ကျီးကင်းထောက်မျိုးနွယ်စုသို့ ဝင်ရောက်ခြင်း
Vol. 28 Ch. 391
ညသန်းခေါင်ယံဖြစ်သည့်အတွက် လူသူကင်းမဲ့ပြီး တိတ်ဆိတ်မှုက ကြီးစိုးနေလေ၏။ မန်ဟို နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်မှ ထွက်လာသည်နှင့် သူ၏ခန္ဓာကိုယ်သည် ရိပ်ခနဲ လှုပ်ရှားကာ ပျောက်ကွယ်သွားသည်။ သူက ခပ်လှမ်းလှမ်းရှိ သစ်ပင်တစ်ပင်ပေါ်တွင် ပြန်ပေါ်လာပြီး ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေသည်။
ဘီလူးရိုင်းကြီးနှင့် ဂုလာအား ဘယ်မှာမှ မတွေ့ရသဖြင့် မန်ဟို မျက်မှောင်ကြုတ်သွားသည်။
ကြက်တူရွေးက တစ်ကောင်တည်း ပွစိပွစိရေရွတ်ရင်း မန်ဟို့ဝတ်ရုံအတွင်းမှ ထိုးထွက်လာသည်။ ၄င်းက တောင်ပံနှစ်ဖက်ကို တဖျပ်ဖျပ်ခတ်ပြီး နှာတရှုံ့ရှုံ့လုပ်လိုက်သည်တွင် ၄င်း၏မျက်နှာပေါ်၌ မူးယစ်သွားသောအမူအရာ ပေါ်လာသည်။
"ဒီမှာ ရှေးဆန်တဲ့ အရှိန်အဝါတစ်ခု ရှိနေတယ်။ အာ... သခင်ငါးတော့ ကြိုက်တယ်ဟေ့ ဒီနေရာကို။ အိုးဟိုး ကဗျာလေးတောင် ရွတ်ချင်လာပြီ.... "
"ယုတ်မာပြီး အရှက်မရှိတဲ့ ပေါက်လို့ပဲစားငှက်။ မင်းလိုကောင်က ကဗျာရွတ်ချင်တယ်ပေါ့။ သုံးစားမရတဲ့ ဖွတ်ငှက်ကများ" မှန်ပါသည်၊ အသားဂျယ်လီမှာ ကြက်တူရွေးကို ခနဲ့ရန် အခွင့်အရေးအား လက်လွှတ်ခံမည်မဟုတ်ပေ။ ၄င်းက အာကျယ်အာကျယ်နှင့် လေဆက်ပေါနေ၏။
မန်ဟိုက ပတ်ဝန်းကျင်ကို စိတ်ဝိညာဥ်အာရုံဖြင့် လွှမ်းခြုံလိုက်သည်။ အနီးအနား၌ အန္တရာယ်တစ်စုံတရာမရှိကြောင်း အတည်ပြုပြီးနောက်မှ သူသည် သွေးမျက်နှာဖုံးကို ချွတ်ကာ ရန်စုန့်ပေးခဲ့သော ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။ ၄င်းအား အသေအချာကြည့်ပြီးနောက် မြေပုံနှင့်အတူ ကျီးနတ်မင်းမျိုးနွယ်စုအကြောင်း အတိုချုံးရှင်းပြထားသည်အား တွေ့လိုက်ရသည်။
မန်ဟိုက မြေပုံကို စစ်ဆေးပြီး ခေါင်းမော့၍ အဝေးသို့ လှမ်းကြည့်လိုက်သည်။
"နည်းနည်းမကိုက်ညီတာတွေ ရှိပေမယ့် သိပ်ကြီးကြီးမားမားတော့ မဟုတ်ဘူး။ တမင်လုပ်ထားပုံရတယ်။ ကြည့်ရတာ ရန်စုန့်လည်း ဘယ်သူ့ကိုမှ ယုံမနေပါဘူး" မန်ဟိုက ခံစားချက်မဲ့စွာ ရယ်ပြီးနောက် လီထျန်းဆီက အလင်းဖန်လုံးကို ထုတ်လိုက်သည်။ သူသည် ၄င်းအား နည်းလမ်းပေါင်းစုံဖြင့် စူးစမ်းလေ့လာကြည့်ပြီးမှ နောက်ဆုံး ကြက်တူရွေးနှင့်အသားဂျယ်လီ ရန်ဖြစ်နေသည်ကို စကားဖြတ်ပြောကာ အကြံတောင်းလေသည်။
ယင်းက ဤပစ္စည်းနှင့်ပတ်သက်ပြီး သိရှိရန် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ ကြက်တူရွေးက ၄င်း၏ရင်ဘတ်ကို ထုပြီး ရောင်စုံအလင်းဖန်လုံးတစ်လုံး ထွေးထုတ်လိုက်သည်။ ၄င်းက အလင်းဖန်လုံးအား မဖယ်ရှားခင် စစ်ဆေးကြည့်နေ၏။
"ပြဿနာမရှိဘူး။ မပူနဲ့ သခင်ငါး လှုပ်ရှားရင် သခင်ငါးတစ်ယောက်က နှစ်ယောက်နဲ့ ညီမျှတယ်"
"နှစ်ယောက်ဟုတ်စ" အသားဂျယ်လီက အားကျေနပ်စွာ ပြောသည်။ "မင်းမှာ ကိုယ်နှစ်ကိုယ်ခွဲနိုင်စွမ်း ရှိတယ်ပေါ့။ ဟမ့်... မင်းဒီလိုပြောသင့်တာ 'သခင်သုံး လှုပ်ရှားရင် သခင်သုံးတစ်ယောက်က သုံးယောက်နဲ့ညီမျှတယ်'" ၄င်းက ဖောက်ခနဲ ကြက်တူရွေး၏ခြေထောက်တွင် ချိတ်နေသော ခေါင်းလောင်းသုံးခု အသွင်ပြောင်းသွား၏။
ကြက်တူရွေး၏မျက်လုံးများက အထင်သေးဟန်ဖြင့် ကျဥ်းမြောင်းသွားသည်။
"မင်းသိလား ငါ့ကိုယ်ငါ သခင်ငါးလို့ခေါ်ရတဲ့အကြောင်းရင်းက ငါက ကြက်တူရွေးဆိုတာ သွယ်ဝိုက်ညွှန်းဆိုနေလို့ပဲ။ ကြက်တူရွေးက ဘာလဲ မင်းသိလား ဟမ်။ 'ကြက်တူရွေး' ဆိုတဲ့ စကားလုံးရဲ့ နောက်ဆုံးစာလုံးက 'ငါး' နဲ့ အသံထွက်အတူတူပဲကွ။ အဲ့ဒါကြောင့် ငါက သခင်ငါးဖြစ်နေတာ။ ခွေးမသား မင်းနာမည်ကရော ဘယ်လိုလဲ"
အသားဂျယ်လီ ဒေါကန်သွားသည်။ ၄င်းမှာ အနှိမ်ခံနေရသည်ဟု အမှန်တကယ် ခံစားနေရတော့သည်။ ခေါင်းလောင်းသုံးခုလုံး တစ်ပြိုင်တည်း စူးစူးဝါးဝါးအော်လိုက်၏။
"ငါက သခင်သုံးကွ။ အဲ့ဒါလည်း ငါ သုံးအထိ ရေတွက်နိုင်တာကို သွယ်ဝိုက်ပြီးပြောတာ။ အဲ့ဒါကြောင့် ငါက သခင်သုံးဖြစ်နေတာပဲ။ ဒီတော့ဘာလဲ ပြဿနာရှိလား ဟေ့ကောင်"
ဤအခိုက်အတန့်တွင် အသားဂျယ်လီမှာ ၄င်း၏ခံယူချက်အပေါ် ယုံကြည်ချက်ရှိပြီးရဲတင်းနေ၏။ ၄င်းမှာ ရှားမှရှားသောအရာဖြစ်၍ ကြက်တူရွေးကား ပါးစပ်ပင် မစေ့နိုင်တော့ပေ။
မန်ဟိုက ချောင်းဟန့်ပြီး သူ၏ကျပ်မပြည့်သော မိတ်ဆွေနှစ်ကောင်အား လျစ်လျူရှုလိုက်သည်။ သူသည် လက်ထဲရှိ အလင်းဖန်လုံးကို ကြည့်ရင်း အတွေးထဲနစ်မြောနေ၏။ ထို့နောက် ညာလက်ရှိ မျက်လုံးမဲ့ပိုးကောင်လက်စွပ်ကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ၄င်းကို လက်မှချွတ်ကာ မျက်လုံးမဲ့ပိုးကောင်အသွင် ပြန်ပြောင်းစေပြီးနောက် အလင်းဖန်လုံးဖြင့် ပေါင်းစည်းလိုက်သည်။
မျက်လုံးမဲ့ပိုးကောင်ကား တစတစ ပျောက်ကွယ်သွား၏။ အလင်းဖန်လုံးလည်း အသွင်ပြောင်းလာသည်။ အချိန်အနည်းငယ်ကြာသော် ၄င်းသည် အတွင်း၌ မျက်လုံးမဲ့ပိုးကောင်ရှိသော အရုပ်တစ်ရုပ် ဖြစ်သွား၏။
မန်ဟိုက ၄င်းကို စိတ်ဝိညာဥ်အာရုံဖြင့် စစ်ဆေးကြည့်ရှုပြီး မျက်လုံးမဲ့ပိုးကောင်ကို ဖိနှိပ်ချုပ်ချယ်ခြင်းမရှိကြောင်း အတည်ပြုပြီးမှ ညာလက်ကိုမြှောက်၍ အရုပ်အပေါ် ဖိချလိုက်သည်။ အရုပ်သည် သူ၏ညာလက်ဖမိုးကို အုပ်မိုးသွားပြီး အရေပြားထဲ ဖြေးဖြေးချင်း စိမ့်ဝင်သွား၏။ ထို့နောက် အရုပ်ဆေးမင်ကြောင်တစ်ခု ပေါ်လာလေပြီ။
အရုပ်ဆေးမင်ကြောင်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏အရှိန်အဝါ လျင်မြန်စွာ ပြောင်းလဲနေသည်ကို မန်ဟို အာရုံရလိုက်၏။ ၄င်းကား သာမန်ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါမဟုတ်တော့ဘဲ အရုပ်အရှိန်အဝါ ဖြစ်သွားလေသည်။
၄င်းမှာ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်ယောက်၏အရှိန်အဝါနှင့် ခွဲမရအောင် တူလေသည်။
အနီးကပ်ကြည့်ရှုပြီးနောက်တွင် မန်ဟို့၏မျက်လုံးများ၌ နားလည်သွားသော အရိပ်အယောင်တို့ ပြည့်နှက်သွား၏။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ ရှိနေသေးသော်လည်း အလွှာတစ်ခု၍ဖုံးကွယ်ခြင်း ခံထားရလေသည်။ ယခုတွင် မည်သည့်မှော်ပညာရပ်ဖြစ်ဖြစ် အရုပ်အရှိန်အဝါအား ထုတ်ဖော်နေ၏။ ထို့ကြောင့် မန်ဟိုသည် တောင်ပိုင်းဒေသကျင့်ကြံသူနှင့် မတူတော့ဘဲ အနောက်ပိုင်းသဲကန္တာရမှ ဒေသခံတစ်ဦး ပုံစံပေါက်နေတော့သည်။
"လီထျန်းဆိုတဲ့လူက အစွမ်းသားဟ" မန်ဟိုက တွေးလိုက်သည်။ သူ ထိုအကြောင်းတွေးလေလေ၊ ဤပညာရပ်မှာ အမှန်တကယ် ဆန်းပြားကြောင်း သဘောပေါက်လေလေ ဖြစ်သည်။
တခဏကြာသော် မန်ဟို၏မျက်လုံးများ အရောင်လဲ့သွားပြီး သူကား အဝေးသို့ တဟုန်ထိုးထွက်သွားသော ရောင်စုံအလင်းတန်းတစ်တန်း ဖြစ်သွားတော့သည်။ ကြက်တူရွေးနှင့်အသားဂျယ်လီလည်း တစ်လမ်းလုံး ရန်ဖြစ်ရင်း ကပျာကယာ လိုက်သွားကြ၏။
ကြက်တူရွေးက အမြဲ နိုင်သော်လည်း အသားဂျယ်လီမှာ ဘယ်တော့မှ အရှုံးကို ဝန်ခံမည်မဟုတ်ပေ။ ၄င်းသည် ကြက်တူရွေးအား ပြောင်းလဲပစ်မည်ဟု ကြိမ်းဝါးရင်း အော်ဟစ်သောင်းကျန်းတော့သည်။
မန်ဟိုက ကျောက်စိမ်းပြားမှ ကျီးကင်းထောက်မျိုးနွယ်စုအကြောင်းကို ဖတ်နေ၏။ အကြောင်းအရာဟူ၍ သိပ်များများစားစား မပါရှိပေ။ "ကျီးကင်းထောက်မျိုးနွယ်စုက ကျီးနတ်မင်းမျိုးနွယ်စုကနေ ပေါ်ပေါက်လာတဲ့ မျိုးနွယ်စုငါးစုထဲမှာ အဆင့်အတန်းအနိမ့်ဆုံးတော့ မဟုတ်ဘူး" သူက တွေးသည်။ "ဒါပေမဲ့ အထင်ကြီးစရာလည်း မကောင်းဘူး၊ အလွန်ဆုံး သူတို့က အောက်ဆုံးကနေရေရင် နံပါတ် ၂ ပဲ..... ဒီအခြေအနေကို စဥ်းစားကြည့်ရင် မျိုးနွယ်စုတွေကြားကနေ ရုန်းထွက်ဖို့ တော်တော်ကြိုးစားရလောက်မယ်
"တခြားမျိုးနွယ်စုကြီးတွေက ကျီးနတ်မင်းမျိုးနွယ်စုရဲ့ အရင်ဂုဏ်ကျက်သရေကို နဂိုအတိုင်း ပြန်ဖြစ်စေချင်ကြတာ သိသာတယ်။ ဒီလိုနဲ့ မျိုးနွယ်စုတစ်စုက အခြားတစ်စုကို ဝါးမြိုပစ်ဖို့ ကြိုးစားရင်း အာဏာလုမှုတွေ ရှိနေမှာပဲ။ ဒီလို အတွင်းပိုင်းအာဏာလုမှုတွေက... အပြင်ဘက်က စစ်ပွဲတွေထက်တောင် ပိုရက်စက်သေးတယ်
"ဒီကျီးကင်းထောက်မျိုးနွယ်စုက သစ်သားအမျိုးအစားအရုပ် အပေါ် အာရုံစိုက်ပြီး ကိုယ်ဖျောက်ပညာရပ်တွေမှာ ကျွမ်းကျင်တယ်.... ဆိုတော့ ဝူမုက ဒီမျိုးနွယ်ဝင် တကယ်ဖြစ်နေတာပဲ" မန်ဟိုက အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် တောက်ပသွားလေသည်။ ကျီးကင်းထောက်မျိုးနွယ်စုကို ရွေးချယ်ခဲ့ရသည့် သူ၏အဓိကအကြောင်းရင်းများထဲက တစ်ခုမှာ ဝူမု၏ သစ်သားအမျိုးအစားအရုပ်များကြောင့် ဖြစ်၏။
"သစ်သားအမျိုးအစား အရုပ်တွေက ငါနဲ့အံကိုက်ပဲ။ ဒီကနေ သစ်သားအမျိုးအစားအရုပ်တစ်မျိုး အရယူနိုင်မယ်ဆိုရင် ငါ့ရဲ့ ငါးရောင်ခြယ်အနုသုခုမရုပ်ခန္ဓာလမ်းကြောင်းပေါ် ပထမဆုံးခြေလှမ်းချနိုင်ပြီ" မန်ဟိုက အရှိန်မြှင့်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံကို ချီအခြေတည်ခြင်း အလယ်အလတ်အဆင့် ရောက်သည်အထိ ဖြေးဖြေးချင်း နှိမ့်ချလိုက်သည်။
ယင်းမှာ မျိုးနွယ်စုသို့ ဝင်ရောက်ဖို့ အသင့်တော်ဆုံးသောအဆင့် ဖြစ်လေသည်။ ငယ်သားတစ်ယောက်အတွက် ကျင့်ကြံခြင်းအခြေခံ မြင့်မားနေသည်က ယုတ္တိမရှိပေ။ ကျင့်ကြံအဆင့်နိမ့်လွန်းလျှင်လည်း အထင်သေးပြီး သူ့ကို လက်ခံမည်မဟုတ်။
အာရုဏ်ဦးသို့ရောက်သည်နှင့် အရှေ့မိုးကုပ်စက်ဝိုင်းမှ ပတ္တမြားရောင်အလင်းတန်းများက မဟူရာအမှောင်ထုကို တွန်းထိုးဖယ်ရှားကြ၏။ ညကား နွေးထွေးသောနေ့တာသို့ ပြောင်းသွားလေပြီ။ သစ်ပင်ပန်းမန်များက လေယူရာ ယိမ်းနွဲ့ကခုန်နေပြီး သင်းပျံ့မွှေးကြိုင်သော ပန်းရနံ့လေးများအား ရှုရှိုက်ကြည့်နိုင်လေသည်။
ကျီးကင်းထောက်မျိုးနွယ်စုသည် တောင်တစ်လုံး၏အောက်ခြေက ချိုင့်ဝှမ်းတစ်ခုတွင် တည်ရှိသည်။ ချိုင့်ဝှမ်းသည် သိပ်မကြီးမားသော်လည်း မျိုးနွယ်စုအဖွဲ့ဝင်တစ်ထောင်ခန့်အတွက်တော့ နေရာအလုံအလောက် ပေးနိုင်သည်။ တိတ်ဆိတ်အေးချမ်းသော မနက်ခင်းလေပြေထဲတွင် ကလေးများပြေးလွှားကစားနေသံကို ကြားရနိုင်သည်။
ပထမတစ်ချက်ကြည့်လျှင် ၄င်းမှာ မျိုးနွယ်စုနှင့် မတူဘဲ ရွာလေးတစ်ရွာနှင့် ပိုတူသည်။ ၄င်းကို ဝန်းရံတည်ဆောက်ထားသော တံတိုင်းမရှိပေ။ ခြုံနွယ်ပင်တချို့သာ ပိတ်ဖုံးကာဆီးလျက်ရှိ၏။ သို့သော် နွယ်များသည် သာမန်ဖြစ်ပုံရသော်လည်း ၄င်းတို့ကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားသော အမြုတေဖြစ်တည်မှုအဆင့် လူတစ်ယောက်ကိုပင် ရစ်ပတ်ပစ်နိုင်လေသည်။
မျိုးနွယ်စု၏အလယ်တည့်တည့်တွင် ဧရာမသစ်ပင်ရုပ်တုကြီးတစ်ခုရှိ၏။
သစ်ပင်ကို မှော်သင်္ကေတများ တလက်လက်တောက်ပနေသော သစ်ရွက်များက ဖုံးလွှမ်းထားသည်။ တချို့သစ်ရွက်များအား ဆည်းလည်းလေးများနှင့် ပုလင်းများ ချိတ်ဆွဲထားသော အနီရောင်ကြိုးမျှင်များဖြင့် တွဲချည်ထား၏။ လေတိုက်သည့်အခါ သစ်ပင်က မလှုပ်ရှားသော်လည်း ဆည်းလည်းနှင့်ပုလင်းလေးများက သာယာနာပျော်ဖွယ် တေးသွားလေးကို ဖန်တီးရင်း တချွင်ချွင် မြည်သွားတတ်သည်။
ချိုင့်ဝှမ်းအနောက်ရှိ တောင်ကို မြေလိမ်မြွေကောက်ပတ်လျက်ရှိသော ကျောက်လှေကားများအား မြင်နိုင်သည်။ ကြည့်ရသရွေ့ ၄င်း၏အနောက်တွင် ကျီကင်းထောက်မျိုးနွယ်စု အပိုင်ဖြစ်သော နောက်ထပ်နယ်တစ်နယ် ရှိပုံရသည်။
ပင်မဂိတ်တံခါး၏အရှေ့တွင် အထက်ကောင်းကင်ယံအထိတိုင် ထိုးတက်နေသော တိုင်လုံးပုံသဏ္ဍာန် အလင်းတန်းကြီးတစ်တန်းရှိသည်။ အဝေးမှပင်လျှင် အလင်းအတွင်း၌ ဝဲကဲ့သို့ လည်ပတ်နေသော သစ်ရွက်များအား မြင်နိုင်လေသည်။ ၄င်းထံမှ အားကောင်းသော ဖိအားတစ်ခုသည်လည်း အပြင်သို့ ရိုက်ခတ်လျက်ရှိ၏။
အလင်းတိုင်အတွင်း တင်ပျဥ်ခွေထိုင်နေသည်က ဝူဟိုက်ဖြစ်သည်။ နှစ်စဥ်နှစ်တိုင်း ဤအချိန်တစ်ဝိုက်မှာ မျိုးနွယ်စုအတွက် ငယ်သားစုဆောင်းသည့် ဆယ်ရက်တာကာလ ဖြစ်သည်။ ဒေသခံ သင်းကွဲကျင့်ကြံသူများသော်လည်းကောင်း၊ ဝေးလံခေါင်ဖျားသော အရပ်ဒေသမှခရီးသွားများသော်လည်းကောင်း မျိုးနွယ်စုသို့ ဝင်ရောက်ရန် ရွေးချယ်နိုင်သည်။ သူတို့အားလုံး၌ ဝင်ရောက်ရန် အကြောင်းပြချက်ကိုယ်စီ ရှိကြမည်သာ ဖြစ်၏။
ကျီးကင်းထောက်မျိုးနွယ်စုမှာ ငယ်သားများလက်ခံရာ၌ ဘယ်တော့မှ စိတ်ဝင်စားခြင်းမရှိခဲ့ပေ။ သို့သော် ပြီးခဲ့သည့်သုံးနှစ်အတွင်း သူတို့သည် အဆိုပါကိစ္စနှင့်ပတ်သက်၍ ငွေကုန်ကြေးကျခံခဲ့ပြီး လူသစ်စုဆောင်းခြင်းဆိုင်ရာ အထူးညွှန်ကြားချက်များကိုပင် ထုတ်ပြန်ခဲ့သည်။ ဝူဟိုက်ကိုယ်တိုင် အကြောင်းရင်းအား သေချာမသိပေ။
"အဲ့ဒီလောက်လည်း မလိုအပ်ဘဲနဲ့" သူက သက်ပြင်းချရင်း တွေးလိုက်သည်။ "စစ်မှမဖြစ်တာကို ငယ်သားတွေ ဒီလောက်အများကြီးလက်ခံပြီး ဘာလုပ်မှာလဲ" မကြာသေးသောနှစ်များက မျိုးနွယ်စုသို့ ဝင်ရောက်ခဲ့သည့် ငယ်သားအသစ် ဆယ်ယောက်ကျော်ထံ အကြည့်ရောက်သွားတိုင်း သူ စိတ်တိုရလေသည်။ အဘယ်ကြောင့်ဆိုသော် မျိုးနွယ်စုရှိ အမျိုးသမီးအတော်များများက ငယ်သားအသစ်များကို အလွန်စိတ်ဝင်စားပုံပေါ်၍ပင်။ ဝူဟိုက် တကယ် ဘဝင်မကျပေ။
ဝူဟိုက်တစ်ယောက် တနုံ့နုံ့နှင့် ဒေါသထွက်နေသည့်အချိန်မှာပင် နေ့အလင်းရောင်ကို ခွင်း၍ ချဥ်းကပ်လာနေသော အလင်းတန်းတစ်တန်းကို လှမ်းမြင်လိုက်သည်။ ၄င်းအတွင်း၌ အစိမ်းရောင်ဝတ်ရုံနှင့် တောက်ပစွာ ပြုံးပြနေသော ခပ်ချောချော လူငယ်လေးတစ်ယောက်ရှိ၏။
"တာအိုရောင်ရင်းခင်ဗျ ဒါက ကျီးကင်းထောက်မျိုးနွယ်စုလားမသိဘူး"
ဝူဟိုက်က ခပ်ချောချောလူငယ်ကို လှမ်းကြည့်ရင်း မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။ သူ့ရင်ထဲတွင် အထင်သေးမှုများ ပေါက်ဖွားလာ၏။ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများသည် များသောအားဖြင့် အရပ်မြင့်ကြသော်လည်း အကုန်လုံး တော့မဟုတ်ပေ။ တောင်ပိုင်းဒေသမှ ကျင့်ကြံသူများနှင့်ဆင်သော ကျင့်ကြံသူများလည်းရှိ၏။
အနောက်ပိုင်းသဲကန္တာရ၏ အလှအပရေးရာ စံနှုန်းထားများအရ ထိုကဲ့သို့ ကျင့်ကြံသူများမှာ အမျိုးသမီးများ နှစ်သက်သည့် ပုံစံမျိုးမဟုတ်ပေ။ ထို့ကြောင့် မန်ဟို့တွင် နှစ်လိုဖွယ်ရာရုပ်ရည် ရှိပါသော်လည်း ဝူဟိုက်အတွက် စိုးရိမ်စရာမတွေ့ရပေ။
ယခုလိုငယ်သားမျိုးကို ဝူဟိုက် သဘောကျသည်။ သူ့ထက် အရပ်ပိုရှည်သည့်သူများကိုတော့ မုန်းလေသည်။
သူက ထရပ်လိုက်ရာ သူ၏ ထောင်ထောင်မောင်းမောင်းခန္ဓာကိုယ်မှာ ပေါ်လွင်လာသည်။ သူ့တွင် အရုပ်ဆေးမင်ကြောင်နှစ်ခုရှိ၏။ တစ်ခုက သစ်ရွက်ဖြစ်ပြီး အခြားတစ်ခုက နွယ်ပင်ဖြစ်လေသည်။ သူသည် ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံခြင်းအခြေခံအရှိန်အဝါကို ထုတ်လွှတ်နေ၏။
"ဟုတ်တယ်" သူက ပြောသည်။ "ဒါက ကျီးကင်းထောက်မျိုးနွယ်စုပဲ။ တာအိုရောင်ရင်း ကျီကင်းထောက်မျိုးနွယ်စုရဲ့ ငယ်သားဖြစ်ချင်လို့လား။ ကျုပ်တို့အမွေအနှစ်တွေက ဟိုးရှေးခေတ်ကို အရင်းခံပြီး ကျုပ်တို့က အနောက်ပိုင်းသဲကန္တာရမှာ အလေးစားခံရဆုံးမျိုးနွယ်စုလေးစုထဲ တစ်စုဖြစ်တဲ့ ကျီးနတ်မင်းမျိုးနွယ်စုရဲ့ မျိုးဆက်သစ်တွေပဲ
"တခြားဘယ်မျိုးနွယ်စုမှာမှ ကျီးကင်းထောက်မျိုးနွယ်စုလို ရင်းမြစ်တွေ မရှိဘူးနော်။ ဟုတ်တာပေါ့ ကျီးနတ်မင်းမျိုးနွယ်စုက မျိုးနွယ်စုအမျိုးမျိုး ခွဲထွက်နေတာ မှန်တယ်။ ဒါပေမဲ့ အဲ့ဒါက ဘာကြောင့်လဲဆိုရင် မျိုးနွယ်စုတစ်စုစီက မတူညီတဲ့အရုပ်တွေမှာ ထူးချွန်တာကြောင့်မလို့ပဲ။ ဒါပေမဲ့ ဘယ်ဟာကမှ ကျီးကင်းထောက်မျိုးနွယ်စုနဲ့ မယှဥ်နိုင်ဘူး" ဝူဟိုက်က ကျီးကင်းထောက်မျိုးနွယ်စုဝင်တစ်ယောက်ဖြစ်သည်ကို အလွန်ဂုဏ်ယူနေဟန်ဖြင့် ရင်ဘတ်ကို တဖြန်းဖြန်း ပုတ်လိုက်သည်။
မန်ဟိုက သူ့ကို လှမ်းကြည့်ရင်း ပြုံးနေ၏။ ထို့နောက် သူသည် မျိုးနွယ်စုရှိရာသို့ ခေါင်းလှည့်ကြည့်လိုက်သည်။ အထူးသဖြင့် သစ်ပပ်ရုပ်ထုကိုပင်။ လေးနက်သွားသောအမူအရာတစ်ခုက သူ၏မျက်နှာကိုဖုံးလွှမ်းသွား၏။
ဤအခြင်းအရာကို မြင်သော် ဝူဟိုက်က ဆက်ပြောသည်။ "ကျီးကင်းထောက်မျိုးနွယ်စုရဲ့ငယ်သားတစ်ယောက် ဖြစ်ရတာထက်ပိုပြီး ကောင်းတာမရှိဘူးနော် တာအိုရောင်ရင်း။ ခင်ဗျား ငယ်သားတစ်ယောက် ဖြစ်လာတာနဲ့ ဝိညာဥ်သလင်းကျောက်တစ်ပိုင်း ရလိမ့်မယ်။ အစမ်းခန့်ကာလ နှစ်ဝက်ပြီးလို့ အသိအမှတ်ပြုခံရရင် ငယ်သားစစ်စစ်ဖြစ်လာပြီး ကျီးကင်းထောက်မျိုးနွယ်စု အရုပ်တွေနဲ့ ကျင့်စဥ်တွေကို သင်ယူခွင့်ရှိပြီ
"ဘယ်လိုလဲ အကျိုးအမြတ်များတယ်မလား စိတ်မဝင်စားဘူးလား" ဝူဟိုက်က အားပါးတရရယ်လိုက်သည်။ သူပြောခဲ့သော စကားများမှာ စိတ်ရင်းထဲက လာခြင်းဖြစ်လေသည်။ ကျီးကင်းထောက်မျိုးနွယ်စုအနေဖြင့် ငယ်သားများစုဆောင်းရာ၌ အကုန်အကျမခံသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်၏။ ပြီးခဲ့သည့်နှစ်နှစ်ကမှ ကပ်စေးနှဲသော ခေါင်းကိုင်ဖခင်ကြီးနှင့် အခြားသူများ ရုတ်တရက်ကြီး ရက်ရောလာခဲ့ကြလေသည်။
မန်ဟို အတန်ငယ် အံ့အားသင့်သွား၏။ ဤနေရာသို့မလာခင်က သူသည် ဘက်ပေါင်းစုံမှ မျိုးစုံစဥ်းစားပြီး သံသယအဝင်မခံရရအောင် ဖြေရှင်းချက် တသီတသန်းကြီး ပြင်ဆင်ခဲ့လေသည်။ သူ့မှာ ထိုသို့လုပ်ပြီးနောက်မှ ကျီးကင်းထောက်မျိုးနွယ်စုသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
ယခုတော့ ထိုအရာအားလုံး အကျိုးမရှိသည့်ပုံပေါ်သည်။ မျိုးနွယ်စု၏ငယ်သားဖြစ်လာဖို့က မန်ဟိုမယုံနိုင်လောက်အောင် လွယ်ကူနေချေသည်။
သူ ခေါင်းကလေးညိတ်လိုက်ရုံနှင့် ငယ်သားဖြစ်လာတော့မည့် အလားပင်။ ၄င်းမှာ အလွန်လွယ်ကူလွန်း၏။
"ကျီးကင်းထောင်မျိုးနွယ်စုက လူတွေ မကောင်းတဲ့အကြံအစည်နဲ့ဝင်လာမှ မစိုးရိမ်ဘူးလား" မန်ဟိုက တွေးလိုက်သည်။ "အစမ်းခန့်ကာလနှစ်ဝက်တဲ့ ဟမ်...... အဲ့ဒါက အကြောင်းရင်းဖြစ်ရမယ်။ ဒါပေမဲ့ မယုံနိုင်အောင်ကိုပါပဲ" သူ၏ပထမဆုံးတုံ့ပြန်ပုံမှာ တွန့်ဆုတ်နေပုံဖမ်းရန်ပင်။ သူစဥ်းစားကြည့်ရသရွေ့ ဤကိစ္စမှာ အလွန်ရိုးရှင်းလွန်းသည်။ ရိုးရှင်းလွန်း၍ စိတ်ပင်လေးလာလေသည်။
***