ကျီးနတ်မင်းစစ်ပွဲ
Vol. 28 Ch. 392
ဤကဲ့သို့ အမေးအမြန်းမရှိ အလွယ်တကူ လက်ခံပေးခြင်းမှာ တောင်ပိုင်းဒေသနှင့် အနက်ရောင်နယ်မြေမှာတုန်းက ကြုံတွေ့ခဲ့ရသည်နှင့် တခြားစီပင်။ ဤနေရာရှိ လူများမှာ .... အတော်လေး တုံးအပုံရသည်။
"မဖြစ်နိုင်တာ" မန်ဟိုက တွေးသည်။ "အနောက်ပိုင်းသဲကန္တာရသားတွေက ရက်စက်ကြမ်းကြုတ်ရမှာ မဟုတ်ဘူးလား။ ဒီနေရာက ဘာမှမဖြစ်ထွန်းလို့ အကုန် ပရမ်းပတာဖြစ်နေတယ်ထင်ခဲ့တာ" သူ့မှာ အမှန်တကယ် မတွေးတတ်တော့ပေ။ သူ ချီတုံချတုံဖြစ်နေစဉ် ရုတ်တရက် အဝေး၌ အလင်းတန်းတစ်တန်းကို လှမ်းမြင်လိုက်သည်။ ၄င်းက စိတ်ကြီးဝင်နေသောမျက်နှာထားနှင့် ထောင်ထောင်မောင်းမောင်း သက်လတ်ပိုင်းလူတစ်ယောက် အသွင်ပြောင်းသွားသည်။ သူသည် မြေကြီးပေါ်ဆင်းသက်ပြီးသည်နှင့် ငယ်သားတစ်ယောက်ဖြစ်လိုစိတ်ကို ထုတ်ဖော်လိုက်သည်။
ဝူဟိုက်မှာ စိုးရိမ်မှုအနည်းငယ် ရှိနေပုံရသော်လည်း မည်သို့ဆိုစေ ထိုလူ့ကို အမိန့်ဆွဲပြားတစ်ခုထုတ်ပေးကာ ဝင်ခွင့်ပြုလိုက်သည်။
ဤအဖြစ်အပျက်က မန်ဟို့ကို ပို၍ပင် မယုံနိုင်ဖြစ်သွားစေသည်။
မန်ဟို တွန့်ဆုတ်နေသေးသည်ကိုကြည့်ရင်း ဝူဟိုက်က ရယ်ပြီးပြောသည်။ "တာအိုရောင်ရင်း မဆုံးဖြတ်ရသေးဘူးလား။ လာပါ ကျီးကင်းထောက်မျိုးနွယ်စုကို ဝင်လှည့်ပါ။ အောင်မြင်မှုက ခင်ဗျားကို စောင့်ကြိုနေမှာနော်"
"ကျုပ်ရဲ့ ကျင့်ကြံခြင်းအခြေခံအရ ကျီးကင်းထောက်မျိုးနွယ်စုရဲ့ ငယ်သားတစ်ယောက်ဖြစ်လာရင် ဘာတွေလုပ်ရမှာလဲ" တွန့်ဆုတ်နေသောအရိပ်အယောင်က မန်ဟို့၏မျက်ဝန်းထဲ၌ ပေါ်လွင်နေ၏။
"တာအိုရောင်ရင်းရဲ့ ကျင့်ကြံခြင်းအခြေခံက ပြောင်မြောက်ပါပေတယ်။ ပြောရရင် ကျီးကင်းထောက်မျိုးနွယ်စုရဲ့ ငယ်သားတွေအနေနဲ့ အစမ်းခန့်ကာလအတောအတွင်း ရွေးချယ်စရာနှစ်ခုရှိတယ်။ ပထမတစ်ခုက တိုက်ပွဲဝင်ကျင့်ကြံသူတစ်ယောက်အနေနဲ့ ငယ်သားတပ်မဟာကို ဝင်ရောက်ဖို့ပဲ။ အဲ့ဒီနေရာကနေ မျိုးနွယ်စုအတွက် တာဝန်ကျေကျေပွန်ပွန် ထမ်းဆောင်ပေးရင် အစမ်းခန့်ကာလကို လျှော့တောင်လျှော့ပေးနိုင်တယ်
"ရွေးချယ်စရာ နောက်တစ်ခုက အဆင့်နိမ့်ကမ္ဘာသစ်မိစ္ဆာတွေကို ထိန်းကျောင်းဖို့ပဲ။ ကျုပ်အမြင်အရတော့ ခင်ဗျားက ဒီတစ်ခုနဲ့ ကိုက်မယ်ထင်တယ်။ ဘယ်လိုလဲ။ ကမ္ဘာသစ်မိစ္ဆာထိန်းတစ်ယောက် ဖြစ်ရတာ ဘာအန္တရာယ်မှမရှိဘူး။ ဒါ့အပြင် ကမ္ဘာသစ်မိစ္ဆာတွေကို ကောင်းကောင်းထိန်းကျောင်းနိုင်ရင် အစမ်းခန့်ကာလလျှော့သွားလိမ့်မယ်။ ပြီးတော့ အရွယ်ရောက်လာလို့ ကမ္ဘာသစ်မိစ္ဆာသစ်တွေ လိုအပ်လာရင် မျိုးနွယ်ဝင်တွေအကုန် ခင်ဗျားဆီက အကူအညီလာတောင်းကြရမှာသိလား
"ငါ့ညီ" သူက ရင်ဘတ်ကို တဗုန်းဗုန်း ပုတ်ရင်း ပြောသည်။ "ဝူဟိုက် စကားနားထောင်၊ ဘယ်တော့မှ မမှားစေရဘူး"
'ကမ္ဘာသစ်မိစ္ဆာ' ဆိုသော စကားလုံးကြားသောအခါ မန်ဟို့၏မျက်လုံးများ အရောင်လဲ့သွားသည်။ သူသည် ရုတ်တရက် သန့်စင်နှင်းမြို့တော်တွင် မြင်ခဲ့ရသည့် သားရဲများနှင့် မိစ္ဆာသားရဲသခင်များကို တွေးမိလိုက်သည်။ တခဏကြာသော် မျိုးနွယ်စုအသီးသီးအကြောင်း ရှင်းပြထားသော ကျောက်စိမ်းပြားမှ အကြောင်းအရာတစ်ခုကိုလည်း သတိရလိုက်သည်။
အနောက်ပိုင်းသဲကန္တာရတွင် မျိုးနွယ်စုတစ်စု၏အင်အားကို အချက်သုံးချက်ဖြင့် ဆုံးဖြတ်သည်။ ပထမအချက်က လူအင်အား၊ ဒုတိယအချက်က ပိုင်ဆိုင်ထားသော ကမ္ဘာသစ်မိစ္ဆာအရေအတွက်ဖြစ်ပြီး တတိယအချက်က မျိုးနွယ်စုရှိ အစွမ်းထက်ကျင့်ကြံသူများ၏ ကျင့်ကြံအဆင့်ဖြစ်သည်။ အဆိုပါနယ်ပယ်တစ်ခုခုတွင် အားနည်းမှုက မျိုးနွယ်စု၏ စုစုပေါင်းအင်အားနှင့် တိုက်ရိုက်အချိုးကျလေသည်။
၄င်းက အနောက်ပိုင်းသဲကန္တာရရှိ ကမ္ဘာသစ်မိစ္ဆာများ၏ အရေးပါမှုကိုလည်း ဖော်ပြနေသည်။
ဤအချက်များကို စဥ်းစားပြီးနောက် မန်ဟို ဆုံးဖြတ်ချက်ချလိုက်သည်။ ကျီးကင်းထောက်မျိုးနွယ်စု၏ငယ်သားတစ်ယောက် ဖြစ်ဖို့က မည်မျှလွယ်ကူပြီး မည်သည့်လျှို့ဝှက်ချက်များ ရှိနေစေကာမူ ဤနေရာသို့ ရောက်နေပြီဆိုမှတော့ ရှေ့ဆက်မသွားရန် အကြောင်းမရှိပေ။
သူက ခေါင်းညိတ်သဘောတူတော့မည့်အချိန်မှာပင် စိတ်လှုပ်ရှားသွားပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
တစ်ဆက်တည်းမှာပင် အလင်းတန်းလေးတန်းက လေကိုခွင်း၍ သူတို့ဆီ လာနေလေသည်။ ၄င်းတို့အထဲတွင် တစ်ယောက်ကိုတစ်ယောက် ရန်စောင်ကြည့်နေကြသော်လည်း အတူတူပျံသန်းလာနေကြသည့် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူလေးယောက်ပါရှိလေ၏။
ဝူဟိုက်လည်း အလင်းတန်းလေးတန်းကို ကြည့်ပြီး ရုတ်တရက် မျက်နှာအမူအရာပြောင်းလဲသွားသည်။ သူက မန်ဟို့ကို အလျင်လိုနေသောအသံဖြင့် လောဆော်တော့သည်။ "ဘယ်လိုလဲ ငါ့ညီ။ ကျီးကင်းထောက်မျိုးနွယ်စုကို ဝင်ချင်လား မဝင်ချင် ... " သူ့စကားပင်မဆုံးသေး အလင်းတန်းလေးတန်း ရောက်လာသည်။
"အလျင်စလိုဖြေစရာမလိုပါဘူး တာအိုရောင်ရင်း။ ကျီးသူရဲကောင်းမျိုးနွယ်စုက ရောင်ရင်းအတွက် အကောင်းဆုံးဖြစ်မှာပါ"
"အဓိပ္ပါယ်မရှိတာ အမှောင်ကျီးမျိုးနွယ်စုက အစွမ်းထက်ဆုံးကွ"
"မင်းတို့နှစ်ကောင် ပိတ်ထားစမ်း။ ကျီးစစ်သည်မျိုးနွယ်စုကမှ ကျီးနတ်မင်းမျိုးနွယ်စုရဲ့ ဆက်ခံသူအစစ်အမှန်ပဲ"
"မင်းတို့ကောင်တွေက ဘာမှမဟုတ်ဘူး ကျီးနတ်မင်းမျိုးနွယ်စုလို့ ခေါ်တွင်ရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက အမှောင်ကျီးမျိုးနွယ်စုရဲ့ တည်ရှိမှုကြောင့်ပဲ။ ငါတို့ကြောင့်မဟုတ်ရင် ဒီမှာရှိနေမှာ မဟုတ်ဘူး"
ဤလေးယောက်မှာ အသက်သုံးဆယ်ခန့်ရှိသည်။ အကုန်လုံး ချီအခြေတည်အဆင့်ဖြစ်ကြပြီး ကရားရေလွှတ်ပြောနေ၏။
မန်ဟို၏မျက်လုံးများ ဝင်းလက်သွားသည်။ သူက ဘာမှမပြောဘဲ ပြုံးနေ၏။
ဝူဟိုက်က အသစ်ရောက်ရှိလာသူလေးယောက်ကို စိတ်ဆိုးမာန်ဆိုးနှင့် ကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် အလိုမကျမှုများ အတိုင်းသားပေါ်လွင်နေ၏။
"ဟေ့ကောင် ကျီးနတ်မင်းစစ်ပွဲကို ဒီနေ့ စစေချင်လို့လား" သူက ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်ရင်း ရှေ့တစ်လှမ်းတိုးကာ ပြောသည်။ အသစ်ရောက်ရှိလာသူလေးယောက်က ရယ်လိုက်သည်။
"ငါ့ကို အပြစ်မတင်နဲ့ ။ ကျီးစစ်သည်မျိုးနွယ်စုက ငါ့ကိုအရင် တွေ့တာနဲ့ တခြားမျိုးနွယ်စုတွေကို လျှောက်ပတ်ကြည့်တာ။ အကုန်ပတ်ပြီးတော့ ငါတို့ ဒီကိုရောက်လာတာပဲ"
ဝူဟိုက်မှာ စိတ်တိုနေသော်လည်း သူ ဘာမှမတတ်နိုင်ပေ။ အမှန်တော့ ဤကဲ့သို့ကိစ္စမျိုးအား ယခုတလော ခဏခဏကြုံတွေ့နေရခြင်းဖြစ်သည်။ "ငါချီးတဲ့မှ" သူကတွေးသည်။ "ငယ်သား စုဆောင်းတဲ့အချိန်ရောက်တိုင်း မျိုးနွယ်စုတွေက တခြားမျိုးနွယ်စုဆီကနေ ငယ်သားတွေ လုယူဖို့ ဘာမဆိုလုပ်ကြတယ်။ ပေါ်တင်ရော ခိုးကြောင်းခိုးဝှက် မျိုးစုံပဲ"
လေးယောက်အနက်မှ တစ်ယောက်က ထပ်ပြောသည်။ "တာအိုရောင်ရင်း ဒီလူပြောတာ နားမထောင်နဲ့။ ကျီးမီးတောက်မျိုးနွယ်စုကမှ မျိုးနွယ်စုတွေထဲမှာ အစွမ်းထက်ဆုံး။ ခင်ဗျား ကျီးမီးတောက်မျိုးနွယ်စုရဲ့ ငယ်သားတစ်ယောက်ဖြစ်လာရင် ဒီကရတဲ့ဝေစုထက် အများကြီးရမှာနော်"
သူ၏အတွေ့အကြုံအပေါ် အခြေခံ၍ မန်ဟိုအတွက် ဤမျိုးနွယ်စုများအကြား ဘာဖြစ်နေသည်လဲ အလွယ်တကူနားလည်နိုင်သည်။ သူသည် အပြုံးလေးဖြင့် စကားဝိုင်းထဲဝင်မပါရန် ရွေးချယ်ပြီး နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်သည်။
"ကောင်းပြီ" ဝူဟိုက်က အေးစက်စက်ရယ်သည်။ သူသည် ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်ရင်း ဖြေးဖြေးချင်းပြော၏။ "ဒီတော့ ဒီတာအိုရောင်ရင်း ဘာကိုရွေးချယ်မလဲ ဆုံးဖြတ်ဖို့ ကျီးနတ်မင်းစစ်ပွဲကို အသုံးပြုချင်လား"
အခြားလေးယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း မျက်နှာအမူအရာများ လေးနက်သွားကြသည်။
ကျီးကင်းထောက်မျိုးနွယ်ဝင် အတော်များများ ဖြစ်ပျက်နေသည့်အရာကို သတိထားမိသွား၍ အနားရောက်လာကြပြီး သူတို့ကို ဝိုင်းလိုက်ကြသည်။ ဘယ်သူမှ မလှုပ်ရှားသော်လည်း စိတ်ဝင်စားနေသောပုံစံများက သူတို့၏မျက်နှာကို ဖုံးလွှမ်းနေ၏။ ဤအခြေအနေမှာ သူတို့အတွက် အသားကျနေသည်သာမက အပျင်းဖြေစရာဟု သတ်မှတ်ထားကြပုံရသည်။
"ကျီးနတ်မင်းစစ်ပွဲတဲ့လား" မန်ဟိုက တွေးသည်။ "ကောင်းတယ် ဒီမျိုးနွယ်စုငါးစု တစ်စုနဲ့တစ်စု ဘယ်လိုကွဲပြားလဲဆိုတာ ကြည့်ဖို့ ဒီအခွင့်အရေးကို အသုံးပြုရမယ်" သူက နောက်တစ်ဖန် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ဝိုင်းကြည့်နေကြသော မျိုးနွယ်ဝင်များ၌ အဘယ်ကြောင့် အေးဆေးသောမျက်နှာထားများ ရှိနေသည်လဲ သိချင်နေ၏။
ကျီးစစ်သည်မျိုးနွယ်စုမှ ကျင့်ကြံသူက ရုတ်တရက် ရှေ့တက်လာပြီးပြောသည်။ "ဒီတစ်ခေါက် ကျီးစစ်သည်မျိုးနွယ်စု အရင်စမယ်။ ကျီးစစ်သည်မျိုးနွယ်စုဟာ ကျီးနတ်မင်းမျိုးနွယ်စု ပြိုကွဲသွားပြီးနောက် ပထမဆုံးပေါ်လာတဲ့ မျိုးနွယ်စုပဲ။ ငါတို့အရုပ်က မိစ္ဆာစစ်သည်တော်တစ်ဦးဖြစ်ပြီး ငါတို့က အနောက်ပိုင်းသဲကန္တာရရဲ့ ဆက်ခံသူတွေပဲ။ အနောက်ပိုင်းသဲကန္တာရတစ်ခွင်လုံးမှာ ကျီးစစ်သည်မျိုးနွယ်စုမှ မအောင်မြင်ရင် ဘယ်သူကအောင်မြင်နိုင်မလဲ"
ကျီးသူရဲကောင်းမျိုးနွယ်စုမှ လူက ခိုင်မာပြတ်သားပြီး စိတ်တိုနေသောမျက်နှာထားဖြင့် ရှေ့တက်လာသည်။ "ကျီးသူရဲကောင်းမျိုးနွယ်စုကမှ ကျီးနတ်မင်းမျိုးနွယ်စုရဲ့ စစ်မှန်တဲ့ ဆက်ခံသူပဲ" သူက အော်လိုက်သည်။ "ငါတို့က အနောက်ပိုင်းသဲကန္တာရတစ်ခုလုံးကို လက်ဝါးပေါ်တင်ထားတာ။ ဘယ်သူက ငါတို့နဲ့ယှဥ်နိုင်မှာလဲ"
ရုတ်တရက် ဝိုင်းကြည့်နေသူများထံမှ ဆဲဆိုသံများ ဆူညံသွားသည်။
"မျက်နှာပြောင်လိုက်တာ"
"အရှက်မရှိချက်ပဲ။ ကိုယ့်မျိုးနွယ်စုကိုယ် ဘယ်လိုလုပ်ပြီး အဲ့ဒီလိုတင်စားရဲတာလဲ"
မန်ဟိုမှာ မျက်မှောင်ကြုတ်နေသည်။ ကျီးနတ်မင်းစစ်ပွဲကား သူထင်ထားသလို မဟုတ်ပုံရသည်။
"ဟမ့် ဆက်ခံသူအစစ်မကလို့ ဘာကြီးပဲဖြစ်နေပါစေ။ ငါ သိတာတော့ ကျီးနတ်မင်းမျိုးနွယ်စု ပေါ်ပေါက်မလာခင်ကတည်းက ကျီးမီးတောက်မျိုးနွယ်စု တည်ရှိခဲ့တယ်ဆိုတာပဲ။ ငါတို့ဘိုးဘေးကြီးက အနောက်ပိုင်းသဲကန္တာရကို နှစ်တစ်သိန်းတိုင်တိုင် မီးလောင်တိုက်သွင်းပစ်ခဲ့တာ"
"မင်းတို့ကောင်တွေက ဘာမှမဟုတ်ဘူး။ အနောက်ပိုင်းသဲကန္တာရက အနောက်ပိုင်းသဲကန္တာရလို့ အမည်တွင်ရတဲ့ အကြောင်းရင်းက အမှောင်ကျီးမျိုးနွယ်စုရဲ့ တည်ရှိမှုကြောင့်ပဲ။ ငါတို့သာ မရှိခဲ့ရင် အနောက်ပိုင်းသဲကန္တာရဆိုပြီးဖြစ်လာမှာ မဟုတ်ဘူး"
သူတို့ စကားဆက်များနေကြစဥ် မန်ဟို၏မျက်နှာထားမှာ ပိုပို၍ထူးဆန်းလာတော့သည်။ ထို့နောက် သူက သက်ပြင်းခိုးချလိုက်၏။ နောက်ဆုံးတော့ လူတိုင်း စုဝေးရောက်ရှိလာရသည့် အကြောင်းရင်းကို သူသိလိုက်ရလေပြီ။ ဤကျီးနတ်မင်းစစ်ပွဲဟုခေါ်သည့်အရာကား တကယ်တမ်း အကြွားပြိုင်ပွဲသာ ဖြစ်သည်မဟုတ်ပါလော။
မှော်ပညာရပ်နှင့်လည်းမဆိုင်၊ ကျင့်ကြံခြင်းအခြေနှင့်လည်း မဆိုင်သော ကြွားလုံးထုတ်ပွဲကြီးသာ ဖြစ်လေသည်။
ငယ်သား၏အရှေ့၌ မည်သည့်မျိုးနွယ်စုမဆို အထင်ကြီးအောင် ကြွားလုံးထုတ်နိုင်သော ပြိုင်ပွဲ......
မန်ဟို ချောင်းဖွဖွဆိုးလိုက်သည်။ သူ့မှာ ယခုကဲ့သို့ပြိုင်ပွဲမျိုးအား တစ်ခါမှမမြင်ခဲ့ဖူးပေ။
"ချီးထုတ်တွေ ၊ ကျီးကင်းထောက်မျိုးနွယ်စုကမှ အနောက်ပိုင်းသဲကန္တာရရဲ့ ဆက်ခံသူကွ။ ငါတို့က စကြဝဠာတွေကို နားလည်တယ်။ ငါတို့အရုပ်က အနောက်ပိုင်းသဲကန္တာရအပေါ်က ကောင်းကင်ကို အထောက်အပံ့ပြုထားတဲ့ အံ့ဖွယ်သစ်ပင်ကြီးတစ်ပင်ပဲ" ဝူဟိုက်က မာန်သွင်းဟိန်းဟောက်ပြီး စကားလက်စသတ်လိုက်သည်။ သူ၏စကားလုံးများနှင့် ပြောပုံဆိုပုံမှာ အခြားသူနှင့်မတူညီပေ။ သူ့ပါးစပ်မှ စကားလုံးများ ထွက်သွားသည်နှင့်တစ်ပြိုက်နက် အထင်သေးသော အရိပ်အယောင် အခြားသူများ၏မျက်လုံးထဲတွင် ပေါ်လာသည်။
မန်ဟိုက ခေါင်းကို ဘယ်ညာခါရမ်းလိုက်လေသည်။ ဝူဟိုက်မှာ အခြေခံကြွားနည်းများကို နားမလည်ပုံထောက်သည်။ ဝူဟိုက် စကားပြောပြီးသည်နှင့် မန်ဟိုက ချောင်းဟန့်ပြီး အဖွဲ့ကို လက်ယှက်အရိုအသေပေးလိုက်သည်။
"ကြင်နာမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ် တာအိုရောင်ရင်းတို့" သူက ပြောသည်။ "ကံဆိုးစွာနဲ့ ကျုပ်ရဲ့နောက်ဆုံးဆုံးဖြတ်ချက်က ကျီးကင်းထောက်မျိုးနွယ်စုကို ဝင်ရောက်ဖို့ပါပဲ" သူက ပြုံးပြီး သူတို့ကို ခေါင်းညိတ်အရိုအသေပေးလိုက်သည်။
ဝူဟိုက်၏မျက်နှာ ချက်ချင်း ဝင်းပသွားသည်။ သို့ရာတွင် ကျန်လေးယောက်၏မျက်နှာများ မသာမယာဖြစ်သွားလေသည်။
"ကျီးမီးတောက်မျိုးနွယ်စုကို အထင်သေးတယ်လို့တော့ မပြောနဲ့နော် တာအိုရောင်ရင်း"
"ဟုတ်တယ် ခင်ဗျား ကျုပ်တို့ကို အထင်သေးနေတာလား။ ကျီးနတ်မင်းစစ်ပွဲကို မစရသေးရင် ကိစ္စမရှိဘူး။ ဒါပေမဲ့ အခုစပြီးပြီဆိုတော့ ခင်ဗျား မျိုးနွယ်စုတစ်စုကို ရွေးမယ်ဆိုရင် ဘာကြောင့်ရွေးတာလဲ ပြောရမယ်"
လေးယောက်လုံးက မန်ဟို့ကို စိတ်ပျက်နေသောပုံစံဖြင့် ကြည့်နေကြလေပြီ။
မန်ဟို့၏မျက်နှာပေါ်တွင် ရှက်ကိုးရှက်ကန်းအမူအရာတစ်ခုပေါ်လာသည်။ သူသည် ဤလူသုံးယောက်အား စစ်မှန်သောကြွားပုံကြွားနည်းကို နားလည်အောင် ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။
ကြွားလုံးထုတ်ခြင်းဆိုသည်မှာ ကမ္ဘာဦးအစကတည်းက တည်ရှိခဲ့သော၊ ကောင်းကင်နှင့်မြေကြီး၏ ထာဝရအစိတ်အပိုင်းတစ်ခုဖြစ်သည်။ မည်သူမှ ၄င်း၏လက်သည်းကြားမှ မလွတ်မြောက်နိုင်ပေ။ မည်သည့်ကျင့်ကြံသူမဆို ၄င်း၏သွေးဆောင်ဖြားယောင်းမှူအတွင်း၌ မသက်ဆင်းဘဲ မနေနိုင်ပေ။
၄င်းက အရာရာတိုင်းကို သိမြင်နှံ့စပ်လေသည်။ ၄င်း၏တည်ရှိမှုက ထာဝရမဟုတ်ပါလော။
မန်ဟိုက လည်ချောင်းရှင်းလိုက်သည်။ ယခုတွင် သူ၏မျက်နှာပေါ်က ရှက်ကိုးရှက်ကန်းအမူအရာကို သန့်စင်မွန်မြတ်မှုနှင့်တူသော အလွှာတစ်ခုက ဖုံးလွှမ်းသွားသည်။
"ကျုပ် ကျီးကင်းထောက်မျိုးနွယ်စုကို ရွေးချယ်ရတဲ့ အကြောင်းရင်းက သူဟာ အနောက်ပိုင်းသဲကန္တာရအပေါ်က ကောင်းကင်ကို အထောက်အပံ့ပြုပေးထားတဲ့ အတွက်ကြောင့်ပဲ။ သူတို့ထိန်းချုပ်တဲ့ ဧရာမသစ်ပင်အရုပ်ကြီးက တကယ်တော့ ကောင်းကင်နဲ့မြေကြီးကို ဆက်သွယ်ပေးတဲ့ ရှေးဟောင်းတံတား လောကသစ်ပင်ဖြစ်တဲ့ နွေဦးနဲ့ဆောင်းဦးသစ်ပင်ပဲ
"သူရဲ့ မျက်လုံးထဲမှာ အနောက်ပိုင်းသဲကန္တာရဟာ ခမ်းနားလှတဲ့ အချိန်စီးဆင်းမှုလမ်းကြောင်းထဲက အတွန့်အခေါက်လေးထက် မပိုပေဘူး။ သူ့ရဲ့နှလုံးသားထဲမှာ ကမ္ဘာတစ်ခုလုံးက သူနိုးလာပြီး မျက်လုံးဖွင့်လိုက်တဲ့ အချိန်တွေထဲက မျက်တစ်ခတ်စာထက် မပိုပေဘူး
"ကျီးကင်းထောက်မျိုးနွယ်စုက အချိန်ရဲ့အဆုံးမဲ့မှုကို နားလည်ပြီးတော့ ကောင်းကင်နဲ့မြေကြီးရဲ့ ဥတုလေးပါးကို ထိန်းချုပ်နိုင်တယ်" မန်ဟို့၏အသံသည် ဟိုဟိုသည်သည် ကူးလူးပဲ့တင်ထပ်နေ၏။ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူလေးယောက်မှာ အထိတ်တလန့် ကြည့်နေကြသည်။ အလွန်ကြီးမားသော စွမ်းအားကြီးတစ်ခုက သူတို့၏နှလုံးသားများကို ဖြစ်ညစ်နေသကဲ့သို့ ခံစားရသဖြင့် ခေါင်းများ ထုံကျင်လာလေသည်။ သူတို့သည် မန်ဟို့ကို သရဲတစ်ကောင်သဖွယ် ကြည့်နေကြသည်။
"အရှက်မရှိဘူး"
"မျက်နှာပြောင်လိုက်တာ။ ဒီလောက်အရှက်မရှိတဲ့ လူတစ်ယောက်ကို တစ်ခါမှမမြင်ဖူးဘူး။ မင်းက ကျီးကင်းထောက်မျိုးနွယ်စုရဲ့ အဖွဲ့ဝင်တောင်မဟုတ်ဘဲ ဘယ့်နှယ့်ကြောင့် ဒီလိုတစ်စိတ် တစ်အိတ်လုပ်ပြီး ပြောနိုင်ရတာလဲ"
"လခွီး ဒီကောင့်စကားအရဆိုရင် ကျီးကင်းထောက်မျိုးနွယ်စုက ကျီးနတ်မင်းမျိုးနွယ်စုထက်တောင် ကြီးကျယ်ခမ်းနားနေသေးတယ် ၊ မျက်နှာပြောင်လိုက်တာကွာ"
ကျင့်ကြံသူလေးယောက်လုံး မန်ဟို့ကို ဆဲနေကြစဥ် ဝူဟိုက်မှာတော့ မျက်လုံးအပြူးသားနှင့် သူ့ကိုကြည့်နေသည်။ ရုတ်တရက် သူ့မှာ အတန်ငယ်ရှက်လာတော့သည်။ ကျီးကင်းထောက်မျိုးနွယ်စုဝင် အားလုံးလည်း ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
မန်ဟိုက ခံစားချက်များရောပြွန်းနေသောလေသံဖြင့် ပြောသည်။ "ကျီးကင်းထောက်မျိုးနွယ်စုရဲ့ အထွတ်အမြတ်သစ်ပင်ဟာဆိုရင် မရေမတွက်နိုင်တဲ့ ဘဝတွေကို မွေးဖွားပေးခဲ့တာ။ အရှေ့ဘက်နယ်မြေမှာ တန်နိုင်ငံဆိုပြီး ဖြစ်တည်လာရတဲ့ အကြောင်းရင်းက.... ကျီးကင်းထောက်မျိုးနွယ်စုရဲ့ အထွတ်အမြတ်သစ်ပင်ရဲ့ သစ်ရွက်ကနေ ရေစက်တစ်စက် ကျလာခဲ့တယ်။ အဲ့ဒီရေစက်လေးက စမ်းချောင်းလေးကို မွေးဖွားပေးလိုက်တယ်။ အဲ့ဒီစမ်းချောင်းကနေ တန်နိုင်ငံကို ပေါ်ပေါက်လာစေခဲ့တာပဲ။ ကျီးကင်းထောက်မျိုးနွယ်စုရဲ့ အထွတ်အမြတ်သစ်ပင်ရဲ့ မျက်မှောင်ကြုတ်ပြီးကြည့်လိုက်တဲ့ အကြည့်လေးတစ်ချက်ကြောင့် မြောက်ပိုင်းသဲကန္တာရရဲ့ ဝမ်းနည်းဖွယ်ရာ ချန်ပုလွေသံတည်ရှိခဲ့တာပဲ
"တောင်ပိုင်းဒေသ မြေသြဇာကောင်းပြီး ဖြစ်ထွန်းတာ ဘာကြောင့်လဲဆိုရင် ကျီးကင်းထောက်မျိုးနွယ်စုရဲ့ အထွတ်အမြတ်သစ်ပင်က မြေတစ်ဖုံနဲ့ ကောင်းချီးပေးခဲ့အတွက်ကြောင့်။ အနောက်ပိုင်းသဲကန္တာရကတော့... ဒီသစ်ပင်ကြီးရဲ့ အိမ်၊ ကျီးကင်းထောက်မျိုးနွယ်စုရဲ့ အိမ်ပဲ
"ကျီးကင်းထောက်မျိုးနွယ်စုက အလေးစားခံရဆုံးဖြစ်ဖို့ ထိုက်တန်တယ်။ သူက အရှေ့ဘက်နယ်မြေရဲ့ သူတော်စင်၊ မြောက်ပိုင်းသဲကန္တာရရဲ့ ကိုးကွယ်ရာ၊ တောင်ပိုင်းဒေသရဲ့ တိမ်တိုက်ဖြစ်တဲ့အပြင် အနောက်ပိုင်းသဲကန္တာရရဲ့ ကောင်းကင်ပဲ" မန်ဟို့၏အသံ ပဲ့တင်ထပ်နေစဥ် ဝူဟိုက်၏မျက်နှာမှာ ရဲသထက်ရဲလာပြီး ကြောင်တောင်တောင်လေး ဖြစ်နေလေသည်။ မေးခွန်းတစ်ခုတည်းက သူ၏အတွေးကို စိုးမိုးနေသည်။
"ဒီကောင် ပြောနေတာ ကျီးကင်းထောက်မျိုးနွယ်စုအကြောင်းလား"
သူတစ်ယောက်သာ ဤကဲ့သို့ တွေးနေခြင်းမဟုတ်။ ကျီးကင်းထောက်မျိုးနွယ်ဝင်တိုင်း ဖြစ်၏။ တစ်ဦးတစ်ယောက်ချင်းစီမှာ မျက်လုံးကလေး ကလယ်ကလယ်နှင့် စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။
***