာမှာ မပြောင်းလဲပေ။ သို့ရာတွင် သူ၏ရင်ထဲတွင်တော့ ရန်စုန့်စကားက မည်မျှမှန်ပြီး မည်မျှမှားကြောင်း သုံးသပ်နေ၏။
"ကျီးနတ်မင်းမျိုးနွယ်စုက အင်အားနည်းပြီး တကွဲတပြားဖြစ်သွားတာ ကြာပြီ။ အခု သူ့မှာ အင်အားစုငါးစုရှိတယ်။ တစ်စုစီက အာဏာကိုယ်စီနဲ့ မျိုးနွယ်စုတွေ တည်ထောင်ထားကြတယ်။ ကျီးစစ်သည်မျိုးနွယ်စု၊ ကျီးသူရဲကောင်းမျိုးနွယ်စု၊ ကျီးကင်းထောက်မျိုးနွယ်စု၊ ကျီးမီးတောက်မျိုးနွယ်စုနဲ့ အမှောင်ကျီးမျိုးနွယ်စုတို့ပဲ "
မန်ဟိုက ပျက်ယွင်းခြင်းမရှိသော မျက်နှာထားဖြင့် နားထောင်နေသည်။ သို့သော် သူ ဖမ်းပြီးလေ့လာခဲ့သော ကျီးကင်းထောက်မျိုးနွယ်စုမှ ဝူမုကို ပြန်အမှတ်ရလိုက်သဖြင့် ရင်ဒိန်းခနဲ ခုန်သွားလေသည်။
"အဲ့ဒီတော့ ပြောချင်တာက ဘာလဲ" ဝမ်က အပြုံးအရယ်မရှိဘဲ ခက်ထန်စွာ ပြောသည်။ "ဒီတိုင်း ကျုပ်တို့ကို ကျီးနတ်မင်းတောင်ကိုသာ ခေါ်သွားပေး။ အတူတူဝင်ကြမယ်"
"တာအိုရောင်ရင်းဝမ် ဒီကိစ္စက အဲ့ဒီလောက်မရိုးရှင်းဘူး" ရန်စုန့်က ခေါင်းရမ်းပြီး ပြန်ပြောသည်။ "ကျီးနတ်မင်းမျိုးနွယ်စုက တကွဲတပြားဖြစ်ရင် ဖြစ်နေမယ်။ ဒါပေမဲ့ ကျီးနတ်မင်းတောင်ထိပ်မှာ အရုပ်နတ်ဘုရားတစ်ပါး ရှိတယ်။ တစ်နည်းအားဖြင့်ပြောရင် စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးတစ်ဦးပေါ့။ သူက ကျီးနတ်မင်းတောင်မှာ ရှိနေမှတော့ ကျုပ်တို့ ဒီအတိုင်း ဝင်လိုက်လို့ရမယ် ထင်လား
"ဘယ်လိုမှမရနိုင်ဘူး။ ကျုပ်တို့ တခြားဗျူဟာခင်းရမယ်။ ကျီးနတ်မင်းမျိုးနွယ်စုက မျိုးနွယ်စုအခွဲငါးခု ကွဲနေတယ်မလား။ ပြီးတော့ သတ်မှတ်ထားတဲ့ရက်တိုင်း မျိုးနွယ်စုငါးစုက ဘိုးဘေးတွေကို ဂါဝရပြုပြီး အရုပ်စွမ်းအားရရှိဖို့ သူတို့ရဲ့အထွတ်အမြတ်တောင်မှာ စုဝေးကြလိမ့်မယ်
"အဲ့ဒါပဲ ကျုပ်တို့ ကျီးနတ်မင်းတောင်ကို ဝင်ရောက်နိုင်မယ့်နည်းလမ်းပဲ။ ဒါကြောင့် ကျုပ်တို့ မျိုးနွယ်စုငါးစုထဲ ရုပ်ဖျက်ဝင်ရမယ်။ ငယ်သားအနေနဲ့ ယုံကြည်မှုရပြီဆိုရင်တော့ ကျီးနတ်မင်းတောင်ကို ဝင်ခွင့်ရလိမ့်မယ်။ တောင်ကို ဝင်လို့ရတာနဲ့ ကျုပ်တို့ လူပြန်စုပြီး ရှေးဆေးဝါးတာအိုရဲ့ ဆေးလုံးကို အတူတူအရယူနိုင်ပြီ" ရန်စုန့်၏မျက်လုံးများသည် စူးရှတောက်ပနေ၏။ သူသည် အကုန်လုံး အဆင်ပြေချောမွေ့စေဖို့ အချိန်အတော်ကြာကတည်းက စီစဥ်နေခဲ့ကြောင်း ထင်ရှားလေသည်။
မန်ဟို၏မျက်လုံးများ ကျဥ်းမြောင်းနေပြီး လီထျန်းမှာ အတွေးထဲနစ်မြောနေဟန်ပင်။ ဝမ်နှင့်မိုက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး အစီအစဥ်ကို လက်ခံပုံရသည်။
ရန်စုန့်က အခြေအနေကိုကြည့်ပြီး ရယ်၏။ "သူတို့ယုံကြည်မှုအောင် ဘယ်လိုလုပ်ရမလဲဆိုတာတော့ ရောင်ရင်းတို့အားလုံးမှာ နည်းလမ်းကိုယ်စီရှိလိမ့်မှာပါ" .
"အရှိန်အဝါပြဿနာကိုရော ဘယ်လိုဖြေရှင်းကြမလဲ" မန်ဟိုက မေးသည်။
"အဲ့ဒီကိစ္စအတွက်တော့ တာအိုရောင်ရင်းလီကို အားကိုးရမှာပဲ။ သူက အနောက်ပိုင်းသဲကန္တာရမှာ နှစ်တစ်ရာကျော်နေထိုင်ခဲ့ပြီးတော့ အခုထက်ထိ ဘယ်သူမှ သူ ဘယ်မျိုးနွယ်စုကလဲ ဘယ်လိုပုံစံလဲ မဆုံးဖြတ်နိုင်ကြသေးဘူး။ ရောင်ရင်းလီက ဒီကိစ္စမှာ တော်တော်ကျွမ်းမှာ သေချာတယ်" ရန်စုန့်က ထိုသို့ပြောပြီး လီထျန်းကို လက်ယှက်အရိုအသေပေးလိုက်သည်။
"ပြဿနာ မရှိဘူး" လီထျန်းက အေးအေးဆေးဆေးပြန်ဖြေသည်။ "ဒီနေ့ ဒီနေရာကို မလာခင် ရှားပါးရတနာငါးပါး ဖန်တီးဖို့အတွက် လျှို့ဝှက်ပညာရပ်တစ်ခု ကျုပ်သုံးခဲ့တယ်။ ဒီရတနာတွေက သုံးနှစ်ကြာတဲ့အထိ အရှိန်အဝါကို ပြောင်းလဲပြီး ကျင့်ကြံခြင်းအခြေခံကို ဖုံးကွယ်ထားပေးနိုင်တယ်။ ဒီပစ္စည်းကို သုံးပြီး အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတွေနဲ့ ချွတ်စွပ်တူတဲ့ အရုပ်ဆေးမင်ကြောင်တစ်ခုကို ထုတ်ဖော်နိုင်တယ်
"ဒါပေမဲ့ ဒီလိုရတနာမျိုးကို စေတနာတစ်ပုံတခေါင်းနဲ့ အလကားပေးမှာမဟုတ်ဘူး။ ရန်စုန့် ခင်ဗျားက ကျုပ်တို့အဖွဲ့ရဲ့ ခေါင်းဆောင်ဆိုတော့ ခင်ဗျားကိုတော့ ဘာမှမမေးဘဲ တစ်ခုပေးမယ်။ ဒါပေမဲ့ ကျန်တဲ့တာအိုရောင်ရင်းတွေ ကျုပ်ရတနာကို လိုချင်ရင် ဒီကိစ္စမှာ ခင်ဗျားတို့ ဘယ်နေရာမှာ အသုံးဝင်မလဲ ရှင်းပြရမယ်" လီထျန်း၏မျက်လုံးများ တောက်ပနေသည်။ သူသည် စကားလုံးများအား ဂရုတစိုက် သုံးသွားသော်လည်း အခြားသူများနှင့်ပတ်သက်၍ နှိုက်နှိုက်ချွတ်ချွတ် စပ်စုလိုကြောင်း သိသာလေသည်။
ကျင့်ကြံသူဝမ်က အေးစက်စက်နှာမှုတ်ပြီး ပြောသည်။ "ကျုပ်တို့နှစ်ယောက်က ကျီးနတ်မင်းတောင်ရဲ့ ရှုပ်ထွေးတဲ့ မန္တန်ဝင်္ကပါတွေအကုန်လုံးကို ခွဲခြမ်းစိတ်ဖြာပြီး ရှင်းပြနိုင်တယ်။ ခင်ဗျားတို့ လက်တစ်ချောင်းတောင် မလှုပ်စေရဘူး"
လီထျန်းက ရယ်ပြီး ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ အဖြူရောင်အလင်းတန်းသုံးတန်း ထွက်သွားပြီး နှစ်တန်းက ဝမ်နှင့်မို၏ လက်ထဲဆင်းသက်ကာ ကျန်တစ်တန်းက ရန်စုန့်အရှေ့တွင် ပျံဝဲနေသည်။
"ခင်ဗျားရော ဘယ်လိုလဲ တာအိုရောင်ရင်းမန်" လီထျန်းက မန်ဟို့ကို လှမ်းကြည့်ရင်း ပြောသည်။ ဤလူအားလုံး မန်ဟို့ကို ကြောက်ကြလေသည်။ စောစောက သူ၏သာမန်ကာလျှံကာ တိုက်ကွက်လေးတစ်ကွက်က သူတို့အားလုံးကို တုန်လှုပ်စေခဲ့သည်မဟုတ်ပါလော။
"ကျုပ်က ဆေးဝါးတာအိုအားလုံးရဲ့ဆရာတစ်ဆူပဲ" မန်ဟိုက တည်ငြိမ်အေးဆေးစွာ ပြောသည်။ သူ၏စကားလုံးများက လီထျန်းကို မျက်မှောင်ကြုတ်သွားစေ၏။ ဝမ်နှင့်မိုလည်း ရုတ်တရက် အလွန်လေးနက်သွားသည်။
ရန်စုန့်က ဘာတစ်ခွန်းမှမပြောဘဲ ရယ်လိုက်သည်။ အချိန်အတန်ကြာသော် လီထျန်းက အင်္ကျီလက်စခါ၍ အဖြူရောင်အလင်းတန်းတစ်တန်းအား မန်ဟို့ထံ ပြေးဝင်သွားစေသည်။
"ဘယ်လိုသုံးရမလဲဆိုတာတော့ ကိုယ်နည်းကိုယ့်ဟန်နဲ့သာ ရှာကြည့်ပါ"
"သိပ်ကောင်းတယ်" ရန်စုန့်က ပြောသည်။ "ကျုပ်တို့အားလုံး သဘောတူကြတယ်ဆိုတော့ အခု မျိုးနွယ်စုငါးစုဆီ သွားသင့်ပြီ။ ကျုပ်က ကျီးမီးတောက်မျိုးနွယ်စုကို ဝင်မယ်"
"ကျုပ် ကျီးစစ်သည်မျိုးနွယ်စုကို ရွေးတယ်" ဝမ်က ပြောသည်။
"ကျီးကင်းထောက်မျိုးနွယ်စု" မန်ဟိုက ပြောသည်။ သူ၏မျက်နှာမှာ မည်သည့်ခံစားချက်ကိုမှ မဖော်ပြဘဲ ပကတိတည်ကြည်လျက်ရှိ၏။
"ဒါဆို ကျုပ် ကျီးသူရဲကောင်းမျိုးနွယ်စုကို ရွေးရမယ် ထင်တယ်" လီထျန်းက ပြောသည်။
သို့နှင့် မိုအတွက် အမှောင်ကျီးမျိုးနွယ်စုသာ ကျန်ရှိလေသည်။ တာဝန်အသီးသီးခွဲဝေပြီးနောက်တွင် ရန်စုန့်က အနားရှစ်ဖက်ပါသော ဖုန်းရွှေသံလိုက်ကို ထုတ်ကာ မြေကြီးပေါ် ချလိုက်သည်။ နေရာရွှေ့ပြောင်းခြင်းမှော်အလင်း ချက်ချင်း တောက်ပလာသည်။
"မျိုးနွယ်စုငါးစုထဲ ဝင်ပြီးရင် ကျုပ်တို့ အတတ်နိုင်ဆုံး အဆက်အသွယ်မလုပ်ဘဲ နေကြစို့" သူက ပြောသည်။ "ကျီးနတ်မင်းတောင်မှာ ပြန်ဆုံရင် သစ်သားပေလွှာနဲ့ ဆက်သွယ်ကြမယ်" ထို့နောက် သူက ကျောက်စိမ်းပြားများထုတ်ကာ အခြားသူများကို ကမ်းပေး၏။ "ဒီမှာ မျိုးနွယ်စုငါးစုနဲ့ အနောက်ပိုင်းသဲကန္တာရအကြောင်း အသေးစိတ်အချက်အလက်တွေ ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မျိုးနွယ်စုငါးစုလုံး လတ်တလော ငယ်သားတွေ အသစ်ခန့်နေတယ်။ သူတို့ဆီဝင်ရောက်ဖို့က အခက်အခဲမရှိဘူး" ထို့နောက် သူသည် နေရာရွှေ့ပြောင်းခြင်းမန္တန်အတွင်း ဝင်ရောက်ကာ ပျောက်ကွယ်သွား၏။
ဝမ်နှင့်မိုလည်း ရှေ့ဆင့်နောက်ဆင့် လိုက်သွားသည်။ မန်ဟိုသည် နေရာရွှေ့ပြောင်းခြင်းမန္တန်ကို ဂရုတစိုက် လေ့လာရင်း တခဏ တွေဝေနေပြီးနောက် ဂုလာကို ကိုင်ထားသည့် ဘီလူးရိုင်းကြီးအား ဆင့်ခေါ်လိုက်သည်။ ထို့နောက် လီထျန်း၏ စောင့်ကြည့်နေသော မျက်လုံးများအောက်၌ မန္တန်ထဲ ဝက်ရောက်သွားလေသည်။
မန်ဟို့မျက်ဝန်းထဲ၌ အရောင်များ တရိပ်ရိပ်လှုပ်သွားသည်။ သူ့ခန္ဓာကိုယ်မှာ ဆွဲဖြဲခံနေရသည့်အလား၊ သူ့မှာ အချိန်စီးဆင်းမှုအတွင်း၌ မျောနေသည့်အလား ခံစားလိုက်ရ၏။ အချိန်မည်မျှ ကုန်လွန်သွားသည်လဲ သူမသိတော့ပေ။ ထိုစဥ် သူ့နားထဲ၌ ဝီခနဲမြည်သွားပြီး အပိုင်းပိုင်းစုတ်ဖြဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် အရာအားလုံးပုံမှန် ပြန်ဖြစ်သွား၏။ သူကား အစိမ်းရောင်တောင်စဥ်တန်းတစ်ခုတွင် ပြန်ပေါ်လာလေသည်။
***