စစ်မှန်သော မိစ္ဆာအားဖြည့်ဆေးလုံ
Vol. 29 Ch. 396
ဝေါင်းးးးးးးး
အဆုံးမဲ့တောင်တန်းများ၏ ဟိုးအနက်ပိုင်းထဲမှ အသံကြီးတစ်သံကြားလိုက်ရသည်။ ဟိန်းဟောက်သံကြီးသည် အရာအားလုံးကို အပိုင်းပိုင်းစုတ်ဖြဲပစ်နိုင်ပုံရသော စွမ်းအားကြီးဖြင့် လွင့်ပျံ့လာလေသည်။
၄င်းမှာ မိုးကြိုးများ တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေကြသကဲ့သို့ ထစ်ချုန်းမြည်ဟည်းရင်း တစ်သားတည်း ပေါင်းစည်းကာ အသံတစ်သံဖြစ်လာသည်။
"မျိုးခြားးးးးး" အသံကြီးမှာ အလွန်များပြားသောအသံများအား အတူတကွပေါင်းစည်းထားသကဲ့သို့ ဖြစ်သည် ။ အထူးဆန်းဆုံးမှာ ဤအသံကြီးသည် ကျင့်ကြံသူတစ်ယောက်၏အသံမဟုတ်ကြောင်း ကြားလိုက်ရသည့်မည်သူမဆို ပြောနိုင်ခြင်းပင်..... ယင်းကား လူသံမဟုတ်။
အသံကြီးက ထွက်ပေါ်လာသည့်အခိုက်အတန့်မှာပင် အဘက်ဘက်သို့ ပဲ့တင်ထပ်ရိုက်ခတ်သွားသဖြင့် တောတောင်အတွင်းရှိ တခြားသော အသံအလုံးစုံ တိခနဲ တိတ်ဆိတ်သွားစေသည်။
မျိုးနွယ်စုငါးစုလုံး ချက်ချင်းဆိုသလို စိတ်နှလုံးလှုပ်ရှားသွားကြသည်။ သူတို့၏မျက်နှာများက အံ့သြခြင်းကို ဖော်ဆောင်နေ၏။
"အဲ့ဒါ...."
"အဲ့ဒါ မျိုးခြားသားရဲကြီးပဲ။ အင်မိုတယ်ရဲ့ဟစ်ကြွေးသံနဲ့ မျိုးခြားသားရဲကြီး"
"အင်မိုတယ်ရဲ့ ဟစ်ကြွေးသံနဲ့ မျိုးခြားသားရဲကြီး ဒီတစ်ကြောမှာ ကျက်စားနေတာမသိခဲ့ဘူး။ အဲ့အကောင်ကြီးက အဆင့် (၇) ကမ္ဘာသစ်မိစ္ဆာအဖြစ် မွေးဖွားလာခဲ့ပြီးတော့ အဆင့် (၁၁) ထိ တက်သွားခဲ့တယ်။ သူက လူသားတစ်ယောက်နဲ့ ပဋိညာဥ်ပြုထားတာလား ဒါမှမဟုတ် တကယ်ပဲ သန့်စင်မိစ္ဆာကြီးလား"
အနောက်ပိုင်းသဲကန္တာရတွင် လူသားများ၏ ပဋိညာဥ်ပြုပြီး ထိန်းချုပ်ခံထားရလျှင် ထိုသတ္တဝါအား ကမ္ဘာသစ်မိစ္ဆာဟုခေါ်သည်။ သို့မဟုတ်လျှင် သန့်စင်မိစ္ဆာဟုခေါ်လေသည်။
ကျီးနတ်မင်း၏ မျိုးနွယ်စုငါးစုလုံး အဆိုပါကိစ္စအား ဆွေးနွေးနေကြစဥ် ထိပ်ဆုံးအဆင့် ကမ္ဘာသစ်မိစ္ဆာများမှာ တုန်ရီနေကြလေသည်။ စောစောက ဟိန်းဟောက်သံကြီးမှာ ၄င်းတို့၏ဟိန်းဟောက်သံများကို ပို၍သာ အားဖြည့်ပေးလိုက်သည်။ ၄င်းတို့က ဤမျိုးခြားသားရဲကြီး ဖြတ်သွားနေသောနေရာမှာ ၄င်းတို့၏ပိုင်နက်ဖြစ်ကြောင်း ကြေညာလိုသည့်အလားပင်။
ရုတ်တရက် မြေကြီးသည် ဘီလူးကြီးတစ်ကောင် တောအုပ်ကိုဖြတ်၍ ပြေးလာနေသကဲ့သို့ တဝုန်းဝုန်း တုန်ခါလာ၏။ အံ့အားသင့်နေသော မျိုးနွယ်ဝင်များမှာ သူတို့ပတ်ဝန်းကျင်ရှိ တောတောင်များအတွင်း၌ မည်သည်တို့ ဖြစ်ပျက်နေသည်လဲ ကြည့်ရန် လျှို့ဝှက်မှော်သိုင်းများကို သုံးလာကြသည်။ ဤကျောက်ဆောင်များအတွင်း၌ သားရဲအုပ်ကြီးတစ်အုပ် သူတို့ဆီ ကမူးရှူးထိုးပြေးလာနေကြလေသည်။
သားရဲများမှာ အဆင့်မျိုးစုံဖြစ်ပြီး အားလုံးကား မျက်လုံးနီကြီးများဖြင့် အသိစိတ်လွတ်သွားကြသကဲ့သို့ ပြေးလာနေကြ၏။ ကောင်းကင်ထက်တွင်လည်း ထူးဆန်းသောဝေဟင်သားရဲကြီးများ ပြွတ်သိပ်နေလေသည်။ ၄င်းတို့သည်လည်း စူးစူးဝါးဝါး အော်နေကြသည်။ အဝေးမှကြည့်လျှင် သားရဲလှိုင်းလုံးကြီးက မျိုးနွယ်စုငါးစုအား ဝါးမြိုရန် အဘက်ဘက်မှာ လိပ်တက်လာနေသည့်အလား ထင်ရသည်။
ကောင်းကင်နှင့်မြေပြင်တွင်ပါ နေရာလပ်မကျန် ပြည့်နှက်နေသော သားရဲများသည် မျိုးနွယ်စုငါးစုအား ဗဟိုပြု၍ အရပ်မျက်နှာအသီးသီးမှ လာနေကြလေပြီ။ သူတို့မှာ စိစိညက်ညက်အောင် တက်နင်းခံရတော့ပေမည်။
မျိုးနွယ်စုငါးစုအတွက် အဖြစ်အပျက်များမှာ ရုတ်တရက်ဆန်လွန်းသဖြင့် တုံ့ပြန်ရန်ပင် အချိန်မရှိပေ။
ဝေဟင်သားရဲကြီးများ ဟိန်းဟောက်လိုက်သဖြင့် လှိုင်းဂယက်များ လေထုထဲသို့ ရိုတ်ခတ်လာသည်။ မိုးခြိမ်းသံတမျှကျယ်လောင်သော အသံကြီးက အနီးအနားရှိအရာအားလုံးကို ဖိနှိပ်လိုက်သော ပဲ့တင်ထပ်သံကြီးအား ဖန်တီးလိုက်လေသည်။
ဤအရာအားလုံးမှာ အသက်ဆယ့်ငါးရှိုက်စာလေးအတွင်း ဖြစ်ပျက်သွားခြင်းပင်။
မန်ဟိုသည် ခြေထောက်အောက်က မြေကြီးတုန်ခါနေသည်ကို ခံစားနေရပြီး မျိုးခြားသားရဲကြီး၏ ဟိန်းဟောက်သံအပါအဝင် အပြင်ဘက်မှဟိန်းဟောက်သံများကိုလည်း ကြားနေရ၏။ အမှန်တွင် ဖြစ်ပျက်နေသောအရာအားလုံးကြောင့် သူ့အတွက် အချိန်အနည်းငယ် ပိုရသွားလေသည်။
သူက ခေါင်းကိုခါရင်း တွေးလိုက်သည်။ "မိစ္ဆာချီကို မိစ္ဆာအားဖြည့်ဆေးလုံးနဲ့ ပေါင်းစည်းလိုက်တာက ဒီလောက်ကြီးကျယ်သွားလိမ့်လို့ စိတ်တောင်မကူးခဲ့ဖူးဘူး။ ဒီဆေးလုံးက... ဘယ်ကမ္ဘာသစ်မိစ္ဆာကိုမဆို ရူးသွပ်အောင် လုပ်နိုင်ပုံပဲ" သူသည် ခါးသီးစွာပြုံးရင်း သူ့ဆီလာရန် သစ်သားပြားများကို အသည်းအသန် ကုတ်ခြစ်ကိုက်ဖျက်နေသော ဝံပုလွေလေးငါးကောင်ကို လှမ်းကြည့်လိုက်သည်။ တဂျွတ်ဂျွတ်အက်သံများ ရုတ်တရက် ထွက်လာပြီး ၄င်းတို့ အောင်မြင်သွားလေပြီ။
မန်ဟိုက ညာလက်ကို ဝှေ့ယမ်းကာ ဆေးလုံးအား သစ်သားလှောင်အိမ်ထံ ထွက်သွားစေသည်။ ဝံပုလွေလေးငါးကောင်က ချစ်စဖွယ်ကောင်းစွာ အူရင်း ၄င်းထံ ပြေးသွားကြ၏။ ပြီးခဲ့သည့်ရက်များက ၄င်းတို့သည် တစ်ကောင်နှင့်တစ်ကောင် ပြေးလွှားဆော့ကစားခဲ့ကြသော်လည်း ယခုတော့ ခင်တွယ်မှုသံယောဇဥ်တစ်စုံတရာ မရှိတော့ပေ။ ၄င်းတို့မှာ တစ်ကောင်ကို တစ်ကောင် တိုးဝှေ့ကိုက်ဖြတ်ရင်း အလုအယက်ပြေးနေကြသည်။
ဤအခိုက်အတန့်တွင် ခေါင်း၌အဖြူရောင်အမှတ်လေးနှင့် သစ်စိမ်းဝံပုလွေလေးသည် အဆုံးစွန်ထိ ရက်စက်ကြမ်းကြုတ်သွား၏။ ၄င်းက ကျန်ဝံပုလွေလေးများကို ထိုးဖောက်ပြီးနောက် အရှေ့ထွက်သွားသော အစိမ်းရောင်အလင်းတန်းအသွင်ပြောင်းသွားသည်။ ၄င်းက ဆေးလုံးကို ကတိုက်ကရိုက် မြိုချလိုက်လေသည်။
၄င်းမြိုချလိုက်သည်နှင့်တစ်ပြိုက်နက် မျိုးနွယ်စုငါးစု၏အပြင်ဘက်ရှိ သားရဲများက ဝမ်းနည်းပူဆွေးစွာ အူလိုက်ကြသည်။ အနက်ရောင်တိမ်တိုက်များက ကောင်းကင်ထက်တွင် တလိပ်လိပ် အုံကြွလာပြီးနောက် ရုတ်တရက် ရှေ့သို့ထွက်သွားသည်။ ၄င်းတို့ထွက်သွားသည်နှင့် မျိုးခြားသားရဲကြီး၏ဟိန်းဟောက်သံက တစ်လောကလုံးကို တုန်ခါသွားစေ၏။
မျိုးနွယ်စုငါးစုရှိ ကျင့်ကြံသူအားလုံး မျက်နှာများ ဖြူဆုပ်နေကြသည်။ အကြောင်းရင်းကား.....
မျိုးနွယ်စုငါးစု၏ အလယ်ဗဟိုတွင် တည်ရှိသည်မှာ ကျီးနတ်မင်းမျိုးနွယ်စု၏ယခင်နေရာ၊ သူတို့၏အထွတ်အမြတ်နယ်မြေ ဖြစ်သည်။ ရုတ်တရက် ထိုနေရာမှ အလင်းတန်းတစ်တန်းက ညအမှောင်ထုကို ထိုးခွင်းသွားလေသည်။
၄င်းသည် မျိုးနွယ်စုငါးစုလုံးကို အုပ်မိုး၍ပြန့်ကားလာသော ငါးရောင်ခြယ်အလင်းတန်းဖြစ်၏။ အလင်းအတွင်းမှ ကျီးနက်ကြီးတစ်ကောင် ထွက်လာသည်။
ကျီးနက်က ခေါင်းမော့ပြီး ခပ်စူးစူးအာသံကြီး ပြုလိုက်သည်။ မည်သည့်အရာကိုမဆို ချေမှုန်းပစ်နိုင်သော စွမ်းအားလှိုင်းများ အရပ်မျက်နှာတစ်ခွင်သို့ ပျံ့နှံ့သွားသည်။ ကုန်းမြေသည် နိမ့်ချည်မြင့်ချည် လှုပ်ရှားလာပြီး အလွန်ကြီးမားသော ကျောက်တုံးကြီးများက မြေကြီးကို ခွဲထွက်လာကြသည်။ စကားလုံးများဖြင့် ဖော်ပြ၍မရလောက်အောင် အားပြင်းသော လေမုန်တိုင်းကြီးသည် မျိုးနွယ်စုငါးစု၏ပတ်ပတ်လည်တွင် ဖြစ်တည်လာခဲ့သည့်အလားပင်။
၄င်းသည် အရာရာတိုင်းအား လှည်းကျင်းတိုက်ခတ်ပစ်နိုင်သော ဝဲကြီးအသွင် လျင်မြန်စွာ ပြောင်းလဲသွား၏။
မန်ဟို့မှာ ကျီးနတ်မင်းမျိုးနွယ်စု တည်ရှိခဲ့ဖူးသော နေရာကို လှမ်းကြည့်ရင်း အသက်ရှုသံများ မြန်ဆန်လာကာ မျက်လုံးများ အရောင်လက်သွားသည်။
ဤအခိုက်အတန့်တွင် သူ ဘာကိုမှစိတ်မပူတော့ပေ။ ဝံပုလွေလေး စားလိုက်သည်နှင့်တစ်ပြိုက်နက် ဆူပူအုံကြွစေခဲ့သော ဆေးလုံး၏သဲလွန်စများအားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။ မန်ဟိုသည် မိစ္ဆာချီနှင့်ပတ်သက်လျှင် တုံ့ပြန်လွယ်သည့်အတွက် ယင်းက အကြောင်းရင်းဖြစ်ကြောင်း အတည်ပြုနိုင်သွား၏။
ကြည့်ရသရွေ့ မိစ္ဆာချီမှာ ယခုအချိန်တွင် သတိလစ်နေပြီဖြစ်သော အဖြူရောင်အမှတ်နှင့် ဝံပုလွေလေး စုပ်ယူခြင်း ခံခဲ့ရပုံပေါ်သည်။
၄င်းမှာ သတိလစ်နေပါသော်လည်း ၄င်း၏အသက်စွမ်းအားကတော့ တဟုန်ထိုးမြင့်တက်နေလေ၏။
အပြင်ရှိ လေမုန်တိုင်းကြီးက အရာအားလုံးကို လွှမ်းခြုံထားလေရာ ငါးရောင်ခြယ်အလင်းတစ်ခုတည်းကိုသာ မြင်ရလေသည်။ ထိုမြင်ကွင်းက မန်ဟို့အား ငါးရောင်ခြယ်ပြစ်ဒဏ်မိုးကြိုးကို အမှတ်ရသွားစေသည်။
ပြီးခဲ့သည့်နှစ်ရက်က မန်ဟို ကျီးကင်းထောက်မျိုးနွယ်စုဆီ ရောက်လာခဲ့တုန်းက ကြက်တူရွေးနှင့်အသားဂျယ်လီကို ဝေးသို့ နှင်ထုတ်ခဲ့သည်။ ၄င်းတို့နှစ်ကောင် တောတောင်ထဲ၌ ဘယ်လိုဖြစ်နေမည်လဲ မသိပေ။
၄င်းတို့နှစ်ကောင် မုန်တိုင်းထဲ ရောက်နေလောက်သည့် အတွေးက မန်ဟို့ကို အတန်ငယ်စိတ်ပူသွားစေ၏။ သို့သော် ကြက်တူရွေး၏ ထူးခြားစွမ်းရည်များနှင့် အသားဂျယ်လီ၏ မပျက်စီးနိုင်မှုကို စဥ်းစားပြီးနောက်မှ စိတ်ပူစရာမလိုကြောင်း သဘဘောပေါက်လိုက်သည်။
"ဒီတစ်နေရာလုံး ဖျက်စီးခံလိုက်ရရင်တောင်မှ အဲ့ဒီနှစ်ကောင်ကတော့ အိုကေစိုပြေနေဦးမှာ" ဤတစ်ခုကတော့ သေချာသည်။
မုန်တိုင်းမှာ နှစ်နာရီခန့်အထိ တိုက်ခတ်နေသည်။ မုန်တိုင်း တဖြေးဖြေး စဲသွားသောအခါ ဝန်းရံထားသော တောအုပ်မှာ အတော်လေး ပျက်စီးသွားလေပြီ။ ကမ္ဘာသစ်မိစ္ဆာအလောင်းများအား ဟိုဟိုသည်သည် တွေ့မြင်နေရသည်။ မျိုးခြားသားရဲကြီးမှာမူ အရိပ်အယောင်ပင် မမြင်ရတော့ပေ။
ကျီးနက်လည်း ပျောက်ကွယ်သွားပြီး ငါးရောင်ခြယ်အလင်းသည်လည်း တစတစမှေးမှိန်လာလေပြီ။ ဤသည်မှာ မန်ဟို့အတွက် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများနှင့် သူတို့အရုပ်များ၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် စွမ်းအားကို ပထမဆုံးကြုံတွေ့ဖူးခြင်းဖြစ်သည်။
မျိုးနွယ်စုငါးစု၏ အဖွဲ့ဝင်များမှာ ကမ္ဘာသစ်မိစ္ဆာအလောင်းများ ကောက်ရန် နေရာအသီးသီးသို့ အလျှိုလျှိုထွက်သွားကြ၏။
ကမ္ဘာသစ်မိစ္ဆာထိန်းစီရင်စုမှာမူ နတ်ဘုရားအာရုံဖြင့် အကြိမ်များစွာ စစ်ဆေးခံရသော်လည်း မူမမှန်သည့်အရာ မတွေ့ရပေ။
မန်ဟိုလည်း စစ်ဆေးခံရသည်။ သို့ရာတွင် ရုပ်ပြောင်းရုပ်လွှဲဆရာကြီး လီထျန်း၏ မှော်ပစ္စည်းရတနာမှာ အလွန်အဖိုးတန်ကြောင်း သက်သေထူသွား၏။ ဘယ်သူမှ မန်ဟိုနှင့်ပတ်သက်၍ ထူးခြားတာတစ်ခုမှ သတိမထားမိကြပေ။
မျိုးနွယ်စုငါးစုအတွက်မူ ကပ်ဘေးမှ လက်မလေးတင် လွတ်ခဲ့ရသည့်အဖြစ်က သာမန်စုံစမ်းစစ်ဆေးမှုလေးတစ်ခုနှင့်တင် အဖြစ်မှန်ကို မဖော်ထုတ်နိုင်ဟု ဆိုလိုလေသည်။ တိုးတိုးတိတ်တိတ် မေးမြန်းမှုများမှာ နောက်လအထိ ဆက်ရှိနေသည်။ မန်ဟို တောတောင်ထဲသွားတိုင်း စစ်ဆေးမေးမြန်းခံရသည်။
သို့သော် တစ်လကြာသည့်နောက်တွင်ပင် မည်သည့်သတင်းမှ မရခဲ့ချေ။ တဖြေးဖြေးနှင့် လူအများသည် ကမ္ဘာသစ်မိစ္ဆာများနှင့် သားရဲအုပ်ကြီးအား ညှို့ယူခဲ့သည့် ထူးဆန်းသောအရာတစ်ခု ပေါ်လာခဲ့သည်ဟု ကောက်ချက်ချက်လာကြသည်။ နောက်ဆုံး၌ အဆိုပါပစ္စည်းကို မည်သူရရှိသွားလဲ ဆိုသည်ကို ဘယ်သူမှ ရေရေရာရာမသိကြသော်လည်း ယခုတွင် မျိုးနွယ်စုငါးစုလုံးမှာ တစ်စုကိုတစ်စု သံသယဝင်နေကြလေပြီ။
ထိုတစ်လအတောအတွင်း မန်ဟိုသည် သစ်စိမ်းဝံပုလွေလေးများအား ဂရုစိုက်ရာတွင်သာ စိတ်နှစ်ထား၏။ သူသည် မိစ္ဆာအားဖြည့်ဆေးလုံးများကို အသားနှင့်ရောကျွေးလေရာ ဝံပုလွေလေးများမှာ ထွားသထက်ထွားလာကြသည်။ သို့သော် မန်ဟိုက ၄င်းတို့၏ကြီး ထွားနှုန်းအား သိပ်မသိသာအောင် ဂရုတစိုက်ထိန်းချုပ်ထား၏။
မိစ္ဆာချီဆေးလုံးကို စားခဲ့သော ဝံပုလွေလေးမှာမူ အပေါ်ယံကြည့်လျှင် သိပ်ကွဲပြားသွားပုံမရပေ။ သို့သော် ယခုတွင် သူသည် ပို၍အရိုင်းဆန်လာပြီး မျက်လုံးများမှာ သွေးအေးသောအလင်းရောင်ဖြင့် တဖျပ်ဖျပ်လက်နေသည်။ သူ့မှာ ပို၍သွေးဆာလာပုံရပြီး ကျန်ဝံပုလွေများက ကြောက်ရွံရိုသေကြ၏။ သူ တစ်ချက်ကလေး အူလိုက်ရုံနှင့် အခြားဝံပုလွေလေးများ တုန်ရီလာမည်ဖြစ်သည်။
ပြောင်းလဲမှုများမှာ ဆက်လက်ထင်ရှားလာပြီး မန်ဟို့မှာ ၄င်းတို့အားဖိနှိပ်ရန် ကြံမရဖြစ်နေတော့သည်။ မည်သို့ဆိုစေ ကိုးဆက်မြောက်မိစ္ဆာချုပ်နှောင်သူ အနေဖြင့် မန်ဟို၏ မိစ္ဆာချီအာရုံခံနိုင်စွမ်းမှာ ပြိုင်ဘက်ကင်းလေသည်။
တစ်လကြာသော် လူသိရှင်ကြားစုံစမ်းမှုများသာမက တိုးတိုးတိတ်တိတ် မေးမြန်းမှုပါ ရပ်တန့်သွားသည်။ မန်ဟို့၏ပတ်ဝန်းကျင်သည် ပြန်လည် ဆိတ်ငြိမ်သွားပြီး သူကား ကိုယ်ပိုင်နည်းလမ်းများဖြင့် ကမ္ဘာမိစ္ဆာများအား မွေးမြူထိန်းကျောင်းနေတော့၏။
အချိန်များ ကုန်လွန်သွားသည်။ မကြာမီ မန်ဟို ကျီးကင်းထောက်မျိုးနွယ်စု၌ နေထိုင်ခဲ့သည်မှာ ငါးလကြာခဲ့လေပြီ။
လောလောဆယ်တွင် သူသည် ခြံထဲ၌ တင်ပျဥ်ခွေထိုင်နေသည်။ ရုတ်တရက် မာန်ဖီသံက နားထဲဝင်ရောက်လာ၍ သူ၏မျက်လုံးများ ပွင့်လာသည်။ ခြံထဲတွင် သစ်စိမ်းဝံပုလွေတစ်ကောင်သည် လေးကောင်နှင့် မျက်နှာချင်းဆိုင်နေ၏။ ၄င်းမှာ ပိန်ချည့်ချည့်လေး ဖြစ်သော်လည်း ၄င်း၏မာန်ဖီသံက ကျန်လေးကောင်ကို ကြောက်လန့်တုန်ရီနေစေသည်။
"မောင်မွှေးထူ" မန်ဟိုက အေးစက်စက်ပြောလိုက်သည်။ သူ့အသံထွက်လာသည်နှင့်တစ်ပြိုင်နက် ပိန်ချည့်ချည့် သစ်စိမ်းဝံပုလွေက မန်ဟို့ကို လှည့်ကြည့်သည်။ ၄င်း၏နဖူးပေါ်က အဖြူရောင်အမှတ်မှာ ထင်းနေလေသည်။
မန်ဟိုကို ကြည့်လိုက်သောအခါ ၄င်း၏မျက်ဝန်းများရှိ သွေးအေးမှုတို့ ပျောက်ကွယ်သွားပြီး လိမ္မာသောပုံစံလေးဖြစ်သွားသည်။ ၄င်းက အစိမ်းရောင်အလင်းတန်း အသွင်ပြောင်းပြီး မန်ဟို့အနားသို့ လျှပ်စီးသဖွယ် ရောက်လာသည်။ ၄င်းသည် သွေးခွေးကြီးလုပ်လေ့ရှိသည်အတိုင်း မန်ဟို့ခြေထောက်ကို လျက်ရင်း သူ့ဘေးတွင် လဲချလိုက်၏။
"မွှေးထူ နှစ် သုံး လေး ငါး... အားလုံးဒီနားလာခဲ့" မန်ဟိုက တစ်ချက်ရယ်ပြီး ခေါ်လိုက်သည်။ ကျန်လေးကောင်မှာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လျှောက်လာကြသည်။
ယခုအချိန်တွင် မန်ဟို့၏အစိမ်းရောင်ဝံပုလွေများမှာ ပေါက်စလေးများဟု ခေါ်မရတော့ပေ။ တစ်ကောင်ချင်းစီသည် နှစ်မီတာခန့်အလျားရှိပြီး အလွန်ကြောက်စရာကောင်း၏။ ၄င်းတို့၏မျက်လုံးများမှာ သွေးအေးရက်စက်မှုတို့ဖြင့် တောက်ပနေပြီး အစိမ်းရောင်အမွှေးဖွားဖွားများက ခန္ဓာကိုယ်များကို ဖုံးနေကြသည်။ ၄င်းတို့ လှုပ်ရှားသွားသည့် အမြန်နှုန်းမှာ လျှပ်စီးလက်သကဲ့သို့ဖြစ်ကာ ၄င်း၏ပင်ကိုယ်စရိုက်ကိုက သွေးအေးလေသည်။ ၄င်းတို့ပတ်သက်သမျှ အရာအားလုံးသည် လက်ဖျားခါလောက်အောင်အင်အားကြီးပုံပေါ်၏။
၄င်းတို့သည် အဆင့် (၁) ကမ္ဘာသစ်မိစ္ဆာမဟုတ်တော့၊ အဆင့် (၂) သို့ရောက်ရှိနေကြလေပြီ။ သို့သော် အဆင့် (၃) ကမ္ဘာသစ်မိစ္ဆာများကို သတ်ဖြတ်ပြီး အဆင့်(၄) အား ရင်ဆိုင်နိုင်သည်အထိ သန်မာကြသည်။
အံ့သြစရာအကောင်းဆုံးက မောင်မွှေးထူပင်။ သူသည် ပိန်ချုံးချုံးနှင့် အားနည်းသယောင်ထင်ရပြီး အဆင့် (၂) သာ ရှိသေးသော်လည်း အဆင့် (၄) သစ်စိမ်းဝံပုလွေများထက် သန်မာလေသည်။ သူက ရင်ဆိုင်ရသမျှ အရာတိုင်းကို အလွယ်တကူသတ်ဖြတ်နိုင်ပြီး မန်ဟို သူ့ကို မတားသရွေ့ သတ်ပစ်တတ်လေသည်။
အစပိုင်း အုတ်အုတ်ကျက်ကျက် ဖြစ်စေခဲ့သည်ကလွဲ၍ မန်ဟိုသည် မျိုးနွယ်စုအတွင်း၌ မည်သည့်ပြဿနာမှ မရှာခဲ့ပေ။ သူ့မှာ အခြားသူများနှင့် ထိတွေ့ဆက်ဆံရန် အချိန်မရှိသဖြင့် ဝူဟိုက်မှအပ သူ့ကိုသိသူ မရှိသလောက်ရှားလေသည်။
ဝူဟိုက်မှာမူ မန်ဟို့ကို အလွန့်အလွန်လေးစားပြီး မကြာခဏ အကြံလာတောင်းတတ်သည်။ အကြိမ်တိုင်း သူ့မှာ ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ခံစားရလေသည်။ သို့နှင် သူတို့နှစ်ယောက်ကြား၌ ခင်မင်ရင်းနှီးသောဆက်ဆံရေးတစ်ခု ဖြစ်တည်လာတော့သည်။
ဝူဟိုက်သည် မန်ဟို မည်သည့်နည်းလမ်းများအသုံးပြု၍ သစ်စိမ်းဝံပုလွေများအား မွေးမြူထိန်းကျောင်းသည်လည်း အသေအချာမသိသည့်တိုင် ၄င်းတို့က သာမန်သစ်စိမ်းဝံပုလွေများနှင့် ကွဲထွက်နေသည်ကိုတော့ မြင်နိုင်သည်။ နားမလည်သော်လည်း သူ၏အမြင်တွင် ၄င်းမှာ အံ့သြစရာကောင်းလေရာ မန်ဟို့ကို ပိုပို၍သဘောကျလာတော့သည်။
***