← Chapters

အချစ်ကံခေမှု

Vol. 61 Ch. 844

အချစ်ကံခေမှု

Vol. 61 Ch. 844

ချင်းလင်မြို့တွင် လရောင်ကား မှိန်ပျပျ၊ မှုန်ဝါးဝါးတောက်ပနေပြီး လေပြေတစ်ချက်က နွေဦးပန်းပွင့်များ၏မွှေးရနံ့ကို ‌သယ်ဆောင်ကာ တိုက်ခတ်သွားလေသည်။ စာကလေးငှက်များက လမ်းမပေါ်တွင် ဖြည်းညင်းစွာ မောင်းနှင်နေသည့် SUV နှင့် ပြိုင်လိုသည့်အလား အဆောက်အဦများအတွင်းမှ ပျံထွက်လာကြ၏။

“၀မ်‌ထောင်ကို ဘယ်လိုမြင်လဲ အားဝူ” ထန်ရှုက ‌ကားနောက်ခန်းတွင် ထိုင်၍ ဆေးလိပ်သောက်ရင်း ‌မေးလိုက်၏။ သူ၏ချောမောသော မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ‌ဖြစ်တည်နေပြီး သူက အပြင်ရှုခင်းများအား ငေး‌‌မောနေသည်။

“သူက စကားပြောကောင်းတယ်။ ပါးနပ်ပြီး လူရည်လယ်ပါတယ်” မိုအားဝူက ကားမောင်းရင်း ဖြေ၏။ “ကျွန်တော်တို့နဲ့တွေ့တုန်းက သူ့ရဲ့အကျင့်စရိုက်ကို ကွယ်ဝှက်ထားဖို့ ကြိုးစားပေမယ့် သူ့ရဲ့ဒုတိယမျိုးဆက်သူဌေးသားအကျင့်စရိုက်က ပြောဟန်ဆိုဟန်တွေမှာ သိသာလွန်းတယ်။ ဘ၀အခက်အခဲတွေ မကြုံတွေ့ရသေးသရွေ့ သူ့ရဲ့ အောင်မြင်မှုတွေက အကန့်အသတ်ရှိနေမှာပဲ”

“အဲ့ဒါက သူဌေးသားတွေတိုင်းရဲ့ တကယ့်ပြဿနာတစ်ခုပဲ” ထန်ရှုက ခေါင်းညိတ်၍ ပြောသည်။ “ထူးခြားတဲ့အကျင့်စရိုက်ရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ ဘဝင်မြင့်ပြီး ဗိုလ်ကျလွန်းရင်တော့ ကိုယ့်စိတ်ကိုယ် ထိန်းနိုင်အောင် ဒုက္ခနည်းနည်းတော့ ခံပေးရလိမ့်မယ်။ မဟုတ်‌ရင်တော့ အဲ့အကျင့်ကြောင့်ပဲ ဒုက္ခရောက်လိမ့်မယ်။ အဲ့ဒါက အရေးမကြီးပါဘူး။ သူ့အကြောင်း တော်ပြီ။ လမ်းမှာ စီးကရက်နဲ့အရက်ဆိုင်မှာ ရပ်ပေးပါဦး။ စီးကရက် ၀ယ်ရဦးမယ်”

“ကောင်းပါပြီ” မိုအားဝူက ဖြေသည်။

ခုနစ်မိနစ်ကျော်ကြာပြီးနောက် SUV သည် ဆေးလိပ်နှင့်အရက်ဆိုင်တစ်ဆိုင်ရှေ့၌ ရပ်သွား၏။ ခပ်ရိုင်းရိုင်းပုံစံရှိပြီး‌ တောက်တောက်ပြောင်ပြောင် ၀တ်စားထားသည့် လူငယ်လေးယောက်က မာဂျောင်ကစားနေကြ၏။ ထန်ရှု မိုအားဝူနှင့်အတူ ဆိုင်တွင်းသို့ ၀င်သွားသောအခါ မည်သူမှမရှိသဖြင့် သူက ဆိုင်တံခါး၌ ရပ်‌၍‌ အော်လိုက်သည်။ “ဟေ့ ဒီက ဆိုင်ရှင်က ဘယ်သူလဲ။ ငါ စီးကရက် ၀ယ်ချင်လို့”

“ကိုယ့်ဟာကိုယ် ကြိုက်တာယူ။ ပြီးရင် ကောင်တာကို သွားပြီးတော့ ပိုက်ဆံထားခဲ့”

ဆံပင်ရွှေဝါရောင်နှင့် လူငယ်က စားပွဲပေါ်ရှိ ကတ်များမှ အကြည့်မခွာဘဲ ပြန်အော်လေသည်။

ထန်ရှု ခေါင်းခါရမ်းလိုက်သည်။ ဤသည်ကို စီးပွားရေးလုပ်ငန်းဟု အဘယ်သို့ ခေါ်ဆိုနိုင်မည်နည်း။ ထိုလူငယ်သည် သူ့အလုပ်နှင့်စီးပွားရေးလုပ်ငန်းကို လုံးလုံးလျားလျား လျစ်လျူရှုထားလေသည်။ တခဏတုံ့ဆိုင်းနေပြီးနောက် ထန်ရှုက ထပ်မံပြော၏။ “ငါ အများကြီးလိုချင်တာ။ မင်း လာတာကောင်းမယ်”

ဆံပင်အဝါရောင်နှင့်လူငယ်က မျက်မှောင်ကြုတ်လျက် ‌ဆိုင်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ကတ်များကို ကိုင်ရင်း စိတ်မပါစွာဖြင့် ဆိုင်အတွင်းလျှောက်လာကာ မေး၏။ “ဘယ်လောက်ယူမှာလဲ။ ဘယ်အမျိုးအစားထဲကလဲ”

“ဆော့ဖ်ချိုင်းနားအမျိုးအစားကို မင်းဆိုင်မှာ ရှိသလောက် ယူမယ်” ထန်ရှုက ပြောသည်။

ဆော့ဖ်ချိုင်းနား...

ဆံပင်အဝါရောင်နှင့်လူငယ်က ပြုံး၍ ထန်ရှုအား အကဲခတ်ကာ ဆို၏။ “ဆော့ဖ်ချိုင်းနားက တကယ်ဈေးကြီးတာနော် ကိုယ့်လူ။ ငါ့ဆိုင်ထဲမှာ ဒါဇင်နဲ့ချီပြီးရှိတယ်။ မင်းတကယ် အကုန် ယူမှာလား”

“အေး” ထန်ရှုက‌ ခေါင်းညိတ်သည်။

ဆံပင်အဝါရောင်နှင့်လူငယ်က ပြုံး၍ ပြော၏။ “ခဏလေးစောင့်”

မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ရှုနှင့်မိုအားဝူသည် ဆော့ဖ်ချိုင်းနားဒါဇင်ကျော်ကို သယ်၍ ဆိုင်အတွင်းမှ ထွက်ခွာသွား၏။ သူတို့သည် အကုန်လုံးအား ကားနောက်ခန်းထဲ ပစ်ထည့်ကာ ထိုနေရာမှ မောင်းထွက်သွားတော့သည်။

ဆံပင်အဝါရောင်နှင့်လူငယ်က ဆိုင်အတွင်းမှ ထွက်၍ မောင်းထွက်သွားသော SUV အား စိုက်ကြည့်နေ၏။ ထို့နောက် သူက စားပွဲဘက် လှည့်၍ ပြုံးလိုက်သည်။ “ဟျောင့်တွေ ငါ သူဌေးတွေနဲ့‌ တွေ့ခဲ့တယ်။ ဈေးတောင်မမေးပဲနဲ့ ငါ့ဆိုင်ထဲက ဆော့ဖ်ချိုင်းနားတွေအကုန်လုံး ၀ယ်သွားတာကွ”

လည်ပင်း၌ အစိမ်းရောင်မြွေတစ်ကောင်၏ပုံကို တက်တူးထိုးထားသော လူငယ်က နှုတ်ခမ်းများ တွန့်ကွေးလျက်‌ ရေရွတ်လိုက်၏။ “ဟက် ဘယ်လိုလုပ်သူဌေးမျိုးလဲကွ။ ဆော့ဖ်ချိုင်းနားတွေ ၀ယ်သွားတယ်လို့။ အဲ့ဒီသူဌေးလေးက တော်တော်ကို မလေးမထားတတ်တာပဲကွ။ ဆော့ဖ်ချိုင်းနားအတွက်နဲ့များ ပိုက်ဆံတွေအများကြီး သုံးပစ်ရတယ်လို့။ ချီးပဲ။ တော်ပြီး ‌စောက်ရေးမပါတာတွေ မပြောနဲ့တော့။ ကတ်တွေ ပြန်ယူပြီး မာဂျောင်ပဲကစားကြစို့”

ဆံပင်အဝါရောင်နှင့်လူငယ်၏မျက်၀န်းများက ထူးဆန်းစွာ တောက်ပသွားပြီး သူက စပ်ဖြဲဖြဲ ပြုံးလိုက်၏။ “ဟီးဟီး...အစ်ကို နောက်တစ်ခါ သင်္ချိုင်းဖောက်တဲ့အချိန်ကျ ကျွန်တော်တို့ကိုပါ ခေါ်သွားသင့်တယ် အစ်ကိုဟူဇီရဲ့။ အစ်ကိုနဲ့တူတူ လိုက်ပြီး စူးစမ်းရှာဖွေချင်နေတာ ကြာပြီဗျ။ သိရဲ့လား”

“‌-ီးဖြစ်နေတာလား” တက်တူးနှင့်လူငယ်က မျက်လုံးဝေ့၍ အော်ဟစ်လိုက်၏။ “မင်းတို့ကို ကျုံးစစ်ရိုက်မှာ မကြောက်ဘူးလား။ ဒါမှမဟုတ် မင်းတို့ရဲ့ ယန်စွမ်းအင်တွေကို သရဲတွေစုပ်သွားစေချင်နေတာလား”

ဆံပင်အဝါရောင်နှင့် လူငယ်သည် အတန်ငယ် ငြိမ်ကျသွားသော်လည်း သူက ခြောက်ကပ်ကပ်ရယ်၍ ပြော၏။ “ကျွန်တော်ပြောချင်တာ အဲ့ဒါပဲ အစ်ကိုဟူဇီရ”

“မင်းတို့ ငါ့နောက်လိုက်ပြီး အတွေ့အကြုံယူဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အရင်ဆုံး သဘောတူညီချက်တစ်ခုရှိတယ်။ မင်းတို့ထဲကတစ်ယောက်ယောက် သင်္ချိုင်းထဲနှာ အန္တရာယ်တစ်ခုခု ဖြစ်ခဲ့ရင် ငါနဲ့ဘာမှမဆိုင်ဘူး” တက်တူးနှင့်လူငယ်က ဂုဏ်ယူစွာဖြင့် အေး‌အေးလူလူ ပြောသည်။ “ပြီးတော့ ရတဲ့ရတနာတွေထဲကနေ မင်းတို့ ၁၀ ရာခိုင်နှုန်းစီပဲ ယူခွင့်ရှိတယ်”

“ကောင်းပါပြီဗျာ”

“ကိစ္စမရှိဘူး”

“သေချာကို နားလည်ပါတယ် အစ်ကိုဟူဇီ”

လူငယ်သုံးယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ပျော်ရွှင်စွာ သဘောတူလိုက်ကြသည်။

........

ကြယ်ငါးပွင့် ဆန်းပေါင်ဟိုတယ်တွင်။

SUV ဟိုတယ်အ၀င်ဝ၌ ရပ်တန့်သွားသည်နှင့် ထန်ရှုက မိုးအားဝူအား ပြော၏။ “ငါတို့ စီးကရက်၀ယ်လာတဲ့‌‌‌ နေရာကို မှတ်မိတယ်မလား။ အဲ့ဒီကို ပြန်သွားပြီး လည်ပင်းမှာ တက်တူးနဲ့ကောင်ကို ရိုက်နှက်လာခဲ့။ သူ့ခြေထောက်တစ်ချောင်းကို ရိုက်ချိုးပြီး လနည်းနည်းကြာတဲ့အထိ အိပ်ယာထဲလဲနေအောင် သေချာလုပ်ခဲ့”

“နားလည်ပါပြီ” မိုအားဝူမှာ အတန်ငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း ရိုရိုကျိုးကျိုး ပြော၏။

ထန်ရှုက ထပ်မံ၍ ပြောသည်။ “ပြီးတော့ သူ့ကို နောက်တစ်ခါ လူသေတွေနဲ့မပက်သက်ဖို့ သင်္ချိုင်းတွေလည်း မဖောက်ဖို့ ပြောခဲ့။ မဟုတ်ရင် သူ့ရဲ့ယန်စွမ်းအင် ဆုံးရှုံးရုံတင်မပြီးပဲနဲ့ သူ့မိသားစုပါ ထိခိုက်ပြီး သေတောင်‌သေသွားနိုင်တယ်လို့ သတိပေးလိုက်”

“သူဌေး သူ့ခြေထောက်တစ်ချောင်းကို ချိုးခိုင်းတာဆိုတော့....သူ့ကို ကယ်ချင်လို့လား” မိုအားဝူမှာ အံ့အားသင့်သွားသည်။

“သူ့ကို ဖြစ်လာမယ့်ပြဿနာကနေ ကယ်ချင်လို့ပဲ” ထန်ရှုက ဖြေသည်။ “သူ သင်္ချိုင်းတွေ ဖောက်လေ သူ့ခန္ဓာကိုယ်ကို သေခြင်းချီ ကူးစက်လေပဲ။ အများဆုံး နှစ်လအတွင်း သေသွားလိမ့်မယ်”

ထိုသို့ပြောပြီးနောက် ထန်ရှုသည် ကြယ်ငါးပွင့် ဆန်းပေါင်ဟိုတယ်အတွင်း ၀င်သွား၏။ ထို့နောက် ကျန်းရှင်းယာမှာ ဤဟိုတယ်၌ ရှိနေကြောင်း မှတ်မိလိုက်သဖြင့် သူ့မှာ ကူကယ်ရာမဲ့သွားသည့်အလား ခံစားလိုက်ရလေသည်။

သူ့အပေါ် ပြင်းထန်လေးနက်စွာ မေတ္တာသက်၀င်နေခြင်းသည် ထန်ရှုနှစ်ခြိုက်ပျော်မွေ့နိုင်သည့်အရာတစ်ခု မဟုတ်ပေ။ ထိုမိန်းကလေးများအား မေတ္တာသက်ဝင်ချစ်ခင်ရန်မဆိုထားနှင့် သူမတို့အလိုရှိသော အနာဂတ်မျိုးပေးပါမည်ဟုပင် ကတိ‌မပေးနိုင်ချေ။ ကျန်းရှင်းယာအား အနာဂတ်တွင် နာကျင်၀မ်းနည်းနေရသည့် ဘ၀ကို ဖြတ်သန်းစေမည့်အစား ယခုအချိန်စောတုန်းတွင် သူတို့၏ဆက်ဆံရေးကို ဖြတ်တောက်ပစ်လိုက်မည်ဖြစ်သည်။ ထို့ကြောင့် သူသည် ကျန်းရှင်းယာ ဖုန်းခေါ်ကတည်းက ဆုံးဖြတ်ချက်ချပြီးသား ဖြစ်၏။

ယခုအကြိမ်တွင် သူမ မည်မျှပင် ခံစားရပါစေ....ဤကံကြမ္မာနှင့်အချစ်ကို ဖျက်ဆီးဖြစ်ရန် ‌အသေအချာရှင်းပြရပေမည်။

သမ္မတအခန်း ၁၂၀၈ ၌ ကျန်းရှင်းယာသည် ဆိုဖာပေါ်တွင် အိပ်ငိုက်နေရှာ၏။ ကျန်းရှောင်ယုကတော့ ရွှင်လန်းသွက်လက်စွာပင် သူမ၏ဖုန်းကို ဟိုနှိပ်သည်နှိပ် လုပ်နေသည်။ လုံ့ကျန့်လင်း၏အရိပ်အယောင်ကို မမြင်ရသော်လည်း သူ၏ဟောက်သံအား ဘေးတစ်ဖက်အခန်းမှပင် ကြားရနိုင်၏။

“ဒင်း...ဒေါင်”

တံခါးဘဲလ်သံမြည်သည်နှင့် ကျင်းရှီက တံခါးကို အလျင်အမြန်ဖွင့်၍ အပြင်တွင် ရပ်နေသော ထန်ရှုအား အစီအရင်ခံလိုက်သည်။ “သူဌေး မစ္စကျန်းက သူဌေးကို စောင့်နေပါတယ်”

ထန်ရှုက သူ့အား ခေါင်းညိတ်ပြ၏။ သူအခန်းတွင်းသို့ ၀င်လိုက်သည်နှင့် ကျန်းရှင်းယာက ချက်ချင်း ထရပ်လိုက်ပြီး ကျန်းရှောင်ယုကတော့ သူမ၏ဖုန်းကို ကပြာကယာ သိမ်းလိုက်သည်။ ထန်ရှုက သူတို့အား ခေါင်းညိတ်ပြ၍ ပြော၏။ “အတော် နောက်ကျနေပြီ။ မင်းတို့ ပြန်နားလိုက်ကြပါလား။ မနက်ဖြန် အချိန်ရရင် အဲ့ကျမှ စကားပြောကြ‌တာပေါ့”

ကျန်းရှင်းယာက ထန်ရှုအနားလျှောက်လာ၍ ခေါင်းခါရမ်းကာ ပြောသည်။ “ငါ မပင်ပန်းသေးဘူး။ နင့်ကို တွေ့ချင်နေခဲ့တာ။ ချင်းလင်ကို အဖိုးတန်ဆေးပင်တစ်ပင် ဝယ်ဖို့ လာခဲ့တာဆို ”

“အင်း ငါ ၀ယ်ချင်တဲ့ ဆေးပင်ရှိတယ်။ ဒါပေမဲ့ မင်းပါ ဒီကိုရောက်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး” ထန်ရှုက ခေါင်းညိတ်၍ ပြော၏။ “ဒါနဲ့ ငါ ၀င်လာတုန်းက မသင်္ကာစရာလူနှစ်ယောက်ကို တွေ့ခဲ့တယ်။ မင်းရဲ့ သက်တော်စောင့်တွေလား”

“ကုမ္ပဏီက ငါ့ကို အနီးကပ်စောင့်ရှောက်ဖို့ သက်တော်စောင့်နှစ်ယောကိ ငှားထား‌တာလေ။ ငါ အန္တရာယ်မရှိရွေ့ အထဲ၀င်လာကြမှာ မဟုတ်ပါဘူး” ကျန်းရှင်းယာက ပြော၏။

“နားလည်ပြီ။ ဒါပေမဲ့ အခု အရမ်းနောက်ကျနေပြီ။ ငါတို့လည်း တွေ့ပြီးပြီဆိုတော့ ပြန်နားတော့” ထန်ရှုက ခေါင်းညိတ်၍ ပြောသည်။ “မင်း ပြောစရာရှိရင် မနက်မှ ပြောကြတာပေါ့”

“......”

ကျန်းရှင်းယာ၏မျက်၀န်းလေးများမှာ မှိုင်းညှို့သွားရှာသည်။ သူမကို အဝေးသို့ တွန်းပို့နေလိုသည့် ထန်ရှု၏ဆန္ဒမှာ သိသာလွန်းပေသည်။ ၎င်းက သူမ၏နှလုံးသားအား နာကျင်စေ၏။ ထန်ရှုသည် သူရှိနေသည့်နေရာကို မဖုံးကွယ်ခဲ့သည့်အတွက် သူမအား ရှောင်ဖယ်လိုစိတ်မရှိတော့ဟု ထင်မှတ်ခဲ့မိသည်။ သို့သော် ယခု ထန်ရှုထံမှ ခံစားနေရသည့် ငြင်းပယ်မှုကား  ပို၍ ပြင်းထန်လှ၏။

သူမက ထွက်မသွားဘဲ ထိုအစား ထန်ရှုကို စိုက်ကြည့်လိုက်သည်။ “ငါနဲ့တွေ့ရတာကို အဲ့ဒီလောက်တောင် မနှစ်မြို့တာလားဟင်”

“မင်းနဲ့တွေ့ရတာကို မနှစ်မြို့တာမဟုတ်ပါဘူး ဒီအတိုင်း မင်းနဲ့ မတွေ့ချင်တာ” ထန်ရှုက ပြော၏။ “မင်းက နာမည်ကြီးတယ်လေ။ မင်းအနားမှာ တွေ့တဲ့ ယောက်ျားတိုင်းကို လူတွေက သတိထားမိပြီး အာရုံစိုက်ကြလိမ့်မယ်။ အဲ့ဒီအခါက နားလည်မှုလွဲတာတွေ ဖြစ်လာနိုင်တယ်။ ငါ့မှာ လက်ထပ်မယ့် ချစ်သူရှိတယ်ဆိုတာ မင်းလည်းသိပါတယ်။ ဒါကြောင့် သူ အထင်လွဲရမယ့်ကိစ္စမျိုးတွေ မလုပ်ချင်ဘူး”

ထိုအခိုက်အတန့်တွင် ကျန်းရှင်းယာ၏နှလုံးသားမှာ တဆစ်ဆစ် နာကျင်နေရှာ၏။ အခြားသူများ အထင်လွဲ၊မလွဲ သူမ ဂရုမစိုက်ချေ။ ထန်ရှု၏ ခံစားချက်ကင်းမဲ့၍ ညှာတာမှုကင်းမဲ့သောမျက်နှာကို ကြည့်ကာ သူ့တွင် ချစ်သူရှိနေသည့်တိုင် များစွာ ချစ်ရပါကြောင်း ပြောချင်မိ၏။

သို့သော် ထိုစကားလုံးများ သူမပါးစပ်မှ ထွက်မသွားနိုင်အောင် မြိုသိပ်ထားရှာသည်။ သူမ အခြားသူများကို ဂရုမစိုက်သော်လည်း ထန်ရှုက ဂရုစိုက်သည်မဟုတ်ပါလော။

၎င်းကြောင့် သူမ၏ခံစားချက်များအား ဖွင့်ဟမပြောနိုင်ချေ။

အနီး၌ရပ်နေသည့် ကျန်းရှောင်ယုသည် မျက်ရည်များဝဲလျက် နာကျင်နေသော ကျန်းရှင်းယာ၏မျက်နှာလေးကို ကြည့်နေ၏။ သူမက ချက်ချင်းရှေ့တက်၍ ကျယ်လောင်စွာ ပြောလိုက်သည်။ “မစ္စတာထန် ကျွန်မတို့က အခုမှ ပထမဆုံးတွေ့ဖူးတာဆိုပေမယ့် ကျွန်မအစ်မက ရှင့်ကို ကြိုက်နေတာရှင့်။ ဘာလို့ သူ့ကို နာကျင်အောင် ပြောရက်ရတာလဲ။ သူ တစ်နေ့လုံး ဘာလုပ်လဲ ရှင်သိလား။ ရှင့်အကြောင်းတွေကိုပဲ ပြောတယ်။ ရှင့်ဓာတ်ပုံတွေကိုပဲ ငေးမောကြည့်နေတယ်။ သူ့ဖုန်းစခရင်ပုံကတောင် ရှင်ပဲ သိရဲ့လား”

“ပါးစပ်ပိတ်ထား” ထန်ရှုမှာ ‌စိတ်ထဲတွင် အားနာနေသော်လည်း သူက စိတ်ထိန်း၍ ခက်ထန်စွာ ပြောလိုက်၏။ “ငါ ကျန်းရှင်းယာကို ပြောနေတာ။ မင်းမှာ နှောင့်ယှက်ပိုင်ခွင့် မရှိဘူး”

“ဟုတ်တယ်။ ကျွန်မမှာ လုပ်ပိုင်ခွင့်မရှိဘူး။ ဒါပေမဲ့ ကျွန်‌မအစ်မ ခံစားနေရလို့ ‌ဒေါသထွက်တယ်” ကျန်းရှောင်ယုက ဒေါသတကြီး ပြန်လည်ချေပ၏။ “ရှင် ရက်စက်လွန်းတယ်။ ကျွန်မအစ်မက ရှင်နဲ့တွေ့ချင်လွန်းလို့ ငါးနာရီကျော်တောင် ထိုင်စောင့်နေခဲ့တာ။ ရှင်ကတော့ ပြန်လာတာနဲ့ သူ့ကို နှင်ထုတ်တယ်။ တော်တော်ကို နှလုံးသားမရှိတဲ့လူပဲ”

“ငါ့ဘာသာ နှလုံးသားရှိရှိ မရှိရှိ မင်းဝေဖန်ရမယ့် ကိစ္စမဟုတ်ဘူး” ထန်ရှုက နှာမှုတ်၍ အေးစက်စွာ ပြော၏။ “အခုချက်ချင်း ဒီအခန်းထဲက ထွက်သွားကြ။ အတင်းအကြပ်ဆွဲထုတ်တော့မှ ငါ့အဆိုးမဆိုနဲ့”

“ရှင်....”

ကျန်းရှောင်ယုက ထပ်မံချေပလိုသော်လည်း ကျန်းရှင်ယာက တား၏။

ယခုတွင် သူမ၏မျက်၀န်းလေးများမှ မျက်ရည်များ တသွင်သွင် စီးကျနေလေပြီ။ သို့သော် သူမက ချက်ချင်း လက်မြှောက်ကာ မျက်ရည်သုတ်လိုက်၏။ သူမသည် ထန်ရှုအား လေးနက်စွာ စိုက်ကြည့်၍ ထန်ရှု၏ဘယ်ပခုံးပေါ်ရှိ ဖုန်မှုန့်များကို ဖယ်ပေးလေသည်။ ထို့နောက် သူမက နူးညံ့စွာပြော၏။ “နင် ပင်ပန်းနေရင် ငါတို့ ပြန်လိုက်ပါ့မယ်။ နောက်နောင် နင့်ကို စိတ်ရှုပ်အောင် မလုပ်တော့မှာမလို့ စိတ်မပူပါနဲ့တော့‌နော်။ နင် ငါ့ကို လက်ခံမပေးနိုင်ပေမယ့် ငါ့နှလုံးသားက နင့်ကို အဝေးကမျှော်ကြည့်နေရရုံနဲ့ ကျေနပ်နိုင်ပါတယ်”

ထိုသို့ ပြောပြီးနောက် သူမသည် ကွဲအက်နေသော သူမ၏နှလုံးသားဒဏ်ရာကို အံကြိတ်ခံရင်း အခန်းတွင်းမှ ထွက်သွားတော့သည်။

သူမ၏ကျောပြင်ကိုကြည့်ရင်း ထန်ရှုမှာ သက်ပြင်းချမိ၏။ ကျန်းရှင်းယာကို တမင်တကာ နာကျင်စေလိုစိတ် မရှိသော်လည်း ဤသည်ကား သူ လုပ်ကိုလုပ်ရမည့်အရာဖြစ်ချေသည်။ သူမ၏ညီမကျန်းရှောင်ယွဲ့ ပြောသည့်အတိုင်း သူသည် ကျန်းရှင်းယာအား ပျော်ရွှင်စေနိုင်မည်မဟုတ်ချေ။ သူမအား မျှော်လင့်ချက်ပေး၍ ဆွဲထားရန် အကြောင်းမရှိချေ။ သူမကို အပြည့်အ၀ ချစ်ပေးနိုင်မည့် ယောက်ျားကောင်းတစ်ယောက်နှင့် နောင်တစ်ချိန်တွင် တွေ့ဆုံကောင်းတွေ့ဆုံနိုင်ပေလိမ့်မည်။

မိန်းကလေးများ ထွက်သွားသည့်အခါ အိပ်ခန်းတံခါးပွင့်လာပြီး လုံ့ကျန့်လင်းထွက်လာသည်။ သူ၏မျက်၀န်းများက အိပ်မှုန်စုံမွှား ဖြစ်နေသော်လည်း သူက ထန်ရှုကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေ၏။

“မင်း....မရက်စက်လွန်းဘူးလား”

“မင်းသိလား။ ဘေးက‌ ရပ်ကြည့်နေတဲ့မင်းအတွက် သိပ်ပြီး မခံစားရပါဘူးကွာ” ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောသည်။

***

All Chapters