ရှာဖွေတွေ့ရှိခြင်း
Vol. 30 Ch. 420
“ဆေးရည်ပုလင်း လေးခုလိုမှာလား...”
ဝေ့ဝူယင် တွေးလိုက်မိ၏။ လောကအလင်း ဆေးရည်၏ အကျိုးကျေးဇူးမှာ ခန္ဓာကိုယ်အား ပြောင်းလဲကာ အလင်းစွမ်းအင်နှင့် ဆက်သွယ်လျှက် အလင်းပြန်ခြင်း အဆင့်ကို ပို့ဆောင်ပေးခြင်း ဖြစ်သည်။ သန့်စင်နိုင်သည့် အလင်းစွမ်းအင်ပေါ် မူတည်လျှက် အလင်းရင်းမြစ်မှာ အနက်၊ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်းနှင့် အဖြူရောင် ဟူ၍ အမျိုးမျိုး ကွဲပြားသွားသည်။
ကြယ်တာရာ ဝိညာဥ် တစ်ခုချင်းစီမှာ ဆေးရည်ပုလင်း တစ်ပုလင်း လိုအပ်လိမ့်မည်ဟု သူတွေးလိုက်မိသေးသော်လည်း ထိုအရာက အကျင့်ပါသွားခြင်းသာ ဖြစ်သည်။ ဤဆေးရည်က သူတို့ အတွက် မဟုတ်ချေ။ သူ့အတွက်၊ သူ့ခန္ဓာကိုယ် အတွက်သာ ဖြစ်သည်။ သူ၏ စွမ်းအင်သွေးကြောများ၊ ဆဲများနှင့် ခန္ဓာကိုယ်မှာ အလင်းစွမ်းအင်များကို စုပ်ယူ သန့်စင်နိုင်ပါက ကြယ်တာရာ ဝိညာဥ်များမှာလည်း မည်သည့် အပြောင်းအလဲမှ မရှိပဲ ၎င်းတို့ကို စုပ်ယူနိုင်လိမ့်မည် ဖြစ်သည်။
ဝှစ်...
ဝေ့ဝူယင် အချိန်မဆွဲတော့ပဲ ပုလင်းအဖုံးကို ဖြည်းညင်းစွာပင် ဖွင့်လိုက်၏။ မကြာခင်မှာပင် သလင်းကျောက် ကဲ့သို့ ကြည်လင်တောက်ပနေသည့် အလင်းရည်များမှာ သူ အရေပြားများကို ဖြတ်သန်း၍ စီးဝင်သွားကာ သွေးကြောများထဲ အထိ ဝင်ရောက်သွားသည်။
သိပ်မကြာခင်မှာပင် သူ၏ သွေးကြောများမှာ တဖြည်းဖြည်း တောက်ပလာနေကာ ကြည်လင်သည့် အလင်းရောင်တစ်မျိုးအဖြစ် ပြောင်းလဲသွား၏။ ထိုအလင်းက စတင် ကျယ်ပြန့်လာကာ အသားနှင့် အရိုးများကိုပင် တိုက်စားသွားသည်။ ထို့နောက် သတိပေးမှုတစ်စုံတစ်ရာ မရှိပါပဲ သူ့မျက်လုံးများပင် ကြည်လင်ကာ ပျောက်ကွယ်သွားခဲ့တော့၏။
ထိုဖြစ်စဥ်က သူ့အရည်ပြား၊ အသွေးအသားနှင့် သွေးကြောများ အပါအဝင် ခန္ဓာကိုယ် တစ်ခုလုံးကို ကူးစက် ပျံ့နှံ့သွားသည်။ သို့သော်လည်း ၎င်းက တစ်ခဏမျှသာ ကြာမြင့်ခဲ့ကာ ဝေ့ဝူယင်မှာ ပုံမှန် အခြေအနေသို့ ပြန်လည် ပြောင်းလဲသွား၏။ သူ၏ ငွေရောင် မျက်လုံးများက ပြန်လည် ပေါ်လွင်လာခဲ့ကာ ခန္ဓာကိုယ်ကလည်း ပြန်လည် ထင်ရှားလာသည်။
ပြန်လည် ပေါ်လွင်လာသည့် ဝေ့ဝူယင်၏ မျက်လုံးများက အံ့အားသင့်မှုများနှင့် ပြည့်နှက်နေ၏။ စောစောက အဖြစ်အပျက်ကို ဖော်ပြစရာ စကားလုံးများပင် သူ့ထံတွင် မရှိချေ။ ထိုအရာက မည်မျှ ဒဏ္ဍာရီ ဆန်လိုက်ကြောင်းသာ သူ တွေးတောနိုင်ပေသည်။
ဝေ့ဝူယင် လက်နှစ်ဖက်ကို ငုံ့ကြည့်ရင်း ရွေ့လျားကြည့်လိုက်၏။ သူ၏ မျက်လုံးများက ငွေရောင် အလင်းဖြင့် တဖျပ်ဖျပ် လင်းလက်နေကာ ပြောင်းလဲမှုများကို အဖြေရှာဖွေနေဟန် ရသည်။ သူ၏ ခန္ဓာကိုယ်က လွန်ခဲ့သည့် စက္ကန့်ပိုင်းကနှင့်ပင် မတူတော့ပဲ အလွန် ပြောင်းလဲသွားပြီဟု သူ ခံစားလိုက်ရသည်။
ဝေ့ဝူယင် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ အရှေ့ရှိ လေထုကို ဆုပ်ကိုင်ကြည့်လိုက်၏။ ချက်ချင်းပင် အလင်း စွမ်းအင်များမှာ သူ့လက်ချောင်းများတွင် ခိုအောင်းလာသည်။ သူ ထိုအလင်းများကို စုပ်ယူကာ သွေးကြောများမှ တစ်ဆင့် ကြယ်တာရာ အမြုတေများ အတွင်း ပို့ဆောင် သန့်စင်လျှက် ကြယ်တာရာ ဝိညာဥ်များနှင့် ပေါင်းစပ်လိုက်သည်။
သူ အပေါ်သို့ ပြန်လည် မော့ကြည့်လိုက်ရာ လက်တစ်ဝိုက်ရှိ ပတ်ဝန်းကျင်က အနက်ရောင် အဖြစ် ပြောင်းလဲသွားသည်ကို သူ သတိထားမိလိုက်၏။ သို့သော်လည်း အလင်းစွမ်းအင် စုပ်ယူမှုကို ရပ်တန့်လိုက်သည်နှင့် ချက်ချင်းပင် ထိုအနက်ရောင် ပတ်ဝန်းကျင်က အရောင် ပြောင်းလဲကာ ပြန်လည် လင်းထင်းသွားသည်။
“အစစ်အမှန် အလင်း...”
ဒဏ္ဍာရီများထဲတွင် ဖော်ပြထားသည့် အစစ်အမှန် အလင်း အကြောင်း ဝေ့ဝူယင် ပြန်လည် တွေးတော လိုက်မိ၏။ သူတို့က အစစ်အမှန် အလင်းမှာ အလင်း အားလုံး၏ မူလ ဖြစ်သည်ဟု ဖော်ပြထားကြသည်။ ထိုသီအိုရီက လုံးဝကို မှားသည်။ အစစ်အမှန် အလင်းမှာ အလင်း မဟုတ်ချေ။ အလင်းအားလုံး၏ ရင်းမြစ် သာလျှင် ဖြစ်ပေသည်။
ဝေ့ဝူယင် တွေးတောနေစဥ်မှာပင် ရှုပ်ထွေးသော ခံစားချက် တစ်မျိုးမှာ သူ့စိတ်အတွင်း ပေါ်ထွက် လာခဲ့၏။ ထိုအရှုပ်အထွေးအား ရှင်းလင်းလိုသည့် ခံစားချက်တစ်ခုက သူ့ အာရုံအတွင်း ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။ ဝေ့ဝူယင် ထိုခံစားချက်ကို ရပ်တန့်ရန် ကြိုးပမ်းလိုက်သော်လည်း တစ်ခဏအတွင်းမှာပင် ၎င်းက အဆများစွာ ပိုမို အားကောင်းလာသည်။
ပေါက်...
ရုတ်တရက် သွေးတစ်ပေါက်မှာ နှာခေါင်းမှ စီးထွက်ကာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။ ဝေ့ဝူယင်၏ ခေါင်းတစ်ခုလုံးက ချာချာလည်လာကာ အသိစိတ် အရုံမှာ ငလျင်တစ်ခု လှုပ်ရှားသလို ပြင်းထန်စွာ တုန်ရီလာ၏။ ထိုအခိုက်အတန့်တွင်ပင် သူ့မျက်လုံးများက ပြာဝေလာကာ သွေးမျက်ရည်များမှာ သူ့မျက်ဝန်း နှစ်ဖက်လုံးမှ စီးကျလာ၏။
“ဟူး... ဟူး...”
ခရာတိုက ချက်ချင်းပင် အမြစ်များနှင့် အသိစိတ် ပင်လယ်တစ်ခုလုံးကို ဖြန့်ကျက်ကာ ဝေ့ဝူယင် ခံစားနေရသည့် ဝေဒနာကို စုပ်ယူရန် ကြိုးပမ်းလိုက်သည်။ သို့သော်လည်း အလုပ်မဖြစ်။ ဝေ့ဝူယင်၏ ခန္ဓာကိုယ်က ကျောက်ရုပ်တစ်ခုလို တောင့်တင်းသွားကာ မျက်လုံးများမှာ မှေးမှိန်သွား၏။ သူ၏ စိတ်အစဥ်က အခြား ကမ္ဘာတစ်ခုကို လွင့်ပျံသွားခဲ့သည့်ပုံပင်။
“ဘာဖြစ်တာလဲ...”
ခရာတို၊ ဘုရင်နှင့် ခရာတိုတို့မှာ ထိတ်လန့်တကြားဖြင့် ဧဒင်ကို မေးလိုက်၏။ တစ်ချိန်တည်း၌ သူတို့က မတုန့်မဆိုင်းပင် စွမ်းအင်များကို ပို့လွှတ်ကာ အသိစိတ် ပင်လယ်ထံ ပို့လွှတ် လိုက်ကြသည်။ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း မသိသည့်တိုင် လျှင်မြန်စွာ ကျဆင်းလာနေသည့် ဝေ့ဝူယင်၏ စိတ်စွမ်းအင်ကို အားဖြည့်ပေးဖို့ လိုအပ်ကြောင်း သူတို့ ခံစားမိပေသည်။
ဧဒင်ပြန်ဖြေရန်အချိန်မရခင်မှာပင်...
ဘုန်း...
ဝေ့ဝူယင်မှာ မြေကြီးပေါ် ဒူးထောက်ပြုတ်ကျသွား၏။ သူ၏ ငွေရောင် မျက်လုံးများက ပို၍ပင် မှေးမှိန်လာကာ အနက်ရောင် အဖြစ် ပြောင်းလဲလုနီးပါး ဖြစ်သွားသည်။ တစ်ချိန်တည်း၌ အသိစိတ် ပင်လယ် အတွင်းရှိ သူ၏ စိတ်စွမ်းအင်များက အလွန် လျှင်မြန်သော အရှိန်ဖြင့် ခမ်းခြောက်လာသည်။ သို့သော်လည်း တစ်ချိန်တည်း၌ နားလည်မှု အလင်းစ အချို့မှာ မှေးမှိန်နေသော မျက်လုံးများ၏ အနက်ရှိုင်းဆုံး တစ်နေရာတွင် မှိန်ဖျော့ဖျော့ဖြင့် ပေါ်လွင်လာခဲ့၏။
“ခုန ဆေးရည်ကြောင့်... မရသေးဘူး... ထပ်များဦး...”
ဧဒင်၏ အော်ဟစ်လိုက်သည်။ သူ၏ အသံက လေးလံ ခြောက်ကပ်နေလေရာ ယခု အခိုက်အတန့်မှာ ဝေ့ဝူယင် အတွက် မည်မျှ အရေးကြီးကြောင်း ထင်ရှားလှသည်။
“ခုန ဆေးရည်ကြောင့်လား...”
ကြယ်တာရာ ဝိညာဥ် သုံးခုမှာ ပိုမို များပြားသော စွမ်းအင်များကို အရှိန်အဟုန်နှင့် အသိစိတ် ပင်လယ် အတွင်း ထပ်မံ ပို့လွှတ်လိုက်ကြ၏။ အသေးစိတ် မသိရသေးသည့်တိုင် ထိုအရာက သာလွန်ခြင်း အဆင့် လောကအလင်း ဆေးရည်၏ မမျှော်လင့်ထားသည့် အကျိုးသက်ရောက်မှု တစ်ခု ဖြစ်လိမ့်မည် ဖြစ်ကြောင်း သူခန့်မှန်းနိုင်ခဲ့ပြီး ဖြစ်သည်။
ထိုအခိုက်အတန့်တွင်ပင် ခရာတိုမှာ တစ်စုံတစ်ရာကို ခံစားမိဟန်နှင့် တုန်ရီသွားသည်။
“တစ်ယောက်ယောက် လာနေတယ်...”
“ ... “
ဘုရင်မှာလည်း ပြင်းထန်သည့် အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူက ချက်ချင်းပင် ဆေဘာအလင်း အသွင် ပြောင်းလဲကာ ခန္ဓာကိုယ် အပြင်သို့ ထွက်ရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း အိုရီက သူ့ကို ဆွဲထားလိုက်၏။
“ဒီမှာနေ... ဒီမှာနေ... မသွားနဲ့...”
အိုရီ၏ အသံက ပြင်းထန်စွာတုန်ရီနေသည်။ တစ်ချိန်တည်း၌ သူ၏ ကြယ်တာရာ ဝိညာဥ်မှာ အက်ကွဲကြောင်း လက္ခဏာများကို စတင် ပြသလာ၏။ အကယ်၍ ဘုရင်သာ ထွက်ခွာသွားပါက ဝေ့ဝူယင်မှာ စိတ်စွမ်းအင်များ အားလုံး ကုန်ဆုံးကာ လုံးဝ လဲပြိုသွားတော့မည် ဖြစ်သည်။
" ... “
ဘုရင်မှာ အခြေအနေကို သဘောပေါက်သွားရာ ရပ်တန့်လိုက်၏။ သူက ချက်ချင်းပင် ကြယ်တာရာ အင်အားများကို အရှိန်အဟုန်နှင့် အသိစိတ် ပင်လယ် အတွင်း ပို့လွှတ်လိုက်သည်။ သိပ်မကြာခင်မှာပင် သူ့ ကြယ်တာရာ အမြုတေမှာလည်း စတင် အက်ကွဲလာသည်။
“ဘယ်လောက်ကြာမှာလဲ...”
ခရာတိုက စိုးရိမ်တကြီးဖြင့် မေးလိုက်၏။ အန္တရာယ် အငွေ့အသက်က တဖြည်းဖြည်း ပိုမို နီးကပ်လာနေခဲ့ပြီ ဖြစ်သည်။ ထွက်ပေါ်လာနေသည့် ကျယ်လောင်သော နှလုံးခုန်သံက ခရာတို မည်မျှ စိတ်လှုပ်ရှားနေကြောင်း ဖော်ပြနေ၏။
"သူက အလင်းအားလုံးရဲ့ မူလကို နားလည်ဖို့ ကြိုးစားနေတာ... ဘာကိစ္စပဲ ဖြစ်ဖြစ် မရပ်လိုက်နဲ့”
ဧဒင်က ခပ်ပြတ်ပြတ်ပင် ပြောလိုက်၏။
“သူ ရောက်လာပြီ...”
ခရာတိုထံမှ နဂါးဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာသည်။
ထိုအချိန် ကီလိုမီတာ တစ်ရာကျော်ခန့် အကွာအဝေး၌...
ဟူး... ဟူး...
ပုံရိပ်တစ်ခုမှာ ငွေရောင် အလင်းတန်း တစ်ခုနှင့် အတူ ဖျပ်ခနဲ ပေါ်လာခဲ့၏။ သူက တောက်ပသည့် ပုရပိုက် တစ်ခုကို ကိုင်ဆောင်ထားကာ ဝေ့ဝူယင် တည်ရှိသည့် အရပ်ကို လှမ်းကြည့်လိုက်သည်။
“ငါ မင်းကို ရှာမတွေ့တော့ဘူးလို့ ထင်နေတာလား...”
နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ပုံရိပ်က ရှေ့သို့ ဆက်လက် တိုးလာခဲ့၏။ အကယ်၍ ဝေ့ဝူယင်သာ နိုးကြားနေပါက ထိုပုံရိပ်က မည်သူ ဖြစ်သူကို တန်းကာ သိရှိလိမ့်မည် ဖြစ်သည်။ သူမက မဟာငလျင် မြို့တော်၏ လောကသခင်မပင် ဖြစ်လေတော့၏။
သူမကား သူ့ကို ရှာဖွေ တွေ့ရှိသွားချေပြီ ဖြစ်လေသည်။
***