← Chapters

အပြုအမူ သိသိသာသာ ပြောင်းလဲသွားခြင်း‌

Vol. 61 Ch. 842

အပြုအမူ သိသိသာသာ ပြောင်းလဲသွားခြင်း‌

Vol. 61 Ch. 842

ဆေးညွှန်းနှစ်ရွက်ထဲရှိ ဆေးပင်များကို ဖတ်ပြီးသောအခါ ၀မ်ရွှယ့်ကန်း၏မျက်နှာကြီးမှာ မှိုင်းညှို့သွား၏။ သူက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ စာရွက်ကို ချေမွလိုက်သည်။

“ဒီဆန်ကု‌န်‌မြေလေးက ကာလသားရောဂါဖြစ်နေတယ်ပေါ့”

“ဒီဗိုင်းရပ်စ်က ကာလသား‌ရောဂါထက် ပိုပြင်းထန်ပါတယ်တဲ့” အမျိုးသမီး၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး သူမက ချက်ချင်း တည်ငြိမ်လေးနက်စွာ ဖြေ၏။ “‌ဆေးရုံကြီးက ဆရာ၀န်တွေက မကုတတ်ကြပါဘူး။ ဒါပေမဲ့....ဒီဆေးညွှန်းကို ရေးပေးတဲ့လူက ယုံကြည်စရာပုံ မရှိပေမယ့် သခင်လေး၀မ်က ၀ယ်ဖို့ အမိန့်ပေးလိုက်တဲ့အတွက် ကျွန်မ ဇောဒက မတက်ဝံ့ပါဘူး”

၀မ်ရွှယ့်ကန်းက ဆေးညွှန်းနှစ်ရွက်ကို ဒေါသတကြီး ဆွဲယူပြီးနောက် ခြံ၀င်းဂိတ်၀သို့ လျှောက်သွား၏။ ဗီလာ၏ဧည့်ခန်းသို့ ရောက်ရှိလာသည့်အချိန်တွင် သူသည် ၀မ်ထောင်ကို တစ်ချက်သာ ငဲ့ကြည့်၍ ထန်ရှုကို စိုက်ကြည့်လိုက်သည်။

“ဒီ‌ဆေးညွှန်းကို ရေးပေးတဲ့ ‌တိုင်းရင်းဆေးဆရာက မင်းလားကွ” ၀မ်ရွှယ့်ကန်းက ထန်ရှုအား ဆေးညွှန်းနှစ်ရွက်ကို ပြ၍ ခပ်ဩဩလေသံဖြင့် ပြောသည်။

ထန်ရှုက မျက်မှောင်ကြုတ်၍ ပြန်ဖြေတော့မည့်အချိန် ၀မ်‌ထောင်က ပြာပြာသလဲ ထ၍ ကျယ်လောင်စွာ ပြော၏။ “အဖေ ဘာလုပ်‌တာလဲဗျ။ အစ်ကိုထန်က ကျွန်တော့်ရဲ့သူငယ်ချင်း အဖေ့ရဲ့အလုပ်သမား မဟုတ်ဘူး။ ကျွန်တော့်သူငယ်ချင်းကို အဲ့လိုပုံစံမျိုးနဲ့ မပြောပါနဲ့”

၀မ်ရွှယ့်ကန်းက ၀မ်ထောင်ဘက်လှည့်၍ စူးစူးဝါးဝါး စိုက်ကြည့်ကာ ပြောသည်။ “ပါးစပ်ပိတ်ထားစမ်း။ ဖအေကို သားက ပြန်ပြီး ဆရာလုပ်နေတယ်ပေါ့ ဟမ်။ ဟက်...မင်းလိုဂျလေဘီက အားတာနဲ့ ဆောင်ကြာမြိုင်တွေကိုပဲသွားလည်ပြီးနေမှတော့ ရောဂါ ကူးပြီပေါ့။ နေဦး ဒါပြီးရင် မင်းနဲ့ကိစ္စရှင်းမယ်”

ထန်ရှုအရှေ့၌ ဆူပူကြိမ်းမောင်းခံလိုက်ရသဖြင့် ဝမ်ထောင်၏မျက်နှာမှာ ဖြူလျော့သွားသည်။ သူက လက်မခံနိုင်ဘဲ အော်ကြီးဟစ်ကျယ် ပြန်လည်ချေပ၏။ “ကျွန်တော့်ရှေ့က သူငယ်ချင်းက ဘယ်လိုလူလဲဆိုတာ အဖေသိရဲ့လား။ ကျွန်တော့်အမှားကြောင့် ဗိုင်းရပ်စ်ကူးခံရတယ်ဆိုတာ မှန်တယ်။ နောက်ဆို ဂရုစိုက်ပြီး ဒီလိုမဖြစ်ရအောင် နေမှာမလို့ ကျွန်တော့်သူငယ်ချင်းကို ဒီလို မဆက်ဆံပါနဲ့”

“ဟက် သူငယ်ချင်းတဲ့လား။ ငါ မြင်တာကတော့ လူလိမ်တစ်ယောက်...မြေခွေးတစ်ကောင်ပဲ။ အခုခေတ်မှာ လူဆိုးသူခိုးတွေ အများကြီးပဲ။ မင်းက တုံးအလွန်းတဲ့အတွက် ငါသာ ဂရုစိုက်စောင့်ကြည့်မပေးရင် အလိမ်ခံရမှာပဲ။ ပြီးတော့ သူ့အသက်ကိုလည်း ကြည့်လိုက်ဦး...ဒါက တရုတ်တိုင်းရင်းဆေးကို သိတဲ့အရွယ်လားကွ”

ထန်ရှုက ထရပ်၍ ၀မ်ရွှယ့်ကန်းအား ထူးမခြားနားဟန်ဖြင့် မျက်စိမှေးလျက် ကြည့်လိုက်သည်။ ထို့နောက် ဒေါသူပုန်ထနေသော ၀မ်ထောင်အား လှမ်းကြည့်၏။ သူက စိတ်မ၀င်စားသည့်အလား ပြောလေသည်။ “ကျုပ်က လူလိမ်ပေါ့လေ။ အမှန်ပဲ ဒီလို အလွယ်တကူ သိသွားလိမ့်မယ်လို့ ထင်မထားဘူး။ မင်းရဲ့အဖေက ငါ့မှာ အရည်အချင်းမရှိဘဲ အ‌‌ပေါစားလူလိမ်‌တစ်ယောက်နဲ့ပဲ တူတယ်လို့ ပြောတော့ ငါ သွားတော့မယ်”

၀မ်ထောင်က ထန်ရှုအား အလျင်အမြန်တား၍ တောင်းပန်တိုလျှိုးသော မျက်နှာအမူအရာဖြင့် ပြော၏။ “အစ်ကိုကြီးထန် ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့ဗျာ။ ကျွန်တော့်အဖေက အစ်ကို့ကို မသိလို့ပါဗျာ”

ထိုသို့ပြောပြီးနောက် သူသည် ၀မ်ရွှယ့်ကန်းအား ဒေါသတကြီး ကြည့်၍ အော်ပြောလေသည်။ “အဖေ အဖေက အမြဲတမ်း လူတစ်ယောက်ကို အပြင်ပန်းပဲကြည့်ပြီး ရှုတ်ချတတ်တာ ကျွန်တော်သိတယ်။ ဒါပေမဲ့ အစ်ကိုကြီးထန်က လူလိမ်မဟုတ်ဘူးဆိုတာ ကျွန်တော်ပြောရဲတယ်”

“အစ်ကိုကြီးထန် ဟုတ်လား...မင်းက သူ့ထက် အသက်ကြီးတာမဟုတ်ဘူးလား။ ဘာသောက်ကြောင်းကြောင့် မင်းက သူ့ကို အစ်ကိုကြီးလို့ ခေါ်နေရတာလဲကွ”

“ဟုတ်တယ်..ကျွန်တော် သူ့ကို အစ်ကိုကြီးလို့ ခေါ်ရမယ်။ သူ့ရဲ့ ရာထူးအရှိန်အဝါကြောင့်နဲ့တင် သူငယ်ချင်းဖြစ်ခွင့်ရတာ ကံကောင်းနေပြီ” ၀မ်ထောင်က ကျယ်လောင်စွာ ပြန်လည်ချေပ၏။ “အဖေ တကယ်ပဲ သူ့ကို မသိဘူးလား။ သူ့မျက်နှာကို သေချာကြည့်ပါဦး။ အခုတလော ပြည်တွင်းမှာ ဘယ်ကုမ္ပဏီက နာမည်ကြီးနေတာလဲလို့လည်း စဉ်းစားလိုက်ဦး”

၀မ်ရွှယ့်ကန်းမှာ အံ့ဩမှင်သက်သွားရ၏။ သူ၏သားဖြစ်သူ ဤမျှ သူ့အပေါ် ဒေါသူပုန်ထနေခြင်းအား ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။ သူက မျက်မှောင်ကြီးကြုတ်၍ တခဏစဉ်းစားလိုက်ပြီးနောက် နှာမှုတ်လိုက်သည်။ “ပြည်တွင်းမှာ အခုတလော နာမည်ကြီးနေတဲ့ ကုမ္ပဏီတွေ အများကြီးပဲကွ။ မင်း ဘယ်တစ်ခုကို ပြောနေမှန်း ဘယ်လိုလုပ်သိမှာလဲ”

“အဖေသိလား။ သူက ခမ်းနားသော ထန်လုပ်ငန်းစုရဲ့ သူဌေးကြီး၊ ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံကြီးရဲ့ နတ်ဆေးသမားတော် ထန်ရှုဗျ” ၀မ်ထောင်က ကျယ်လောင်စွာ ပြောသည်။ “ကဲ အခု ပြောပါဦး အဖေ။ အစ်ကိုကြီးထန်လိုလူက ကျွန်တော့်ကို လိမ်စားဖို့အတွက် ဒီနေရာအထိ လာမှာလားလို့”

၀မ်ရွှယ့်ကန်းမှာ ကြက်သေသေသွားပြီး ချက်ချင်း သူ၏ဖုန်းကို ထုတ်၍ ‘ထန်ရှု’ အမည်ကို အင်တာနက်ပေါ်၌ ရှာကြည့်လိုက်ရာ ဓာတ်ပုံများစွာ ကျလာ၏။ ဖုန်းတွင်းမှ ပုံများနှင့် အပြင်ရှိ လူကို တိုက်ကြည့်ပြီးနောက် သူ၏မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။ သူ၏မျက်နှာပေါ်တွင် အံ့ဩမှု၊ မယုံကြည်နိုင်မှုများက ဖြတ်ပြေးနေ၏။

“ဒါ..ဒါက...”

၀မ်ရွှယ့်ကန်းမှာ စကားပြောချင်သော်လည်း အာစေးမိနေရှာသည်။ ထန်ရှု၏သရုပ်မှန်ကို မသိရှိခဲ့ပါက သူ၏ပြုမှုဆက်ဆံပုံ ပြောင်းလဲသွားမည်မဟုတ်ပေ။ သို့သော် သူ့အရှေ့ရှိ လူငယ်ကား အမှန်တကယ် ခမ်းနားသောထန်လုပ်ငန်းစုကြီး သူဌေးကြီးသာမက ကြယ်တာရာတရုတ်တိုင်းရင်း‌‌ဆေးရုံကြီး၏ နတ်ဆေးသမား‌တော် ဖြစ်နေချေသည်။ ထိုအသိက သူ့အား ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားစေသည်။

၀မ်ထောင်က အနည်းငယ် ဘ၀င်မြင့်နေသော မျက်နှာအမူအရာဖြင့် ဆို၏။ “အဖေ အမှန်အတိုင်းပြောရင် အစ်ကိုကြီးထန်က အစ်ကို၀မ်ရွီနဲ့တွေ့ဖို့ လာခဲ့တာ။ ဒါပေမယ့် အစ်ကိုက ချင်းချန်တာအိုဘုန်းကြီးကျောင်းမှာ အကျဉ်းကျနေတုန်းလေ။ ဒါကြောင့်မလို့ ကျွန်တော့်ရောဂါကို ကုပေးနေတဲ့အတောအတွင်း အစ်ကိုထန်က ဒီမှာ တည်းမလို့။ အစ်ကိုကြီးထန်နဲ့ အစ်ကိုရွီက သူငယ်ချင်းတွေတဲ့”

၀မ်ရွီရဲ့ သူငယ်ချင်းတဲ့လား

၀မ်ရွှယ့်ကန်းမှာ ထန်လုပ်ငန်းစုကြီးသူဌေးကြီးဖြစ်သူ ထန်ရှုလိုလူတစ်ယောက်က အညတရချင်းလင်မြို့ရှိ သူ့လူပေါ်ကြော့သား၏နေအိမ်ကို လာခဲ့ကြောင်း သဘောပေါက်သွားလေပြီ။

၀မ်ရွှယ့်ကန်းတစ်ယောက် ရှက်ကိုးရှက်ကန်းဖြစ်၍ အနေခက်‌နေခြင်းအား သူ့မျက်နှာပေါ်၌ အတိုင်းသား မြင်နေရသည်။ သူက တစ်ချက် ချောင်းဟန့်၍ ဟန်လုပ်ပြုံးလိုက်၏။ “သူ..သူဌေးထန်။ ကျုပ်ရဲ့ ဆန်ကုန်မြေလေးသားက ကာလသားရောဂါဖြစ်နေတယ်ဆိုလို့ ကျုပ် ရိုင်းပြသွားမိပါတယ်....ကျုပ်ရဲ့ မသိတတ်မှုကို သူဌေးထန်ကပဲ သဘောထားကြီးစွာနဲ့ ခွင့်လွှတ်ပေးပါ။ သူဌေးထန်ရဲ့ နာမည်ကို ကြားဖူးတာကြာပါပြီ။ တစ်ခါလောက်လည်း လာတွေ့ချင်ခဲ့တာ။ ဒါ‌ပေမဲ့ ကျုပ်က အညတရစီးပွားရေးသမားလေးဆိုတော့ တွေ့ခွင့်မရမှာ စိုးရိမ်ခဲ့လို့....”

ထန်ရှုက သူ့အား ‌အေးစက်စွာ စိုက်ကြည့်၍ ခပ်ပြတ်ပြတ် ပြောသည်။ “၀မ်ထောင်နဲ့ကျုပ်က စတွေ့တည်းက ငယ်သူငယ်ချင်းတွေလိုရင်းနှီးခဲ့ကြတယ်။ ကျုပ်က ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံကြီးရဲ့ နတ်ဆေးသမား‌တော်ဆိုတာကို သိသွားပြီး ၀မ်ထောင်ရဲ့အဖေဖြစ်နေ‌တာမလို့ ဒီကိစ္စကို ဗွေမယူတော့ဘူး။ ဆေးရုံကြီးတွေ သူ့ရောဂါကို မကုပေးနိုင်ပေမယ့် ကျုပ်ကတော့ ကုပေးနိုင်တယ်။ ခင်ဗျားရဲ့သား ရောဂါသက်သာလာမှာကို မနှောင့်နှေးစေချင်ရင်...ဒီဆေးညွှန်းထဲက ဆေးပင်တွေကို လူလွှတ်ပြီး ၀ယ်ခိုင်းလိုက်ပါ”

“ဟုတ်ကဲ့...ဟုတ်ကဲ့”

၀မ်ရွှယ့်ကန်းက သူ့နောက်မှ လိုက်လာခဲ့သော အမျိုးသမီးအား အလျင်အမြန် ခေါ်ကာ ဆေးညွှန်းနှစ်ရွက်ကို ပေး၍ အလောတကြီး ခိုင်းစေ၏။

ထန်ရှုက တိုင်းရင်းဆေးသမားတော်ဖြစ်ကြောင်း အမျိုးသမီးမှာ မယုံသင်္ကာဖြစ်နေသေးသည်။ သို့သော် ဤလူငယ်သည် သူမ၏သူ‌ဌေးပင်လျှင် ရန်မစရဲသည့် လူတစ်ယောက်ဖြစ်ကြောင်း ကောင်းကောင်းသိ၏။ သူမသည် အချိန်မဆွဲရဲဘဲ ဆေးညွှန်းနှစ်ရွက်ကိုယူကာ ခပ်သုတ်သုတ် ထွက်ခွာသွားတော့သည်။

ထို့နောက် ၀မ်ရွှယ့်ကန်းက ထန်ရှုကို လှည့်ကြည့်၍ ပြုံးကာ ပြော၏။ “သူဌေးထန်က တကယ်ကို လူကောင်းတစ်ယောက်ပါပဲ။ နမူနာယူသင့်တဲ့ မြင့်မြတ်တဲ့စိတ်ထားကို ပိုင်ဆိုင်ထားတာပဲ။ ကျုပ် သိချင်တာလေးတစ်ခုတော့ ရှိတယ်။ ဘာကြောင့်များ ကျုပ်ရဲ့တူနဲ့‌ တွေ့ချင်ရတာလဲ”

၀မ်ထောင်က အလျင်အမြန် အော်ပြောသည်။ “အဖေ”

ထန်ရှုက လက်ကိုမြှောက်၍ ၀မ်ထောင်၏စကားစကို ဖြတ်ကာ ပေါ့ပေါ့ပါးပါး ပြောသည်။ “ခင်ဗျားက ၀မ်မိသားစု၀င်လည်းဖြစ်တယ်၊ ၀မ်ထောင်ရဲ့အဖေလည်း ဟုတ်တယ်ဆိုတော့ ကျုပ် ဘာကိုမှ ကွယ်ဝှက်မနေတော့ပါဘူး။  တောင်တရုတ်ပင်လယ်တိုက်ပွဲတုန်းက ကျုပ်ရဲ့လူတစ်ယောက်ကို ၀မ်ရွီ ကယ်ပေးခဲ့ဖူးတယ်။ ဒါကြောင့်ပဲ ကျေးဇူးဆပ်ဖို့ ကျုပ်လာခဲ့တာ။ ပြီးတော့ ကျုပ်က ထန်လုပ်ငန်းစုရဲ့သူဌေး၊ နတ်ဆေးသမားတော်အပြင် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်တယ်။ တာအိုကျင့်ကြံသူဆိုတဲ့အဓိပ္ပာယ်ကို လူအတော်များများကတော့ သိမှာမဟုတ်ပေမယ့် ခင်ဗျားက ၀မ်မိသားစု၀င်ဆိုတော့ ရှင်းရှင်းလင်းလင်း သိလောက်မှာပါ”

“တာအိုကျင့်ကြံသူ...”

၀မ်ရွှယ့်ကန်း၏မျက်လုံးများမှာ ပန်းကန်ပြားတမျှ ပြူးကျယ်သွားပြီး သူသည် အံ့ဩလွန်းသဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ပင် ဆုတ်သွားမိ၏။

“၀မ်ရွီနဲ့ကျုပ်ရဲ့ ဆက်ဆံရေးကြောင့် ခင်ဗျားကို ဒီအကြောင်း ပြောပြတာပါ” ထန်ရှုက သာမန်ကာလျှံကာ ပြောသည်။ “ဒါပေမဲ့ ဒီအကြောင်းကို ခင်ဗျားတို့နှစ်ယောက်ကလွဲပြီး ဘယ်သူမှ သိမသွားဖို့ မျှော်လင့်ပါတယ်”

၀မ်ရွှယ့်ကန်းက ပြာပြာသလဲ လက်ခါပြ၍ ဖြေ၏။ “ဘယ်သူမှ မသိစေရပါဘူး။ ကျုပ်တို့ သုံးယောက်ပဲ သိမှာပါ။ ကျုပ်တို့ သားအဖ ဒီအကြောင်းကို ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး”

“ကောင်းပါပြီ။ ခင်ဗျား ၀မ်ထောင်ရဲ့ရောဂါကို စိတ်ပူစရာမလိုတော့ပါဘူး” ထန်ရှုက ခေါင်းညိတ်၍ ပြောသည်။ “သူ ၇ ရက်အတွင်း ဒေါင်ဒေါင်မြည် ကျန်းမာလာမယ်လို့ ကျုပ် အာမခံပါတယ်။ မကြာခင် ဆေးဖော်ပြီး သူ့ကို ဆေးတိုက်ရမှာဆိုတော့ ပြောစရာမရှိတော့ရင် ခင်ဗျား ထွက်သွားလို့ရပါပြီ”

သူ့အပေါ် လျစ်လျူရှုထားသော ထန်ရှု၏အပြုအမူကြောင့် ၀မ်ရွှယ့်ကန့်မှာ စောစောက သူ၏လုပ်ရပ်ကို နောင်တရသွားမိ၏။ သို့သော် ဤသို့တွေ့ရခဲသော ပုဂ္ဂိုလ်မျိုးနှင့် ရင်းနှီးနိုင်မည့်အခွင့်အရေးကို အဘယ်အတွက်ကြောင့် လက်လွှတ်ခံနိုင်မည်နည်း။ သူက မျက်နှာလိုမျက်နှာရ ပြုံး၍ ပြော၏။ “သူဌေးထန် ကျုပ် တကယ်တော့ ဒီကို လာခဲ့တာ အကြောင်းရှိပါတယ်။ ပထမအကြောင်းကတော့ ကျုပ်ရဲ့ ဆန်ကုန်မြေလေးသား အခြေအနေကို လာကြည့်တာပေါ့လေ။ ဒုတိယအကြောင်းကတော့ သူ့ကို ရွှေခွက်အင်ပါယာဗီလာဖွင့်ပွဲဆီ ခေါ်သွားမလို့။ သူဌေးထန် ကျုပ်တို့ ချင်းလင်မြို့ကို လာလည်တာ ကျုပ်တို့အတွက် ဂုဏ်ယူစရာပါပဲ။ ဒါကြောင့် ကျုပ်တို့ဗီလာဖွင့်ပွဲကို တက်ရောက်ပေးနိုင်မလား”

“ကျုပ် စိတ်မ၀င်စားဘူး” ထန်ရှုက ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်သည်။

သူ့တွင် ဗီလာဖွင့်ပွဲအား တက်ရောက်လိုသည့်ဆန္ဒ တစ်စိုးတစ်စိမျှ မရှိချေ။ မတက်ရောက်လိုသည့်အကြောင်းအရင်းများတွင် ၀မ်ရွှယ့်ကန်း ဖိတ်ခေါ်ထားသည့် ကျန်ရှင်းယာလည်း ပါဝင်၏။ သူ သူမနှင့် ချင်းလင်စီရင်စုတွင် တွေ့ဆုံလိုစိတ်မရှိချေ။

၀မ်ရွှယ့်ကန်းမှာ အနည်းငယ် ရှက်သွားသော်လည်း ပြုံး၍ သူ့သားအား မျက်လုံးဖြင့် အချက်ပြလိုက်သည်။ ၀မ်ထောင်သာ ထန်ရှုကို မဲဆွယ်ပေးနိုင်ပါက ကာလသားရောဂါရရှိခဲ့သည့်အတွက် ပေးမည့်အပြစ်ဒဏ်ကိုပင် ‌ချေဖျက်ပေး‌မည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။

၀မ်ထောင်မှာလည်း အလားတူစွာ တွေးနေချေသည်။ သူ့အဖေ မျက်လုံးတစ်ဖက်မှိတ်ပြသည့်အချိန်တွင် သူ၏အပြစ်ဒဏ်များအားသင်ပုန်းချေနိုင်မည့် အခွင့်အရေးရရှိသွားကြောင်း သဘောပေါက်လိုက်၏။ သူက ပြုံး၍ ရိုရိုကျိုးကျိုး ပြောလိုက်သည်။ “အစ်ကိုကြီးထန်...ကျွန်တော်တို့မိသားစုက ပျော်စရာပွဲကြီးတစ်ခု လုပ်တော့မှာဗျ။ ကျွန်တော် မျက်နှာပန်းလှအောင် တူတူလိုက်ခဲ့ပေးပါလား။ ကျွန်တော့်အဖေမှားမှန်း သိပေမယ့် သူ့အပေါ် သိပ်ပြီးလည်း စိတ်မဆိုးပါနဲ့ဗျာ”

ထန်ရှုက၏မျက်လုံးများက အံ့အားသင့်စွာ တောက်ပသွား၏။ သူက တခဏ တုံ့ဆိုင်းနေပြီးနောက် ဖြေလေသည်။ “အမှန်အတိုင်းပြောရင် ဗီလာဖွင့်ပွဲမတက်နိုင်တော့မယ့် အကြောင်းအရင်းကို အခုမှ သတိရတယ်။ ငါ ချင်းချန်တာအိုဘုန်းကြီးကျောင်းကို သွားပြီး ၀မ်ရွီကို ရှာရဦးမှာလေ။ ပထမဆုံး သူ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ အားဖြည့်ဆေးလုံးတွေ ပေးရမယ်။ ပြီးရင် သူဆီက အကူအညီတောင်းရမယ့် ကိစ္စတစ်ခု ရှိသေးတယ်”

“ဘယ်လိုကိစ္စမျိုးလဲ” ၀မ်ထောင်က စိတ်ရှုပ်ထွေးစွာ မေး၏။

“ကိစ္စကြီးတော့ မဟုတ်ပါဘူး” ထန်ရှုက အေးအေးလူလူ ပြောသည်။ “ငါ ကြားဖူးတာ ချင်းချန်တောင်မှာ အဖိုးတန်‌ဆေးပင်တွေမျိုးစုံ ရှိတယ်တဲ့။ ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က အခုလောလောဆယ်မှာ ကျန့်ကြာနေတယ်လေ။ ဒါကြောင့် အဖိုးတန် ဆေးပင်နှစ်မျိုး လိုအပ်နေတာ”

၀မ်ထောင်မှာ ပျော်ရွှင်၀မ်းမြောက်သွားပြီး တုံ့ဆိုင်းခြင်းမရှိ ပြော၏။ “အစ်ကိုကြီးထန် အဲ့ဆေးနှစ်မျိုး ချင်းချန်တောင်မှာ ရှိတယ်ဆိုရင် ကျွန်တော် အစ်ကို့ကို ကူရှာပေးမယ်။ အစ်ကိုလိုတဲ့ ဆေးပင်နှစ်မျိုးက ဘာတွေလဲ”

“မင်း တကယ်ပဲ ငါ့ကို ကူညီပေးမှာလား” ထန်ရှုက တုံ့ဆိုင်းနေဟန်ဆောင်၍ မေးလိုက်သည်။

“ဒါပေါ့ဗျ” ၀မ်ထောင်က ဂုဏ်ယူစွာ ပြော၏။ “ကျွန်တော့်အဖေက အရင်တုန်းက ဒီနေရာတစ်ဝိုက်ရဲ့ သမားတော်လေ။ မြို့ပေါ်က အံ့မခန်းပုဂ္ဂိုလ်တစ်ယောက်ရဲ့ ရောဂါကိုတောင် ကုပေးခဲ့သေးတယ်။ အဖေသင်ပေးလို့ ကျွန်တော် ဆေးပင်တွေ အတော်များများကို သိတယ်။ နှစ်တိုင်း တောင်ပေါ် လူလွှတ်ပြီးတော့‌ အဖိုးတန်ဆေးပင်တွေရှာခိုင်း ပြီးရင် အဲ့ဆေးပင်တွေကို ချင်းချန်တာအိုဘုန်းကြီးကျောင်းက ပစ္စည်းကောင်းတွေနဲ့ အလဲအလှယ်လုပ်နေကြဗျ”

***

All Chapters