ကြယ်တာရာ ကပ်ဘေး
Vol. 30 Ch. 418
ဝေ့စီအကြောင်း တွေးတောရင်း သူနှင့် အတူ ယန်ကုန်းမြေတွင် ကျင့်ကြံကာ လှံရည်ရွယ်ချက် မျိုးစေ့ကို မွေးဖွားနိုင်ခဲ့သည့် နေသွေးနီနီဂိုဏ်း၏ အဓိက တပည့် ရန်ကျူးကိုပင် ဝေ့ဝူယင် ပြန်လည် အမှတ်ရလိုက်မိသည်။ ယခုအချိန် သူမ ဘာဖြစ်နေမည်ကို သူ မသိရချေ။ အကယ်၍ လှံရည်ရွယ်ချက်ကို အောင်အောင်မြင်မြင်နှင့် မွေးဖွားပြီးပြီ ဆိုပါက သူမမှာ အာဏာရှင် တစ်ယောက် ဖြစ်လာရန် သင့်တော်ပေလိမ့်မည်။
ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများက လျှို့ဝှက်ဆန်းကြယ်သော အလင်းများနှင့် ငွေရောင် တောက်ပလာကာ တစ်ခဏ အကြာတွင် တဖြည်းဖြည်း ပြန်လည် မှေးမှိန်သွားည်။ ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်ည်။ ရန်ကျူးက လက်ရှိလောက၏ အစိတ်အပိုင်း တစ်ခု မဟုတ်တော့ သလို မည်သည့် ခံစားချက်မှ သူ့ အာရုံတွင် ပေါ်မလာခဲ့ချေ။
“သူ သေသွားပြီလား...”
အတန်ကြာ တိတ်ဆိတ်ပြီးနောက် ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။ ကျင့်ကြံခြင်း လောကက ခက်ခဲ ကြမ်းတမ်းလွန်းလှသည်။ ရန်ကျူးနှင့် သူ မဆုံတွေ့ခဲ့သည်မှာ နှစ်ပေါင်း နှစ်ဆယ်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုအချိန်အပိုင်း အခြားအတွင်း မရေမတွက်နိုင်သည့် အဖြစ်အပျက်များ နေသွေးနီနီဂိုဏ်း၌ ဖြစ်ပျက်ခဲ့မည်မှာ သေချာပေသည်။
“ဘဝလမ်းကြောင်း ဆိုတာက အမြဲတမ်း ရှေ့ကိုပဲ ရွေ့လျားနေတယ်... ဝေ့စီ ဆက်ပြီး အသက်ရှင်နေဖို့ပဲ ငါ မျှော်လင့်မိပါတယ်... ဒီကောင်လေး ခုချိန်ဆို ဘာတွေများ လုပ်နေမလဲ”
အမှန်တရား မျက်လုံးကို ရရှိပိုင်ဆိုင်ခဲ့ပြီးသည့် အချိန်မှ စ၍ ဝေ့ဝူယင် ဝေ့စီကို အာရုံခံရန် အကြိမ်ကြိမ် ကြိုးစားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အကြိမ်တိုင်း၌ အလုံးစုံက ဝေဝါးကာ ဘာကိုမှ ကွဲကွဲပြားပြား မြင်တွေ့နိုင်စွမ်း မရှိခဲ့ချေ။ ဝေ့စီမှာ သုံးလွှာ ကြယ်တာရာ နယ်မြေနှင့် အလွန် ဝေးကွာသည့် နေရာတစ်ခုကို ရောက်ရှိနေကြောင်းကိုသာ သူ အတည်ပြုနိုင်ပေသည်။
မိနစ်အနည်းငယ်ခန့် ကြာမြင့်ပြီးနောက် ဝေ့ဝူယင် ခေါင်းကို ခါရင်း အတွေးစများကို ဖယ်ရှားလိုက်၏။ သူ လက်သီးကို ခပ်တင်းတင်း ဆုပ်ရင်း ခန္ဓာကိုယ် သွေးကြောများ အတွင်း စီးဆင်းနေသည့် စွမ်းအားကို ခံစားလိုက်သည်။ ၎င်းတို့က ဧရာမ မြစ်ကြီး တစ်စင်းအလား တရကြမ်း စီးဆင်းနေကာ မည်သည့် တောင်တန်း၊ သမုဒ္ဒရာနှင့် ကောင်းကင်ကို မဆို ဖြိုခွင်းပစ်နိုင်ဟန် ရလေသည်။
လွန်ခဲ့သည့် ကိုးလအတွင်း ဝေ့ဝူယင် ပျက်သုဥ်းခြင်း ပုလဲ တစ်သန်ကျော်ခန့်ကို နဂါးသွေး ပုလဲများ အဖြစ် သန့်စင်ခဲ့သည်။ ထိုအရာက အလွန် အနုစိတ်ကာ အချိန်ကုန်သော အလုပ် ဖြစ်ပေသည်။ ထို့အပြင် ခရာတိုမှာ နဂါးသွေး ပုလဲများကို အဂ္ဂိရတ် ထုတ်ကုန်များကဲ့သို့ သဘာဝလွန် အမြန်နှုန်းဖြင့် ချေဖျက်နိုင်စွမ်း မရှိခဲ့ချေ။
ကျင့်ကြံခဲ့သည့် ကိုးလတာ ကာလအတွင်း၌ သွေးမျိုးဆက် ရင်းမြစ် ပြန်လည် ဖြည်းတင်းခဲ့မှုက အတော်လေး လျှင်မြန်ခဲ့သော်လည်း မွေးရာပါ စွမ်းအင်များ တိုးတက်ခဲ့မှုကတော့ အတော်လေး နှေးကွေးခဲ့သည်။ ထိုဖြစ်စဥ်ကို အထောက်အပံ့ဖြစ်စေရန် အတွက် ဝေ့ဝူယင် သွေးပန်းပဲဖို ကျင့်စဥ်ကို ကျင့်ကြံခဲ့သည်။
သွေးပန်းပဲဖို ကျင့်စဥ်...
သွေးပန်းပဲဖို ကျင့်စဥ်မှာ ဝူယု၏ လက်ထောက် တစ်ယောက် ဖြစ်သည့် သွေးပန်းပဲဖို အင်ပါယာ ဖန်တီးခဲ့သော ကျင့်စဥ်ပင် ဖြစ်သည်။ သွေးပန်းပဲဖို ကျင့်စဥ်၏ သဘောတရားနှင့် နိယာမများမှာ သေမျိုးတို့၏ အကန့်အသတ်ကိုပင် ကျော်လွန်နေသည်။ ထိုကျင့်စဥ်ကို ကျင့်ကြံရန် အတွက် သွေးအမျိုးအစား အထောက်အပံ့ တစ်ခု လိုအပ်သည်။ ယင်းလိုအပ်ချက်ကြောင့်ပင် ကျူးဟိုင်၏ လျှင်မြန်စွာ တိုးတက်မှုက ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။
သုံးလွှာ ကြယ်တာရာ နယ်မြေတွင် သွေးပန်းပဲဖို ကျင့်စဥ် တိုးတက်မှုကို ကူညီနိုင်သည့် သဘာဝ အထောက်အပံ့များမှာ သိပ်မများလှ။ သို့သော်လည်း ကံကောင်းထောက်မစွာပင် နဂါးသွေး ပုလဲများမှာ ထိုအတွက် အသင့်တော်ဆုံးသော ရတနာများ ဖြစ်ပေသည်။
မူလအားဖြင့် သွေးပန်းပဲဖို ကျင့်စဥ်တွင် ချို့ယွင်းချက်များစွာ ရှိခဲ့သော်လည်း လွန်ခဲ့သည့် နှစ်များ အတွင်းမှာပင် အဂ္ဂိရတ် တာအို အပေါ် နားလည်မှုနှင့် အစစ်အမှန် နဂါးအသွင်ပြောင်းခြင်း နည်းလမ်းတို့အား ကိုးကားကာ သူ ပြန်လည် ပြုပြင်ခဲ့ပြီး ဖြစ်သည်။ ယခု၌ ထိုကျင့်စဥ်က သူနှင့် ကျူးဟိုင်တို့ အတွက် ကျင့်ကြံရန် အလွန် သင့်တော်ပေသည်။ သို့သော်လည်း ပြဿနာတစ်ခုတော့ ရှိနေသေးဆဲ ဖြစ်သည်။
သွေးပန်းပဲဖို ကျင့်စဥ်ကို မိစ္ဆာကျင့်စဥ် တစ်ခု အဖြစ် မှတ်ယူနိုင်ပေသည်။ အထူးသဖြင့် နောက်ပိုင်း အဆင့်များတွင် ၎င်းက ပိုမို မိစ္ဆာဆန်လာသည်။
သွေးပန်းဖို ကျင့်စဥ်သည် အခြေခံ အဆင့်များတွင် သွေးအမတေများအား ပျစ်ခဲကာ သွေးပန်းပဲဖို သင်္ကေတများ အတွင်း ပေါင်းထည့်ရန် လိုအပ်သည်။ ထို့နောက်တွင် အမျိုးမျိုးသော စွမ်းအင်များကို သုံးကာ သင်္ကေတများ၏ အရေအတွက်နှင့် အရည်အသွေးကို တိုးမြှင့်ရသည်။ ကျင့်ကြံခြင်း အဆင့် တိုးမြင့်လာပါက သင်္ကေတများမှာ ပိုမို၍ ထင်ရှားလာကာ သွေးမျိုးဆက် စွမ်းအားမှာလည်း ပို၍ အစွမ်းထက်လာလေ့ ရှိသည်။
သို့သော်လည်း ပထမအဆင့်များ ပြီးနောက်တွင် သွေးပန်းပဲဖို ကျင့်စဥ်၏ တောင်းဆိုမှုများက ပိုမို များပြားလာသည်။ မကောင်းဆိုးရွား ကျင့်ကြံသူများ အသုံးပြုလေ့ ရှိသည့် သွေးဆေးလုံး ကဲ့သို့သော အရာများကို လိုအပ်လာသည်။ သို့မဟုတ်လျှင်ပင်လည်း ကြယ်တာရာ နယ်မြေမှ သဘာဝ အလျှောက် မွေးဖွားလာသည့် နဂါးသွေး ပုလဲ ကဲ့သို့ ရတနာ ပစ္စည်းများကို စုဆောင်းရန် လိုအပ်သည်။
ယွမ်လုံရှီမှာ ကံကောင်းထောက်မစွာပင် သွေးပန်းပဲဖို အင်ပါယာ ချန်ရစ်ခဲ့သည့် ရင်းမြစ်များကို ရရှိခဲ့သည်။ သို့တိုင်အောင် သွေးရင်းမြစ် အတွက် အခြား သက်ရှိများ၏ သွေးအမတေများကို သူ စုပ်ယူခဲ့ရသေးသည်။ ယွမ်လုံရှီမှာ သွေးခင်းသော လမ်းကို လျှောက်လှမ်းခဲ့ကာ ဆယ်စုနှစ် အနည်းငယ် အတွင်းမှာပင် သွေးပန်းပဲဖို ကျင့်စဥ်၏ တတိယ အဆင့် ဖြစ်သည့် သွေးပန်းပဲဖို စစ်သံချပ်ကာ အဆင့်ကို ရောက်ရှိခဲ့သည်။
ဝေ့ဝူယင်သည် ကျင့်ကြံခြင်း သွေးရင်းမြစ် အတွက်တော့ လူသားဖြစ်စေ၊ သားရဲ၊ အယ်ဗန် ဖြစ်စေ... မည်သည့် သက်ရှိကိုမှ သတ်ဖြတ်ရန် စိတ်ကူး မရှိချေ။ သူက ကိုယ်ပိုင် စည်းမျဥ်းများနှင့် နေသူ ဖြစ်သည်။ မိစ္ဆာကျင့်ကြံသူများကို သူ လေးစားသည်။ သူတို့၏ ကျင့်ကြံခြင်း လမ်းကြောင်းက မည်မျှ ခက်ခဲကြောင်း နားလည်သည်။ ကျင့်ကြံလမ်း လမ်းစဥ်တွင် မှားသည် မှန်သည် မရှိသလို ဝေးသည် နီးသည်လည်း မရှိချေ။ အဂ္ဂိရတ် ပညာရှင် တစ်ယောက် အနေဖြင့် ထိုစည်းမျဥ်းကို သူ ပို၍ နားလည်သည်။
လွန်ခဲ့သည့်နှစ်များ အတွင်း သူ သွေးပန်းပဲဖို ကျင့်စဥ်ကို တစ်ခါမှ မကျင့်ကြံခဲ့ချေ။ သို့သော်လည်း ယခုတွင်တော့ မည်သည့် အသက်ကိုမှ မသတ်ဖြတ်ပဲ ကျင့်ကြံနိုင်မည့် လုံလောက်သည့် ရင်းမြစ်များ သူ့ထံတွင် ရှိနေပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူ အဘယ်ကြောင့် တုန့်ဆိုင်းနေခဲ့မည်နည်း။
“ကံမကောင်းတာက နဂါးသွေးပုလဲ တစ်သန်းကျော်ကို သန့်စင်ပြီး သွေးပန်းပဲဖို ကျင့်စဥ်ရဲ့ နောက်ဆုံး အပိုင်းတွေ အထိ ရောက်ခဲ့တာတောင်မှ သေမျိုးအဆင့် အကန့်အသတ်ကို မချိုးဖျက် နိုင်ခဲ့တာပဲ... “
သေမျိုးအမှတ်အသား၏ သတ္တမ အဆင့်ကို ဝင်ရောက်ပြီးနောက်တွင် မချိုးဖျက်နိုင်သည့် နံရံတစ်ခု ကာဆီးနေသလိုမျိုး ဝေ့ဝူယင် ခံစားခဲ့ရသည်။ ထိုနံရံကို ချိုးဖျက်ရန် အတွက် ကျင့်ကြံခြင်း အခြေခံကို မြှင့်တင်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း သူ တွေးလိုက်မိ၏။
အသက်ပြင်းပြင်းရှူရင်း ဝေ့ဝူယင် လက်သီးကို ဆုပ်လိုက်သည်။ ခရာတိုမှာ အနည်းငယ်မျှ အားနည်း မနေတော့ပဲ သွေးမျိုးဆက် စွမ်းအင်ကို ပြန်လည် ရရှိထားပြီး ဖြစ်သည်။ ထို့အပြင် သူ၏ ခန္ဓာကိုယ်မှာလည်း သွေးပန်းပဲဖို ကျင့်စဥ်၏ သန့်စင်မှုနှင့် အတူ အစစ်အမှန် နဂါးသွေးမျိုးဆက်၏ သေမျိုး ထိပ်ဆုံး အဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
“အချိန်ကျပြီ...”
ခရာတို၏ မောက်မာသော အသံက ဝေ့ဝူယင်၏ စိတ်အတွင်း ပျံ့လွင့်လာ၏။
“ဟုတ်တယ်... အချိန်ကျပြီ လုပ်လိုက်ကြရအောင်...”
အိုရီကလည်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။ ဧဒင်နှင့် ဘုရင်တို့မှာ တိတ်ဆိတ်နေသည့်တိုင် သူတို့၏ စိတ်အားထက်သန်နေမှုကို ရှင်းလင်းစွာပင် ခံစားနိုင်ပေသည်။
ဝေ့ဝူယင် ပြုံးရင်း ကောင်းကင်ကို ကြည့်လိုက်၏။ ကျန်းဖေးလန်နှင့် တွေ့ဆုံခဲ့သည့် နေ့က သူမက ကျင့်ကြံခြင်း လျှို့ဝှက်ချက်များ ပါဝင်နေသည့် မူလယင်ဖြင့် သူ့ထံ ကမ်းလှမ်းခဲ့သည်။ ဝေ့ဝူယင်ကလည်း ကန့်သတ် ချုပ်ချယ်ခြင်း မရှိခဲ့ချေ။ သူတို့နှစ်ယောက်မှာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အိပ်ယာပေါ်၌ ကုန်ဆုံးကာ နှစ်ကိုယ့်တစ်စိတ် ကျင့်ကြံခဲ့ကြသည်။ ထိုနေ့တွင်ပင် ကြယ်တာရာ အမြုတေ အဆင့်လေး အာကာသ ပဲ့တင်သံ အဆင့်ကို ဝေ့ဝူယင် အပြည့်အဝ နားလည်ခဲ့သည်။
အခြား ကြယ်တာရာ ဝိညာဥ်များ နောက်တစ်ဆင့်သို့ တက်လှမ်းရန် အဆင်သင့် ဖြစ်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူတို့က ချက်ချင်း တက်လှမ်းရန် ဆန္ဒ မရှိပဲ ခရာတို အပြည့်အဝ ပြန်လည် ကောင်းမွန်လာမည့် အချိန်ကို စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ ယခုတွင်တော့ အားလုံးက ပြည့်စုံနေပြီ ဖြစ်လေရာ ထပ်မံ အချိန်ဆွဲစရာ အကြောင်း မရှိတော့ချေ။
“မင်းတို့ ဘာလုပ်ပြနိုင်မလဲ ငါကြည့်ချင်တယ်... ကပ်ဘေးကို ဆင့်ခေါ်လိုက်တော့...”
ဝေ့ဝူယင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ရင်း ကောင်းကင်ရှိရာသို့ ပျံတက်လိုက်လေတော့သည်။ သူ၏ ခန္ဓာကိုယ်က ကြယ်ပျံတစ်စင်းလို လျှင်မြန်စွာပင် ပျက်သုဥ်းခြင်း စွမ်းအင်အား ပြည့်နှက်နေသည့် လေထုအလွှာကို ထိုးဖောက်ရင်း ပထမမြောက် ကောင်းကင် အလွှာထိ ရောက်ရှိသွားသည်။
စတုတ္ထမြောက် ကြယ်တာရာ ကပ်ဘေးမှာ အခြား ကပ်ဘေးများလိုပင် ကျင့်ကြံသူများ၏ လမ်းစဥ်နှင့် နားလည်မှု အပေါ် မူတည်ကာ မကြာခဏ ဆိုသလို နာမည်များ ကွဲပြားလေ့ရှိ၏။ ဥပမာအားဖြင့်... တတိယမြောက် ကြယ်တာရာ အမြုတေ ကပ်ဘေးကို ဝေ့ဝူယင်က ဝိညာဥ် ပုံရိပ်ယောင် ကပ်ဘေးဟု ခေါ်ဆိုချိန်တွင် ကျူးဟိုင်က ဝိညာဥ် ဆုံးဖြတ်ခြင်း ကိုးပါး ကပ်ဘေးဟု အမည်ပေးထားသည်။ ဝေ့ဝူယင်သည် သူ ပေးထားသည့် နာမည် အပေါ် ရာနှုန်းပြည့် ယုံကြည်မှု ရှိသည့်တိုင် ကျူးဟိုင် မှားသည်ဟုလည်း မခံစားမိချေ။
ထိုကဲ့သို့ နာမည် ကွဲပြားမှုမျိုးက ကျင့်ကြံခြင်း လောကတွင် ဖြစ်ပျက်လေ့ ရှိသည့် အကြောင်းအရာ တစ်ခုပင် ဖြစ်သည်။ မန်နာဆိုသော ဝေါဟာရကိုပင် လောကအမတေ၊ လောကချီ စသည့်ဖြင့် ရေးသား ဖော်ပြထားသည့် ရှေးဟောင်း မှတ်တမ်းများစွာကိုပင် သူ ဖတ်သားခဲ့ဖူးပေသည်။
သို့သော်လည်း... ဝိညာဥ် ဆုံးဖြတ်ခြင်း ကိုးပါး ကပ်ဘေး ဆိုသော နာမည်မှာ ကျင့်ကြံခြင်း လောကတွင် မစိမ်းသည့် အမည် တစ်ခု ဖြစ်သည်။ အနည်းငယ် ကွဲပြားမှု ရှိသည့်တိုင် သမိုင်းထဲရှိ အချို့သော ထိပ်တန်း ပါရမီရှင်များမှာ ထိုကပ်ဘေးကို ဖြတ်ကျော်ကာ ဝိညာဥ်ဆင်းတု အဆင့်ကို တက်လှမ်းနိုင်ခဲ့ကြသည်။
သို့သော်လည်း... ဝေ့ဝူယင် ရင်ဆိုင် ဖြတ်ကျော်ခဲ့သည့် ဝိညာဥ် ပုံရိပ်ယောင် ကပ်ဘေးကတော့ ကြယ်တာရာ နယ်မြေ၏ သမိုင်းတစ်လျှောက်လုံး တစ်ခါမှ မပေါ်ထွက်ခဲ့ဖူးသည့် နာမည် ဖြစ်သည်။ သူ တစ်ယောက်တည်း ရင်ဆိုင် ကျော်ဖြတ်ခဲ့ဖူးသော ကပ်ဘေး ဖြစ်ပေသည်။
“ဖောက်...”
ရုတ်တရက် ဝေ့ဝူယင် ရင်းနှီးနေသည့် အသံတစ်ခုကို ကြားလိုက်ရ၏။ ဟင်းလင်းပြင် အလွှာတစ်ခုကို ဖြတ်ကျော်သည့် အချိန်တိုင်း ထိုအသံမျိုးကို သူ မကြာခဏ ဆိုသလို ကြားဖူးပေသည်။ ဝေ့ဝူယင် ကောင်းကင်ကို မော့ကြည့်ရင်း စတုတ္ထမြောက် ကြယ်တာရာ ကပ်ဘေးနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ပြန်လည် စဥ်းစားလိုက်၏။
ခေတ်အဆက်ဆက် မှတ်တမ်းများ အရဆိုပါက ထိုကပ်ဘေးမှာ ဝိညာဥ် ဆင်းတု အဆင့် ကပ်ဘေးနှင့် ဆင်တူကာ အပိုင်းကိုးပိုင်း ခွဲခြားထားသည်။ ၎င်းတွင် အမျိုးမျိုးသော ဟင်းလင်းပြင် အမတေများကို ခန္ဓာကိုယ် အတွင်း ဆက်သွယ်ရသည့် အပိုင်းများ ပါဝင်နေ၏။ ဟင်းလင်းပြင် အမတေ၏ အရည်အသွေးက ပိုမို မြင့်မားလေလေ ကြယ်တာရာ ဝိညာဥ်မှ သန့်စင်သည့် ပဲ့တင်သံလှိုင်းများ၏ ခွန်အားနှင့် အရေအတွက်က ပိုမို မြင့်မားလေလေ ဖြစ်သည်။ တစ်ချိန်တည်း၌ ဟင်းလင်းပြင် အမတေ၏ အရည်အသွေးကို ခံနိုင်ရည် မရှိပါက ကျင့်ကြံသူ၏ ခန္ဓာကိုယ်က ပြန့်ကားကာ ပေါက်ကွဲသွားလိမ့်မည် ဖြစ်သည်။
အာကာသ ပဲ့တင်သံ ကပ်ဘေး မည်မျှ အန္တရာယ် များသည်ကို ဝေ့ဝူယင် နားလည်ပြီး ဖြစ်သည်။ ထို့အပြင် မြင့်မားလွန်းလှသည့် ကျင့်ကြံခြင်း အခြေခံကြောင့်ပင် သူ ရင်ဆိုင်ရမည့် အန္တရာယ်က အခြား ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုမို သာလွန်ပေလိမ့်မည်။
"..."
မိနစ်အနည်းငယ် ကြာမြင့်ပြီးနောက် ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်၏။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အရာအားလုံးက မပြောင်းမလဲ ဖြစ်နေဆဲပင်။
ဝေ့ဝူယင် နားမလည်စွာပင် ခန္ဓာကိုယ် အတွင်းရှိ ကြယ်တာရာ ဝိညာဥ် လေးခုကို စစ်ဆေး ကြည့်လိုက်၏။ ထိုအခါ ဧဒင်၊ ခရာတို၊ အိုရီနှင့် ဘုရင်တို့မှာ အမြုတေ အတွင်းရှိ ကြယ်တာရာ အင်အားများကို အမြင့်ဆုံးထိ မြှင့်တင်ကာ တဆတ်ဆတ် တုန်ရီနေကြသည်ကို သူ တွေ့လိုက်ရလေတော့သည်။
***