ကြယ်တာရာ ကပ်ဘေး (၂)
Vol. 30 Ch. 419
“ဟမ်...”
ဝေ့ဝူယင် နားမလည်နိုင်အောင် ဖြစ်သွား၏။ သူ လျှင်မြန်စွာပင် ပတ်ဝန်းကျင် တစ်ခုလုံးကို လှည့်ပတ် ကြည့်ရှုလိုက်သည။
“ကြယ်တာရာ ကပ်ဘေးက ဘယ်မှာလဲ...”
ထိုအတွေးက သူ့စိတ်အတွင်း ပဲ့တင်ထပ်သွား၏။ သူ ဝိညာဥ် အာရုံကို ဖြန့်ကျက်ကာ ကောင်းကင်ဘုံ နတ်မျက်လုံးကိုပင် ထုတ်ဖော်၍ စစ်ဆေးကြည့်လိုက်သည်။ သို့သော်လည်း ဘာဆို ဘာကိုမျှ မတွေ့ရ။ ဤနေရာတွင် မည်သည့် အရာမှ ဖြစ်ပျက်နေခြင်း မရှိချေ။
ဝေ့ဝူယင် မျက်မှောင်ကြုတ်ကာ ကြယ်တာရာ ဝိညာဥ်လေးခုကို နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်၏။ ၎င်းတို့မှာ တဆတ်ဆတ် တုန်ရီနေကြသော်လည်း မည်သည့် အရာမှ ဖြစ်ပွားနေခြင်း မရှိချေ။ ဝေ့ဝူယင် နှုတ်ခမ်းကို ကိုက်လိုက်ရင်း ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သည်။ သူ အနည်းငယ် လန့်ဖျန့်ကာ ကြက်သီးထမိသွား၏။ မည်သည့် အရာများ ဖြစ်ပျက်နေသနည်း။
ဤသို့နှင့် တစ်နာရီ ကြာမြင့်သွားသည်။ ဝေ့ဝူယင် လေထုထဲတွင်ပင် မြောပါရင်း နေ့လည်စာကို ထုတ်ယူကာ စားသောက်လိုက်၏။ နေသွေးနီနီးဂိုဏ်းတွင် နေထိုင်စဥ်ကတည်းကပင် သစ်သီးများအား စားသုံးရခြင်းကို ဝေ့ဝူယင် နှစ်ခြိုက် သဘောကျသည်။ ထို့ကြောင့်ပင် သူသည် အမြဲလိုလို သိုလှောင် လက်စွပ် တစ်ကွင်းထဲတွင် များစွာသော သစ်သီးများကို ထည့်ကာ သွားလေရာ နေရာ ယူဆောင်သွားလေ့ ရှိသည်။ ယခုတစ်ကြိမ်က ခရီးရှည် ဖြစ်လေရာ ဂိုဏ်းတစ်ဂိုဏ်းကိုပင် ရက်အနည်းငယ်မျှ မျှဝေပေးရန် လုံလောက်သည့် အစားအစာများ ပါရှိပေသည်။
ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက် အတွက် အစားစားခြင်းက ကုန်ဆုံးသွားသည့် ရုပ်ပိုင်း ဆိုင်ရာ စွမ်းအင်များကို ပြန်လည် ဖြည့်တင်းပေးနိုင်သည်။ အိပ်စက်ခြင်းမှာလည်း ထို့နည်းတူစွာပင် အကျိုးကျေးဇူးများ ရှိပေသည်။ ထို့ကြောင့်ပင် သေမျိုးများအတွက် ကဲ့သို့ မဖြစ်မနေ လိုအပ်ချက် တစ်ခု မဟုတ်တော့သည့်တိုင် ဝေ့ဝူယင်မှာ မကြာခဏဆိုသလို စားသောက်လေ့ ရှိသည်။
“ဝါး....”
လက်ရှိ အခြေအနေက အတော်လေး ပျင်းစရာ ကောင်းနေရာ ဝေ့ဝူယင် သမ်းလိုက်မိ၏။ ဗိုက်အင့်သွားပြီးသည့်နောက် မျက်ခွံများ လေးလံလာသလိုပင် သူ ခံစားလိုက်ရသည်။
“ဝိညာဥ် ပုံရိပ်ယောင် ကပ်ဘေးတုန်းကလိုမျိုး ဟင်းလင်းပြင်ကို ဖြတ်ပြီး ငါ တစ်ခါမှ မမြင်ဖူးတဲ့ အာကာသရဲ့ လျှို့ဝှက် ဆန်းကြယ်တဲ့ မြင်ကွင်းတွေကို တွေ့ရလိမ့်မယ်လို့ ထင်ထားတာ... ကံကောင်းရင် ဒီလောကနယ်မြေရဲ့ တည်ရှိမှုကိုတောင် ဖော်ထုတ်ကောင်း ဖော်ထုတ်နိုင်လိမ့်မယ်ပေါ့... ခုကျ ဘာကြီးလဲ”
တစ်နာရီမျှ ကြာပြီးသည့်တိုင် ဘာဆို ဘာမှ ဖြစ်မလာခဲ့ခြင်း အပေါ် ဝေ့ဝူယင် အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့၏။ ကံကောင်းထောက်မသည်ဟု ဆိုရမလား မသိ...။ တစ်နာရီ ပြည့်ပြီး သိပ်မကြာခင်မှာပင်...
ဘုန်း...
သေးငယ်သော ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာ၏။ သေးငယ်သည်မှ အတော့်ကို သေးငယ်လှပေသည်။ သာမန် နားများဖြင့်ပင် ကြားရန် မလွယ်ကူလှ။
သို့သော်လည်း ထိုပေါက်ကွဲသံက ပျင်းရိနေသည့် ဝေ့ဝူယင် အတွက်တော့ စစ်ခေါ်သည့် ဗုံသံကြီး တစ်ခုလို ကျယ်လောင်လှပေသည်။ သူ ချက်ချင်းပင် စိတ်မျက်လုံးကို ဖွင့်ရင်း ခန္ဓာကိုယ် နေရာ အနှံ့အပြားရှိ ကြယ်တာရာ ဝိညာဥ်လေးခုကို ကြည့်လိုက်သည်။ ထိုသို့ ပြုလုပ်လိုက်သည်နှင့် ချက်ချင်းပင် သူ၏ မျက်လုံးများက လပြည့်ဝန်းလို ပြူးကျယ် ဝိုင်းစက်သွားလေတော့သည်။
သကောင့်သားတို့ကား အဆင့်တက်သွားချေပြီ။ ကြယ်တာရာ အမြုတေ အဆင့်လေး အာကာသ ပဲ့တင်သံ အဆင့်ကို အပြည့်အဝပင် တက်လှမ်းသွားချေပြီ ဖြစ်လေသည်။
ကြယ်တာရာ ဝိညာဥ်များ အတွင်း စီးဆင်းနေသည့် ဟင်းလင်းပြင် စွမ်းအင်ကို ဝေ့ဝူယင် ခံစားရသည်။ ၎င်းတို့က ကြယ်တာရာ အင်အားနှင့် ပေါင်းစပ်ကာ သန့်စင်နေကြသည်။
သို့သော်လည်း မည်သည့် ထူးခြားမှုကိုမှ သူ မခံစားရ။ ကြယ်တာရာ ဝိညာဥ်များ အတွင်း စီးဆင်းနေသည့် အာကာသ စွမ်းအင်က ရိုးရှင်းလွန်းကာ အခြေခံ ဆန်လွန်းလှသည်။ ထိုအရာကို သတိထားမိတော့ ဝေ့ဝူယင်၏ မျက်နှာက သုန်မှုန်သွား၏။
အမြဲတမ်းလိုလို တိတ်ဆိတ် ငြိမ်သက် နေတတ်သည့် ဧဒင်မှာ ယခုတစ်ကြိမ်တွင်တော့ စကားပြောဖို့ ဆုံးဖြတ်လိုက်ဟန် ရ၏။
“ဟင်းလင်းပြင် တာအိုက အာကာသကို ကျော်လွန်နေတယ်”
သူ ပြောသမျှက ထိုမျှသာ ဖြစ်သော်လည်း ဝေ့ဝူယင်မှာ နောက်ဆုံး၌ အရာရာကို နားလည်သွားခဲ့ပြီ ဖြစ်သည်။ သူ အကူအညီ ကင်းမဲ့စွာဖြင့် လက်မှိုင်ချလိုက်မိသည်။ တစ်ခါတုန်းက ခရာတိုမှာ ဟင်းလင်းပြင် တာအို၏ နိယာမနှင့် သဘောတရားများ အကြောင်းကို သူ့အား ပြောပြခဲ့ဖူးသည်။
“ဟင်းလင်းပြင် တာအိုက အာကသ၊ အချိန်၊ ကြယ်တာရာ အင်အား၊ ဟင်းလင်းပြင် စွမ်းအင်တို့နဲ့ ချိတ်ဆက်နေတယ်... အာကာသကတော့ အမှောင်ဟင်းလင်းပြင်ထဲမှာ ရှိတဲ့ ပုံသေ ဖြစ်ခြင်း၊ တည်မြဲခြင်း၊ ဖရိုခရဲဖြစ်ခြင်းတို့နဲ့ဆက်နွယ်နေပြီး လေထု အပါအဝင် ပုံစံမျိုးစုံနဲ့ တည်ရှိနိုင်တယ်... အချိန်ကတော့ အတိတ်၊ ပစ္စုပ္ပုန်၊ အနာဂတ်၊ တည်မြဲခြင်း၊ ပြန့်ကျဲခြင်းတို့နဲ့ ဆက်နွယ်နေတယ်”
ထိုအချိန်က ခရာတို၏ စကားကို သူ နားမလည်ခဲ့သော်လည်း ယခုတွင်တော့ အာကာသ ပဲ့တင်သံ အဆင့် အတွင်း ပါဝင်နေသည့် အာကာသ စွမ်းအင်များမှာ ပုံသေ အာကာသ စွမ်းအင် အမျိုးအစားနှင့် ဆက်နွယ်နေကြောင်း သူ သဘောပေါက်သွားသည်။
ပြောရလျှင်... ခရာတို ပိုင်ဆိုင်ထားသည့် ဟင်းလင်းပြင် စွမ်းအင်များမှာ ထိုထက် အဆများစွာ ကျော်လွန်ပေသည်။ ထို့ကြောင့်ပင် အကာသ ပဲ့တင်သံ အဆင့် ကြယ်တာရာ ကပ်ဘေး၏ ဖိအားနှင့် အမတေများကို သူ ဘာမှ မခံစားခဲ့ရခြင်း ဖြစ်သည်။ သူက ဟင်းလင်းပြင် နဂါး မျိုးဆက်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက ဟင်းလင်ပြင် တာအိုကို သယ်ဆောင်ထားသည့် ဟင်းလင်းပြင် စွမ်းအင်များနှင့် ချိတ်ဆက်နေသည်။ ဤကပ်ဘေးက သမုဒ္ဒရာကြီး အတွင်း ရေတစ်ပေါက်လောက်မျှ တိုးလာရုံလောက်သာ ဖြစ်ပေသည်။
ထိုမမျှော်လင့်ထားသည့် တိုးတက်မှု အပေါ် ဝေ့ဝူယင် ဘယ်လို ခံစားရမလဲ မသိတော့ချေ။ သို့သော်လည်း ဟင်းလင်းပြင် နဂါးသွေးမျိုးဆက်နှင့် စတုတ္ထမြောက် ကြယ်တာရာ ကပ်ဘေး၏ သွင်ပြင် လက္ခဏာများကို ပြန်လည် စဥ်းစားမိသော အခိုက်၌ သူ့တွင် လက်ခံရုံမှ တစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။
“ဘာတတ်နိုင်မှာလဲ...”
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။ သူ၏ ကြယ်တာရာ ဝိညာဥ်လေးခုမှာ စတုတ္ထမြောက် ကြယ်တာရာ ကပ်ဘေးကို ဆင့်ခေါ်ကာ အပြည့်အဝပင် အောင်မြင်သွားကြပြီ ဖြစ်သည်။ သူတို့က အဆင့်ကိုးဆင့်လုံးကို ကျော်လွန်ကာ နဝမမြောက် အာကာသ ပဲ့တင်သံ အဆင့်ကို ရောက်ရှိပြီး ဖြစ်ကြောင်း သူ ခံစား၍ ရပေသည်။
ဝေ့ဝူယင် မျက်မှောင်ကြုတ်ရင်း ဟင်းလင်းပြင် ပဲ့တင်သံ အဆင့်၏ စွမ်းအင်များကို စစ်ဆေး ကြည့်လိုက်၏။ အကာသ အကျဥ်းထောင် နှင့် အာကာသ အမှတ်အသာတို့၏ မှတ်ဉာဏ်များမှာ သူ့ အသိစိတ် ပင်လယ် အတွင်း ရောက်ရှိနေခဲ့ပြီး ဖြစ်၏။
ထို့အပြင်... ကြယ်တာရာ ဝိညာဥ်များကို အသုံးပြုကာ အာကာသ ပဲ့တင်သံလှိုင်း ခပ်ဖျော့ဖျော့ကို သူ အာရုံခံနိုင်နေပြီ ဖြစ်သည်။ အကယ်၍ သူသာ အလိုရှိပါက ပတ်ဝန်းကျင်ရှိ အာကာသ စွမ်းအင်များကို လိုသလို ဆွဲယူကာ အသုံးချနိုင်နေပြီ ဖြစ်သည်။ ဝေ့ဝူယင် စိတ်လှုပ်ရှားလာမိ၏။
လွန်ခဲ့သည့် ကိုးလအတွင်း၌ သူ များစွာသော တိုးတက်မှုများကို ရရှိခဲ့သည်။ ကျင့်ကြံခြင်း အခြေခံတွင် အာကာသ ပဲ့တင်သံ အဆင့်ကို ရောက်ရှိခဲ့ရုံမျှသာ မက... သေမျိုး အမှတ် ထိပ်ဆုံး အဆင့်ကို ရောက်ရှိကာ ဟင်းလင်းပြင် နဂါးသွေးမျိုးဆက်၏ လက်ရှိ အကန့်အသတ် အထိ ဝင်ရောက်နိုင်ခဲ့သည်။ ထို့အပြင် သွေးပန်းပဲဖို ကျင့်စဥ်ကိုပါ အလွန် မြင့်မားသည့် အဆင့်တစ်ခု အထိ ကျင့်ကြံနိုင်ခဲ့သည်။
သို့တိုင်အောင် သူ့ထံတွင် လောကသခင်၏ လက်စွပ်ထဲမှ ရရှိထားသည့် ပျက်သုဥ်းခြင်း ပုလဲ ငါးသန်းခန့်နှင့် မရေမတွက်နိုင်သည့် ကြယ်တာရာ သလင်းကျောက်များ၊ အခြား ရတနာများ ကျန်ရှိနေဆဲ ဖြစ်သည်။ ထိုပမာဏက သူ လောလောဆယ် ကျင့်ကြံရန် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။ သို့ဖြစ်လေရာ ပထမတစ်ကြိမ်လို အခြားမြို့များကို ဓားပြတိုက်ခြင်း၊ ရတနာ မုဆိုးများ ကဲ့သို့ ပျက်သုဥ်းခြင်း ပုလဲသိုက်များကို ရှာဖွေခြင်းများ ပြုလုပ်စရာ လိုတော့မည် မဟုတ်ချေ။
ဒြပ်စင်တိုကင် တစ်ခုကို ထိန်းသိမ်းထားသည့် သူတို့ အခေါ် “တော်ဝင်မြို့တော်” ကို ရှာဖွေရန် ဝေ့ဝူယင် ဆုံးဖြတ်လိုက်၏။ သို့သော်လည်း ထို့မတိုင်ခင် သာလွန်ခြင်း အဆင့် အရည်အသွေး ရှိသည့် ဆေးရည်တစ်မျိုးကို သူ စုပ်ယူရဦးမည် ဖြစ်သည်။ လောကအလင်း ဆေးရည်မှာ သူ ဖန်တီးဖော်စပ်ခဲ့သည့် ပထမဆုံးနှင့် တစ်ခုတည်းသော သာလွန်ခြင်း အဆင့် အဂ္ဂိရတ် ထုတ်ကုန် ဖြစ်သည်။ ထိုအရာက ကြယ်တာရာ အမြုတေ အဆင့်ငါး အလင်းပြန်ခြင်း အဆင့်ကို တက်လှမ်းရန် ရှာဖွေနေကြသူများ အတွက် အဖိုးဖြတ်၍ မရနိုင်အောင် ထိုက်တန်သည့် ထုတ်ကုန်တစ်ခု ဖြစ်သည်။
လောကအလင်း ဆေးရည်၏ မူလ လုပ်ဆောင်ချက်က ကျင့်ကြံသူ၏ ခန္ဓာကိုယ် အတွင်းရှိ လုပ်ဆောင်ချက်များကို ပြောင်းလဲကာ အလင်းစွမ်းအင်များနှင့် ပေါင်းစပ်လျှက် အလင်းပြန်ခြင်း အဆင့်ကို ရောက်ရှိအောင် တွန်းပို့ပေးခြင်း ဖြစ်သည်။ မှတ်တမ်းများအ ရဆိုလျှင် အရည်အသွေး အထွတ်အထိပ် အဆင့် အလင်းပြန်ခြင်း ဆေးရည်မှာ ကျင့်ကြံသူ တစ်ယောက်ကို လောက၏ အစစ်အမှန် အလင်းနှင့် ဆက်သွယ်နိုင်အောင် ကူညီပေးနိုင်သည်ဟု ဆိုသည်။
သို့သော်လည်း... မည်သည့် မှတ်တမ်းစာအုပ်တွင်မှ သာလွန်ခြင်း အဆင့် အရည်အသွေးရှိ ဆေးရည်၏ အကျိုးကျေးဇူးများကို ဖော်ပြထားခြင်း မရှိချေ။ သို့သော်လည်း သာလွန်ခြင်း အဆင့်က အထွတ်အထိပ် အဆင့်ထက်ထက် အဆပေါင်းများစွာ ပိုမို အကျိုးကျေးဇူး ဖြစ်ထွန်းမည်ကတော့ မလွဲမသွေပင် ဖြစ်သည်။
အလင်းစွမ်းအင်၏ အကျိုးအမြတ်များကို သိရှိထားပြီး ဖြစ်လေရာ ဝေ့ဝူယင် တုန့်ဆိုင်း မနေတော့ချေ။ သူက ချက်ချင်းပင် အောက်သို့ ပြန်လည် ဆင်းသက်လိုက်ရင်း ဆေးရည်ပုလင်းကို ထုတ်ယူလိုက်လေတော့၏။
***