← Chapters

မိစ္ဆာချုပ်နှောင်သူ၏ အခွဲ

Vol. 29 Ch. 398

မိစ္ဆာချုပ်နှောင်သူ၏ အခွဲ

Vol. 29 Ch. 398

ဝူချိန်က မွှေးထူလေးကို လက်ညှိုးထိုးလိုက်သည်။

မွှေးထူလေးသည် အခြားသစ်စိမ်းဝံပုလွေများထက် သိသိသာသာထွား၏။ အမှန်က ဝံပုလွေများမှာ အစကတည်းက ညှက်သောကြောင့်ဖြစ်သည်။ သို့သော် မန်ဟိုသည် ဝံပုလွေများအား ခွန်အားအလိုက် နံပါတ်စဥ်တပ်၍ နာမည်ပေးထားခြင်းဖြစ်သည်။ ထို့ကြောင့် မွှေးထူးငါးက အားအနည်းဆုံးဖြစ်၏။

မွှေးထူလေးသည် အသန်မာဆုံးမဟုတ်သလို အားအနည်းဆုံးလည်း မဟုတ်ပေ။ ဝူချိန်၏လက်ညှိုးထိုးခြင်းခံလိုက်ရသဖြင့် သူ၏မျက်လုံးများ အေးစက်ကြမ်းကြုတ်သွားပြီး သူက ရန်လိုစွာ မာန်ဖီလိုက်သည်။ သူ၏အသိစိတ်တွင် သူ့သခင်သာ သူ့ကို ထိုသို့လက်ညှိုးထိုးနိုင်သည်။ တခြားမည်သည့်သတ္တဝါမှ ထိုသို့ပြုလုပ်ရန် ဘောင်မဝင်ပေ။

"ခင်ဗျားရဲ့ကျင့်ကြံခြင်းအခြေခံက မလုံလောက်ဘူး"မန်ဟိုက အေးစက်စက်ပြောသည်။ "ခင်ဗျား သူ့ကို ထိန်းချုပ်လို့မရဘူး။ တခြားခြံကနေ သွားရွေးချည်" သူက မွှေးထူလေး၏ ခေါင်းကိုပွတ်သပ်ပေးလိုက်သည်။ မွှေးထူလေးက အလွန်နှစ်လိုဖွယ်ကောင်းသောအသွင်လေးနှင့် ခေါင်းငုံ့ပေး၏။ ယခု မန်ဟိုသာ ဤနေရာတွင် မရှိလျှင် ဝူချိန်တစ်ယောက် အရိုးတစ်ခြားအသားတစ်ခြား ဖြစ်သွားလောက်လေပြီ။

"မင်း" ဝူချိန်မျက်နှာကြီးမဲ့သွား၏။ သူသည် မန်ဟို့ကိုကြည့်ရင်း သူ၏နက်နဲနေသော ကျင့်ကြံခြင်းအခြေံခံကို ခံစားနေရလေသည်။ သို့သော် သူကား ကျီးကင်းထောက်မျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ယောက်။ မြင့်မြတ်သောသွေးဆက်သုံးဆက်မှ ဆင်းသက်လာသူဖြစ်၏။ သူ၏အဆင့်အတန်းကိုစဥ်းစားလျှင် ကံအနည်းငယ်ခေခဲ့သည့်တိုင် သူသည် မျိုးနွယ်စုရှိ မည်သည့်ငယ်သားမဆိုထက် သာသေးလေသည်။

"ငါက စဦးချီဖွဲ့စည်းမှုအဆင့် (၈) ရောက်နေပြီကွ။ ဘယ်ကမ္ဘာသစ်မိစ္ဆာကိုမဆို ငါ ထိန်းချုပ်နိုင်တယ်။ သစ်စိမ်းဝံပုလွေတွေက အနီးကပ်တိုက်ခိုက်နိုင်မှုကြောင့်မဟုတ်ဘဲ အမြန်နှုန်းကြောင့် နာမည်ကြီးတာလေ။ မင်းက ချီးဦးနှောက်နဲ့ ငါမထိန်းချုပ်နိုင်ဘူး ထင်နေတာလား" ဝူချိန်သည် မန်ဟို့ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်ရင်း အံကြိတ်လိုက်၏။

သူစကားပြောပြီးလျှင်ချင်း မွှေးထူးလေး၏မျက်လုံးများ အရောင်လဲ့သွားသည်။ ရုတ်တရက် အစိမ်းရောင်အတန်းတစ်တန်း ဝါးခနဲ ဖြစ်သွားပြီး မျက်စိတစ်မှိတ်အတွင်း မွှေးထူလေးသည် ဝူချိန်၏ အရှေ့တည့်တည့်၌ ရပ်နေလေပြီ။ သူက ဝူချိန်၏နှာခေါင်းအရှေ့တွင် ပါးစပ်ကြီးဖြဲထားပြီး ၄င်းအား ထိပင်ထိခါနီးနေသည်။ ဝူချိန် ချက်ချင်း လိပ်​ပြာလွင့်မတတ် လန့်ဖျပ်သွားသည်။ သူက အသံကုန်အော်ပြီး ​နောက်ဆုတ်လိုက်လေသည်။

သူ့မှာ ဇောချွေးပြန်လာပြီး လူသေကောင်ကဲသို့မျက်နှာ ဖြူဆုပ်နေတော့သည်။ အသံရှူသံများလည်း မြန်ဆန်နေပြီး သူငယ်အိမ်များ ကျဥ်းမြောင်းလျက် ချာချာလည်မူးနောက်နေလေသည်။ စောစောက သူသည် အလွန်ကြောက်စရာကောင်းသောအန္တရာယ်အာရုံတစ်ခု ရလိုက်၏။ ၄င်းသည် သူတစ်ခါမှ မကြုံတွေ့ဖူးသည့် ခံစားချက်ဖြစ်ရာ သူ့တစ်ကိုယ်လုံးကို တဆတ်ဆတ်တုန်ရီနေစေတော့သည်။ ​ကြောက်စိတ်တို့က သူ့စိတ်ထဲတွင် ဆက်လက်ပေါက်ဖွားလာသည်။

မန်ဟိုက ခပ်ပြတ်ပြတ်နှာမှုတ်လိုက်ပြီး ၄င်းအား မွှေးထူလေးကြားသည်နှင့် ချက်ချင်း ခွေယိုင်သွားသည်။ သူ့မှာ မန်ဟို့ကို ကြည့်ပင်မကြည့်ချင်သည့်အလား ခေါင်းငုံထားသည်။

ဝူချိန် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူသည် မွှေးထူလေးကို မမှိတ်မသုန်ကြည့်ရင်း မျက်လုံးများတောက်ပနေ၏။  သူ့မှာ ယခုတွင် ပို၍ပင်အသက်ရှူမြန်လာတော့သည်။ သူသည် မွှေးထူလေး၏ သုံးမီတာအရှည်ရှိသောကိုယ်လုံးကြီး၊ အစိမ်းရောင်အမွှေးဖွားဖွားများနှင့် ခွန်အားကိုကြည့်ပြီး ရင်ခုန်လာသည်။

"ငါ အဆင့် (၂) သစ်စိမ်းဝံပုလွေတွေ အများကြီးမြင်ဖူးတယ်" သူက တစ်ယောက်တည်းတွေးနေသည်။ "အခြားသွေးဆက်က အကောင်တွေတောင် ဒီလောက်မမြန်နိုင်ဘူး။ ဒါက သေချာပေါက်...  သန္ဓေပြောင်းသစ်စိမ်းဝံပုလွေကြီးတစ်ကောင်ပဲ

"သေချာတယ် သန္ဓေပြောင်းထားမှပဲ ဒီလောက်မြန်နိုင်မှာ။ ဒီကောင်ကြီး ငါ့ကို မျက်တစ်မှိတ်အတွင်း သတ်နိုင်တယ် " ဤအချိန်တွင် သူက မန်ဟို့ကိုလှမ်းကြည့်လိုက်သည်။

"စည်းကမ်းချက်တွေအရ ဒီသစ်စိမ်းဝံပုလွေက ကျီးကင်းထောက်မျိုးနွယ်စု​ အပိုင်ပဲ။ ငါ့မှာ အလကားယူသွားပိုင်ခွင့်ရှိတယ်" သူ၏စကားလုံးများက အထင်ကြီးစရာကောင်းသော်လည်း တကယ်တမ်း သူ့မှာ ရင်တဒိန်းဒိန်းခုန်နေခြင်း ဖြစ်သည်။ ဝံပုလွေသာ သူ့ကိုမခြောက်လှန့်ခဲ့ပါက မျိုးနွယ်စု၏ စည်းကမ်းချက်များအား ဖော်ပြနေမည်မဟုတ်ပေ။

မန်ဟိုက စိတ်ထဲတွင် ရယ်လိုက်ပြီး ခေါင်းခါလိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံကို စဥ်းစားလျှင် ဘာမဟုတ်သော စဦးချီဖွဲ့စည်းမှုကျင့်ကြံသူလေးတစ်ယောက်နှင့် ငြင်းခုံရင်း အချိန်ကုန်ခံမည်မဟုတ်ပေ။

"ခေါ်သွားနိုင်ရင် ခေါ်သွား" သူက ထိုသို့ ပြောပြီးနောက် မျက်လုံးများမှိတ်ကာ အဖက်မလုပ်တော့ပေ။

"ကောင်းပြီ ခင်ဗျားပြောတာနော်" ဝူချိန်မှာ ခုန်ပေါက်မတတ် ပျော်သွားလေသည်။ ဝူချိန်သည် မြင့်မြတ်သောသွေးဆက်သုံးဆက်မှ ဆင်းသက်လာသူဟူသော ဂုဏ်ပုဒ်မှလွဲ၍ အဖြစ်သိပ်မရှိပေ။ သို့သော် သူ၏သွေးဆက်သည် ကမ္ဘာသစ်မိစ္ဆာများနှင့် ပဋိညာဥ်ပြုခြင်းအတတ်၌ တစ်ဖက်ကမ်းခတ်ကျွမ်းကျွင်ကြ၍ သူ ငယ်စဥ်ကတည်းက လေ့လာခဲ့ရလေသည်။ သူသည် အမှန်အားဖြင့် ပဋိညာဥ်ပြုခြင်းအတတ် အမျိုးမျိုးကို တတ်မြောက်ထား၏။

ထို့ကြောင့် အဆင့် (၂) မဆိုထားနှင့်၊ အဆင့် (၃) ကမ္ဘာသစ်မိစ္ဆာများဖြင့်ပင် အောင်မြင်စွာ ပဋိညာဥ်ပြုနိုင်သည်ဟု သူ ယုံကြည်ချက်ရှိသည်။ ဤသည်မှာ သန္ဓေပြောင်းကမ္ဘာသစ်တစ်ကောင်ဖြစ်လျှင်တောင်မှ အဆင့်(၂) သာရှိသေးသည့်အတွက် ဝူချိန်ကား သံသယမြူမှုန်ပင်မရှိပေ။

သူက ကျယ်လောင်စွာရယ်ရင်း မျှော်လင့်ချက်ရောင်ခြည်တို့ တောက်ပနေသော မျက်လုံးများဖြင့် မွှေးထူလေးအနား ဖြေးဖြေးချင်း ကပ်သွားသည်။ သူသည် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်အား ဂရုတစိုက်ဖော်ကာ ဝံပုလွေတစ်ကောင်၏ ဦးခေါင်းသဏ္ဍာန် ပဋိညာဥ်အမှတ်အသားအား ဖန်တီးလိုက်သည်။

ပဋိညာဥ်အမှတ်အသား ပေါ်လာသည်နှင့်တစ်ပြိုင်နက် မွှေးထူလေး၏မျက်လုံးများမှာ ငေးကြောင်ကြောင်ဖြစ်သွား၏။ ဤအခြင်းအရာက ဝူချိန်အား ပို၍ယုံကြည်ချက်ရှိသွားစေသည်။ ပဋိညာဥ်အမှတ်အသားသည် တဖျပ်ဖျက်လက်ပြီးနောက် အလင်းတန်းတစ်တန်းအသွင်ပြောင်းကာ မွှေးထူလေးထံ ပြေးထွက်သွားသည်။

၄င်းက မျက်စိတစ်မှိတ်အတွင်း မွှေးထူလေး၏နဖူးထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။

"အလုပ်ဖြစ်တယ်" ဝူချိန်က ဝမ်းသာအားရစွာ အော်သည်။ လုပ်ငန်းစဥ်ပထမပိုင်းပြီးသွားပြီဖြစ်၍ နောက်တစ်ပိုင်းစရတော့မည်။ ၄င်းအားအဆုံးသတ်ပြီးလျှင် ဤကမ္ဘာသစ်မိစ္ဆာသည် သူ၏အရုပ်သားရဲဖြစ်လာလိမ့်မည်။

မန်ဟိုက မျက်လုံးများပိတ်ထားဆဲဖြစ်ပြီး ဝူချိန်အား မွှေးထူလေးအနား မကပ်အောင် မတားပေ။ ဝူချိန်သည် မွှေးထူလေးအား ထိရန် လက်မြှောက်လိုက်သော်လည်း သူ ထိုသို့လုပ်လိုက်သည့်အချိန်မှာပင် မွှေးထူလေးက သူ၏ခေါင်းကြီးကို ရုတ်တရက် မော့လိုက်သည်။ သူ၏မျက်နှာမှာ ရက်စက်ကြမ်းကြုတ်နေပြီး သူ၏မျက်လုံးများသည် သွေးအေးသောအလင်းရောင်ဖြင့် တောက်ပနေသည်။

သူ၏အကြည့်က ဝူချိန်ကို ချက်ချင်း မျက်နှာပျက်သွားစေ၏။ သူ့မှာ ရင်တဒိန်းဒိန်းခုန်လာပြီး မျက်လုံးများ၌ မယုံနိုင်မှုတို့ပြည့်နှက်နေလျက် နောက်ဆုတ်လိုက်သည်။

"မဖြစ်နိုင်ဘူး ဘယ်လိုလုပ်မအောင်မြင်ရတာလဲ...." သူက ပဋိညာဥ်ပြုခြင်းအတတ်ကို ပြောင်းရန် ဆုံးဖြတ်လိုက်သည်။ မကြာမီ တစ်​နာရီကြာခဲ့လေပြီ။ ဝူချိန်မှာ ပဋိညာဥ်အမျိုးအစား ခုနစ်မျိုး၊ရှစ်မျိုးခန့် စမ်းကြည့်သော်လည်း နောက်ဆုံးတွင် ​တစ်ခုမှအလုပ်မဖြစ်ပေ။

မွှေးထူလေး၏မျက်လုံးများအထဲရှိ ရက်စက်ကြမ်းကြုတ်မှုသည် ပို၍သိသာလာ၏။ နောက်ဆုံးတွင် ဝူချိန်မှာ မျက်နှာဖြူဖပ်ဖြူလျော်နှင့် မယုံနိုင်ဖြစ်ကာ​ ခွေကျသွားတော့သည်။ မွှေးထူလေးက တစ်ချက်အူပြီးနောက် ရှေ့သို့ ပြေးထွက်လာသည်။ သူ၏ အစွယ်တဖွေးဖွေးနှင့် ပါးစပ်ကြီးက ဝူချိန်၏လည်ပင်းထံ ဦးတည်လာသည်။

အလွန်အားကောင်းသော အသတ်အဖြတ်စိတ်ဆန္ဒနှင့် ရက်စက်ကြမ်းကြုတ်မှုအခိုးအငွေ့တို့ ထွက်လာသည်။ သူသည် အလွန်လျင်မြန်စွာ ပြေးလာနေသည့်အတွက် ဝူချိန် ဘယ်နည်းနှင့်မှမရှောင်နိုင်ပေ။ အစိမ်းရောင်အလင်း သူ၏မျက်လုံးများတွင် နေရာယူထားပြီး တဖြေးဖြေးမည်းနက်လာသည်။

ဤ သေရေးရှင်ရေး အခိုက်အတန့်တွင် မန်ဟိုက မျက်လုံးဖွင့်ပြီး ပြောသည်။ "ဒီကိုပြန်လာခဲ့ မွှေးထူလေး"

မွှေးထူလေးက ဂိန်ခနဲ​အော်ပြီး တုန်ရီသွားသည်။ ၄င်း၏ချွန်ထက်နေသောသွားမှာ ဝူချိန်၏လည်ပင်းအပေါ် ကျရောက်တော့မည်ဖြစ်သည်။

ထိုအစား မွှေးထူလေးက ​နောက်ဆုတ်ပြီး နှစ်လိုဖွယ်ကောင်းသော ချစ်စရာမျက်နှာလေးနှင့် မန်ဟိုဘေးတွင် ပြန်သွားလှဲလေသည်။

ဝူချိန်၏မျက်နှာမှာ သွေးမရှိတော့ပေ။ သူ့တစ်ကိုယ်လုံးမှာ တုန်ရီနေပြီး သူ၏စိတ်မှာ ကယောက်ကယက် ဖြစ်နေတော့သည်။ ဤကြောက်စရာခြံသို့ လာရောက်ပြီးနောက် သူ့မှာ နှစ်ကြိမ်တိုင် သေခါနီး ဖြစ်ခဲ့ရသည်။ ထို့အပြင် သူ၏ပဋိညာဥ်တံဆိပ်အားလုံး မအောင်မြင်သောအဖြစ်ကိုလည်း ကြုံတွေ့ခဲ့ရသေးသည်။ သူ့မှာ မန်ဟို့ကို တွေတွေကြီးသာ စိုက်ကြည့်နိုင်တော့သည်။ ဤအခိုက်အတန့်တွင် မန်ဟိုသည် သူ၏စိတ်ထဲ၌ လုံးဝလျှို့ဝှက်နက်နဲသောလူ ဖြစ်သွားခဲ့လေပြီ။

သစ်တိမ်းဝံပုလွေငါးကောင် ခြံရံလျက် တင်ပျဥ်ခွေထိုင်နေသာ မန်ဟို၏ပုံရိပ်အား သူဘယ်တော့မှ မေ့နိုင်တော့မည်မဟုတ်ပေ။ ၄င်းမှာ သူ၏ဦးနှောက်ထဲ၌ ထာဝရစွဲကျန်ရစ်သွားလေပြီ။

"စီနီယာကြီး... ကျွန်တော်...." ဝူချိန် ဘာပြောရမလဲ မသိတော့ပေ။ သူက မန်ဟိုနှင့် သစ်စိမ်းဝံပုလွေများကို တခဏရပ်ကြည့်နေသည်။ ထို့နောက် ကတုန်ကယင်ဖြင့် လက်ယှက်အရိုအသေပေးပြီး ခြံအပြင်သို့ ခပ်သုတ်သုတ်ထွက်သွားတော့သည်။ သူက ဝင်းခြံတံခါးကို ပိတ်ပြီး အပြင်တွင်ရပ်၍ ထပ်ဦးညွှတ်ပြန်သည်။ သူကား စိတ်လည်း လှုပ်ရှား၊ ကြောက်လည်းကြောက်နေရင်း လှည့်ထွက်သွားတော့သည်။

"ဆရာကြီးပဲ။ သန္ဓေ​ပြောင်းကမ္ဘာသစ်မိစ္ဆာတွေကို မွေးမြူထိန်းကျောင်းနိုင်တဲ့ ဆရာစစ်စစ်ပဲ။ သေချာပေါက် တကယ့်မိစ္ဆာသားရဲသခင်ဖြစ်ရမယ်။ သူ ဒီမှာ သိုသိုသပ်သပ်နေနေတဲ့ အကြောင်းရင်းတစ်ခုတော့ ရှိရမယ် .... ငါ သူများတွေကို ပြောလို့မဖြစ်ဘူး။ နောင်တစ်ချိန်မှာ ပြဿနာတစ်ခုခုကြုံရရင်..... သူ့ဆီ အကြံနည်းနည်းပါးပါး တောင်းလို့ရလောက်မယ်" ဝူမုသည် အသက်ပြင်းပြင်းရှုပြီး အဝေးသို့ ကမန်းကတန်းထွက်သွားတော့သည်။

မန်ဟိုက မပြောင်းလဲသောမျက်နှာထားဖြင့် လူငယ်ထွက်သွားသည်ကို ကြည့်နေသည်။ သူ၏ သစ်စိမ်းဝံပုလွေများ၏ ထူးဆန်းသော အရည်အချင်းများကို ဖုံးကွယ်ရန် မဖြစ်နိုင်သလို ဖုံးကွယ်ဖို့လည်း စိတ်ကူးမရှိပေ။ သူ၏အမြင်အရ မိစ္ဆာသားရဲသခင်အဖြစ် ကျော်ကြားခြင်းက မဆိုးလှပေ။

တကယ်တမ်း မန်ဟို၏ ကမ္ဘာသစ်မိစ္ဆာထိန်းချုပ်နည်းများမှာ မိစ္ဆာသားရဲသခင်များထက်ပင် အဆများစွာသာလွန်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် မိစ္ဆာသားရဲသခင်မဟုတ်ဘဲ... မိစ္ဆာချုပ်နှောင်သူဖြစ်၍ပင်။

မိစ္ဆာချုပ်နှောင်သူတစ်ဦးက မိစ္ဆာသားရဲသခင်အ​ယောင်ဆောင်ခြင်းမှာ ဆေးဝါးတာအို၏မဟာအကြီးအကဲတစ်ဦးက သာမန်ဆေးဝါးပညာရှင် အယောင်ဆောင်ခြင်းနှင့်ဆင်တူသည်။ သူတို့မှာ မိုးနှင့်မြေပမာ ကွာခြားသော မတူညီသည့်အဆင့်နှစ်ဆင့်ဖြစ်လေသည်။

မှန်ပါသည် ထိုကဲ့သို့ အဆင့်မျိုးရရှိရန် သိပ်မခက်ပေ။ မိစ္ဆာသားရဲသခင်များ လုပ်နိုင်သည့်အရာအားလုံးကို မိစ္ဆာချုပ်နှောင်သူများလည်း လုပ်နိုင်သည်။ သို့သော် မိစ္ဆာသားရဲသခင်များအနေဖြင့် မိစ္ဆာချုပ်နှောင်သူများကဲ့သို့ မလုပ်နိုင်ပေ။

"မိစ္ဆာသားရဲသခင်နဲ့ မိစ္ဆာချုပ်နှောင်သူတွေကြားမှာ တူညီတာတွေအများ​ကြီးရှိတယ်လို့ အမြဲတွေးခဲ့မိပေမယ့် မိစ္ဆာသားရဲသခင်တွေက အဆင့်ပိုနိမ့်တယ်" ဤကိစ္စနှင့်ပတ်သက်၍ နှစ်ဝက်လေ့လာထားသော အသိအမြင်က သူ၏သုံးသပ်ချက်ကို ပို၍ပင် ခိုင်မာသွားစေသည်။

"မိစ္ဆာသားရဲသခင်တွေရဲ့ လျှို့ဝှက်ပညာရပ်တွေက ကမ္ဘာသစ်မိစ္ဆာတွေကို မွေးမြူထိန်းကျောင်းနိုင်ဖို့ ကူညီပေးတယ်။ ဒါ့အပြင် မြန်မြန်လည်း အရွယ်ရောက်လာစေတယ်။ သာမန်လူတွေကတော့ အံ့သြကြမှာပဲ။ ဒါပေမယ့် ဘယ်လိုနည်းလမ်းပဲသုံးသုံး ကမ္ဘာသစ်မိစ္ဆာတွေက သူတို့ရဲ့ ကန့်သတ်ထားတဲ့ ပုံမှန်သက်တမ်းအတွင်းမှာပဲ ကြီးထွားနိုင်တယ်။ အဲ့ဒီထက် ကျော်လို့မရဘူး

"ဒါပေမဲ့ မိစ္ဆာချီကိုသုံးတဲ့ သမာဓိအပ်နှင်းခြင်းက မိစ္ဆာသားရဲသခင်ပညာရပ်တွေထက် အများကြီးသာတယ်။ သူက အဲ့ဒီကန့်သတ်ချက်တွေကနေ ​ဖောက်ထွက်ပြီးတော့ ကမ္ဘာမိစ္ဆာတစ်ကောင်ရဲ့ မူလသဘာဝကို အသွင်ပြောင်းပေးနိုင်တယ်" မန်ဟိုမှာ ဤအကြောင်းတွေးရင်း မပြုံးမိဘဲမနေပေ။

သူ ဤကိစ္စကို လေ့လာလေလေ မိစ္ဆာသားရဲသခင်များသည် မတူညီသောလမ်းကြောင်းပေါ်က မိစ္ဆာချုပ်နှောင်သူများကဲ့သို့ဖြစ်ပြီး မိစ္ဆာချုပ်နှောင်သူအစစ်များကို တုပရန် အစွမ်းကုန်ကြိုးစားနေသည်ဟု ခံစားရလေလေဖြစ်သည်။

"ရှစ်ဆက်မြောက် မိစ္ဆာချုပ်နှောင်သူအသက်ရှိတုန်းက မိစ္ဆာသားရဲသခင်တွေကို ပေါက်ဖွားလာတာနဲ့ ဆက်စက်နေတဲ့ အမွေတစ်ခုခုများ ချန်ရစ်ခဲ့တာလား" ၄င်းမှာ စိတ်ဝင်စားစရာကောင်းသော အတွေးဖြစ်သည်။ ကံဆိုးစွာနှင့် ကိုးဆက်မြောက် မိစ္ဆာချုပ်နှောင်သူဖြစ်သည့် သူနှင့် ရှစ်ဆက်မြောက်မိစ္ဆာချုပ်နှောင်သူကြား အလွန်အလှမ်းကွာနေလေသည်။ သူ့မှာ အမွေအများစု လိုအပ်နေပြီး ယခင်မိစ္ဆာချုပ်နှောင်သူအကြောင်း သေချာမသိရခြင်း​ကြောင့် ဒုက္ခရောက်နေလေသည်။

"မိစ္ဆာချုပ်နှောင်သူတွေရဲ့ သဲလွန်စတွေကို အနောက်ပိုင်းသဲကန္တာရမှာ ရှာတွေ့နိုင်မလားမသိဘူး... " ဤကိစ္စအား စဥ်းစားနေစဥ် သူ၏မျက်နှာထားသည် တည်ကြည်လေးနက်နေ၏။ " ဘယ်လိုနေနေ ငါ ကျီးကင်းထောက်မျိုးနွယ်စုထဲမှာ သတိပြုခံရဖို့ အခွင့်အရေးတိုင်းကို အမိအရ ဖမ်းဆုပ်ရမယ်။ ဒါမှ ကျီးနတ်မင်းမျိုးနွယ်စုရဲ့ အထွတ်အမြတ်နယ်မြေထဲ ဝင်နိုင်မှာ "

ကျီးကင်းထောက်မျိုးနွယ်စုတွင် အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူသုံးဦးရှိသော်လည်း သွေးမျက်နှာဖုံးတပ်လျှင် တောင်ထိပ်က သစ်ပင်လူကြီးကိုသာ စိုးရိမ်စရာရှိကြောင်း သူပြောနိုင်သည်။

ထို့ကြောင့် သူသည် သတိထားလုပ်ဆောင်သော်လည်း ဖုံးကွယ်ရန် အားသိပ်စိုက်မနေပေ။

"အရင်က မိစ္ဆာချုပ်နှောင်သူနဲ့တစ်ခုခုပတ်သက်တိုင်း မိစ္ဆာချုပ်နှောင်ကျောက်စိမ်းက တုံ့ပြန်တယ်။ဒါပေမဲ့ အနောက်ပိုင်းသဲကန္တာကို ရောက်တော့ ဘာမှဖြစ်မလာဘူး။..... နေရာမှန်ကို မရောက်သေးတာကြောင့်ပဲလား" သူက သိုလှောင်အိတ်ကိုပုတ်ပြီး မိစ္ဆာချုပ်နှောင်ကျောက်စိမ်းအား ထုတ်လိုက်သည်။ ထို့နောက် သေချာကိုင်ပြီး ဖင်တစ်ပြန်ခေါင်းတစ်ပြန် ကြည့်လိုက်၏။

၄င်းမှာ သူ၏အစိတ်အပိုင်းတစ်ခု ဖြစ်နေသကဲ့သို့ နွေးထွေးပြီး ချောမွတ်လေသည်။ ၄င်းကို ကြည့်ခြင်းက သူ့ကို စိတ်တည်​ငြိမ်စေပြီး တဖြေးဖြးနှင့် သူသည် ထူးဆန်းသောအခြေအနေသို့ ဝင်ရောက်သွားတော့သည်။

အချိန်အတော်လေးကြာသော် သူသည် မိစ္ဆာချုပ်​နှောင်ကျောက်စိမ်းကို သိမ်းပြီး တရားထိုင်ရန် မျက်လုံးများပိတ်လိုက်၏။

***

All Chapters