မိစ္ဆာသားရဲသခင်တစ်ယောက်၏ လမ်းစဥ်
Vol. 28 Ch. 393
ကျီးကင်းထောက်မျိုးနွယ်စုအပိုင်းစား တောင်ထိပ်ပေါ်တွင် အဘိုးအိုနှစ်ယောက်ရပ်နေသည်။ သူတို့သည် လောလောဆယ်တွင် အောက်၌ ဖြစ်ပျက်နေသောမြင်ကွင်းကို ငုံ့ကြည့်နေကြ၏။ နှစ်ယောက်လုံးမှာ ခေါင်းမွှေးများ ဖြူနေသော်လည်း တက်ကြွသွက်လက်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ တလက်လက်တောက်ပနေသော ဆေးမင်ကြောင်လေးခုက မျက်နှာပင်ဖုံးသည်အထိ သူတို့၏ ခန္ဓာကိုယ်တစ်လျှောက်လုံးကို လွှမ်းခြုံနေလေသည်။
"ဟားဟားဟား ဘယ်လောက်ဉာဏ်ကောင်းလိုက်သလဲ။ အကွက်လေးလှတယ်ကွာ"
"ဒီကလေးက တကယ်ပဲ ပြောတတ်တယ်။ လျှာစောင်းထက်ချက်ပဲ။ သူသာ ငယ်သားဖြစ်လာရင် ငယ်သားစုဆောင်းတဲ့နေရာမှာ ခန့်ရမယ်"
အဘိုးကြီးနှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးလိုက်သည်။ အမှန်အားဖြင့် မန်ဟို့၏တင်ဆက်မှုမှာ သူတို့ရင်ထဲထိ စွဲကျန်ရစ်မည့်အရာတော့ မဟုတ်ပေ။ လူသစ်စုဆောင်းသည့် နှစ်တိုင်း ဂျုနီယာမျိုးဆက်ဝင်များသည် ဤကျီးနတ်မင်းစစ်ပွဲဆိုသည့်အရာတွင် ပါဝင်ဆင်နွှဲလေ့ရှိ၏။ ကျန်မျိုးနွယ်ဝင်များမှာ စိတ်လှုပ်ရှားရင်ခုန်စွာဖြင့် ပျော်ပျော်ပါးပါး ပွဲကြည့်ကြလေသည်။
တစ်ခါတရံ ဂျူနီယာမျိုးဆက်များ၏ ကြွားလုံးများကို နားထောင်ခြင်းက စင်စစ် စိတ်လှုပ်ရှားဖွယ်ကောင်းလေသည်။
ထိုစဥ် အောက်၌.....
"မျက်နှာပြောင်လိုက်တာ" ကျီးမီးတောက်မျိုးနွယ်စုမှလူက ဒေါသမထိန်းနိုင်တော့သဖြင့် ထအော်သည်။ သူ၏စကားလုံးများက စောင့်ကြည့်နေသူအားလုံးကို သူ့အား ရုတ်တရက် လှည့်ကြည့်လိုက်စေသည်။ ရှိသမျှလူတိုင်းမှာ ကျီးကင်းထောက်မျိုးနွယ်မှဖြစ်၍ ပျော်နေပုံမရပေ။
ကျီးမီးတောက်မျိုးနွယ်စုမှလူက ဆက်ပြောသည်။ "မင်းပြောပုံအရ ကျီးကင်းထောက်မျိုးနွယ်စုရဲ့ သစ်ပင်က အရှေ့ဘက်နယ်မြေ၊ အနောက်ပိုင်းသဲကန္တာရ၊ တောင်ပိုင်းဒေသနဲ့ မြောက်ပိုင်းသဲကန္တာရတွေကို မွေးဖွားပေးခဲ့တယ်ပေါ့။ အေး ကျီးမီးတောက်မျိုးနွယ်စုက ကောင်းကင်ဘုံ ၉ခု ရဲ့ အရာအားလုံးကို မီးလောင်တိုက်သွင်းပစ်နိုင်တဲ့ မီးတောက်တစ်ခုပဲ။ ဒီမီးတောက်က ကုန်းမြေအားလုံးကို ဖျက်စီးပြီး သက်ရှိအားလုံးကို ပြာချပစ်နိုင်တယ်"
အမှောင်ကျီးမျိုးနွယ်စုမှလူက လူအုပ်ကြီး၏အလယ်၌ ရောက်နေသည်ကို ဂရုမစိုက်ပုံရသည်။ "အမှောင်ကျီးမျိုးနွယ်စုက ငါတို့ကမ္ဘာကြီးကို အလင်းဆောင်ပေးနေတဲ့ လတစ်စင်းပဲ။ မီးတောက်အားလုံးနဲ့ နေမင်းတောင်မှ အမှောင်ကျီးမျိုးနွယ်စုဖြစ်တဲ့ လရောင်ခြည်အတွက် လောင်စာထက်မပိုဘူး"
သူတို့မှာ မန်ဟို့၏စကားလုံးများကို ကိုးကားနေကြလေသည်။ ယခုတွင် သူတို့၏အော်ဘော်များမှာ ယခင်နှင့် အလွန်ကွဲပြားနေ၏။
ဝူဟိုက်မှာတော့ ဒေါသူပုန်ထနေသည်။ သူ၏အမြင်တွင် သူတို့ ဤကဲ့သို့ ကြွားလုံးထုတ်နေခြင်းမှာ အလွန်အရှက်မဲ့လွန်းလေသည်။ သူ့မှာ ပြန်ပြောချင်သော်လည်း ဘာပြောရမှန်းမသိ ဖြစ်နေ၏။ သူက မန်ဟို့ကို အားကိုးတကြီး လှမ်းကြည့်လိုက်သည်။
မန်ဟိုက ပြုံးနေပြီး သူ၏မျက်နှာထားသည် အေးဆေးတည်ငြိမ်နေ၏။
"အနောက်ပိုင်းသဲကန္တာရအကြောင်းဖြစ်ဖြစ်၊ အရှေ့ဘက်နယ်မြေအကြောင်းဖြစ်ဖြစ် အရေးမကြီးပါဘူး" သူက ရိုးသားဖြူစင်သော မျက်နှာထားဖြင့် ပြောသည်။ "အကုန်လုံးက အဖော်မဲ့ရွက်ကြွေလေးတွေပဲ။ ကျီးကင်းထောက်မျိုးနွယ်စုရဲ့ အထွတ်အမြတ်သစ်ပင်မှာ သစ်ရွက်ပေါင်း သန်းနဲ့ချီရှိတယ်။ ခင်ဗျားပြောတဲ့ မီးတောက်နဲ့ လရောင်ကတော့ ... သူတို့လည်း သစ်ပင်ပေါ်က သစ်ရွက်လေးတွေပဲ
"ကျီးကင်းထောက်မျိုးနွယ်စုရဲ့ အထွတ်အမြတ်သစ်ပင်က သက်ရှိသတ္တဝါအားလုံးရဲ့အပေါ်က အင်မိုတယ်တစ်ပါးပဲ။ သူက ကောင်းကင်နဲ့မြေကြီးကို စိုးမိုးခြယ်လှယ်ပြီး တစ်ကမ္ဘာလုံးမှာ တည်ရှိတဲ့ သစ်ပင်သန်းပေါင်းများစွာကို အုပ်ချုပ်တယ်
"ကျုပ်တို့ အမှောင်ထုထဲ ကျရောက်နေတဲ့အချိန်မှာ ကျုပ်တို့ရဲ့အလင်း
"ကျုပ်တို့ အားနည်းနေတဲ့အချိန်မှာ ကျုပ်တို့ရဲ့ ခွန်အား
"ကျုပ်တို့ ဝမ်းနည်းပူဆွေးနေတဲ့အချိန်မှာ ကျုပ်တို့ရဲ့နှစ်သိမ့်ရာ
"ကျုပ်တို့ ဇဝေဇဝါဖြစ်နေတဲ့အချိန်မှာ ကျုပ်တို့ရဲ့ဉာဏ်အမြော်အမြင်
"ကျုပ်တို့ စိတ်ပျက်နေတဲ့အချိန်မှာ ကျုပ်တို့ရဲ့ မျှော်လင့်ချက်
"ကျုပ်တို့ ကပ်ဆိုးတွေ ကြုံတွေ့ရတဲ့အချိန်မှာ ကျုပ်တို့ရဲ့ အကာအကွယ်
"ကျုပ်တို့ စစ်ပွဲဆင်နွှဲရတဲ့အချိန်မှာ ကျုပ်တို့ကို ဘေးကင်းလုံခြုံအောင်လုပ်ပေးတဲ့ ခိုနားရာပဲ"
ဝိုင်းကြည့်နေသူများအားလုံး မန်ဟို့ကို တွေတွေကြီးငေးကြည့်နေကြသဖြင့် အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေသည်။ ဝူဟိုက်၊ ကျီးကင်းထောက်မျိုးနွယ်ဝင်များနှင့် အခြားမျိုးနွယ်စုများမှ ကိုယ်စားလှယ်လေးဦးတို့လည်း ထိုနည်းတူပင်။
အမှန်အားဖြင့် တောင်ထိပ်ရှိ အဘိုးကြီးနှစ်ဦးလည်း ဆွံ့အနေကြ၏။
လူတိုင်း၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာများ ရှိကြလေသည်။ အခြားမျိုးနွယ်စုများမှ ကျင့်ကြံသူလေးယောက်မှာ ဦးနှောက်များ တဝှီးဝှီးလည်နေသည့်အလား ဘာကိုမှ မစဥ်းစားနိုင်တော့ပေ။
သူတို့မှာ သူတို့ကိုယ်သူတို့ ကျီးနတ်မင်းစစ်ပွဲဆရာကြီးများအဖြစ် သတ်မှတ်ထားခဲ့ကြသည်။ သို့ရာတွင် ယခုတော့ ကြွားဝါခြင်းအတတ်၌.... သူတို့ထက်ပင် တော်သော အကြွားဂုရုကြီးရှိနေသေးကြောင်း သိလိုက်ရလေပြီ။ သူတို့မှာ ပါးစပ်အဟောင်းသားနှင့် ဆွံ့အနေကြတော့သည်။
"ဒါ့ကြောင့်" မန်ဟိုက ဆက်ပြောသည်။ "ကျုပ် ကျီးကင်းထောက်မျိုးနွယ်စုကို ဝင်ရောက်ဖို့ ရွေးချယ်ခဲ့တာပဲ။ ကျုပ်ဟာ သစ်ရွက်သန်းပေါင်းများစွာကို အုပ်ချုပ်တဲ့ အင်မိုတယ်ကိုပဲ ဦးညွှတ်မယ်။ သူရဲ့ဉာဏ်အလင်းကို ကိုးကွယ်ပြီး အနောက်ပိုင်းသဲကန္တာရရဲ့ နေရာအနှံ့ဖြန့်ကျက်ပေးမယ်
"လူသားအပေါင်းတို့ ထိုသူ့အား အင်မိုတယ်ဟု ခေါ်ကြလော့။ အထွတ်အမြတ်သစ်ပင်ကို ကြိုဆိုကုန်ကြလော့။ ထိုသူ့၏ စိတ်ဆန္ဒအား ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကို လွှမ်းမိုးစေလော့"
မန်ဟိုက သူ၏စကားလုံးများ တိတ်ဆိတ်နေသော မျိုးနွယ်စု၏အလယ်တွင် ပဲ့တင်ထပ်နေစဥ် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ပတ်ဝန်းကျင်ရှိ လူတိုင်း၏မျက်နှာများအား မယုံနိုင်ဖြစ်နေသောအသွင်များက ဖုံးလွှမ်းနေ၏။ ဝူဟိုက်မှာ တဆတ်ဆတ်တုန်ရီနေချေသည်။ သူ၏ပုံစံကြည့်ရသည်အရ အနာဂတ်တွင် သူလျှောက်လှမ်းလိုသော လမ်းကြောင်းအား ရှာတွေ့သွားခဲ့ပုံရသည်။ သူက စောစောက ကြားခဲ့ရသည့်စကားလုံးများကို နှုတ်တိုက်ကျက်နေ၏။ အခုကစပြီး ကျီးနတ်မင်းစစ်ပွဲဆင်နွှဲတိုင်း သူ ဘယ်တော့ အကျောခံတော့မည်မဟုတ်ပေ။ ဘယ်သူ့မှာ သူ့ကို ယှဥ်နိုင်တော့မည်မဟုတ်။ သူကား ကျီးနတ်မင်းကိုပင် အထင်သေးနေလေပြီ။
ဝူဟိုက်၏ မျက်နှာထားသည် ရိုသေကိုင်းရှိုင်းသော အသွင်ကို ဆောင်နေ၏။ သူက အသံကျယ်ကြီးဖြင့် အော်လိုက်သည်။ "လူသားအပေါင်းတို့ ထိုသူ့အား အင်မိုတယ်ဟု ခေါ်ကြလော့။ အထွတ်အမြတ်သစ်ပင်ကို ကြိုဆိုကုန်ကြလော့။ ထိုသူ့၏ စိတ်ဆန္ဒအား ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကို လွှမ်းမိုးစေလော့"
အခြားကျင့်ကြံသူလေးယောက်မှာ အတော်လေး မျက်စိမျက်နှာပျက်နေချေသည်။ သူတို့က တစ်ယောက်ကို တစ်ယောက် ခက်ထန်စွာ ကြည့်ပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် မန်ဟိုနှင့် ဝူဟိုက်ကို အလိုမကျဟန်ဖြင့် နောက်ဆုံးတစ်ချက်ကြည့်၍ ရောင်စုံအလင်းတန်းများ အသွင်ပြောင်းကာ အဝေးသို့ ထွက်သွားတော့သည်။
သူတို့ထွက်သွားသည်နှင့် ကျီးကင်းထောက်မျိုးနွယ်ဝင်များအားလုံး ထူးဆန်းသောမျက်နှာထားများဖြင့် မန်ဟို့ကို လှမ်းကြည့်ကြသည်။ အချိန်အတော်လေးကြာမှ အလျှိုလျှို လူစုခွဲသွားကြလေသည်။ ဝူဟိုက်က မန်ဟို့လက်မောင်းကို စိတ်လှုပ်တရှား လှမ်းဆွဲသည်။ သူ့ဘဝတစ်လျှောက်လုံး ဤမျှ စိတ်မလှုပ်ရှားခဲ့ဖူးပေ။
"ငါ့ညီ မိုက်တယ်ကွာ။ မင်းက ကျီးကင်းထောက်မျိုးနွယ်ဝင်ဖြစ်လာဖို့ မွေးဖွားလာတာ ထင်တယ်။ နားထောင် အခုတော့ ဟိုကမ္ဘာသစ်မိစ္ဆာထိန်းကိစ္စ ခဏမေ့ထားဦး။ တခြားမျိုးနွယ်စုဆီ မင်း ငါနဲ့အတူလိုက်ခဲ့ပေးဖို့ လိုတယ်။ မင်းနဲ့ငါ ကျီးနတ်မင်းမဟာစစ်ပွဲကြီးတွေ ဆင်နွှဲကြတာပေါ့ကွာ။ ငါတို့အထွတ်အမြတ်သစ်ပင်ကြီးရဲ့ စိတ်ဆန္ဒကို သက်ရှိတွေအားလုံးဆီ ဖြန့်နိုင်မယ်လို့ ငါယုံကြည်တယ်ဟေ့" သူ၏မျက်လုံးများ တဖျပ်ဖျပ်လက်နေပြီး ရိုသေကိုင်းရှိုင်းမှု၊ ခေါင်းမာမှုတို့ဖြင့် ပြည့်နှက်နေ၏။
၄င်းမှာ ရူးသွပ်မှုသို့ရောက်ရန် တဲတဲလေးသာ လိုတော့လေသည်။
ဤအခြင်းအရာကို မြင်သော် မန်ဟို့မှာ ထူးထူးဆန်းဆန်းကြီး ခံစားလိုက်တော့သည်။ "သူ တကယ်ကြီး ယုံနေတာတော့ မဟုတ်ဘူးမလား.... " သူတစ်ယောက်တည်း တွေးလိုက်မိသည်။
အထွတ်အမြတ်သစ်ပင်ကြီးက အင်မိုတယ်ဖြစ်သည်ဆိုသော အသုံးနှင့်အတူ အခြားသောအကြောင်းအရာများအား အာပေါက်မတတ် ရှင်းပြပြီးနောက်မှသာလျှင် မန်ဟို့ခမျာ ဝူဟိုက်လက်ထဲမှ သူ့ကိုယ်သူ ကယ်တင်လိုက်နိုင်၏။ ဝူဟိုက်က အခြားမျိုးနွယ်ဝင်များနှင့်အတူ ငယ်သားအသစ်များအတွက် လိုအပ်သော လုပ်ငန်းဆောင်တာများ ဆောင်ရွက်ပေးရန် ထွက်သွားလေသည်။ နောက်ဆုံး၌ မန်ဟိုသည် ကျောက်ပြားတစ်ပြား လက်ခံရရှိပြီး တောင်အနောက်ကနယ်သို့ လိုက်ပါပို့ဆောင်ပေးခြင်းခံရသည်။
ဤနယ်မှာ အတော်လေးကြီးမားပြီး စီရင်စုများ ခွဲထားသည်။ ၄င်းတို့အားလုံးကို သစ်ကိုင်းခြံစည်းရိုးများဖြင့် ပိုင်းခြားသတ်မှတ်ထား၏။ သက်သေခံပြားမပါလျှင် စီရင်စု တစ်စုမှတစ်စုသို့ ကူးသန်းသွားလာရန် ခက်ခဲပေလိမ့်မည်။
ဤနေရာမှာ အဆင့်နိမ့် ကမ္ဘာသစ်မိစ္ဆာများ မွေးမြူသော စီရင်စုမှ အခြားနေရာများနှင့်ယှဥ်လျှင် အတော်လေး အစွန်အဖျားကျလေသည်။ မန်ဟို ထိုနေရာသို့ ရောက်ရောက်ချင်း ထူးဆန်းသောအနံ့တစ်ခု ရလိုက်၏။
၄င်းသည် မစင်နှင့် ချွေးနံ့ရောနေသော ခပ်စူးစူးအနံ့တစ်ခုဖြစ်သည်။ မန်ဟို့ဘေးရှိ ကျီးကင်းထောက်မျိုးနွယ်ဝင်က မျက်မှောင်ကြုတ်၍ နှာခေါင်းပိတ်ပြီး သူ့ကို ဦးဆောင်ခေါ်သွား၏။ စောစောက မန်ဟို၏တင်ဆက်မှုအား လေးစားသည့်အတွက်ကြောင့်သာမဟုတ်လျှင် သူအနေဖြင့် ဤနေရာသို့ ဘယ်တော့မှ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်ပေးမည်မဟုတ်ပေ။ သူ့အစား တခြားလူနှင့် မန်ဟို့ကို လွှတ်လိုက်မည်သာဖြစ်သည်။ ထိုနှစ်ခု၏ ခြားနားချက်မှာ ထင်ရှားလေသည်။
သူတို့ ရှေ့ဆက်လျှောက်လာနေကြစဥ် ဟိန်းဟောက်အော်မြည်သံမျိုးစုံ ကြားနေရသည်။ ဤနေရာမှာ သေချာပေါက် ကမ္ဘာသစ်မိစ္ဆာများ မွေးမြူရာနေရာဖြစ်လေသည်။
နောက်ဆုံး၌ သူတို့သည် စီရင်စု၏အဆုံးရှိ ညစ်ပတ်နေသောခြံတစ်ခုသို့ ရောက်လာ၏။ သူတို့နှစ်ယောက် ရပ်လိုက်ကြပြီး ကျီးကင်းထောက်မျိုးနွယ်ဝင်က အော်ခေါ်လိုက်သည်။ အချိန်အနည်းငယ်ကြာသော် ခြံတံခါးပွင့်သွားပြီး အဘိုးကြီးတစ်ယောက် ထွက်လာသည်။ သူက ဂုံနီအိတ်မှလုပ်ထားသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အတော်လေး ညစ်ပတ်ပေရေနေ၏။ ကျီးကင်းထောက်မျိုးနွယ်ဝင်က မန်ဟို့ကို သူနှင့် မိတ်ဆက်ပေးသည်။ အဘိုးကြီးက သူ့အား ကိုယ်တိုင်လာရောက်ပို့ဆောင်ပေးသည့်အချက်ကို ဂရုပြုမိပြီး ခေါင်းညိတ်၍ မန်ဟို့ကိုကြည့်သည်။
နောက်ဆုံးတွင်တော့ ကျီးကင်းထောက်မျိုးနွယ်ဝင်မှာ အနံ့အား မခံနိုင်တော့ပုံရသည်။ သူက လှည့်ပြန်သွားလေသည်။
"ဒါက အရင်က သစ်စိမ်းဝံပုလွေတွေကို ထိန်းကျောင်းရတဲ့ ငါ့ခြံပဲ" အဘိုးကြီးက ပေါ့ပေါ့ပါးပါးပြောသည်။ "အခုကစပြီးတော့ ဒီနေရာက မင်းအပိုင် ဖြစ်သွားပြီ ။ အထဲမှာ မင်း ထိန်းကျောင်းနိုင်တဲ့ ဝံပုလွေငါးကောင်ရှိတယ်။ နှစ်ဝက်အတွင်း မင်းရဲ့အစမ်းခန့်ကာလရဲ့ ရလဒ်တွေက မင်း အဲ့ဒီကောင်တွေကို ဘယ်လောက်စောင့်ရှောက်နိုင်လဲ ဆိုတာအပေါ် မူတည်တယ်။ အဲ့ဒါပြီးရင် မင်း အမြဲတမ်းငယ်သား ဖြစ်လာနိုင်ပြီ" ထို့နောက် သူက အမိန့်ဆွဲပြားတစ်ပြားကို မန်ဟို့ဆီ လှမ်းပစ်ပေးပြီး လမ်းလျှောက်ထွက်သွားလေသည်။ မန်ဟို့ကို ကျော်သွားတော့မည့်အချိန်မှာပင် ရုတ်တရက် သူ့အား ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးခဲ့သည်ကို သတိရပြီး ရပ်လိုက်သည်။ ယင်းမှာ မကြာခဏ ဖြစ်တတ်သောအရာ မဟုတ်သဖြင့် မန်ဟို့တွင် အထူးအဆက်အသွယ်များရှိသည်ဟု ဆိုလိုလေသည်။
သူက တင်စီးသောမျက်နှာထားဖြင့် ပြောသည်။ "မင်းမှာ ကမ္ဘာသစ်မိစ္ဆာထိန်းဖူးတဲ့ အတွေ့အကြုံရှိလားမရှိလား ငါမသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သစ်စိမ်းဝံပုလွေသေရင် မင်း လျော်ကြေးပေးရမှာကိုတော့ မမေ့နဲ့။ ပြီးတော့ ဒီသစ်စိမ်းဝံပုလွေငါးကောင်က မွေးကင်းစပဲ ရှိသေးတာမလို့ အသားစိမ်းပဲ စားနိုင်သေးတယ်။ အသားကတော့ ဒီနားပတ်ဝန်းကျင်က တောင်တွေမှာ ကျက်စားတဲ့ သားရဲတွေဆီက ရှာပေါ့ကွာ။ သောက်ဖို့ရေအတွက်တော့ အပြင်မှာရှိတဲ့ နှင်းဖုံးတောင်ထိပ်တွေကနေ အရည်ပျော်ကျလာတဲ့ နှင်းရည်ပဲဖြစ်လို့ရတယ်
"အဲ့ဒါအပြင် သူတို့အစာထဲမှာ သစ်အားဖြည့်မြက်တချို့ ထည့်ရောပေးရမယ်။ အဲ့ဒီမြက်တွေကိုရော တောင်တွေမှာ ရှာလို့ရတယ်။ ပြီးတော့ သစ်စိမ်းဝံပုလွေ ကြီးထွားလာအောင် နေ့တိုင်း ထွေနာနှိပ်နည်းနဲ့ နှိပ်ပေးဖို့လိုအပ်တယ်။ နောက်ဆုံးအနေနဲ့ မင်းက သူတို့ရက်စက်မှုကို ထိန်းပေးထားဖို့ တာဝန်ရှိတာကြောင့်မလို့ အရမ်းယဥ်ပါးအောင် မလုပ်နဲ့"
ထို့နောက် သူက မန်ဟို့ကို အဖက်မလုပ်တော့ဘဲ ထွက်သွား၏။
မန်ဟိုက ခြံကို ကြည့်လိုက်သည်။ ဤနေရာမှာ အနံ့အသက်ဆိုးရွားသော်လည်း မန်ဟို သည်းမခံနိုင်သည့်အရာ မဟုတ်ပေ။ ထိုမျှသာမက လူသူ သိပ်မရှိသော အစွန်အဖျားတွင်ဖြစ်လေရာ သူ့အတွက် သင့်တော်သည်။
သူဝင်သွားသည်နှင့် ချက်ချင်း မာန်ဖီသံများကြားလိုက်ရသည်။ သူ့မျက်လုံးဝေ့ကြည့်လိုက်ရာတွင် သစ်သားလှောင်အိမ်အသေးလေးများ အရှေ့၌ ရပ်နေကြသော အစိမ်းရောင်ဝံပုလွေအကောင်ပေါက်လေး ငါးကောင်ကို မြင်လိုက်ရလေသည်။ တစ်ကောင်စီမှာ သူ၏လက်ဝါးအရွယ်သာ ရှိ၏။ ၄င်းတို့က သူ့ကို ရန်လိုစွာ စိုက်ကြည့်နေကြသည်။
ဝံပုလွေပေါက်လေးများကို မြင်လျှင်ချင်း မန်ဟို ပြုံးမိသွားသည်။ ၄င်းမှာ နွေးထွေးကြင်နာသော အပြုံးတစ်ခုဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဤပေါက်စလေးများက သူ့ကို သွေးခွေးကြီး ငယ်ငယ်တုန်းကအချိန်ကို ချက်ချင်း တွေးမိစေ၍ပင်။
၄င်းတို့မှာ အမွှေးဖွားဖွားလေးများနှင့် အလွန်ချစ်စရာကောင်းလေသည်။
သူ ၄င်းတို့ကို ပြုံးပြလိုက်သည့်အချိန်မှာပင် ၄င်းတို့က ပြေးတက်လာသဖြင့် ခပ်ဝါးဝါးအစိမ်းရောင်အတန်းလေးများ ဖြစ်သွားကြသည်။ မန်ဟိုက ရယ်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ခပ်ဝါးဝါးအစိမ်းရောင်အတန်းများမှာ ယခုတွင် သူ ဂုတ်မှကိုင်ထားသော ဝံပုလွေပေါက်စေလေးများ၏ရုပ်သွင် ပြန်ဖြစ်သွား၏။ ၄င်းတို့က ဤသို့ဂုတ်မှ ဆွဲမြှောက်ခံထားရသည့် အခြေအနေတွင် သူ့ကို လှမ်းကိုက်ရန် ကြိုးစားသော်လည်း မကိုက်နိုင်ပေ။ ထို့ကြောင့် မာန်ဖီလိုက်ကြသော်လည်း နောက်ဆုံးတွင် တောင်းပန်နေသော တအီအီအော်သံများ ဖြစ်သွားသည်။
မန်ဟိုက ဝံပုလွေပေါက်စလေးများကို သစ်သားလှောင်အိမ်ထဲ ပြန်ထည့်ပြီးနောက် ပတ်ဝန်းကျင်ကို လေ့လာသည်။ သားရဲအမျိုးမျိုး၏ ပဲ့တင်ထပ်နေသော ဟိန်းဟောက်သံများက လေတွင်ပျံ့လွင့်နေသော်လည်း ထိုသည်ကလွဲ၍ အခြားအားလုံးမှာ အတော်လေး ဆိတ်ငြိမ်အေးချမ်းလေသည်။
ခြံအတွင်း၌ သစ်သားလှောင်အိမ်များအပြင် သစ်လုံးအိမ်လေးတစ်အိမ် ရှိသည်။ သူ တံခါးကို ဖွင့်ပြီး တစ်နေရာလုံး ရှုပ်ပွနေသည်ကိုမြင်သော် လက်ကိုဝှေ့ယမ်းလိုက်သည်။ လေတစ်ချက်က အရာအားလုံးကို တခဏအတွင်း ရှင်းလင်းပေးသွား၏။ ယခုတွင် သစ်သားခုတင်တစ်လုံးသာ ကျန်ရစ်ခဲ့တော့သည်။
" ကမ္ဘာသစ်မိစ္ဆာဆိုတဲ့ စကားလုံးက အနောက်ပိုင်းသဲကန္တာရမှာရှိတဲ့ သားရဲအားလုံးကို ခြုံငုံပြီးပြောလိုက်တဲ့ အသုံးတစ်ခုပဲ" သူက ခုတင်ပေါ်တွင် တင်ပျဥ်ခွေထိုင်ရင်း တွေးနေသည်။ "ဘာဖြစ်ဖြစ် အဲ့ဒီကောင်တွေက အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတွေအတွက် အရမ်းအရေးပါတယ်" ယခုအချိန်မှာ နေ့လည်ဖြစ်၍ နေမင်းသူရိန်က အသျှံတညီးညီး တောက်ပနေသည်။ သို့ရာတွင် ဤနေရာတွင် တောင်များအကြား၌ တည်ရှိသည့်အပြင် သစ်ပင်များ၏ ဝန်းရံအုပ်မိုးနေမှုကြောင့် နေရောင်ခြည်တို့ မထိုးဖောက်နိုင်ဘဲရှိရာ အတော်လေးအရိပ်ရလေသည်။
မန်ဟို ရှုခင်းကို အလွန်သဘောကျမိသည်။ သူက အနောက်ပိုင်းသဲကန္တာရအကြောင်းပါရှိသော ရန်စုန့်ဆီမှ ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။ သူသည် ကမ္ဘာသစ်မိစ္ဆာများအပိုင်းကို အာရုံစိုက်ပြီး စတင်လေ့လာတော့သည်။ အနက်ရောင်နယ်မြေမှ ရရှိခဲ့သော အသိအမြင်များနှင့်ပေါင်းစည်းပြီးနောက် သူ့အတွက် ကျောက်စိမ်းပြားထံမှ ခေါင်းပြန်ထောင်ရန် နေ့တစ်ဝက်သာ ကြာလိုက်သည်။ ယခုတွင် သူသည် ကမ္ဘာသစ်မိစ္ဆာများနှင့် အတော်လေးရင်းနှီးသွားလေပြီ။
"ကမ္ဘာသစ်မိစ္ဆာတွေက အနောက်ပိုင်းသဲကန္တာရရဲ့ မျိုးနွယ်ရိုးရာဓလေ့မှာ အရမ်းအရေးပါတဲ့အစိတ်အပိုင်းတစ်ခုပဲ။ ပိုင်ဆိုင်ထားတဲ့ ကမ္ဘာသစ်မိစ္ဆာအရေအတွက်က မျိုးနွယ်စုတစ်စု ဘယ်လောက်အောင်မြင်လဲ ဆုံးဖြတ်ပေးတယ်။ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတွေအတွက် ကမ္ဘာသစ်မိစ္ဆာတွေက တိုက်ပွဲအဖော်တင်မကဘူး။ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့နေရာ၊ သဘောတူချက်တွေ လုပ်ဆောင်တဲ့နေရာမှာ ဒါမှမဟုတ် အစာလိုအပ်တဲ့အချိန်မှာတောင် အသုံးပြုကြတယ်" မန်ဟို၏မျက်လုံးများ၌ နားလည်သွားသောအလင်းလက်သွားသည်။
လိုအပ်လျှင် အဆင့်နိမ့်ကမ္ဘာသစ်မိစ္ဆာများအား အစာအဖြစ်ပင် အသုံးပြုနိုင်လေသည်။ ထိုအပိုင်းကို မန်ဟို ချက်ချင်း နားလည်လိုက်သည်။
"သာမန် အရုပ်ကျင့်ကြံသူတစ်ယောက်က ကမ္ဘာသစ်မိစ္ဆာတွေရဲ့အစွမ်းကို ထိန်းချုပ်အသုံးချဖို့ အရုပ်တွေကို အသုံးပြုနိုင်တယ်။ ဒါပေမဲ့ ကမ္ဘာသစ်မိစ္ဆာတွေနဲ့ အမှန်တကယ် ထိန်းချုပ်နိုင်တာကိုတော့..... မိစ္ဆာသားရဲသခင်တွေပဲ လုပ်နိုင်တယ်။ သူတို့တွေပဲ ကမ္ဘာသစ်မိစ္ဆာ အများကြီးကို ထိန်းချုပ်နိုင်တာ။ တကယ်တော့ အဆင့်နိမ့်တဲ့ ကျင့်ကြံခြင်းအခြေခံနဲ့တောင် ထိန်းချုပ်လို့ရတယ်။ မိစ္ဆာသားရဲသခင်တွေက ကမ္ဘာသစ်မိစ္ဆာတွေနဲ့ တိုက်ခိုက်တာမဟုတ်ဘဲ မွေးမြူထိန်းကျောင်းပေးတာပဲ။ သူတို့က လေ့ကျင့်ထိန်းကျောင်းရေးနဲ့ ပတ်သက်ရင် မတူညီတဲ့နည်းလမ်းပေါင်းစုံကို အသုံးပြုကြတယ်။ သတ်ပစ်တာတောင် ပါသေးတယ်
"အဲ့ဒါကြောင့် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတွေက သန့်စင်နှင်းမြို့တော်ရဲ့အပြင်မှာ ငါ့ရဲ့အဆိပ်ကို မြင်တုန်းက ငါ့ကို မိစ္ဆာသားရဲသခင်လို့ အထင်မှားခဲ့တာပဲ။ ဒါ့အပြင် မိုးနဂါးပျံကြီးရဲ့ ပုံရိပ်ယောင်ကိုလည်း ကောင်းကင်အဆင့် ကမ္ဘာသစ်မိစ္ဆာဆိုပြီး ထင်သွားကြတယ်"
မန်ဟို့၏မျက်လုံးများသည် နားလည်သဘောပေါက်သွားသော အရိပ်အယောင်ဖြင့် ဆက်လက်တောက်ပလာတော့သည်။
***