ဝူချိန်
Vol. 29 Ch. 397
မန်ဟိုသည် ဝူဟိုက်ထံမှ ကျီးကင်းထောက်မျိုးနွယ်စု၏အကြောင်း အတော်များများ ကြားသိထားလေသည်။ မျိုးနွယ်စုအတွင်းတွင် ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာကြီးများပင် ယဥ်ယဥ်ကျေးကျေးဆက်ဆံရသော အဆင့် (၇) မိစ္ဆာသားရဲသခင်တစ်ဦးရှိ၏။ ထိုရာထူးမှာ အလွန်မြင့်မားပြီး ရိုသေလေးစားခံရလေသည်။
မကြာသေးမီက ကျီးစစ်သည်မျိုးနွယ်စုက ဘီလူးရိုင်းကြီးနှင့် အဆင့်(၇) မိစ္ဆာသားရဲသခင်တစ်ယောက်ကို စည်းရုံးနိုင်ခဲ့သည်ဆိုသော သတင်းကိုလည်း သူသိထားလေသည်။ ဤမိစ္ဆာသားရဲသခင်မှာ မျိုးနွယ်စုအတွင်း၌ အလေးပေးခံရသောရာထူးကို ချက်ချင်း သိမ်းပိုက်သွားလေရာ အခြားမျိုးနွယ်စုများအား လှုပ်လှုပ်ရွရွဖြစ်စေခဲ့သည်။
ဤသတင်းကြားကြားချင်း မန်ဟို့၏မျက်နှာပေါ်၌ ထူးဆန်းသောအမူအရာတစ်ခု ပေါ်လာပြီး ဤနေရာသို့ နေရာရွှေ့ပြောင်းခဲ့စဥ်အတောအတွင်း ပျောက်ဆုံးသွားခဲ့သော ဂုလာကို တွေးမိလိုက်သည်။
နောက်ဆုံးတွင် နှစ်ဝက်ကုန်ဆုံးသွားလေပြီ။ မန်ဟိုသည် ကျီးကင်းထောက်မျိုးနွယ်စုတွင် အေးအေးလူလူနေထိုင်ရင်း ဇီယွင်ဂိုဏ်းအား ပထမဆုံးဝင်ရောက်ခဲ့သည့်အချိန်ကို သတိရနေ၏။
ထိုစဥ်တုန်းကအတိုင်း ဘယ်သူမှ သူ့ကို မနှောင့်ယှက်သလို ထူးခြားဆန်းပြားသည့်အရာတစ်ခုမှလည်း မဖြစ်ပွားပေ။ သူ၏လျှို့ဝှက်ချက်များအား သူတစ်ယောက်တည်းသာသိရှိပြီး သူ၏အစီအစဥ်အတိုင်း ဆက်သွားနိုင်လေသည်။
ရုတ်တရက် မန်ဟိုက သစ်စိမ်းဝံပုလွေငါးကောင်ကို ငုံ့ကြည့်ရင်း ရယ်လိုက်သည်။ နှစ်ဝက်အတွင်း သူ၏အကြီးမားဆုံးအောင်မြင်မှုများထဲက တစ်ခုမှာ မိစ္ဆာချုပ်နှောင်သူဆိုသည့်အရာကို ပို၍နက်နက်နဲနဲ နားလည်လာခြင်းဖြစ်သည်။
ဤအသိအမြင်သည် သူ၏ထင်မြင်ချက်များ၊ ချုပ်နှောင်ခြင်းနှင့် သမာဓိအပ်နှင်းခြင်းပညာရပ် အသုံးပြုခဲ့ရသော အတွေ့အကြုံံနှစ်မျိုးလုံးမှာ လာ၏။
သူသာစိတ်ရှိလျှင် မျက်တစ်ခတ်အတွင်း မောင်မွှေးထူကို ချုပ်နှောင်နိုင်ကြောင်း သူသိလေသည်။ မောင်မွှေးထူ၏ကိုယ်ထဲရှိ ချီမှာ သူချုပ်နှောင်ချိတ်ပိတ်နိုင်သော နယ်ပယ်အတွင်းရှိ မိစ္ဆာချီဖြစ်နေ၍ပင်။
ထိုနည်းတူစွာပင် အခြားသစ်စိမ်းဝံပုလွေများကို မောင်မွှေးထူကဲ့သို့ ဖြစ်စေချင်လည်း ရသေးသည်။
သမာဓိအပ်နှင်းခြင်းပညာရပ်မှာမူ မန်ဟိုသည် နှစ်ဝက်အတွင်း ၄င်းကို အချိန်ပေးစဥ်းစားခဲ့၏။ ယခုတွင် ကမ္ဘာသစ်မိစ္ဆာအားလုံးအတွက် သမာဓိအပ်နှင်းခြင်းမှာ အသိအမှတ်ပြုခံရခြင်းနှင့် ကံကြမ္မာကောင်းတစ်မျိုးဖြစ်ကြောင်း သေချာလေသည်။
ခပ်ရှင်းရှင်းပြောရလျှက် ၄င်းတို့ကို ဘွဲ့ဂုဏ်ထူး အပ်နှင်းလိုက်သကဲ့သို့ပင်။
ကမ္ဘာသစ်မိစ္ဆာတစ်ကောင်သည် အဆင့်မြင့်လေလေ သမာဓိအပ်နှင်းခံဖို့ တောင့်တလေလေ ဖြစ်သည်။ သမာဓိအပ်နှင်းခြင်းအား မရူးသွပ်သောအကောင်မှာ မိစ္ဆာစစ်စစ်မဟုတ်ပေ။
မိစ္ဆာချုပ်နှောင်သူများအကြောင်း နားလည်ခဲ့သည့်အပြင် မန်ဟိုသည် သူ့ခြံကိုလည်း ကြာပန်းများဖြင့် ဖြည့်နိုင်ခဲ့၏။ မကြာမီ ၄င်းသည် သန့်စင်နှင်းမြို့တော်ကခြံနှင့် တစ်ပုံစံတည်းနီးပါး ဆင်တူသွားလေသည်။
အပြင်လူများက ဤအခြင်းအရာကို သိပ်အာရုံမရှိကြပေ။ များသောအားဖြင့် ကျင့်ကြံသူများသည် အခြားလူများ နှောင့်ယှက်ခြင်းမရှိသော လွတ်လပ်မှုအား ပိုင်ဆိုင်ထား၏။ မည်သို့ဆိုစေ ဘယ်သူမှ မန်ဟို့၏ ကြာပမာဏကို မသိကြပေ။
မှန်ပါသည်၊ ၄င်းတို့သည် ပဒုမ္မာဓားဝင်္ကပါနှင့်စပ်လျဥ်းပြီး နားလည်သဘောပေါက်ဖို့အတွက် အလွန်အရေးပါ၏။ မန်ဟိုမှာ ဓားဝင်္ကပါကို ရရှိခဲ့သည့်အချိန်မှစ၍ ယခုထက်ထိတိုင်အောင် ကြာပွင့်ပုံ၊ ညှိုးနွမ်းပုံတို့ကို စဥ်ဆက်မပြတ် လေ့လာနေခဲ့သည်။ ယခုတွင် ကြာများမှာ မန်ဟို့၏စိတ်ထဲ၌ အခိုင်အမာ ပေါက်ရောက်နေလေပြီ။
ယင်းကြောင့် သူကြုံတွေ့နေရသော ခံစားချက်မှာ ဖော်ပြရခက်သည်။ သူ မျက်လုံးများပိတ်လိုက်လျှင် သူ့ခေါင်းထဲ၌ ကြာများပွင့်နေသည့်အလားပင်။ သူသည် ဤအဆင့်သို့ရောက်ကတည်းက ဓားဝင်္ကပါအား မသုံးကြည့်ရသေးသော်လည်း ရလဒ်က ယခင်နှင့် အလွန်ကွဲပြားသွားမည်ကိုတော့ ယုံကြည်လေသည်။
အရုပ်များကိုတော့ သူ ဆက်လက်လေ့လာခြင်းမရှိပေ။ သို့သော် ၄င်းတို့နှင့်ပတ်သက်၍ လျှောက်တွေးနေသေးသည်။
လက်ရှိအချိန်တွင် အပြင်၌ မှောင်မည်းနေသည်။ မိုးချုပ်သည်လား၊ မိုးသားတိမ်တိုက်များကြောင့်လား ပြောရခက်သည်။ သို့သော် လေအတွင်း၌ မိုးနံ့ကိုတော့ သူအနံ့ရလိုက်၏။
"မိုးထပ်ရွာတော့မှာပဲ" သူက ခပ်တိုးတိုးရေရွတ်လိုက်သည်။ ယခုရက်ပိုင်း မိုးတော်တော်ရွာသည်။ တစ်ခါတလေ ရေအများကြီးပါ၍ မြေပေါ်တွင် အိုင်ထွန်းကာ ချောင်းငယ်များကို ဖန်တီးတတ်သည်။ တဝေါဝေါရွာကျနေသော မိုးသံမှာ ကောင်းကင်နှင့် မြေကြီးကို တိုက်ခိုက်နေသည့်အလားထင်ရ၏။
ရံဖန်ရံခါ မိုးပေါက်များက အားအင်ပြည့်ဖြင့် မြေပြင်အား ထိတွေ့ကာ အပေါ်ရှိ ကောင်းကင်သို့ ပြန်သွားချင်သကဲ့သို့ လေထဲ ပြန်ကန်ထွက်သွားကြသည်။ သို့ရာတွင် ၄င်းမှာ အငွေ့ဘဝသာ ရောက်သွား၏။
သို့သော် ထိုအငွေ့မှာ မိုးပေါက်များကဲ့သို့ ခေါင်းမာပုံရသည်။
မန်ဟိုသည် အပြင်ရှိ ရွာကျနေသောမိုးပေါက်များကို ကြည့်ပြီး မိုး၏မဆုတ်နစ်သော စိတ်ဆန္ဒကို မဆိုစလောက်လေး အာရုံရလိုက်သည်။ အငွေ့အဖြစ် ပြောင်းခံရသည့်တိုင် ၄င်းမှာ ကောင်းကင်သို့ ပြန်၍ပျံသန်းသွားချင်နေလေသည်။
"ကမ္ဘာမြေမှာ ဘဝချုပ်ငြိမ်းရပေမယ့် ကောင်းကင်မှာ ပြန်ဝင်စားမယ့်ဘဝကို တောင့်တတယ်....." မန်ဟိုသည် ကောင်းကင်ကို ပိတ်ဖုံးကာဆီးထားသည့် အနက်ရောင်တိမ်တိုက်များကို မော့ကြည့်လိုက်သည်။ အချိန်အကြာကြီး ကြည့်နေပြီးနောက်မှ သူက မျက်လုံးပိတ်လိုက်သည်။
"အဲဒါက မိစ္ဆာချုပ်နှောင်သူတစ်ယောက်ရဲ့ လမ်းကြောင်းလည်း ဖြစ်လောက်တယ်" သူက ရေရွတ်လိုက်သည်။ လက်ရှိကျင့်ကြံခြင်းအခြေခံအဆင့်ကို ရောက်ရှိပြီးနောက်တွင် မန်ဟိုသည် ကောင်းကင်နှင့်မြေကြီးအတွင်းတည်ရှိသော အမှန်တရားတချို့ကို အာရုံခံနိုင်သွားလေပြီ။ ဉာဏ်အလင်းအနည်းငယ်စီတိုင်းက သူ၏စိတ်ဝိညာဥ်တိုးတက်မှုကို ကိုယ်စားပြုသည်။ ၄င်းသည် နောက်ပိုင်း စိတ်ဝိညာဥ်ခွဲထုတ်ရာတွင် အသုံးပြုရမည့် အသိအမြင်ဖြစ်လာလိမ့်မညိ။
"ဒါပေမဲ့.... ဘယ်ဟာက ပိုကောင်းလဲ။ ကောင်းကင်အောက်က မိစ္ဆာတွေအားလုံးကို ချုပ်နှောင်တာလား။ ဒါမှမဟုတ် သမာဓိအပ်နှင်းခြင်းနဲ့ အသိအမှတ်ပြုပေးတာကလား" မန်ဟိုမှာ ထိုင်ရင်း အတွေးထဲ နစ်မြောနေသည်။ သူ၏ သစ်စိမ်းဝံပုလွေငါးကောင်မှာ သူ့အနားတွင် လဲလျောင်းနေကြရင်း သူ မိုးအား ကြည့်ရှုနေသည်ကို တိတ်ဆိတ်စွာ အဖော်ပြုပေးနေကြသည်။
နောက်တစ်နေ့မနက် မိုးသောက်ချိန်ရောက်မှ မိုးစဲ သွားသည်။ မနက်အစောကြီးဖြစ်၍ ကမ္ဘာသစ်မိစ္ဆာစီရင်စုမှာ တိတ်ဆိတ်နေလေသည်။ ကမ္ဘာသစ်မိစ္ဆာများ ဟိန်းဟောက်သံများလည်းမရှိဘဲ အရာအားလုံး အေးချမ်းလျက်ရှိသည်။
ဤအခိုက်အတန့်တွင် ခြေသံများက တိတ်ဆိတ်မှုကို ဖြိုခွဲ၍ ထွက်ပေါ်လာသည်။ ဗွက်အိုင်များအား နင်းလိုက်သဖြင့် တဗွမ်းဗွမ်းမြည်သံများ ကြားလိုက်ရပြီး မရင်းနှီးသောအနံ့တစ်ခုက တိတ်ဆိတ်အေးချမ်းမှုကို အဆုံးသတ်သွားစေသည်။
၄င်းမှာ အသက်နှစ်ဆယ်စွန်းစွန်း လူငယ်လေးတစ်ဦးဖြစ်၏။ သူသည် မျိုးနွယ်စု၏ လက်ရွေးစင်အဖွဲ့ဝင်များသာ ဝတ်ဆင်နိုင်သော ဖဲသားဖြင့် အနားကွပ်ထားသည့် အစိမ်းရောင်သားရေဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ ၄င်းသည် မိုးသောက်နေ၏ လင်းရောင်ခြည်အောက်ဝယ် တလက်လက်တောက်ပနေသည့်အတွက် လူငယ်ကို ကျင့်ကြံခြင်းအခြေခံအဆင့်နိမ့်သော်လည်း အတော်လေး တမူထူးခြားနေစေသည်။
လောလောဆယ်တွင် သူ့မှာ ပတ်ဝန်းကျင်ရှိ အော်ကလီဆန်ဖွယ် အနံ့အသက်များကို သည်းခံနေရဖြင့် မျက်မှောင်ကြုတ်နေလေသည်။ သူက လက်တစ်ဖက်ဖြင့် ထီးဆောင်းထားရင်း အဝေးရှိ စီရင်စုတစ်စုထံ ခပ်သုတ်သုတ်လာနေ၏။
"ဝူအာလီ ဒီတစ်ခေါက်တော့ လွန်သွားပြီ။ ငါ့အဖေအသက်ရှိတုန်းကဆိုရင် သူ့သွေးဆက်က လူတိုင်း ငါ့မြင်တာနဲ့ ယဥ်ယဥ်ကျေးကျေး ရိုရိုသေသေ ဆက်ဆံကြရတယ်။ ဒါပေမဲ့ အခုတော့...." လူငယ်က စိတ်တိုတိုနှင့် အံကြိတ်လိုက်သည်။
ဤလူမှာ ကျီးကင်းထောက်မျိုးနွယ်စု၏ မြင့်မြတ်သော သွေးဆက်သုံးဆက်ထဲက တစ်ဆက်၏အဖွဲ့ဝင် ဝူချိန်ဖြစ်၏။ မြင့်မြတ်သော သွေးဆက်သုံးဆက်ဆိုသည်မှာ ခေါင်းကိုင်ဖခင်များ ဆင်းသက်ရာ မျိုးဆက်များ ဖြစ်သည်။ ကြိုမသိနိုင်သော အခြေအနေများကို တားဆီးဖို့အတွက် ထိုမျိုးဆက်ဝင်များထဲမှ ခေါင်းကိုင်ဖခင်အလောင်းအလျာများကို ရွေးချယ်ရလေသည်။
မှန်ပါသည်၊ ဝူချိန်သည် ယင်းကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ သူ့ဖခင်၏နာမည်မှာ လွန်ခဲ့သောနှစ်များက ကျီးနတ်မင်းမျိုးနွယ်စုငါးစုကို တုန်လှုပ်ချောက်ချားစေခဲ့သည်။ ကံဆိုးစွာနှင့် ပြီးခဲ့သည့်နှစ်အနည်းငယ်က သူသည် မျိုးနွယ်စု၏အပြင်ရောက်နေတုန်း သေဆုံးသွားခဲ့ပြီး နောက်ဆက်တွဲအရေးကိစ္စများမှာ ယခုထက်ထိ မတည်ငြိမ်သေးပေ။ ရလဒ်အနေဖြင့် သူ၏သွေးဆက်မှာ အင်အားအကြီးဆုံးနေရာကို ဆုံးရှုံးသွားခဲ့၏။ ဝူချိန်၏သြဇာတိက္ကမတို့မှာလည်း ယခုတွင် တံလျှပ်ထက်မပိုတော့ပေ။ သူ ရင်ဆိုင်နေရသော အခက်အခဲများအား ဖုံးကွယ်ရန်မဖြစ်နိုင်ချေ။
ကျင့်ကြံခြင်းလောက၏ တောတွင်းဥပဒေကြောင့် အစွမ်းထက်ပညာရှင်မရှိသော မည်သည့်သွေးဆက်မဆို မည်မျှသြဇာရှိရှိ ပစ်မှတ်တစ်ခု ဖြစ်လာလိမ့်မည်။ ဤအချက်က ကျီးကင်းထောက်မျိုးနွယ်စုတွင်ပင် အမှန်တရားဖြစ်၏။
ဖခင်သေဆုံးသွားကတည်းက ဝူချိန်၏အဆင့်အတန်းမှာ အောက်သို့ ထိုးကျသွားခဲ့သည်။ သူ၏မာနအရ လက်မခံနိုင်သော်လည်း ဘာမှမတတ်နိုင်ပေ။ သူ့မှာ ပြိုင်ဘက်များ၏ လှောင်ပြောင်ခနဲ့မှုများနှင့် မျိုးနွယ်ဝင်များ၏ ပိုပိုဆိုးရွားလာသော ရိုင်းပျမှုများကို မတတ်သာ၍ သည်းခံနေရလေသည်။ သူ့မှာ သူ့အစ်မဖြစ်စေချင်သည့်အတိုင်း ခေါင်းငုံ့လိုက်လျောရုံမှတစ်ပါး တခြားဘာမှမလုပ်နိုင်ပေ။
သို့ရာတွင် ထိုကဲ့အခြေအနေမျိုးမှာတင် စိတ်လျှော့မနေနိုင်ပေ။ သူ့အတွေးထဲတွင် သူ့အစ်မ၏ရွေးချယ်မှုက မှားလေသည်။ သူ့မှာ ယခုလေးတင် ကျင့်ကြံခြင်းအခြေခံအဆင့်တက်ခဲ့၍ စဦးချီဖွဲ့စည်းမှုအဆင့်(၈) သို့ ရောက်ရှိနေလေပြီ။ သူအနေဖြင့် အဆင့်(၃) ကမ္ဘာသစ်မိစ္ဆာတစ်ကောင် ပိုင်ဆိုင်ရန်အတွက် မည်သို့အဖိုးအခကိုမဆို ပေးဆပ်ရန် ဆန္ဒရှိနေပြီး အခြားမျိုးနွယ်စုများမှ ဝိညာဥ်သလင်းကျောက်များပင် တိတ်တဆိတ်ချေးယူခဲ့လေသည်။
"အဆင့် (၃) ကမ္ဘာသစ်မိစ္ဆာနဲ့ဆိုရင် မျိုးနွယ်စုထဲက ငါနဲ့မျိုးဆက်တူတဲ့တွေအားလုံး ငါ့ကိုအာရုံမစိုက်ဘဲ နေနိုင်မှာ မဟုတ်တော့ဘူး။ ကျန်တဲ့သူတွေအားလုံးမှာ အဆင့် (၃) ကမ္ဘာသစ်မိစ္ဆာတွေရှိနေကြပြီဆိုတော့ ငါနောက်ကျနေလို့မဖြစ်ဘူး" သူသည် အံတင်းတင်းကြိတ်ပြီး နှလုံးသားထဲ၌ စူးအောင့်နေသောဝေဒနါအား လျစ်လျူရှုလိုက်သည်။ အကြွေးများအကြောင်းစဥ်းစားမနေတော့ဘဲ သူကား ရှေ့ဆက်လျှောက်သွား၏။
သူ၏အစီအစဥ်မှာ အဆင့် (၃) မိစ္ဆာသားရဲသခင်ရွှေမုကို ရှာရန်ပင်။ ယင်းက စျေးပေါပေါ အဆင့် (၃) ကမ္ဘာသစ်မိစ္ဆာတစ်ကောင်ရရှိနိုင်သည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။
ကျီးကင်းထောက်မျိုးနွယ်ဝင်များသည် သတ်မှတ်ထားသော ကျင့်ကြံခြင်းအခြေခံအဆင့်တစ်ခုသို့ ရောက်ရှိပြီး မျိုးနွယ်စုအား ငွေပေးချေပါက အဆင့် (၁) ကမ္ဘာသစ်မိစ္ဆာတစ်ကောင် ရရှိပေမည်။ ကျင့်ကြံခြင်းအခြေံအဆင့် မြင့်ပြီး ငွေများများသုံးနိုင်လေလေ အကျိုးခံစားခွင့်များလေလေဖြစ်သည်။
မြင့်မြတ်သော သွေးဆက်သုံးဆက်၏ အဖွဲ့ဝင်များဆိုလျှင် ပို၍ပင်အရေးပေးခံရ၏။ သူတို့အနေဖြင့် အဆင့် (၁) ကမ္ဘာသစ်မိစ္ဆာတစ်ကောင်အား အဖိုးအခပေးစရာမလိုဘဲ ရယူနိုင်သည်။ ထိုမျှသာမက ကျင့်ကြံခြင်းအခြေံအဆင့်မြင့်လေလေ၊ ပို၍ကောင်းမွန်သော ကမ္ဘာသစ်မိစ္ဆာများအား အလကားရယူနိုင်လေလေဖြစ်သည်။
အဓိကသော့ချက်က အစွမ်းထက်ဖို့ရန်ပင်။ ၄င်းကလွဲပြီး အခြားမည်သည့်ကန့်သတ်ချက်မှမရှိပေ။ သို့သော် အလွန်စျေးကြီးသော ကမ္ဘာသစ်မိစ္ဆာကို လိုချင်လျှင်တော့ တစ်ခုခုတော့ လုပ်ဆောင်ပေးရပေမည်။
ဝူချိန်အတွက်မူ အဆင့် (၂) ကမ္ဘာသစ်မိစ္ဆာအား အလကားရယူနိုင်သည်။ အဆင့်(၃) အားလိုချင်လျှင်တော့ ဝိညာဥ်သလင်းကျောက်တချို့ ပေးချေရမည်ဖြစ်သည်။
မန်ဟိုအပါအဝင် ကမ္ဘာသစ်မိစ္ဆာထိန်းအားလုံးမှာ ကျီးကင်းထောက်မျိုးနွယ်စု၏ တစ်စိတ်တစ်ပိုင်းဖြစ်၏။ သူတို့၏အလုပ်မှာ ကမ္ဘာသစ်မိစ္ဆာများအား မွေးမြူထိန်းကျောင်းပေးရန် ဖြစ်သည်။ သို့ရာတွင် ၄င်းတို့က သူတို့အပိုင်မဟုတ်ပေ။
အခြေခံသဘောတရားအရ မည်သူမဆို အမိန့်ပြားဖြင့် လာရောက်၍ ကမ္ဘာသစ်မိစ္ဆာများကို ယူဆောင်သွားနိုင်သည်။ သို့ရာတွင် ၄င်းမှာ အခြေခံသဘောတရားသာ ဖြစ်၏။ လက်တွေ့တွင် ထိုသို့မဖြစ်အောင် ဟန့်တားနေသော တရားမဝင်စည်းမျဥ်းတစ်ခုရှိသည်။ ကမ္ဘာသစ်မိစ္ဆာထိန်းများမှာ ကမ္ဘာသစ်မိစ္ဆာတစ်ကောင်အား မည်သည့်အဆင့်အထိ အမြင့်ဆုံးထိန်းကျောင်းနိုင်လဲအပေါ်မူတည်၍ အဆင့်သတ်မှတ်ခံထားရသော အဆင့်နိမ့်မိစ္ဆာသားရဲသခင်များ ဖြစ်လေသည်။
ထိုအချက်နှင့် မိစ္ဆာသားရဲသခင်များအပေါ် လေးစားမှုကြောင့် အနောက်ပိုင်းသဲကန္တာရရှိ မျိုးနွယ်စုအားလုံးသည် စည်းကမ်းတစ်ချက်အား လိုက်နာကြရ၏။ စည်းကမ်းချက်မှာ မိစ္ဆာသားရဲသခင်များ၌ သူတို့မွေးမြူထားသော ကမ္ဘာသစ်မိစ္ဆာများကို အခြားသူအား ပေးရန်၊ မပေးရန် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟူ၍ ဖြစ်သည်။
ထိုမျှသာမက မိစ္ဆာသားရဲသခင်များတွင် သူတို့မွေးမြူထားသော မည်သည့်ကမ္ဘာသစ်မိစ္ဆာကိုမဆို ဝယ်ယူပိုင်ခွင့်ရှိလေသည်။
တင်းမာနေသောမျက်နှာထားနှင့် ဝူချိန်သည် သူ၏ဦးတည်ရာဖြစ်သော စီရင်စုဆီသို့ ခပ်သုတ်သုတ်သွားနေ၏။ မနက်စောစောလေထုထဲတွင် ပျံ့လွင့်နေသောအနံ့များက သူ့ကို မအီမသာဖြစ်နေစေလေသည်။ သူ၏ခြေသံများက တိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုက်သည့်အတွက် ခြံပေါင်းစုံမှ ကမ္ဘာသစ်မိစ္ဆာများ၏ဟိန်းဟောက်သံများ စတင်ထွက်ပေါ်လာသည်။
ဤအခြင်းအရာက ဝူချိန်ကို စိတ်အနှောင့်အယှက်ဖြစ်သွားစေ၏။ သူသည် အဆင့် (၁) နှင့် အဆင့် (၂) ကမ္ဘာသစ်မိစ္ဆာအများစုရှိသည့် နေရာကို အလျင်အမြန် ဖြတ်၍ အဆင့် (၃) ကမ္ဘာသစ်မိစ္ဆာများအား တွေ့နိုင်သောနေရာကို ဝင်ရောက်သွားသည်။ ဤအခိုက်အတန့်တွင် သူက မန်ဟို့ခြံပေါက်ဝမှ ဖြတ်လျှောက်သွားသည်။
သူဆက်လျှောက်သွားတော့မည့်အချိန်မှာပင် မန်ဟို့၏ သစ်စိမ်းဝံပုလွေများက အခြားကမ္ဘာသစ်မိစ္ဆာများနည်းတူ ဟိန်းဟောက်လိုက်ကြသည်။
အသံမှာ မထူးခြားသယောင်ထင်ရသော်လည်း ဝူချိန် ၄င်းအား ကြားလိုက်သည်နှင့်တစ်ပြိုင်နက် စိတ်နှလုံးတုန်ရီသွားပြီး သူ၏မျက်နှာထားက အံ့သြသွားသောပုံစံပြောင်းသွားသည်။ သစ်စိမ်းဝံပုလွေများ၏ ဟိန်းဟောက်သံမှာ သိပ်မစူးလှသော်လည်း သူ့မှာ အသံနှင့် အလွန်နီးကပ်နေသဖြင့် ခေါင်းချာချာလည် မူးသွားရလေသည်။ ကြီးမားသောဖိအားကြီးက သူ့ကို ဖိနှိပ်နေသကဲ့သို့ သူ့တစ်ကိုယ်လုံးတုန်ရီသွား၏။
သူ့မှာ ပါးစပ်အဟောင်းသားနှင့် မန်ဟို့ခြံကို လှည့်ကြည့်လိုက်မိသည်။ သူသည် ယထင်က အဆင့် (၂) ကမ္ဘာသစ်မိစ္ဆာများ၏ဟိန်းဟောက်သံများအား ကြားခဲ့ဖူးသော်လည်း မည်သည့်အသံကမှ သူ့ကို ဤကဲ့သို့မတုန်လှုပ်စေခဲ့ပေ။ သူသည် တုံဆိုင်းမနေဘဲ တံခါးကို တွန်းဖွင့်ပြီး အထဲလှမ်းကြည့်လိုက်၏။ အထဲတွင် တင်ပျဥ်ခွေထိုင်လျက် ညကောင်းကင်ယံကဲ့သို့ ကြည်လင်နေသော မျက်လုံးများဖြင့် သူ့ကို ခေါင်းလှည့်ကြည့်နေသော စာပေသမားပုံစံနှင့် ရည်ရည်မွန်မွန် လူငယ်တစ်ဦးကို မြင်လိုက်ရသည်။
ထိုလူငယ်၏ပတ်ပတ်လည်တွင် သူ့ကို ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသော သစ်စိမ်းဝံပုလွေငါးကောင်ရှိသည်။ တစ်ကောင်က အတော်လေး ပိန်လေသည်။ ထိုတစ်ကောင် လှမ်းကြည့်လိုက်သောအခါ ဝူချိန်၏ခန္ဓာကိုယ်မှာ ထိန်းမရအောင် တုန်ခါလာပြီး သူ့မျက်နှာပေါ်၌ အံ့သြတုန်လှုပ်ခြင်းတို့ ပြည့်နှက်သွားသည်။ အလွန်ကြီးမားသော ဖိအားကြီးက သူ့အပေါ်သက်ရောက်နေ၍ သူ့မှာအသက်ရှူသံများ မြန်လာတော့သည်။ သူ၏နှလုံးသားမှာ သေတော့မတတ် ခုန်လာချေသည်။
ဝူချိန်သည် ခြံထဲရှိ သစ်စိမ်းဝံပုလွေများမှထုတ်လွှတ်နေသာ ဖိအားကို မခံနိုင်သလောက်ပင်။ သူ့မှာ ပေါက်ကွဲတော့မည့်အလား ခံစားနေရ၏။
"ဘာများကူညီပေးရမလဲ တာအိုရောင်ရင်း" မန်ဟိုက အေးစက်စက်မေးလိုက်သည်။
သူ့အသံထွက်လာသည်နှင့် ဖိအားက ပျောက်ကွယ်သွားလေသည်။ ဝူချိန်မှာ နုံးခွေသွားပြီး လဲကျတော့မတတ် ဖြစ်သွား၏။ သူ့မျက်နှာမှာ ဖြူဖျော့နေသော်လည်း သူက မေးကိုမော့လိုက်ပြီး မောက်မာသော အရိပ်အယောင်တစ်ခုက သူ၏မျက်နှာကို ဖုံးလွှမ်းသွားသည်။
"ကျုပ်က ဝူချိန်၊ မြင့်မြတ်သော သွေးဆက်သုံးဆက်ရဲ့အဖွဲ့ဝင်။ အဲ့ဒီက ခင်ဗျားရဲ့ အဆင့် (၂) သစ်စိမ်းဝံပုလွေက အခု ကျုပ်အပိုင် ဖြစ်သွားပြီ " သူ့မှာ တကယ်တမ်း အတိုင်းထက်အလွန် စိတ်လှုပ်ရှားရင်တုန်နေ၏။ သူသည် အဆင့် (၃) ကမ္ဘာသစ်မိစ္ဆာဝယ်ရန် အတွေးများကို စွန့်လွှတ်လိုက်ပြီဖြစ်သည်။ ဤသစ်စိမ်းဝံပုလွေများမှာ တမူထူးခြားကြောင်း မြင်နေရသည့်အတွက် သူ့မှာ ထခုန်မတတ် ပျော်နေတော့သည်။ သူ၏အာရုံအရ ၄င်းတို့မှာ အဆင့်(၃) နှင့်မယှဥ်နိုင်သော်လည်း သေချာပေါက် အဆင့် (၂)၏ ထိပ်ဆုံးအရည်အသွေးများ ဖြစ်လေသည်။
သူက မောင်မွှေးထူကို လက်ညှိုးထိုးရန် ပြင်လိုက်သော်လည်း အတန်ငယ်တွေဝေသွားပြီးနောက် ပိုထွားသော သစ်စိမ်းဝံပုလွေတစ်ကောင်ကို လက်ညှိုးထိုးလိုက်သည်။
***