တစ်ခုခုကို စလိုက်မိပြီ
Vol. 29 Ch. 395
အသံများ ဆူညံပွက်လောရိုက်နေစဉ် မန်ဟို့၏မျက်လုံးများမှာ တဖျပ်ဖျပ်လက်နေသည်။ သူသည် မိစ္ဆာအားဖြည့်ဆေးလုံးကြောင့် ပေါက်ဖွားလာသော စွဲလမ်းမှုများကိုလည်း အာရုံရလိုက်သဖြင့် ဆေးလုံးကို ငုံ့ကြည့်ပြီး အစိမ်းရောင်ဝံပုလွေလေးငါးကောင်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ဘယ်လက်ကို ဆန့်ထုတ်၍ မြေကြီးကို ဖိချလိုက်၏။
သူ ထိုသို့လုပ်လိုက်သည်တွင် မမြင်နိုင်သောဒိုင်းတစ်ခုက သူ၏ပတ်ပတ်လည် မီတာဒါဇင်အနည်းငယ်ကို လွှမ်းခြုံသွားသည်။ ၎င်းက ကမ္ဘာသစ်မိစ္ဆာများမှအပ ဘယ်သူမှ အာရုံခံနိုင်သော ထူးဆန်းချီကို ချက်ချင်း ဖြတ်တောက်ပစ်လိုက်သည်။
သို့သော် သူ၏လုပ်ဆောင်ချက်များမှာ မဆိုစလောက်လေး နောက်ကျသွား၏။ ဒိုင်းပေါ်လာသည့်အချိန်မှာပင် အမျိုးအစားမတူသော ကမ္ဘာသစ်မိစ္ဆာအကောင် ၂၀ နီးပါး ဟိန်းဟောက်ရင်းပေါ်လာသည့်အတွက် တအုန်းအုန်းပေါက်ကွဲသံများ ကြားလိုက်ရသည်။ ဤအကောင်များမှာ ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်နှင် ညီမျှသော စွမ်းအားနှင့် အဆင့် (၆) ကမ္ဘာသစ်မိစ္ဆာများဖြစ်သည်။ ၄င်းတို့က ရူးသွပ်မှုတို့ပြည့်နှက်သော မျက်လုံးနီကြီးများဖြင့် ကောင်းကင်တွင် ဟိုဟိုသည်သည် ပျံသန်းနေကြသည်။
သို့သော် ၄င်းတို့မှာ မန်ဟို ဖုံးကွယ်ထားသဖြင့် ချီ၏အရင်းအမြစ်ကို ရှာမတွေ့ဖြစ်နေကြသည်။ ထို့အပြင် ကမ္ဘာသစ်မိစ္ဆာထိန်းများက ၄င်းတို့ကို ချော့မြူရန် လေပေါ်ပျံတက်လိုက်ကြသည်။ အချိန်အနည်းငယ်ကြာသော် အရာအားလုံး တစ်ဖန် တိတ်ဆိတ်သွားလေပြီ။
ဤအချိန်ရောက်သော် မှောင်ရီပျိုးလာပြီး ညမင်းသား၏ ခြုံထည်က မြေပြင်ကို တစတ လွှမ်းခြုံလာသည်။ နောက်ဆုံးတွင်တော့ မိုးစုန်းစုန်းချုပ်သွားလေပြီ။ မန်ဟိုက တိတ်ဆိတ်ငြိမ်သက်နေသော အပြင်ဘက်ကို ကြည့်ပြီးနောက် လှောင်အိမ်များထဲရှိ အစိမ်းရောင်ဝံပုလွေလေးများကို ပြန်ကြည့်လိုက်သည်။ ၄င်းတို့၏ မျက်လုံးဝိုင်းဝိုင်းလေးများမှာ နီရဲတွတ်နေပြီး တံခါးသာ ခိုင်သင့်သလောက်မခိုင်လျှင် ၄င်းတို့ဖောက်ထွက်လာလောက်သည်။
သူဖော်စပ်ခဲ့သော ဆေးလုံးမှာ သူတို့အတွက် အလွန်စွဲလမ်းစရာကောင်းပုံပင်။
"စိတ်ဝင်စားစရာပဲ။ အေးခဲနှင်းမျိုးနွယ်စု..... ချီနန်မျိုးနွယ်စုလို့ပဲ ခေါ်ရမလား သူတို့ မဟာမိစ္ဆာသားရဲသခင်တွေ အများကြီး မွေးထုတ်ပေးနိုင်ခဲ့တာက လျှို့ဝှက်မိစ္ဆာသားရဲသခင်ပညာရပ်ကြောင့်ပဲမဟုတ်ဘူး ဒီဆေးလုံးကြောင့်လည်း ပါတယ်
"ကမ္ဘာသစ်မိစ္ဆာ..... ငါ အနက်ရောင်နယ်မြေမှာ ရှိနေတဲ့ အဲ့ဒီအချိန်တုန်းက သမာဓိအပ်နှင်းခြင်းပညာရပ်နဲ့ မိစ္ဆာချီကို စုပ်ယူခဲ့တယ်။ အဲ့ဒါကြောင့် အနောက်ပိုင်းသဲကန္တာရက အမျိုးသမီး ငါ့ကို မိစ္ဆာသခင်လို့ ထင်သွားပဲ။ မိစ္ဆာချီက ဆန်းပြားတယ်။ အဲ့ဒီအရာတွေအားလုံးကြားမှာ ပတ်သက်မှုတစ်ခုခု ရှိကို ရှိရမယ်" သူသည် ထိုကိစ္စအား အတန်ငယ် ထပ်တွေးနေပြီးနောက် မိစ္ဆာအားဖြည့်ဆေးလုံးကို ပွား၍ ရုတ်တရက် မြေကြီးကို လက်ညှိုးထိုးလိုက်သည်။
"သမာဓိအပ်နှင်းခြင်းပညာရပ်" ချက်ချင်းပင် သိပ်မများသော်လည်း မမြင်နိုင်သော မိစ္ဆာတချို့ တဖွေးဖွေးလှုပ်လာသည်။ မန်ဟိုက မီတာသုံးရာအကျယ်ဧရိယာအတွင်းရှိ မိစ္ဆာချီကိုသာ လှုံ့ဆော်လိုက်ခြင်းဖြစ်၏။
မိစ္ဆာချီများက မန်ဟို၏ လက်ညှိုးထံသို့ တဟုန်ထိုးပြေးဝင်လာပြီး လှည့်ပတ်နေသည်။ သူက လှမ်းကြည့်လိုက်ရာတွင် ဝံပုလွေလေးငါးကောင်၏ ထူးဆန်းနေသော မျက်နှာအမူအရာများအား တွေ့လိုက်ရသည်။ မိစ္ဆာအားဖြည့်ဆေးလုံးကြောင့် ခံစားနေရသော စိတ်လှုပ်ရှားမှုတို့ လျော့ကျသွားပုံပင်။ ၄င်းတို့အားလုံး မန်ဟို့ကို မမှိတ်မသုန် စိုက်ကြည့်နေကြသည်။
သူ၏မျက်လုံးများ ဖျတ်ခနဲ လက်သွား၏။ သူသည် တစ်ယောက်တည်း တီးတိုးရေရွတ်ပြီးနောက် ဆေးလုံးများကို သိမ်းကာ သူ့ကို လွှမ်းခြုံပေးထားသော ဒိုင်းကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူ၏ အထွတ်အထိပ်ရွှေအမြုတေအဆင့်၏ စိတ်ဝိညာဉ်အာရုံကို အဘက်ဘက်သို့ ဖြန့်ကျက်လိုက်သည်။ ကမ္ဘာသစ်မိစ္ဆာများသော်လည်းကောင်း၊ ကျင့်ကြံသူများသော်လည်းကောင်း ဤစိတ်ဝိညာဉ်အာရုံကို အာရုံခံနိုင်မည်မဟုတ်ပေ။
သူသည် ဤစိတ်ဝိညာဉ်အာရုံဖြင့် ပတ်ဝန်းကျင်ရှိ ကမ္ဘာသစ်မိစ္ဆာအားလုံးကို မြင်နိုင်လေသည်။ ၎င်းတို့မှာ စောစောကကဲ့သို့ ရုန့်ရင်းဆန်ခတ်ဖြစ်မနေတော့သော်လည်း ဂနာမငြိမ်ဖြစ်နေကြပုံပေါ်သည်။
"စိတ်ဝင်စားစရာပဲ...." မန်ဟို့ခေါင်းထဲတွင် အတော်လေးရဲတင်းသော အကြံအစည်ကြီးတစ်ခုပေါ်လာသည်။ သူသည် ဒိုင်းကို နောက်တစ်ဖန် ဆင့်ခေါ်ပြီးနောက် မိစ္ဆာအားဖြည့်ဆေးလုံးတစ်လုံး ထုတ်လိုက်သည်။ သူက ဉာဏ်များသောမျက်လုံးများဖြင့် သူ၏လက်ညှိုးအား လှည့်ပတ်နေသောမိစ္ဆာချီကို ယူပြီး ဆေးလုံးအပေါ်ဖိချလိုက်သည်။
ဤသို့လုပ်ဖို့အတွက် ဆေးပေါင်းဖိုမလိုအပ်ပေ။ သူ၏မမြင်နိုင်သော ဆေးမီးတောက်က မိစ္ဆာချီအား ဆေးလုံးနှင့် တဖြေးဖြေး တစ်သားတည်းဖြစ်သွားစေသည်။ ထိုသို့ပေါင်းစည်းသွားသည်နှင့် တစ်ပြိုင်နက် ကမ္ဘာသစ်မိစ္ဆာခြံအားလုံး ဆူညံပွက်လောရိုက်သွား၏။ မန်ဟို ဒိုင်းအားဖန်တီးထားသည့်တိုင် ယင်းကဲ့သို့ အုံကြွနေခြင်းပင်။
ရူးသွပ်မှုအတိုင်းအတာမှာ ယခင်ကထက် အဆများစွာ ကျော်လွန်လေသည်။ ပဲ့တင်ထပ်နေသော ဟိန်းဟောက်သံကြီးက အရာရာတိုင်းအား တဝုန်းဝုန်း တုန်ခါနေစေ၏။
ဤသည်မှာ ကမ္ဘာသစ်မိစ္ဆာလက်တစ်ဆုပ်စာလေးသာ ဟိန်းဟောက်အော်ဟစ်နေခြင်းမဟုတ်။ တစ်ကောင်မကျန် သောင်းကျန်းခြင်းဖြစ်၏။ တစ်စက္ကန့်လေးနှင့် ကြောက်လန့်ဖွယ်ရာ အသံကြီးက ကျီးကင်းထောက်မျိုးနွယ်စုတစ်စုလုံးတွင် ပြည့်နှက်သွားတော့သည်။
ထိုအသံကြီးသည် ပထမဆုံးဆေးလုံးကြောင့် ဖြစ်သွားသော ဆူညံသံကြီးထက် ကျယ်လောင်လေသည်။
ဝူဟိုက်မှာ သူ၏ရောင်ရင်းများနှင့် ကြောင်တောင်တောင်ကလေး ရပ်နေချေသည်။ သူ့မှာ ဘာဖြစ်လို့ ဘာဖြစ်နေမှန်းမသိသလို တခြားသူများလည်း မသိကြပေ။ ကမ္ဘာသစ်မိစ္ဆာအားလုံး မည်သည့်အတွက်ကြောင့် ဤကဲ့သို့ ပြုမူနေကြသနည်း။
ကျီးကင်းထောက်မျိုးနွယ်စုအတွင်း၌ မျိုးနွယ်ဝင်တစ်ယောက်ပြီးတစ်ယောက် နိုးလာကြပြီး ချက်ချင်း အံ့သြကုန်ကြသည်။
"ကမ္ဘာသစ်မိစ္ဆာအားလုံး ဟိန်းဟောက်နေကြပါလား ဘာတွေဖြစ်နေတာတုန်း"
"ကမ္ဘာသစ်မိစ္ဆာထိန်းစီရင်စုမှာ ဘာတွေဖြစ်နေတာလဲ"
"တစ်ခုခုဖြစ်နေတာ ဖြစ်မယ်။ တကယ်ကြီးပဲဟ.... ဒါ ကမ္ဘာသစ်မိစ္ဆာတွေအားလုံး တစ်ပြိုင်တည်း ဆူညံနေကြတာလားဟ"
သို့သော် သူတို့တုန်လှုပ်နေကြသည့်အခိုက်အတန့်မှာပင်...
အားကောင်းသောဟိန်းဟောက်သံ တစ်သံပြီးတစ်သံကြောင့် မျိုးနွယ်စု၏အရှေ့မျက်နှာစာနှင့် အစွန်အဖျားရှိ ကမ္ဘာသစ်မိစ္ဆာထိန်းစီရင်စုအား ပိုင်းခြားထားသော တောင်ကြီးမှာ ရုတ်တရက် နှစ်ခြမ်းကွဲထွက်သွားလေသည်။
ဟိန်းဟောက်သံကြီးက စုစုပေါင်း ငါးသံဖြစ်ပြီး ၄င်းတို့ ကျယ်လောင်စွာ ပဲ့တင်ထပ်နေစဥ် အလင်းတန်းငါးတန်း ထိုးတက်လာသည်။ တစ်တန်းစီအတွင်း၌ မီတာဒါဇင်ပေါင်းများစွာ ရှည်လျားသော ကမ္ဘာသစ်မိစ္ဆာတစ်ကောင်စီ ရှိ၏။ သုံးကောင်က အစိမ်းရောင်ဝံပုလွေများ ဖြစ်ပြီး တစ်ကောင်က လိပ်နက်ကြီးဖြစ်ကာ နောက်ဆုံးတစ်ကောင်မှာ ရက်စက်ကြမ်းကြုတ်သောအသွင်နှင့် အစိမ်းရောင်ကျားတစ်ကောင် ဖြစ်သည်။
ဤကမ္ဘာသစ်မိစ္ဆာငါးကောင်မှ ထုတ်လွှတ်နေသော အားလှိုင်းများက အမြုတေဖြစ်တည်မှု နှောင်းပိုင်းအဆင့်နှင့် ညီမျှလေသည်။ ၄င်းတို့ကား အဆင့် (၉) ကမ္ဘာသစ်မိစ္ဆာများပင်။ ၄င်းတို့၏ဟိန်းသံများသည် အခြားကမ္ဘာသစ်မိစ္ဆာတစ်ရာနီးပါး၏ အသံများနှင့် ပေါင်းစည်းသွားပြီး အထက်ဘဝဂ်သို့တိုင် ရိုက်ခတ်မြည်ဟည်းသွားတော့သည်။
ဤရွေ့ဤမျှသာဆိုလျှင် တော်သေးသည်။ သို့သော် ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံကြီး ကောင်းကင်ထိတိုင် မြင့်တက်သွားစဥ် ကျီးကင်းထောက်မျိုးနွယ်စု၏ ထောင်ပေါင်းများစွာသော အဖွဲ့ဝင်များထဲက အများစု၏မျက်နှာများ၌ ရုတ်တရက် အံ့သြခြင်းတို့ ပြည့်နှက်သွား၏။ သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ အရုပ်ဆေးမင်ကြောင်များ စတင်တောက်ပလာပြီး သူတို့နှင့် ပဋိညာဥ်ပြုထားသော ကမ္ဘာသစ်မိစ္ဆာများ မှော်ဆန်ဆန်ပေါ်လာကာ ကောင်းကင်သို့ ထိုးတက်ထွက်သွားကြလေသည်။
အဆိုပါမြင်ကွင်းကား အဆုံးစွန်အထိ အံ့သြတုန်လှုပ်ဖွယ်ကောင်းလှသည်။ မျိုးနွယ်ဝင်တစ်ဝက်နီးပါးမှာ သူတို့၏ အရုပ်ဆေးမင်ကြောင်များ တောက်ပလာပြီး ကမ္ဘာသစ်မိစ္ဆာများ ဟိန်းဟောက်ရင်း ဖောက်ခနဲ ဖောက်ခနဲ ထွက်လာကြသည်ကို ကြည့်နေကြလေသည်။
"ငါ့ သစ်စိမ်းဝံပုလွေကို ထိန်းမရတော့ဘူး"
"ငါ့ရဲ့ဖီးနစ်သိမ်းငှက်လည်း ရူးတော့မယ်"
"ဘာတွေဖြစ်နေတာလဲ ဒါက ကမ္ဘာသစ်မိစ္ဆာဆူညံမှုကြီးလား"
စကားသံများ ဆူညံသွားသည်။ ကမ္ဘာသစ်မိစ္ဆာများနှင့် ပဋိညာဥ်ပြုထားသော ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် လေပေါ်ပျံတက်လာကြသည်။
သူတို့ပျံတက်လာကြစဥ် တောင်မှ အစွမ်းထက်ပုဂ္ဂိုလ်များလည်း ကမ္ဘာသစ်မိစ္ဆာများဆီ ပျံသန်းသွားကြသည်။
"အကြီးအကဲတွေတောင် ထွက်လာရတယ်"
"အကြီးအကဲတွေက ပုံမှန်ဆို မျိုးနွယ်စုရဲ့ကိစ္စရေးရာတွေနဲ့ အလုပ်ရှုပ်နေလို့ အပြင်ထွက်လာခဲတယ်။ ဒါပေမဲ့ အခုထွက်လာကြပါလား"
ယနေ့ည၏ အဖြစ်အပျက်များသည် ကျီးကင်းထောက်မျိုးနွယ်ဝင်များ၏ နှလုံးသားထဲ၌ တစ်သက်လုံး စွဲထင်ကျန်ရစ်နေတော့မည်ဖြစ်သည်။ ရုတ်တရက် တောင်ထိပ်မှ မကြားရသည်မှာ အလွန့်အလွန် ကြာမြင့်ခဲ့ပြီဖြစ်သော ဟိန်းဟောက်သံကြီး ထွက်လာသဖြင့် လူအများ အလန့်တကြား အော်ဟစ်ကုန်ကြလေသည်။
ဟိန်းဟောက်သံကြီးပဲ့တင်ထပ်နေစဥ် တောင်၏ပတ်ချာလည်ရှိ ကောင်းကင်နှင့် မြေပြင်မှာ တသိမ့်သိမ့် လှုပ်ခါလာသည်။ ရုတ်တရက် သစ်ကိုင်းတစ်ကိုင်း ထိုးထွက်လာ၏။ ၄င်းသည် အိုမင်းခြောက်ကပ်နေပြီး အလွန်ရှေးဆန်သောချီကို ထုတ်လွှတ်နေသည်။ သစ်ကိုင်းသည် တဖျပ်ဖျပ်လက်သော အစိမ်းရောင်အလင်းကို ထုတ်လွှတ်ရင်း ပျံထွက်လာပြီးနောက် ကိုးမီတာအမြင့်ရှိသော သစ်ပင်လူကြီးအသွင် ပြောင်းသွားသည်။
သစ်ပင်လူကြီး၏မျက်နှာသည် ရှေးဆန်ပြီး ၄င်း၏ခန္ဓာကိုယ်မှာ သစ်ရွက်ခြောက်များဖုံးနေသည့် သစ်ကိုင်းအလုံးတုတ်တုတ်ကြီးမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၄င်းမှာ အားအင်ကုန်ခမ်းနေပုံရလေသည်။ ၄င်းသည် လေလယ်တွင် ပျံဝဲပြီး မာန်သွင်းဟိန်းဟောက်လိုက်၏။
ဤအခြင်းအရာအပြင် တောင်ထံမှ နောက်ထပ်ပုံရိပ်သုံးခု ရုတ်တရက် ပျံထွက်လာသည်။ တစ်ယောက်စီတွင် အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံခြင်းအခြေခံရှိပြီး တစ်ယောက်က အနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့်တွင် ဖြစ်သည်။ သူတို့က သစ်ပင်လူကြီးထံ ချက်ချင်း ပျံသန်းသွားသဖြင့် အောက်ရှိ ကျီးကင်းထောက်မျိုးနွယ်ဝင်များ သူတို့ကို သတိပြုမိသွား၏။ တစ်ယောက်က မျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်ဖြစ်ပြီး အခြားနှစ်ယောက်က နတ်ဆရာကြီးများ ဖြစ်ကြသည်။
နတ်ဆရာကြီးများနှင့် ခေါင်းကိုင်ဖခင်များသည် မည်သည့်မျိုးနွယ်စု၌မဆို လုပ်ပိုင်ခွင့်အာဏာအရှိဆုံးနှင့် အစွမ်းထက်ဆုံးဖြစ်လေသည်။
"ဂါဝရပြုပါတယ် ဘိုးဘေးကြီးသစ်စိမ်း" ခေါင်းကိုင်ဖခင်အဘိုးက ပြောသည်။ နတ်ဆရာကြီးနှစ်ယောက်မှာမူ သူတို့၏ရုပ်ရည်သွင်ပြင်များကို ဖုံးကွယ်ထားသော အစိမ်းရောင်ဝတ်ရုံရှည်ကြီးများကို ဝတ်ဆင်ထား၏။ ဤလူသုံးယောက်လုံးမှာ အစွမ်းထက်ချီကို ထုတ်ဖော်ထားသော်လည်း သူတို့၏မျက်ဝန်းများ၌ စိုးရိမ်ထိတ်လန့်နေသာအရိပ်အယောင်များအား မြင်နိုင်လေသည်။ ဘိုးဘေးကြီးသစ်စိမ်းအား သူတို့မမြင်ခဲ့ရသည်မှာ နှစ်ခြောက်ဆယ်စက်ဝန်းနှစ်ခုနီးပါးပင် ရှိပေတော့မည်။ သူတို့မှာ ရင်တုန်ပန်းတုန်ဖြင့် သစ်ပင်လူကြီးကို လက်ယှက်အရိုအသေပေးလိုက်ကြသည်။
"မိစ္ဆာ၊ မိစ္ဆာတစ်ကောင်ကို အာရုံရနေတယ်...." ဧရာမသစ်ပင်လူကြီးက ပြောသည်။ ၄င်းက ဟိန်းဟောက်လိုက်ရာ ကျီးကင်းထောက်မျိုးနွယ်စု၏ ကမ္ဘာသစ်မိစ္ဆာများထံမှ ဟိန်းဟောက်သံကြီးအား ပို၍ပင် လှုံ့ဆော်ပေးလိုက်လေသည်။
တစ်ခါက ကျီးနတ်မင်းမျိုးနွယ်စုအဖြစ် စုစည်းခဲ့သော မျိုးနွယ်စုငါးစုသည် တားမြစ်နယ်မြေတစ်ခုကို အလယ်တွင် ဗဟိုထား၍ လက်ချောင်းငါးချောင်းသဖွယ် ဝန်းရံထားကြသည်။ ဤအခိုက်အတန့်တွင် ကျီးစစ်သည်မျိုးနွယ်စု၌ ကမ္ဘာသစ်မိစ္ဆာများအားလုံး ခေါင်းထောင်ပြီး ဟိန်းဟောက်လိုက်ကြသည်။
ကျီးစစ်သည်မျိုးနွယ်စုသည် သတ္တုအမျိုးအစားမျိုးနွယ်စု ဖြစ်သည့်အတွက် သူတို့၏ကမ္ဘာသစ်မိစ္ဆာအများစုမှာ သတ္တုမှဖန်တီးထားခြင်းဖြစ်လေသည်။ ဓားပျံများ၊ မှော်ရတနာများနှင့် ဧရာမသတ္တုဘီလူးကြီးများပင်အပါအဝင် မျိုးနွယ်ဝင်များ ထိန်းချုပ်ရန် ပဋိညာဥ်ပြုထားသည့် ကမ္ဘာသစ်မိစ္ဆာများ အားလုံး ရုတ်တရက် သောင်းကျန်းကုန်ကြသည်။ ၄င်းတို့က တစ်ကောင်ပြီးတစ်ကောင် လေပေါ်ပျံတက်လာကြ၏။
ပို၍ပင် အံသြစရာကောင်းသည်က ကျီးစစ်သည်မျိုးနွယ်စု၏တောင်ထိပ်၌ ရွှေအလင်းရောင် ကွန့်မြူးလာသည်။ ၄င်းသည် တုန်လှုပ်ဖွယ်ချီတစ်ခုနှင့်အတူ ရွှေရောင်တောက်နေသည့် သုံးခွမှိန်းကြီးတစ်ခု ဖြစ်သွားသည်။
"မိစ္ဆာချီ..... မိစ္ဆာချီကို အာရုံရနေတယ်"
ကျီးသူရဲကောင်းမျိုးနွယ်စု၊ ကျီးမီးတောက်မျိုးနွယ်စုနှင့် အမှောင်ကျီးမျိုးနွယ်စု၏ ကမ္ဘာသစ်မိစ္ဆာများ၏ ဟိန်းဟောက်သံများနှင့်တစ်ဆက်တည်း ချီများပေါ်ထွက်လာသည်။ ကျီးသူရဲကောင်းမျိုးနွယ်စုတွင် မြေဓာတ်လှိုင်းများ ရိုက်ခတ်လာ၏။ ရုတ်တရက် ရွှံ့များက မီးတောင်သဖွယ် ပန်းထွက်လာသည်။ ရွှံများပန်းထွက်နေစဥ် ရွှံအိုင်မှာ အချင်းအားဖြင့် မီတာရာပေါင်းများစွာ ရှိလာလေသည်။
ကျီးမီးတောက်မျိုးနွယ်စုတွင် အထဲ၌ ဧရာမမြင်းနက်ကြီးတစ်ကောင်ရှိသော မီးပင်လယ်ကြီးတစ်စင်းက လေကိုခွင်းသွား၏။ မြင်း၏မျက်လုံးနီကြီးများက ကျီးကင်းထောက်မျိုးနွယ်စုရှိရာသို့ လှမ်းကြည့်နေသည်။ အမှောင်ကျီးမျိုးနွယ်စုအတွင်းတွင်တော့ အငွေ့များ လွင့်လူတက်လာပြီး မိုးသားတိမ်စိုင်များအသွင် ပြောင်းသွား၏။
ဤအခိုက်အတန့်တွင် မျိုးနွယ်စုငါးစု၏ အဖွဲ့ဝင်များ၊ နတ်ဆရာကြီးများ၊ ခေါင်းကိုင်ဖခင်များအားလုံး တုန်ရီစွာဖြင့် ရပ်နေကြလေပြီ။ ဤမျိုးနွယ်စုအထဲ ရုပ်ဖျက်ဝင်ရောက်ခဲ့သော အနုသုခုမရုပ်ခန္ဓာအဆင့်ခေါင်းဆောင်ကြီးများလည်း မည်သည့်ဖြစ်ပျက်နေသည်လဲ စဥ်းစားရင်း အံသြတုန်လှုပ်နေကြသည်။
မျိုးနွယ်စုအားလုံး တုန်လှုပ်နေကြစဥ် မန်ဟိုလည်း အံ့သြနေသည်။ သူလည်း ဤချီမည်မျှအစွမ်းထက်သည်လဲ အာရုံရနေ၏။
"ဝိုး ငါတော့ ဒီတစ်ခေါက် တစ်ခုခုကို စလိုက်မိပြီပဲ...." သူသည် ဆေးလုံးကို ချိတ်ပိတ်ပစ်ရန် ကြိုးစားနေခဲ့သော်လည်း တစ်ခုမှ အလုပ်မဖြစ်ပေ။ သိုလှောင်အိတ်ထဲ ထည့်သိမ်းလည်း မရ။ ဒိုင်းမှာလည်း ရှိသည်ဟုပင် မထင်ရပေ။ အပြင်လောကရှိ ကြောက်စရာအရာကြီးများ သူ၏နေရာအတိအကျကို တွေ့ရှိရန် သူ့အတွက် အလွန်ဆုံး အသက်အရှိုက်နှစ်ဆယ်ခန့်သာ ရှိတော့ကြောင်း ရှင်းရှင်းလင်းလင်းအာရုံရနေ၏။
ထိုစဥ် ပို၍ပင်ကြီးမားသောအဖြစ်အပျက်ကြီး ဖြစ်ပျက်သွားသည်။ မယုံနိုင်ဖွယ်ရာ ဖိအားကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာလေပြီ။
***