ကျင့်ကြံခြင်း ကိုးလတာ
Vol. 30 Ch. 417
နွယ်ပင်များမှာ လူငယ်တစ်ယောက်တည်းကိုသာ သတ်ဖြတ်ခဲ့ခြင်း မဟုတ်ချေ။ ကျင့်ကြံသူ နှစ်ဆယ့် ခုနစ်ယောက် ပါဝင်နေသည့် အုပ်စု တစ်ခုလုံး၏ သုံးပုံ နှစ်ပုံခန့်သော အသက်များကိုပါ နှုတ်ယူ သွားခဲ့ခြင်း ဖြစ်သည်။
ပိုယုက ကြယ်တာရာ အင်အားကို အသုံးပြုကာ ကောင်းကင်သို့ ပျံတက်လိုက်၏။ ကျင့်ကြံခြင်း အခြေခံ ပိုမို မြင့်မားသည့် လူတစ်ယောက် အနေဖြင့် ကောင်းကင်ကို ပျံတက်ပါက လွတ်မြောက်နိုင်လောက်သည် ဆိုသော ယုံကြည်ချက်မှာ သူ့နှလုံးသား အတွင်း ခိုအောင်းနေသည်။ သို့သော်လည်း မြေပြင်အထက် မီတာ နှစ်ဆယ်ခန့် လောက်ကို ရောက်သည်နှင့် မြစိမ်းရောင် ဓားပျံတစ်စင်းမှာ သူ့ထံသို့ ပျံသန်းလာ၏။
ရွှစ်...
သူ တစ်စုံတစ်ရာ တုန့်ပြန်ရန် အချိန်မရခင်မှာပင် ဓားက သူ့ခန္ဓာကိုယ်ကို နှစ်ပိုင်း ဖြတ်ကာ အသက်ကို နှုတ်ယူ သွားသည်။
ဘုန်း...
ပိုယု၏ အလောင်းမှာ မြေပြင်ပေါ် ပြန်လည် ပြုတ်ကျလာ၏။ အသက်ရှင် ကျန်ရစ်သည့် လူအားလုံး၏ မျက်လုံးများက ထိတ်လန့် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။ သူတို့ အုပ်စုထဲမှ အစွမ်း အထက်ဆုံး ကျင့်ကြံသူပင် အသတ်ခံခဲ့ရရာ သူတို့တွင် မျှော်လင့်ချက် မရှိတော့ချေ။
အရာအားလုံးက သူတို့ အမှား ဖြစ်သည်။ အန္တရာယ် ကင်းသည့် မြို့တစ်မြို့သို့ မရောက်ခင် သူတို့ လူစု မခွဲသင့်သလို မပေါ့ဆ ခဲ့သင့်ချေ။
စူးရှသော မျက်လုံး ပိုင်ရှင် မိန်းမကြီးနှင့် ရင်သားကြီးသည့် မိန်းကလေးတို့ထံမှာ ကျောချင်းကပ်ကာ ရပ်ရင်း နွယ်ပင်များကို ရင်ဆိုင်နေ၏။ ကြယ်တာရာ အင်အားများ အဆက်မပြတ် ကျဆင်းနေခြင်းနှင့် အတူ သူတို့၏ အသက်ရှူသံများက တောင်ကြီးတစ်လုံး ထမ်းထားရသလို လေးပင်နေသည်။
“ငါတို့ အညံ့ခံတယ်...”
မိန်းမကြီးက သူမထံ တိုးဝင်လာနေသည့် နွယ်ပင်များကို ဓားတစ်စင်းဖြင့် တားဆီးရင်း သွေးရူးသွေးတန်း အော်ဟစ်လိုက်သည်။ သို့သော်လည်း သူမ ရရှိလိုက်သည့် တုန့်ပြန်မှုကတော့ ပိုမို ထူထပ် သိပ်သည်းလာသည့် နွယ်ပင်များနှင့် မြစိမ်းရောင် ဓားပျံများပင် ဖြစ်သည်။
“အား...”
မိန်းမကြီး၏ ဓားကိုင်လက် တစ်ဖက်မှာ ခန္ဓာကိုယ်မှ ကင်းကွာကာ မြေပြင်ပေါ် ပြုတ်ကျသွား၏။ နောက်ထပ် တောင်းပန်ရန် အချိန်မရခင်မှာပင် ဓားတစ်စင်းက သူမ၏ ဘယ်ဘက် မျက်လုံးမှ တစ်ဆင့် ဦးခေါင်းခွံထဲ အထိ တိုးဝင်သွားသည်။
ဝှစ်...
ဓားက ရပ်တန့်ခြင်း မရှိချေ။ အရှိန်အဟုန်နှင့် အတူ ဆက်လက် တိုးဝင်ကာ နောက်ရှိ မိန်းကလေး၏ ဦးခေါင်းကိုပါ ဖောက်ဝင်သွားသည်။
စက္ကန့်ပိုင်းမျှ အတွင်းမှာပင် လက်ကျန် ကျင့်ကြံသူ နှစ်ဆယ့် ခုနစ်ယောက်လုံး အသတ်ခံလိုက်ရပြီ ဖြစ်လေသည်။ မြစိမ်းရောင် နွယ်ပင်များမှာ သက်ရှိ မြွေများလိုပင် အလောင်းများ အကြား ရွေ့လျားရင်း ဟင်းလင်းပြင် လက်စွပ်များကို လိုက်လံ ချွတ်ယူနေ၏။
မြစိမ်းရောင် ဆံနွယ်ပိုင်ရှင် မိန်းကလေးမှာ တဖြည်းဖြည်းချင်း လမ်းလျှောက်ရင်း ထိုအနားသို့ နီးကပ်လာ၏။ သူမက အလောင်း သုံးခုကို ဖြတ်ကျော်ရင်း သူတို့၏ ဟင်းလင်းပြင် လက်စွပ်များကိုပါ တစ်ပါ ချွတ်ယူလိုက်သည်။ ထို့နောက် စိတ်ကျဥ်းကြပ်ဟန်ဖြင့် မျက်နှာထက်ရှိ အဝတ်စကို ဖယ်ရှားလိုက်သည်။ မြစိမ်းရောင် မျက်လုံးများနှင့် လှပသည့် ရုပ်သွင်တစ်ခုမှာ ဖြည်းညင်းစွာပင် ပေါ်လွင်လာခဲ့၏။
ချင်ချူးမူ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရင်း အသက်မြက် ကြယ်တာရာဓားများနှင့် နွယ်ပင်များကို ပြန်လည် သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက မီးခိုးရောင် သဲသောင်ပြင်ပေါ်တွင် ပြန့်ကျဲနေသည့် အနိဌာနရုံ မြင်ကွင်းကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။
ဤနေရာသို့ စတင် ရောက်ရှိခဲ့သည့် အချိန်မှ စ၍ သူမ များစွာသော လူများနှင့် ရင်ဆိုင်ခဲ့ရသည်။ ပထမဆုံး တွေ့ခဲ့ရသည်က ဖွတ်ပုတက်ကဲ့သို့ သတ္တဝါကြီးများကို စီးနင်းထားသည့် မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်များ ဖြစ်သည်။ သို့သော်လည်း ကံကောင်းထောက်မစွာပင် သူတို့မှာ သူမ၏ အသွင်အပြင်ကို တွေ့သည်နှင့် တိုက်ခိုက်ခြင်း မပြုပဲ နောက်သို့ ပြန်လည် ဆုတ်ခွာသွားခဲ့ကြသည်။
သို့သော်လည်း... သူမ၏ အသွင်အပြင်က လူသား ကျင့်ကြံသူများကိုတော့ တားဆီးနိုင်ခြင်း မရှိခဲ့။ ဤအဖွဲ့ဆိုလျှင် သူမ နောက်သို့ တကောက်ကောက် လိုက်နေခဲ့သည်မှာ သုံးရက် သုံးညတိုင်တိုင် ရှိခဲ့ပြီ ဖြစ်သည်။ ပထမ၌ သူမ စိတ်ရှည်ကာ ရှောင်တိမ်းခဲ့သေးသော်လည်း နောက်ကွယ်မှ သူတို့၏ ရည်ရွယ်ချက်များကို သိရှိပြီးနောက်တွင်မူ မည်သည့် အရာကိုမှ ထောက်ထား မနေခဲ့တော့ချေ။
သူမက လူတကာ၏ အခွင့်အရေး အယူခံမည့် ပန်းပွင့်လေး မဟုတ်ပါချေ။ ဤရက်ပိုင်းက အတော်လေး ခက်ခဲကြမ်းတမ်းခဲ့သည် ဆိုသော်လည်း အဆက်မပြတ် တိုက်ပွဲများက သူမ၏ နားလည်မှုများကို နောက်တစ်ဆင့်သို့ တိုးမြင့်စေခဲ့သည်။ ထို့အပြင် ဝေ့ဝူယင် ပေးအပ်ထားခဲ့သည့် အဂ္ဂိရတ် ထုတ်ကုန်များ၏ အထောက်အပံ့နှင့် အတူ သူမ၏ ကြယ်တာရာ ဝိညာဥ်မှာ နောက်တစ်ဆင့်ကို ချိုးဖျက်ရန်ပင် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ယခု သူမ လုပ်ရန် လိုအပ်သည်က လုံခြုံ စိတ်ချရသည့် နေရာတစ်ခုကို ရှာဖွေကာ စွမ်းအင်များကို ပြန်လည် ဖြည့်တင်းပြီး ကြယ်တာရာ ကပ်ဘေးအား ဆင့်ခေါ်ရန်ပင် ဖြစ်လေသည်။ ချင်ချူးမူ ကောင်းကင်ကို မော့ကြည့်ရင်း ဝေ့ဝူယင်၏ ချောမော ခန့်ညားသော မျက်နှာကို ပြန်လည် မြင်ယောင် လိုက်မိ၏။
“ခုချိန်ဆို သူ ဘာလုပ်နေမှာလဲ... ဒီကမ္ဘာကြီးကို တစ်နည်းနည်းနဲ့ သိမ်းပိုက်နေလောက်ပြီလား... ဒါမှမဟုတ် တစ်ယောက်ယောက်ကို လှည့်စားနေမှာလား”
သူမ ပြုံးလိုက်ရင်း ဖြည်းညင်းစွာပင် ထိုနေရာမှ ထွက်ခွာ သွားတော့၏။ ချင်ချူးမူ ပျောက်ကွယ်သွားပြီးနောက် မကြာခင်မှာပင် ပျက်သုဥ်းခြင်း စွမ်းအင်များမှာ ထိုနေရာတွင် တဖြည်းဖြည်း များပြားလာကာ အလောင်းများကို တိုးဝင် တိုက်စားလေတော့သည်။ ထို့နောက် နာရီပိုင်းမျှ အတွင်းမှာပင် အရာအားလုံး ပျောက်ကွယ်သွားလေတော့သည်။
...
ဘုန်း...
ပေါက်ကွဲသံတစ်ခုမှာ ကောင်းကင်ကို ပဲ့တင်ရိုက်၍ ထွက်ပေါ်လာကာ ကမ္ဘာမြေကြီးကို ထိုးဖောက်လျှက် တောင်တန်းကြီး တစ်ခုလုံးကို ပြိုကျသွားစေ၏။ လောကကြီးတစ်ခုလုံး ဂျွမ်းထိုးမှောက်ခုံ ဖြစ်နေစဥ်တွင် ဟိန်းဟောက်သံ တစ်ခုမှာ လေထုကို ထိုးဖောက်၍ ထွက်ပေါ်လာကာ အာကာသ ဟင်းလင်းပြင်ထဲ အထိ လွင့်ပျံ သွားသည်။
ထိုဟိန်းဟောက်သံက သာမန် သားရဲတစ်ကောင်ထံမှ ဟုတ်ပုံ မရချေ။ ဒဏ္ဍာရီများထဲမှ တိုက်ရိုက် ထွက်ပေါ်လာသည့် ကောင်းကင်သက်ရှိ တစ်ကောင်၏ ဟိန်းဟောက်သံမျိုးပင်။
မိုင်ပေါင်း ရာဂဏန်းအတွင်း လှုပ်ရှားသွားလာနေကြသည့် ရတနာမုဆိုးများမှာ တုန်ရီသွားကြ၏။ သူတို့က ကြီးမားသည့် အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ကြရလေရာ ချက်ချင်းပင် အခြား အရပ်မျက်နှာများသို့ ဦးတည်လိုက်ကြလေတော့သည်။
အစိတ်စိတ် အမွှာမွှာသော ကျောက်တုံး၊ ကျောက်ဆိုင်များ ပြန့်ကျဲနေသည့် နေရာတစ်ခု၌ အစိမ်းရောင် အလင်းလှိုင်းတစ်ခုမှာ အက်ကွဲကြောင်းများ အကြားမှ တိုးကာ ထွက်ပေါ်လာ၏။ ချက်ချင်းပင် ကောင်းကင်ကြီးက မီးခိုးရောင် အဆင်းဖြင့် စွန်းထင်းသွားသည်။
ဘုန်း...
ကျောက်တုံးများက ဘေးသို့ ပြန့်ကျဲသွားကာ လက်တစ်ဖက်မှာ တိုးထွက်လာ၏။ ထိုလက်က သာမန်လက်များနှင့် မတူပဲ အလွန်လှပကာ ဆဋ္ဌဂံ မီးခိုးရောင် အကြေးခွံများနှင့် ပြည့်နှက်နေ၏။ လက်သည်းများက ချွန်ထက် ရှည်လျားကာ နက်မှောင်နေသည်။
ခရက်...
ထိုလက်သည်းများက ကျောက်တုံးတစ်ခု၏ မျက်နှာပြင်ကို ခြစ်မိသွားရာ ချက်ချင်းပင် အက်ကြောင်းများ ဖြစ်ပေါ်လာ၏။ ထို့နောက် မျက်တောင်တစ်ခပ်စာမျှ အတွင်းမှာပင် ထိုကျောက်တုံးမှာ အက်ကွဲကာ ဖုန်မှုန့်များ အဖြစ် ပြောင်းလဲ သွားသည်။ တစ်ခဏအကြာတွင် အပြစ်အနာအဆာ ကင်းသည့် အခြား လက်တစ်ဖက်မှာ ထပ်မံ ထွက်ပေါ်လာ၏။
ခရက်... ခရက်...
ကျောက်ဆောင်၊ ကျောက်တုံးများကို ဆွဲကာ အားယူလိုက်ရင်း ခေါင်းတစ်လုံးမှာ တဖြည်းဖြည်း ထွက်ပေါ်လာ၏။ ဝင်လေထွက်လေကို ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်ရင်း ဝေ့ဝူယင် ကောင်းကင်ကြီးကို မော့ကြည့် လိုက်၏။ ထိုအခါ မိုးကုပ်စက်ဝိုင်း၏ အလယ်တည့်တည့်တွင် ထွန်းလင်းနေသည့် နေကြယ်က နေရာ အနည်းငယ် ပြောင်းလဲနေသည်ကို သူ တွေ့ရှိလိုက်ရသည်။
“ကိုးလတောင်လား...”
ခပ်တိုးတိုး ရေရွတ်လိုက်ရင်း ဝေ့ဝူယင် ကြယ်တာရာ အင်အားကို လှည့်ပတ်လိုက်၏။ ထို့နောက် လေစွမ်းအင်ဖြင့် ခန္ဓာကိုယ်ကို ဝန်းရံလိုက်ရင်း ကျောက်တုံးများ အကြားမှ အပြင်သို့ တိုးထွက်လိုက်သည်။
ဟူး... ဟူး...
ဝေ့ဝူယင် ကောင်းကင်သို့ ပျံတက်လိုက်ရင်း မူယင်း တည်နေရာ ပြောင်းလဲသွားခြင်း ရှိ၊ မရှိ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ ကံကောင်းထောက်မစွာပင် ပျက်သုဥ်းခြင်း နယ်မြေအတွင်းတွင်သာ ရှိနေဆဲ ဖြစ်သည်။
“ကိုးလကြီးတောင်မှပဲ...”
ယခုတစ်ကြိမ် တံခါးပိတ် ကျင့်ကြံမှုက သူ့ဘဝ တစ်လျှောက်လုံးတွင် အကြာဆုံး ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ သူ မှတ်မိသလောက် နောက်ဆုံးအကြိမ် ထိုကဲ့သို့ စိတ်လွတ်ကိုယ်လွတ် ကျင့်ကြံခဲ့သည်က နေသွေးနီနီဂိုဏ်း၏ ယန်ကုန်းမြေတွင် ဖြစ်သည်။
ယန်ကုန်းမြေအကြောင်း ပြန်လည် တွေးလိုက်မိသော အခိုက်၌ သူ မွေးစား ညီဝမ်းကွဲ ဝေ့စီကို ပြန်လည် သတိရလိုက်မိ၏။ ဝေ့စီမှာ အသက်ရှင်သန်နေသည့် သူ၏ တစ်ဦးတည်းသော ညီငယ် ဖြစ်ပေသည်။ အနန္တ ဧကရာဇ်ဂိုဏ်းသို့ ရောက်ရှိပြီးနောက်တွင် ဝေ့ဝူယင် ဝေ့စီကို ရှာဖွေရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ဘာမှ မထူးခြားခဲ့ချေ။
ယခုနှစ်ပိုင်း အတွင်း သုံးလွှာ ကြယ်တာရာ နယ်မြေ ဇာတိ မဟုတ်သည့် လူစိမ်း ကျင့်ကြံသူများကို တွေ့မြင်ပြီးနောက်တွင် ဝေ့စီအား ခေါ်ဆောင်သွားသူမှာ သုံးလွှာ ကြယ်တာရာ နယ်မြေသား မဟုတ်နိုင် ဟု သူ စတင် သံသယ ဝင်လာခဲ့မိသည်။ လင်းမင် နံဘေးမှ လိုက်ပါနေသည့် မိန်းကလေး ဆိုလျှင်ပင် ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးပင် ဖြစ်သည်။
ထို့အပြင် ဝေ့ဝူယင် နားမလည်နိုင်သည့်၊ ယခုထက်တိုင် စဥ်းစားမရသေးသည့် အခြားမေးခွန်း တစ်ခုလည်း ရှိနေသေးဆဲ ဖြစ်သည်။ ထိုမေးခွန်းကား...
“ဝေ့စီကရော ကောင်းချီးခံ တစ်ယောက် ဖြစ်နေနိုင်လား...”
ဟူ၍ပင်။
***