ငါ ထန်ရှုကို ချစ်တယ်
Vol. 61 Ch. 843
၀မ်ထောင်သည် တရုတ်တိုင်းရင်းဆေးများအကြောင်း တီးမိခေါက်မိရှိလိမ့်မည်ဟု ထန်ရှုသဘောပေါက်ထားပြီးဖြစ်သည်။ ထိုသို့မဟုတ်လျှင် ပိုးနီပန်းအား ယွမ် ၁၂ သန်းပေး၍ ဝယ်မည်မဟုတ်ချေ။ လမ်းကြောင်းအသင့်ဖောက်ပြီးသွားသည်နှင့် ထန်ရှုသည် တမင်တကာ အံ့အားသင့်သွားသည့်ပုံစံဖမ်း၍ မေးလိုက်၏။ “ငါ ထောင်စုနှစ်ဂျင်ဆင်းရိုင်းနဲ့ ပိုးနီပန်းကို လိုနေတာ။ မင်းရှာပေးနိုင်တယ်ပေါ့ ၀မ်ထောင်”
၀မ်ထောင်သည် တစ်ချက် ကြောင်အသွားပြီးနောက် ရုတ်တရက် သူ့ခေါင်းသူ ရိုက်လိုက်၏။ ထို့နောက် သူက အားတင်း၍ ပြုံးပြလေသည်။ “အစ်ကိုသာ လ၀က်လောက် စောရောက်ခဲ့ရင် အဲ့ဒီဆေးပင်တွေကို အခုချက်ချင်း အစ်ကို့ရှေ့ ယူလာပေးလို့တယ် အစ်ကိုကြီးထန်ရဲ့။ ဒါပေမဲ့ အခုတော့....ကျွန်တော့်မှာ ထောင်စုနှစ်ဂျင်ဆင်ရိုင်းပဲ ရှိတော့တယ်။ ပိုးနီပန်းကို ကျွန်တော် ဦးလေးကို ပေးလိုက်ပြီ”
“ဘယ်လို” ထန်ရှုမှာ အလွန်အမင်း စိတ်ပျက်အားလျော့သွား၏။
သူသည် ၀မ်ထောင်ထံမှ ပိုးနီပန်းကို ရယူလိုသဖြင့် မိုင်ထောင်ပေါင်းများစွာ ခရီးနှင်ကာ ချင်းချန်တောင်သို့ လာရောက်ခဲ့ခြင်းဖြစ်ပေသည်။ သို့သော် ပိုးနီပန်းအား ချင်းချန်ဘုန်းကြီးကျောင်း၏လက်ထောက်ကျောင်းထိုင်ဖြစ်သူ ဦးလေးကို လွန်ခဲ့သောလ၀က်က ပေးခဲ့သည်ဟူသောစကားက သူ့အား ကူကယ်ရာမဲ့သွားစေသည်။
ရုတ်တရက် ၀မ်ထောင်၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူက အလျင်အမြန် ပြော၏။ “အစ်ကိုကြီးထန် ပိုးနီပန်းကို အရမ်းလိုအပ်နေတာဆိုရင် ကျွန်တော့်ဦးလေးကို ရှာဖို့ ချင်းချန်ဘုန်းကြီးကျောင်းဆီ ကျွန်တော် လိုက်ခဲ့ပေးမယ်။ ဒါပေမဲ့ သူလည်း အဲ့ဒီပန်းကို ဆေးဖော်ဖို့ လိုအပ်တာလို့ ကျွန်တော်ကြားခဲ့ဖူးတယ်။ လွန်ခဲ့တဲ့လ၀က်က သူ့မှာ အဖိုးတန်ဆေးပင်တွေအများကြီး ရှိသေးတာဆိုတော့ အခုအချိန်ထိ အဲ့ဒီပိုးနီပန်းကို မသုံးရလောက်သေးဘူး”
“အခုသွားရင်ရော” ထန်ရှု ချက်ချင်း မေးသည်။ “ငါ အချိန်ဆွဲမနေချင်ဘူး”
ထန်ရှ၏မနေနိုင်မထိုင်နိုင်ဖြစ်နေသောပုံကို ကြည့်ရင်း ၀မ်ထောင်မှာ စိတ်ထဲမှ ရယ်နေမိ၏။ သူ့၌ ထန်ရှုအား ချင်းချန်ဘုန်းကြီးကျောင်းထံ ခေါ်သွားလိုသည့် တစ်ကိုယ်ကောင်းဆန်သော အကြောင်းအရင်းသက်သက်ရှိပေသည်။ ထန်ရှု၏အပေါ် သူ၏စေတနာကို ပြသလိုသည်သာမက ပိုးနီပန်းကို ပို့သူမှာ သူဖြစ်ကြောင်း သူ့ဦးလေးအား သိစေလို၏။ ထန်ရှုကဲ့သို့ အံမခန်းကျင့်ကြံသူတစ်ယောက်သည် ထိုပန်းအား အပြင်းအထန် ရယူလိုနေသည့်အချက်အရ ယင်းသည် ပစ္စည်းကောင်းတစ်ခုဖြစ်ပေလိမ့်မည်။
“သဘက်ခါအထိ စောင့်လိုက်ပါလား အစ်ကိုကြီးထန်။ အစ်ကိုသိတဲ့အတိုင်း ကျွန်တော်က ဆေးသောက်ရဦးမှာလေ။ ပြီးတော့ ကျွန်တော်တို့ မိသားစုရဲ့ ရွှေခွက်အင်ပါယာဗီလာဖွင့်ပွဲလည်း သွားရဦးမှာ။ အစ်ကိုသာ စောင့်နိုင်မယ်ဆိုရင် ကျွန်တော်တို့ ဖွင့်ပွဲပြီးတာနဲ့ တောင်ပေါ် တန်းသွားကြမယ်”
ထန်ရှု စဉ်းစား၍ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ သူသည် ချန်းချန်ဘုန်းကြီးကျောင်း၏တည်နေရာကို မသိသည့်အတွက် နှစ်ရက်တာ အချိန်ပေး၍ ၀မ်ထောင်ကို စောင့်လိုက်ခြင်းက ပို၍ကောင်း၏။ သို့ထိတိုင် သူ့အား ဗီလာဖွင့်ပွဲသို့ တက်ရောက်ရန်မျှော်လင့်နေခြင်းအား ၀မ်ထောင်၏စကားများမှတဆင့် သူ သိပေသည်။
‘တကယ်ကို ခေါင်းကိုက်စရာပဲကွာ’
ထန်ရှုသည် ၀မ်ထောင်၏မျက်ဝန်းများအတွင်း၌ တောက်ပနေသော ပျော်ရွှင်ဂုဏ်ယူမှုအလင်းရောင်များအား မြင်နေရချေသည်။ သူက အားတင်း၍ ခပ်ဖျော့ဖျော့ ပြုံးကာ ဆို၏။ “ရွှေခွက်အင်ပါယာဗီလာဖွင့်ပွဲက ဘယ်နေရာမှာ ကျင်းပမှာလဲ။ ငါ သဘက်ခါကျ အချိန်မီလာခဲ့ပါ့မယ်”
ဆင်တူသည့် ပျော်ရွှင်မှုအရိပ်အယောင်များအား ဘေးတွင် ရပ်နေသော ၀မ်ရွှယ့်ကန်း၏မျက်လုံးများ၌လည်း မြင်ရနိုင်ပေသည်။ သူသည် စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို ပိုင်ဆိုင်ထားပြီး သူ၏အရေးပါမှုနှင့်ကြွယ်ဝမှုကြောင့် ချင်းလင်စီရင်စု၏မျက်နှာဖုံးအဖြစ် သတ်မှတ်ခံထားရ၏။ သို့သော် တရုတ်ပြည်ရှိ ကုမ္ပဏီကြီးများနှင့်ကား မိုးနှင့်မြေပမာ ကွာခြားပေသည်။ ခမ်းနားသောထန်လုပ်ငန်းစု၏သက်တမ်းသည် တစ်နှစ်ပင် မပြည့်သေးသော်လည်း ယင်းကုမ္ပဏီမှာ အင်မတန်ကြီးမားပြီး ဒုံးပျံတစ်စင်းပမာ အရှိန်အဟုန်ဖြင့် အင်အားကြီးလာနေကြောင်း သူ ကောင်းကောင်းသိ၏။
လွန်ခဲ့သည့် လအနည်းငယ်အတွင်း၌ ထန်လုပ်ငန်းစုသည် ရှန်ဟိုင်း၌ ဧရာမမြေကွက်ကြီးတစ်ကွက်ကို ၀ယ်ယူခဲ့ပြီး တစ်နိုင်ငံလုံးရှိ ဆောက်လုပ်ရေးလုပ်ငန်းများအားလုံးအတွက် တင်ဒါပွဲကျင်းပခဲ့သည်။ သူ၏ဆောက်လုပ်ရေးကုမ္ပဏီမှာ တင်ဒါပွဲသို့ တက်ရောက်ရန်အရည်အချင်းမပြည့်မီခဲ့ပေ။ ကောလဟာလများအရ ပြည်တွင်းရှိ ထိပ်တန်းဆောက်လုပ်ရေးကုမ္ပဏီ ၁၀ ခုသာ တက်ရောက်နိုင်ခဲ့ကြောင်း သိခဲ့ရလေသည်။
၀မ်ရွှယ့်ကန်းသည် သူ့ကိုယ်သူ ချမ်းသာလှပြီဟု မှတ်ယူထားသော်လည်း သူ့အရှေ့ရှိပုဂ္ဂိုလ်နှင့် ယှဉ်လိုက်ပါက ခြားနားမှုကား မှန်းဆ၍ပင် မရနိုင်ချေ။ ခမ်းနားသောထန်လုပ်ငန်းစုသည် ၀မ် ၁၀ ဘီလီယံအောက်မနည်းသည့် လုပ်ငန်းများစွာကို ပိုင်ဆိုင်ထားကြောင်း သိသော်လည်း ထန်ရှု၌အခြားလျှို့ဝှက်ပိုင်ဆိုင်မှုများ ရှိ၊မရှိ မသိရချေ။
သူသာ ထန်ရှုအား ဗီလာဖွင့်ပွဲသို့ တက်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါက ၎င်းသည် အိမ်ခြံမြေစီးပွားရေးလောကတွင်သာမက စီးပွားရေးလုပ်ငန်းအုပ်စုတစ်စုလုံးတွင် ပွက်လောရိုက်သွားစေပေလိမ့်မည်။ ယင်းက သူ့ကုမ္ပဏီနာမည်ကို ထိုးတက်သွားစေပြီး အနာဂတ်လုပ်ငန်းများ၌ အဆင်ပြေချောမွေ့စေလိမ့်မည်။
ဆန်းပေါင် ကြယ်ငါးပွင့်ဟိုတယ်။
သမ္မတအခန်း ၁၂၀၈ အတွင်း၌ လုံ့ကျန့်လင်းသည် ဆိုဖာပေါ်၌ သက်တောင့်သက်သာ အနားယူနေ၏။ ထန်ရှုအား ၀မ်ထောင် နှင်ထုတ်နေသည့် မြင်ကွင်းအား မြင်ယောင်ကြည့်သည့်အခါ သူ၏မျက်နှာပေါ်၌ ဖြစ်ပေါ်လာသည့်အပြုံးအား ထိန်းချုပ်၍ မရလိုက်ချေ။
“ဒင်း....ဒေါင်”
အခန်းဘဲလ် မြည်သွားသည့်အခါ သူသည် တံခါးအား ပျင်းရိပျင်းတွဲ လှမ်းကြည့်လိုက်၏။ သူက တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံနေသော ကျင်းရှီကို လှမ်းကြည့်ရင်း ခပ်ဖျော့ဖျော့ ပြောလေသည်။ “ကျေးဇူးပြုပြီး တံခါးသွားဖွင့်လိုက်ပါလား။ မင်းရဲ့သူဌေးပြန်လာပြီး တံခါးလော့ကျနေတာ တွေ့လို့ဖြစ်မယ်”
ကျင်းရှီက သူ၏စကားကို တုံ့ပြန်သည့်အနေဖြင့် အသက်မပါစွာ ပြုံးလိုက်ပြီး တံခါးထံ လျှောက်သွား၏။ အခြားလူတစ်ယောက်သာ သူ့အား ထိုသို့ခိုင်းစေပါက ထိုလူအား ရိုက်နှက်လိုက်မည်ဖြစ်သော်လည်း လုံ့ကျန့်လင်းကတော့ ခြွင်းချက်ပင်။ ဤလူသည် သူ၏သူဌေးနှင့် အင်မတန်ရင်းနှီးသော ဆက်ဆံရေးရှိသဖြင့် ထိုလူအား ရန်မစရဲချေ။
“ဟမ် မင်းပါလား” ကျင်းရှီ တံခါးဖွင့်လိုက်သောအခါ စိတ်လှုပ်ရှားနေသာ မျက်နှာအမူအရာနှင့် ကျန်းရှင်းယာကို တွေ့လိုက်ရသဖြင့် ရေရွတ်လိုက်မိ၏။
ကျန်းရှင်းယာသည် ကျင်းရှီအား မြင်ဖူးပေသည်။ ထို့ကြောင့် ထန်ရှု ချင်းလင်မြို့သို့ ရောက်နေခြင်းအား ချက်ချင်း အတည်ပြုနိုင်သွား၏။ သူမသည် ယခုအချိန်တွင် အင်မတန်စိတ်လှုပ်ရှားနေသဖြင့် အလျင်အမြန် မေးလိုက်၏။ “ထန်ရှုရှိလားဟင်။ ကျွန်မ သူနဲ့ တွေ့ချင်လို့”
“သူဌေး ဒီမှာ မရှိဘူး။ အလုပ်ကိစ္စကြောင့် အပြင်သွားတယ်” ကျင်းရှီက ဖြေသည်။
ကျန်းရှင်းယာက အသက်ပြင်းတစ်ချက် ရှုသွင်း၍ အခန်းတွင်းသို့ ၀င်လာ၏။ ဆိုဖာပေါ်တွင် ထိုင်နေသူမှာ လုံ့ကျန့်လင်းဖြစ်ကြောင်း တွေ့လိုက်ရသောအခါ သူမ၏မျက်၀န်းလေးများ၌ စိတ်ပျက်သောအရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။ ထို့နောက် သူမက ထပ်မံ မေး၏။ “သူ ဘယ်ကို သွားတာလဲ”
“သူဌေးရဲ့ နေရာအတိအကျကို မသိဘူး” ကျင်းရှီက ဖြေသည်။ “သူက အားဝူကို ခေါ်သွားပြီး ကျန်တဲ့လူတွေကို ဒီမှာ စောင့်နေခိုင်းခဲ့တာပဲ”
ကျန်းရှင်းယာမှာ တခဏ တိတ်ဆိတ်သွားပြီးနောက် ဖုန်းကိုထုတ်ကာ ထန်ရှု၏ဖုန်းနံပါတ်ကို နှိပ်လိုက်၏။ ဤတစ်ကြိမ်တွင် အကြိမ်အနည်းငယ်သာ မြည်ပြီးနောက် ထန်ရှုက ဖုန်းကိုင်လေသည်။
“ထန်ရှု နင်ဘယ်မှာလဲ”
“ချင်းချန်တောင် ချင်းလင်စီရင်စုမှာ”
ကျန်းရှင်းယာမှာ စိတ်ထဲမှ ခံစားလိုက်ရသည့် ပျော်ရွှင်မှုအား မထိန်းချုပ်နိုင်ပေ။ သူမသည် ထန်ရှုအား အကြိမ်များစွာ ဖုန်းခေါ်ခဲ့ဖူးသော်လည်း ထန်ရှုဘက်မှ အလိုမရှိမှုကို ခံစားမိလေသည်။ သို့သော် ယခုတွင်တော့ ထန်ရှုသည် သူအား မလိမ်ညာဘဲ သူရှိသည့်နေရာအား ချက်ချင်း ပြောပြခဲ့၏။
“ငါလည်း ချင်းလင်စီရင်စုမှာ။ ပြီးတော့ ဆန်းပေါင်ကြယ်ငါးပွင့်ဟိုတယ်ရဲ့ သမ္မတအခန်းမှာ တည်းနေတယ်။ နင်နဲ့ တစ်ထပ်တည်းပဲ။ နင့်ရဲ့လူတွေက နင်အပြင်မှာ အလုပ်ကိစ္စရှိတယ်ဆိုလို့ ငါ မနှောင့်ယှက်တော့ဘူး။ ဒါပေမဲ့ ငါ ဒီမှာ စောင့်နေမယ်နော်”
ထိုသို့ ပြောပြီးနောက် ထန်ရှု ငြင်းမည်စိုးသောကြောင့် သူမသည် အလျင်အမြန် ဖုန်းချလိုက်၏။
လုံ့ကျန့်လင်းက ဆိုဖာပေါ်မှ ထရပ်လိုက်ကာ ကျန်းရှင်းယာအား ထူးဆန်းသောအမူအရာဖြင့် ကြည့်လေသည်။ “ခင်ဗျားသိလား။ နာမည်ကြီးကျန်းရှင်းယာက ဟိုတယ်မှာ ယောက်ျားတစ်ယောက်ကို စောင့်နေတဲ့သတင်းသာ လူတွေသိသွားကြရင် အဲ့ဒီယောက်ျားကို မနာလိုမဖြစ်တဲ့သူ ရှိမှာမဟုတ်ဘူး။ ခင်ဗျား ကျွန်တော့်အစ်ကိုကြီးကို ကြိုက်နေတာမလား”
“အင်း။ ငါ ထန်ရှုကို ကြိုက်နေတာ” ကျန်းရှင်းယာက တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေလေသည်။
အဟွတ်..အဟွတ်။
လုံ့ကျန့်လင်းမှာ အံ့အားသင့်လွန်းသောကြောင့် တံတွေးပင် သီးသွားရှာ၏။ သူ့မှာ ငိုရခက်ရယ်ရခက်ဖြင့် ပြောလေသည်။ “စောစောကသာ ကြိုသိခဲ့ရင် မမေးပါဘူးကွာ။ မေးလည်း ဒီအဖြေ..မမေးလည်း ဒီအဖြေပဲ ဖြစ်မှာကို။ လခွမ်း အစ်ကိုကြီးရဲ့ စန်းပွင့်ချက်ကတော့ အံ့မခန်းပဲဟေ့”
“သူက မိန်းကလေးတွေနဲ့ ကံကောင်းတယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့...ငါ ဂရုမစိုက်ဘူး။ ဒါနဲ့...နင်က ဘယ်သူလဲ” ကျန်းရှင်းယာက မေးသည်။
“အယ် ထန်ရှုက ကျွန်တော့်အကြောင်း ပြောမပြဘူးလား” လုံ့ကျန့်လင်းက မျက်လုံးဝေ့၍ မကျေမနပ် ပြော၏။ “လုံ့ကျန့်လင်း လုံ့မိသားစုရဲ့ ဒုတိယသခင်လေးကိုလေ။ ချီးပဲ ငါက သူ့ရဲ့သစ္စာအရှိဆုံး ညီဟာကို”
ကျန်းရှင်းယာက ခပ်ဖွဖွ ပြုံး၍ ပြော၏။ “ငါ လုံ့ကျန်ယုနဲ့ တစ်ခါ တွေ့ဖူးတယ်။ ဒါဆို နင်က သူ့ရဲ့ညီလေးပေါ့။ ဒါကြောင့် နင့်ရဲ့ဟန်ပန်နဲ့ စိတ်နေသဘောထားက ဒီလိုဖြစ်နေတာကို။ နင့်ကိုကြိုက်တဲ့ မိန်းကလေးတွေလည်း ဝိုင်းဝိုင်းလည်နေမှာပေါ့”
ငါ့ဟန်ပန်တဲ့လား
လုံ့ကျန့်လင်း၏မျက်လုံးများ တောက်ပသွားပြီး သူက လက်ခုပ်တီးကာ ပြုံး၍ ပြော၏။ “မရီးက တကယ်ကို အမြင်ရှိတာပဲ။ မရီးပြောတာ မှန်တယ်။ ကျွန်တော်က ထန်ရှုလောက်တော့ မချောပေမယ့် ဘယ်လိုလဲ စိတ်ထားလေးက မဆိုးဘူးမလား။ ဒါနဲ့ ထိုင်ဦးလေ မရီး။ ရေသောက်မလား သစ်သီးစားမလား။ ကျွန်တော် ဟိုတယ်၀န်ထမ်းကို လက်ဖက်ရည်ကျိုပြီး ချက်ချင်း လာပို့ခိုင်းလိုက်မယ်....”
“ကျေးဇူးနော်” ကျန်းရှင်းယာက ကြိတ်ပြုံးလိုက်၏။ လုံ့ကျန့်လင်း ထန်ရှုနှင့်အတူ ချင်းလင်စီရင်စုသို့ ပါလာခဲ့ခြင်းက သူနှင့်ထန်ရှု၏ ရင်းနှီးသော ဆက်ဆံရေးကို ဖော်ပြနေပေသည်။ သူမသာ လုံ့ကျန့်လင်း အမြင်ကြည်အောင် ပေါင်းထားပါက ထန်ရှုသတင်းများအား သိရှိနိုင်မည်ဖြစ်ပြီး သူမ၏ကောင်းကြောင်းများပင် ပြောခိုင်း၍ရပေသည်။
သူမသည် ယခင်က မိမိကိုယ်ကို ယုံကြည်ချက်အပြည့်ရှိသူ ဖြစ်ခဲ့သော်လည်း ထန်ရှု၏ခပ်တန်းတန်း ပြောဆိုဆက်ဆံမှုကြောင့် ဤသို့လုပ်ရုံမှတစ်ပါး အခြားမရှိတော့ချေ။
ချင်းလင်စီရင်စု၊ ၀မ်ထောင်၏စံအိမ်တွင်။
ထန်ရှုသည် အေးဆေးတည်ငြိမ်စွာ ဆေးကြိုနေသဖြင့် မီးဖိုအတွင်း၌ ဆေးပင်ရနံ့များ မွေးကြိုင်နေချေသည်။ သို့သော် သူ၏စိတ်ကတော့ ဖြေရှင်းရမည့်အရာများအကြောင်း မရပ်မနား တွေးတောနေ၏။ ယခုတွင် သူသည် အလွန်ရှားပါးလှသော ပိုးနီပန်းအား အရေးတကြီး လိုအပ်နေပေသည်။ သို့ရာတွင် ပိုးနီပန်းကား ၀မ်ထောင်၏လက်ထဲမှတဆင့် ချန်းချန်ဘုန်းကြီးကျောင်း၏လက်ထောက်ကျောင်းထိုင်ဖြစ်သူ ၀မ်ရွီ့အဖေလက်ထဲသို့ ရောက်ရှိသွားလေပြီ။ သဘက်ခါ ချင်းချန်ဘုန်းကြီးကျောင်းသို့ သွားသောအခါ ပိုးနီပန်းကို ရနိုင်မည်လား သူသေချာမသိချေ။
‘အလဲအလှယ်လုပ်ဖို့ တစ်ခုခု ယူသွားသင့်လား’
‘ချင်းချန်ဘုန်းကြီးကျောင်းက ရှေးဟောင်းဂိုဏ်းတစ်ဂိုဏ်းဆိုတော့ အင်မော်တယ်ကျင့်စဉ်တွေနဲ့လည်း လဲလို့မဖြစ်ဘူး။ ချင်းချန်ဘုန်းကြီးကျောင်းက လူတစ်ယောက်ယောက်ကိုသာ အင်မော်တယ်ကျင့်စဉ်တွေ ပေးလိုက်ရင် သူတို့က အရင်းအမြစ်တွေကို အသည်းအသန် စုဆောင်းကြလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ငါ့အတွက်ရော ထာ၀ရခန်းမအတွက်ရော တိုးတက်ဖို့ နှောင့်နှေးသွားလိမ့်မယ်’
‘ဆေးလုံးတွေဆိုရင်ရော။ အဲ့ဒါဆို မဆိုးဘူး။ ဒါပေမယ့် ၀မ်ရွီ့အဖေက ငါသန့်စင်ထားတဲ့ ဆေးလုံးတွေကို ကြိုက်ပါ့မလား’
‘အသုံး၀င်နိုင်မယ့် တစ်ခုခု....’
မရေမတွက်နိုင်သော အတွေးများက ထန်ရှုစိတ်ထဲတွင် ပြေးလွှားနေကြလေရာ သူသည် ကျန်းရှင်းယာဖုန်းခေါ်ခဲ့သည်ကိုပင် မေ့ပျောက်သွား၏။
ည ၁၀ နာရီအချိန်တွင် ထန်ရှုသည် ၀မ်ထောင်အား ဆေးတိုက်ပြီးနောက် ဆူပွက်အောင် တည်ထားခဲ့သော ဆေးရည်အား လိင်အင်္ဂါ၏ပြည်တည်နာအပေါ်တွင် လိမ်းစေသည်။ ထို့နောက် သူက ရှင်းပြ၏။ “ဒီဆေးကို လ၀က်တိတိ နေ့တိုင်း သောက်လည်းသောက် လိမ်းလည်းလိမ်းပေး။ ပြီးရင် မင်းရဲ့ရောဂါ အမြစ်ပြတ် ပျောက်သွားလိမ့်မယ်။ ပြီးတော့ သဘက်ခါ ချင်းချန်ဘုန်းကြီးကျောင်းကို သွားတဲ့အချိန်ကျရင် ဆေးပင်တွေကို ယူလာခဲ့။ ငါတို့ရောက်တဲ့အခါ ဆေးကြိုပြီး သောက်လို့ရအောင်”
“စိတ်ချပါ” ၀မ်ထောင်က အလျင်အမြန် ဖြေသည်။
ထန်ရှုသည် ရုတ်တရက် တစ်စုံတစ်ခုကို မေး၏။ “ငါ ဆေးပင်တွေရဲ့ နာမည်ကို ရေးပေးရင် မင်း၀ယ်ပေးနိုင်လား။ ငါ လိုတဲ့ဆေးပင်တွေက အရည်အသွေးမြင့် ဆေးပင်တွေ။ မင်း ကြိုက်တဲ့ဈေးပြောလို့ရတယ်”
“ကျွန်တော်က တခြားနေရာမှာသာ အသုံးမကျရင်နေမယ်။ ဆေးပင်တွေ၀ယ်တာမှာတော့ တကယ့်ဆရာကြီးပဲ” ၀မ်ထေုာင်က ပြုံးဖြီးလျက် ပြောသည်။ “ချင်းချန်တောင်မှာ တခြားအရာတွေမရှိပေမယ့် ဆေးပင်တွေကတော့ ပေါတယ်။ ကျွန်တော်တို့ ချင်းချန်ဘုန်းကြီးကျောင်းက ပြန်လာရင် အစ်ကိုလိုချင်တဲ့ ဆေးပင်တွေ ဒီမှာ ရှိသရွေ့ ဘယ်လောက်များများ ၀ယ်ပေးမယ်”
“ဒါဆို မင်းဝယ်နိုင်ပေးနိုင်ရင် မင်းကို လက်ဆောင်ကြီးကြီး ပေးမယ်” ထန်ရှုက ပြုံး၍ ပြော၏။
“လက်ဆောင် ဘာကြီးလဲ” ၀မ်ထောင်၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူက စပ်စုတော့သည်။
ထန်ရှုက ၀မ်ထောင်၏ပခုံးကို ပုတ်ကာ ပြုံး၏။ “ငါ ပြောလိုက်ရင် ဘယ်လိုလုပ် အံ့အားသင့်စရာဖြစ်တော့မလဲကွ။ မလောပါနဲ့ ကိုယ့်လူရာ။ မင်းဆီကနေ တန်ဖိုးကြီးဆေးပင်တွေအများကြီး ရပြီးတာနဲ့ ကတိအတိုင်း လက်ဆောင်အကြီးကြီး ပေးမယ် စိတ်ချ”
***