မိစ္ဆာအားဖြည့်ဆေးလုံးကြောင့် ကျွတ်ကျွတ်ညံသွားခြင်း
Vol. 29 Ch. 394
မန်ဟိုက ကျောက်စိမ်းပြားကို ဆက်လက်ဖတ်ရှုနေသည်။
"ကမ္ဘာသစ်မိစ္ဆာတွေက တမူထူးခြားတယ်။ သူတို့ကို ကနဦးအဆင့် ကိုးဆင့်ခွဲထားတယ်။ ပထမ အဆင့်သုံးဆင့်က စဦးချီဖွဲ့စည်းမှုအဆင့်၊ အလယ်သုံးဆင့်က ချီအခြေတည်အဆင့်နဲ့ ဆင်တူပြီး နောက်ဆုံးသုံးဆင့်က အမြုတေဖြစ်တည်မှုနဲ့ ညီမျှတယ်.... အနုသုခုမရုပ်ခန္ဓာအဆင့်နဲ့ တူညီတဲ့ စွမ်းအားနဲ့ ကမ္ဘာသစ်မိစ္ဆာတွေကတော့ မြေကမ္ဘာသစ်မိစ္ဆာတွေပဲ
"မြေကမ္ဘာသစ်မိစ္ဆာတွေက တော်တော့်ကိုရှားတယ်။ ဒါပေမဲ့ ပိုလို့တောင်ရှားသေးတာက စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူတွေလောက် အစွမ်းထက်တဲ့ ကမ္ဘာသစ်မိစ္ဆာတွေပဲ။ အဲ့ဒီကောင်ကိုကျ ကောင်းကင်ကမ္ဘာသစ်မိစ္ဆာလို့ခေါ်တယ်"
မန်ဟိုသည် မိုးနဂါးပျံကြီးနှင့် ၄င်းအား ကောင်းကင်ကမ္ဘာသစ်မိစ္ဆာအဖြစ် လူအများယူဆခဲ့ကြပုံကို ပြန်တွေးမိလိုက်သည်။
"ကောင်းကင်ကမ္ဘာသစ်မိစ္ဆာတွေရဲ့ အပေါ်မှာ ကောက်ရိုးပုံထဲ အပ်ရှာရသလို အရမ်းကိုရှားတဲ့ ၁၂ ဆင့်မြောက် အဆင့်တစ်ခုရှိတယ်။ အဲ့ဒီကမ္ဘာသစ်မိစ္ဆာတွေက အရုပ်တွေဖြစ်ပြီးတော့ အင်မိုတယ်ဖြစ်ဖို့ ခြေတစ်လှမ်းပဲလိုတော့တဲ့ တာအိုရှာဖွေအဆင့်လောက် အစွမ်းထက်တယ်
"အရုပ်တွေက တကယ်ပဲ အင်မိုတယ်တွေဆီကနေ ဆင်းသက်လာတာလား" မန်ဟိုက တွေးလိုက်သည်။ သူသည် တွေ့မြင်လေ့လာခဲ့ဖူးသော အရုပ်အားလုံးနှင့် ကျီးကင်းထောက်မျိုးနွယ်စု၏ အထွတ်အမြတ်သစ်ပင်ကို ဆက်စပ်တွေးကြည့်လိုက်သည်။ ရုတ်တရက် ကောင်းကင်မြေကြီး၏ မှော်သင်္ကေတများဖြင့် ဖွဲ့စည်းထားသော ရှေးဟောင်းအရုပ်တစ်ရုပ်၏ ပုံရိပ်က သူ၏ခေါင်းထဲတွင် ပေါ်လာ၏။ သူခေါင်းခါလိုက်သည်။
"အဲ့ဒါကပဲ အရုပ်တွေ ဆင်းသက်လာတဲ့ တစ်ခုတည်းသောနေရာ ဖြစ်ရမယ်။ ဘယ်လိုနေနေ အရုပ်တွေမှာလဲ အားနည်းတဲ့အရုပ်နဲ့ အားကြီးတဲ့အရုပ်ဆိုပြီး ရှိတာပဲ" သူသည် ရုတ်တရက် ကျောက်စိမ်းပြားကို ကြည့်နေရာမှ သစ်သားလှောင်အိမ်ထဲ၌ တဆတ်ဆတ်တုန်လျက် ထိုင်နေသော သစ်စိမ်းဝံပုလွေပေါက်စလေးငါးကောင်ကို လှမ်းကြည့်လိုက်သည်။
"မွေးကင်းစဝံပုလွေတွေမှာ စွမ်းအားအဆင့် (၁) ရှိတယ်။ ဒီရွက်ပုန်းဝံပုလွေတွေက ပင်ကိုယ်စွမ်းရည်လည်း တော်တော်လေးကောင်းတယ်။ ဒီလိုသားရဲမျိုးဆို တောင်ပိုင်းဒေသမှာ တော်တော့်ကိုရှားတာ။ အနောက်ပိုင်းသဲကန္တာရက တကယ်ပဲ ကမ္ဘာသစ်မိစ္ဆာတွေ နေထိုင်ဖို့အတွက် သင့်တော်တဲ့နေရာဖြစ်တယ်ထင်တယ်" သူသည် မျက်လုံးများပိတ်ပြီး တရားစထိုင်တော့သည်။
ညသန်းခေါင်ယံတွင် ရုတ်တရက် တအီအီ အော်သံများ မန်ဟို ရုတ်တရက်ကြားလိုက်ရသည်။ ၄င်းတို့က တဖြေးဖြေး ကလေးတစ်ယောက် သောင်းကျန်းအော်ဟစ်သံများနှင့်တူလာသည်။ ပထမပိုင်းတွင် ပြတ်တောင်းပြတ်တောင်း ဖြစ်သော်လည်း မိုးလင်းလာသည့်အခါတွင်တော့ အော်သံများက အဆက်မပြတ်တော့ပေ။
အသံမှာ ယခုတွင် ကောင်းကင်နှင့်မြေပြင်အားလုံး၌ ဖြစ်ပျက်ခဲ့သမျှထဲ မတရားဆုံးသောအရာကို မကျေမနပ်ဖြစ်နေသကဲ့သို့ ဝမ်းနည်းကြေကွဲစရာ ကောင်းလေသည်။
မန်ဟိုက မျက်လုံးများ ပြန်ဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။ သူ ခြံထဲရှိ လှောင်အိမ်များကို လှမ်းကြည့်လိုက်သည့်အချိန်တွင် အပေါ်ရှိကောင်းကင်မှာ မြူများဝေနေ၏။ လောလောဆယ်တွင် ဝံပုလွေပေါက်လေး ငါးကောင်မှာ လှောင်အိမ်များ၏တံခါးအား အသည်းအသန် ကုတ်ခြစ်နေကြသည်။ ၄င်းတို့မှာ မျက်လုံးများ အစိမ်းရောင်တောက်နေကြပြီး သစ်သားကိုပင် ဝါးနေကြသည်။ ၄င်းတို့.... ဗိုက်ဆာနေကြလေပြီ။
၄င်းတို့က တအီးအီးအော်ရင်း အားအင်ချည့်နဲ့စွာ တုန်ရီနေကြသည်။ တံခါးမှာ တစ်ဝက်ပင် အဝါးခံထားရပြီးပြီ ဖြစ်သည်။
"ဟာကွာ ပိတ်ထားကြစမ်း" မန်ဟိုက ၄င်းတို့ကို စိမ်းစိမ်းဝါးဝါးကြည့်ရင်း ပြောသည်။
ဝံပုလွပေါက်လေးငါးကောင်မှာ မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် အထိတ်တလန့်ကြည့်ရင်း ချက်ချင်း နောက်တွ့န်သွားကြ၏။ ၄င်းတို့မှာ နောင်တရပြီး ဗိုက်ဆာနေကြပုံပေါ်လေသည်။ မွေးဖွားလာသည့်အချိန်မှစ၍ ယနေ့အထိ ဗိုက်ဟောင်းလောင်းမဖြစ်ခဲ့ဖူးလေရာ ဆာလောင်မွတ်သိပ်သော ခံစားချက်က ၎င်းတို့ကို ကြောက်စိတ်တို့ဖြင့် ပြည့်နှက်သွားစေသည်။
မန်ဟို့၏ ငေါက်သံက ၎င်းတို့ကို ညှင်းပန်းနှိပ်စက်ခံနေသည့်အလား ခံစားသွားရစေသည်။
ဝံပုလွေပေါက်လေးငါးကောင်နှင့် လူတစ်ယောက် မြူဆိုင်းနေသော ကောင်းကင်အောက်တွင် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
သို့သော် အသက်ဆယ်ရှိုက်စာကြာပြီးနောက်တွင် ဝံပုလွေလေးငါးကောင်က နောက်တစ်ဖန် ဆွဲဆွဲငင်ငင် အော်လိုက်ပြန်သည်။ ၎င်းတို့ အနိုင်ကျင့်ခံနေရသည်။ ဗိုက်လည်းဆာသည်။ ယခင်က အစာမစားရသောနေ့ဟူ၍ မရှိခဲ့သည့်အပြင် မန်ဟို့၏ အငေါက်လည်း ခံရသေးသည်။ ၎င်းတို့၏ ခပ်စူးစူးငိုသံများက ဆူညံနေပြီး ကိုယ်သေးသေးလေးများမှာ အအေးဒဏ်ကြောင့် တခိုက်ခိုက် တုန်ရီနေလေ၏။
တချို့အကောင်လေးများ၏ ပါးစပ်ထဲတွင် သစ်သားစများပင် ပြည့်နေချေသည်။ ဤအခြင်းအရာကို မြင်သော် မန်ဟိုက ထရပ်ပြီး လမ်းလျှောက်လာသည်။ သူ အနားရောက်လာစဉ် သစ်စိမ်းဝံပုလွေလေးငါးကောင်က မန်ဟို့ကို ကြောက်လန့်တကြား ကြည့်၍ ကျယ်နိုင်သမျှ ကျယ်ကျယ်အော်ရင်း လှောင်အိမ်တံခါးနားတွင် တိုးဝှေ့နေကြသည်။
မန်ဟိုက ဝံပုလွေလေးတစ်ကောင်ကို လှမ်းဆွဲလိုက်သည်။ ကျန်အကောင်လေးများမှာ ရုတ်တရက် လန့်သွားပြီး လှောင်အိမ်၏ထောင့်တွင် ကုပ်နေကြလေသည်။
မန်ဟို လှမ်းဆွဲလိုက်သော သစ်စိမ်းဝံပုလွေလေးမှာ ခေါင်းတွင် အဖြူရောင်အမှတ်တစ်ခုရှိ၏။ ယင်းမှာ စစချင်း သိပ်မသိသာသော်လည်း အနီးကပ်ကြည့်လျှင် ရှင်းရှင်းလင်းလင်း မြင်ရလေသည်။
ဝံပုလွေလေးကို ကောက်လိုက်သည် ၄င်းမှာ အကြောက်အကန် အော်ဟစ်လေသည်။ ၄င်း၏မျက်လုံးဝိုင်းဝိုင်းလေးများသည် ဆောက်တည်ရာမဲ့ပြီး ကြောက်စိတ်များဖြင့် ပြည့်နေသည်။
"ဟောင်နေတုန်းပေါ့လေ။ မင်းက အသံအကျယ်ဆုံး ထင်တယ်" သူက ဝံပုလွေပေါက်လေးကို အထက်စီးမှငုံ့ကြည့်လိုက်သည်။
အဖြူရောင်အမှတ်နှင့် သစ်စိမ်းဝံပုလွေလေးက တအီးအီး ဆက်အော်နေသည်။ ၎င်းဗိုက်မှ တဂွီဂွီမြည်သံများကို မန်ဟို ကြားနေရလေသည်။ သူက ၎င်းကို ထိကြည့်လိုက်ရာ အမှန်တကယ် ဟောင်းလောင်းဖြစ်နေပုံရသည်။
သူက ရှက်ကိုးရှက်ကန်းနှင့် ချောင်းဟန့်လိုက်သည်။ "ဒီကောင်တွေက သွေးခွေးကြီးလိုမဟုတ်တာ မေ့သွားတယ်။ တကယ် အစာစားဖို့ လိုတာကိုး .... " ၎င်းက သူ့ကို စိတ်မကောင်းဖြစ်သွားစေသည်။
သွေးခွေးကြီးမှာ အစာစားရန် မလိုအပ်ပေ။ မန်ဟိုကိုယ်တိုင်သည်လည်း အစာမစားဘဲ နေနိုင်သော အဆင့်သို့ ရောက်ခဲ့သည်မှာ ကြာလေပြီ။ ဝံပုလွေလေးက မန်ဟို့၏ သဘောထားပြောင်းသွားသည်ကို အာရုံရလိုက်သဖြင့် ချက်ချင်းပင် ကျယ်ကျယ်အော်တော့သည်။ ၎င်း၏ မျက်လုံးထဲရှိ နာကျင်နေသောအရိပ်အယောင်မှာ ပို၍ပင် သိသာလာသည်။ ရုတ်တရက် မန်ဟို့မှာ အတန်ငယ် အပြစ်ရှိသလို ခံစားရလိုက်၏။
"ကဲ ကဲ မငိုနဲ့တော့ တိတ် တိတ် " သူက ဝံပုလွေလေး၏အမွှေးများကို ပွတ်သပ်ပေးရင်း ပြောသည်။ " ငါ့အမှားဟုတ်ပြီလား ငါ့အမှား။ ခဏစောင့် မင်းတို့စားဖို့ တစ်ခုခုသွားရှာလိုက်ဦးမယ်" သူက ၎င်းကို လှောင်အိမ်ထဲ ပြန်ထည့်ပေးပြီးနောက် ခြံထဲမှ ကမန်းကတန်းထွက်သွားတော့သည်။ သူသည် အဘိုးကြီး၏စကားများကို ပြန်စဉ်းစားရင်း တောင်တန်းများထံ ဦးတည်လိုက်သည်။
နေ့လည်ကျ မပြုံးချင်ပြုံးချင်ပြုံးရင်း သူပြန်ရောက်လာသည်။ ခြံထဲ ဝင်လာပြီးနောက်တွင် ဝံပုလွေပေါက်လေးငါးကောင် ဆာလွန်း၍ လဲနေကြသည်ကို မြင်လိုက်ရသည်။ သူက လှောင်အိမ် တစ်လုံးမှတစ်လုံးမှ ကပျာကယာ သွားလိုက်သည်။ ဝံပုလွေပေါက်လေးတစ်ကောင်စီကို နှိုးပြီးနောက် သူသည် သစ်သားဖြင့်လုပ်ထားသော အစာခွက်များကို ကောက်ပြီး မနက်ကရှာလာသော အစာတချို့ကို ထုတ်၍ ၎င်းတို့စားရန် အထဲထည့်ပေးလိုက်သည်။
ဝံပုလွေလေးများက အသားစိမ်းနံ့ရလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ခန္ဓာကိုယ်အတွင်းရှိ ပင်ကိုယ်စွမ်းရည်အားလုံး ပေါက်ကွဲထွက်သွားကာ အပြေးလာပြီး အငမ်းမရစားကြ၏။
မန်ဟိုက ဘေးတွင် ရပ်ကြည့်နေသည်။ သူ့မှာ တစ်မနက်လုံး အစာလိုက်ရှာရင်းသာ အချိန်ကုန်ခဲ့ရသည်။ ယင်းက ပြဿနာပင်။
"သူများတွေ ကမ္ဘာသစ်မိစ္ဆာတွေကို ဘယ်လိုမွေးလဲ မသိပေမယ့် ငါ ဒီအတိုင်းဆက်လုပ်နေရင် တကယ်ဂွကျတယ်...." မန်ဟိုက မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် ဝံပုလွေလေးများ၏ တအီအီအော်သံများကို ပြန်တွေးကြည့်သော် ၎င်းတို့ကို အငတ်ထားလို့မရကြောင်း သဘောပေါက်လိုက်သည်။
သူသည် သူ တစ်မနက်လုံး အချိန်ကုန်ခံ၍ရှာလာခဲ့သော အစာများကို ဝံပုလွေပေါက်လေးများ အငမ်းမရစားနေသည်ကို ထိုင်ကြည့်နေ၏။ ထို့နောက်တွင် ၎င်းတို့က နောက်တစ်ဖန် အော်ကြပြန်သည်။ သူ့မှာ ရုတ်တရက် ခေါင်းကိုက်လာတော့သည်။
"ဘုရင်လေးတွေ... "သူက သက်ပြင်းချရင်း ပြောသည်။ ထို့နောက် ၎င်းတို့သောက်ရန် ရေထုတ်ပေးလိုက်လေသည်။ ရေသောက်ပြီးနောက်မှ ဝံပုလွေပေါက်လေးများ၏ အမူအရာများမှာ ကျေနပ်သွားပုံပေါက်လာသည်။ ၎င်းတို့သည် မန်ဟို့ကို လျစ်လျူရှုပြီး ပြေးလွှားကစားနေကြတော့သည်။
မန်ဟိုက နေ့လည်ခင်းကောင်းကင်ကို မော့ကြည့်ပြီးနောက် သစ်လုံးအိမ်ထဲ ပြန်သွားကာ တင်ပျဉ်ခွေထိုင်စဉ်းစားတော့သည်။ ခဏကြာသော် သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး စူးရှတောက်ပနေလေသည်။
"သူတို့က ကမ္ဘာသစ်မိစ္ဆာဆိုရင်တောင်မှ ကျင့်ကြံခြင်းအခြေခံရှိသေးတယ်ဆိုတော့ .... အချိန်မရွေး ဆေးလုံးတွေ ကျွေးလို့ရမယ်ထင်တယ်။ အနောက်ပိုင်းသဲကန္တာရမှာ ဆေးလုံးတွေကို အဖိုးတန်ရတနာလို့ သတ်မှတ်ကြပြီး မကြာခဏသုံးလေ့မရှိဘူး။ ဒီတော့ ကမ္ဘာသစ်မိစ္ဆာတွေကိုလည်း ဘယ်ကျွေးပါ့မလဲ" ဤအခိုက်အတန့်တွင် အေးခဲနှင်းမျိုးနွယ်စု၏ မိစ္ဆာအားဖြည့်ဆေးလုံးကို သူအမှတ်ရလိုက်သည်။
မိစ္ဆာအားဖြည့်ဆေးလုံးဖော်စပ်နည်းမှာ အလွန်ထူးဆန်းလေသည်။ အမှန်အားဖြင့် ဆေးပင်များအပိုင်းက ဖော်စပ်နည်းထဲ၌ အနည်းငယ်သာ ပါရှိသည်။ ကျန်ပါဝင်ပစ္စည်းများအတွက် အဆင့်မြင့် ကမ္ဘာသစ်မိစ္ဆာအမျိုးမျိုး၏ သန့်စင်ထားသော သွေးနှင့်အသားများ လိုအပ်သည်။ အစက မန်ဟို့မှာ အတန်ငယ် ဇဝေဇဝါဖြစ်ခဲ့သော်လည်း ယခုတော့ ယုတ္တိရှိသွားလေပြီ။
"အေးခဲနှင်းမျိုးနွယ်စုက အနောက်ပိုင်းသဲကန္တာရရဲ့ အင်အားအကြီးဆုံးမျိုးနွယ်စုတစ်စု ဖြစ်ခဲ့ဖူးတယ်။ သူတို့က မဟာမိစ္ဆာသားရဲသခင်တွေကို မျိုးရိုးစဉ်ဆက် မွေးထုတ်ပေးခဲ့တာ။ အကြောင်းရင်းက လျှို့ဝှက်မိစ္ဆာသားရဲသခင်ပညာရပ်အပြင် အထူးဆေးဖော်နည်းတွေနဲ့ သေချာပေါက် ပတ်သက်နေမှာပဲ
" မိစ္ဆာအားဖြည့်ဆေးလုံးက မတူညီတဲ့ကမ္ဘာသစ်မိစ္ဆာအမျိုးမျိုးရဲ့ အသွေးအသားကို အသုံးပြုပြီး အဆင့်ဆင့် ဖော်စပ်နိုင်တယ်" မန်ဟိုက သိုလှောင်အိတ်ကို ပုတ်၍ ရေနဂါးတစ်ကောင်၏ အလောင်းကြီးတစ်လောင်းကို ထုတ်လိုက်သည်။
အေးခဲနှင်းမျိုးနွယ်စုစစ်ပွဲအတောအတွင်း၌ မန်ဟိုသည် ကမ္ဘာသစ်မိစ္ဆာအလောင်းများအား တစ်နည်းနည်းဖြင့် လေ့လာရန် ရည်ရွယ်ရင်း အလောင်းများ လိုက်ကောက်ခဲ့လေသည်။ ဤရေနဂါးတွင် အမြုတေဖြစ်တည်မှုစဦးပိုင်းအဆင့် ကျင့်ကြံခြင်းအခြေခံရှိသည်။ အဆင့်သတ်မှတ်ချက်အရဆိုလျှင် အဆင့် (၇) ဖြစ်ပေလိမ့်မည်။
"မိစ္ဆာအားဖြည့်ဆေးလုံး ဖော်ပြီး ဒီကောင်လေးတွေကို လျှို့ဝှက်မိစ္ဆာသားရဲသခင်ပညာရပ်နဲ့ စမ်းကြည့်ရမယ်။ ဒါဆို အဆင်ပြေလောက်မှာပါ" မန်ဟိုက လှောင်အိမ်များနှင့် တစ်ကောင်နှင့်တစ်ကောင် လုံးထွေးသတ်ပုတ်နေသော ဝံပုလွေပေါက်လေးများကို လှည့်ကြည့်လိုက်သည်။
သူက လက်ကို ဝှေ့ယမ်း၍ ရေနဂါးအလောင်းအား ကျုံ့သွားစေသည်။ အချိန်အနည်းငယ်ကြာသော် ၎င်းသည် သွေးမြူအစုအဝေးတစ်ခု အသွင်ပြောင်းသွား၏။ ဤအခိုက်အတန့်တွင် မန်ဟိုက အနက်ရောင်ဆေးပေါင်းဖိုကို ထုတ်လိုက်သည်။
ဆေးပေါင်းဖို၏မျက်နှာပြင်ပေါ်၌ ပင်ပန်းနနေပုံရသော ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦး၏ မျက်နှာပေါ်လာသည်။ ၎င်းက မန်ဟို့ကို ကြည့်ပြီး ဤတစ်ခေါက်တွင် မကြည်ဖြူသော အရိပ်အယောင် မပြရဲတော့ပေ။ ၎င်းသည် မန်ဟို့အား ဆေးပေါင်းဖိုကို သုံးခွင့်ပေးပြီး နှောင့်ယှက်ခြင်းတစ်စုံတရာမပြုဘဲ အချိုးပြေပြေနှင့် ပျောက်ကွယ်သွားလေသည်။
မန်ဟိုက ဆေးပေါင်းဖိုအတွင်းသို့ သွေးစက်ချလိုက်သည်။ ဆေးပင်များအတွက်မူ သူ့၌ အတော်များများရှိသော်လည်း လိုနေသည့်အပင်တော့ တစ်ပင်မှမရှိပေ။ သူသာ သာမန်ဆေးဝါးပညာရှင်တစ်ယောက်ဆိုလျှင် ဘာလုပ်ရဘာကိုင်ရမှန်းမသိ ဖြစ်နေလိမ့်မည်။ သို့ရာတွင် ဆေးဝါးတာအို၏ မဟာအကြီးအကဲဖြစ်သည်နှင့် အားလျော်စွာ ဖော်စပ်နည်း၏ လိုအပ်ချက်များနှင့် ကိုက်ညီဖို့ အခြားဆေးပင်များမှ ဆေးဂုဏ်သတ္တိများကို ထုတ်ယူနိုင်လေသည်။
ဆေးပင်များ ထွက်လာပြီး မန်ဟိုက ညဉ့်နက်သည်အထိ တကုပ်ကုပ် ဖော်စပ်နေတော့သည်။ သူသည် ညာလက်တွင် ဆေးပေါင်းဖိုကို ကိုင်ရင်း ထာဝရဆေးမီးတောက်ဖြင့် အပူပေးကာ ထိန်းညှိမှုများ ပြုလုပ်နေ၏။
ဤသည်မှာ သူ့အတွက် မိစ္ဆာအားဖြည့်ဆေးလုံးကို ပထမဆုံးဖော်စပ်ခြင်းဖြစ်ရာ အချိန်ကား တရွေ့ရွေ့ကုန်ဆုံးသွားလေသည်။ နောက်တစ်နေ့မနက် မိုးသောက်ချိန်တွင် ဝံပုလွေလေးငါးကောင်သည် ဗိုက်ဆာသဖြင့် နောက်တစ်ဖန် တအီးအီးအော်ကြ၏။ မန်ဟိုက တဖျပ်ဖျပ်လက်နေသော မျက်လုံးများဖြင့် ဆေးပေါင်းဖိုကို ပုတ်လိုက်သည်။ ၎င်းက ဘုန်းခနဲ မြည်ပြီးနောက် အတွင်းမှ အနီရောင်ဆေးလုံးတစ်လုံး ပျံထွက်လာလေသည်။
ဆေးလုံးပေါ်လာသည်နှင့်တစ်ပြိုင်နက် ရှူးရှူးရှားရှား တွန်နေသော ရေနဂါးတစ်ကောင်၏ ပုံရိပ်အား အတွင်း၌ မြင်ရလေသည်။ ရေနဂါးက ဆေးလုံးကို ထိန်းချုပ်ချင်နေပြီး ၎င်းနှင့်အတူ ထွက်ပြေးပျံသန်းသွားချင်ပုံရသည်။ သို့သော် မန်ဟိုက ဆေးလုံးကို လှမ်းဖမ်းလိုက်၏။ ၎င်းမည်မျှ ရုန်းကန်စေကာမူ သူ၏လက်တွင်းမှ ရုန်းမထွက်နိုင်ပေ။
"ဆေးစွမ်းအား ရှစ်ဆယ်ရာခိုင်နှုန်း။ သန့်စင်လို့ရသေးတယ်" မန်ဟိုက ဆေးလုံးကို ဆေးပေါင်းဖိုထဲ ပြန်ထည့်ပြီးနောက် ဆေးဝါးတာအိုအသွင်ပြောင်းဂါထာကို အသုံးပြုကာ ၎င်းအား ထပ်မံသန့်စင်တော့သည်။ နှစ်နာရီကြာသော် ရဲရဲနီနေသော ဆေးလုံးမှ မည်သည့်ဆေးရနံ့မှ ပျံ့လွင့်မလာတော့ပေ။
သို့သော် ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာသစ်မိစ္ဆာများသာ ရရှိနိုင်သော အနံ့တစ်မျိုး လွင့်ပျံ့လာသည်။ အနံ့ထွက်လာသည်နှင့် ဝံပုလွေလေးငါးကောင်က ရုတ်တရက် အော်နေခြင်းအား ရပ်ပြီး လှမ်းကြည့်ကြသည်။ ၎င်းတို့မှာ မန်ဟို့လက်ထဲရှိ ဆေးလုံးကို အပေါက်ကြားမှ မျက်တောင်မခတ်ဘဲကြည့်ရင်း လှောင်အိမ်တံခါးကို တွန်းနေကြလေသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များမှာ တုန်ရီနေပြီး ရူးသွပ်တော့မည့်ပုံရသည်။ ၎င်းတို့မှာ ဆေးလုံးစားရဖို့အတွက် အသေပင်ခံနိုင်သည့်အလား တိုးဝှေ့နေကြလေသည်။
ကျီးကင်းထောက်မျိုးနွယ်စု၌ ကမ္ဘာသစ်မိစ္ဆာများအား မွေးမြူထိန်းကျောင်းပေးသောနေရာ တစ်ရာကျော်ခန့်ရှိသည်။ အနံ့ထွက်လာသည့် တစ်ချိန်တည်းမှာပင် ဟိန်းဟောက်သံများ ဆူညံလာ၏။ အဆင့် (၁) မှ (၆) အတွင်းရှိ ကမ္ဘာသစ်မိစ္ဆာများအားလုံး ထိန်းမနိုင်သိမ်းမရအောင် ပွက်လောရိုက်လာသည်။ သူတို့၏ ဟိန်းဟောက်သံများက ကောင်းကင်နှင့်မြေကြီးကို တသိမ့်သိမ့်တုန်လာစေ၏။ ကြည့်ရသရွေ့ ဤဆေးလုံးပေါ်ပေါက်လာခြင်းက ၎င်းတို့၏အမြင်တွင် ဆုလာဘ်ကြီး ဖြစ်ပုံပေါ်လေသည်။
ကမ္ဘာသစ်မိစ္ဆာရာပေါင်းများစွာ ဟိန်းဟောက်နေကြသည်။ အသံ၏ ပြင်းအားက ခြံအသီးသီးရှိ ကမ္ဘာသစ်မိစ္ဆာထိန်းများကို တုန်လှုပ်သွားစေ၏။ ကြောင်တိကြောင်တောင်ဖြစ်နေသော အမူအရာများက သူတို့၏မျက်နှာကို လွှမ်းမိုးနေပြီး သူတို့သည် ကမူးရှူးထိုးဖြစ်နေကြသော ကမ္ဘာသစ်မိစ္ဆာများအား မန္တန်များဖြင့် ထိန်းနေကြရသည်။
မန်ဟို့အား အထက်စီးက ဆက်ဆံခဲ့သော အဘိုးကြီးမှာ ယခုတွင် မျက်လုံးကြီးပြူးလျက် အသက်မနည်းရှူနေရ၏။ သူက သူထိန်းနေသော အဆင့် (၄) ကမ္ဘာသစ်မိစ္ဆာများကို ကြည့်ပြီး ၎င်းတို့ရူးမတတ်ဖြစ်နေပုံကို အံ့အားသင့်နေတော့သည်။
ပတ်ဝန်းကျင်၌ အသံဗလံပေါင်းစုံ ပွက်လောရိုက်နေ၏။
"ဘာတွေဖြစ်နေတာလဲ"
"ဘာဖြစ်သွားတာတုန်း"
"ကမ္ဘာသစ်မိစ္ဆာတွေ ဆူနေတာလား"
***