မူးယစ်နဂါးဆေးမှုန့်
Vol. 61 Ch. 846
ကျန်းရှင်းယွဲ့သည် သမ္မတအခန်း ၁၂၀၈ တွင် တခဏမျှသာ နေ၏။ ပြောစရာရှိသည့်အရာမှန်သမျှ ပြောပြီးနောက် သူမက ခပ်သုတ်သုတ် ထွက်သွားပြီး အခန်း ၁၂၀၆ သို့ ရောက်လာသည်။ သူမအစ်မဖြစ်သူ ကျန်းရှင်းယာ၏ နီရဲနေသောမျက်ဝန်းများနှင့် သူမ၏စိတ်မချမ်းမြေ့ဖွယ်အခြေအနေကို ကျန်းရှင်းယွဲ့မြင်သောအခါ သူမကိုယ်တိုင်လည်း စိတ်ပြင်ဆင်ထားသည့်နောက် စိတ်မကောင်းဖြစ်မိသေး၏။
“ရှင်းယွဲ့ ဘာလို့ ဒီရောက်လာတာလဲ”
ကျန်းရှင်းယာမှာ စိတ်ဓာတ်ကျနေသော်လည်း သူမ၏ညီမ ချင်းလင်စီရင်စုအထိ လိုက်လာပြီး အရှေ့၌ ပေါ်လာသည်ကို မြင်လျှင် မအံ့ဩမိဘဲ မနေပေ။ သို့သော် မေးပြီးနောက် ကျန်းရှောင်ယု ညီမငယ်အား လှမ်းခေါ်လိုက်ခြင်း ဖြစ်မည်ဟု သဘောပေါက်လိုက်သည်။ မဟုတ်လျှင် အလောတကြီး ရောက်လာမည်မဟုတ်ပေ။
ကျန်ရှင်းယွဲ့က ကျန်းရှင်းယာ၏လက်ကို အသာအယာဆုပ်ကိုင်ကာ နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ “မမ အကုန်လုံးကို လွှတ်ချလိုက်ပါလားဟင်”
“ဟင့်အင်း မချနိုင်ဘူး”
“အချိန်နည်းနည်းပေးလိုက်နော် ဟုတ်ပြီလား”
ကျန်းရှင်းယာမှာ သုန်မှုန်စွာ သက်ပြင်းချလိုက်သော်လည်း စကားလမ်းကြောင်းလွှဲလိုက်ရာ သူမညီမအား ပို၍စိတ်မကောင်းဖြစ်သွားစေသည်။
“မမ မျက်နှာကိုလည်း ကြည့်ပါဦး။ ဒီမျက်နှာနဲ့ မနက်ဖြန် အဲဒီဗီလာဖွင့်ပွဲမှာ ဘယ်လိုသီချင်းဆိုမှာလဲ။ ညီမလေး မမအစား ဝင်ပေးရမလား”
“ရပါတယ် ညီမလေးရဲ့ မမ လုပ်နိုင်ပါတယ်။ အဲဒီလူတွေ မမကို ငွေအများကြီးပေးထားပြီးသား။ လောလောဆယ်အဆင်မပြေပေမယ့် အဆင်ပြေအောင်တော့ မီးစင် ကြည့်ကလိုက်ပါ့မယ်” ကျန်းရှင်းယာက ကပျာကယာငြင်းသည်။
“သူတို့လိုချင်တာက မမရဲ့ အောင်မြင်မှုလေ... အဲဒီမှာ မမကို မျက်နှာပြစေချင်တာ။ ညီမလေးတို့က အရပ်ရော၊ ရုပ်ရော တူတာပဲ။ မမအစား ညီမလေး တက်လိုက်ရင် ပြဿနာရှိမှာမဟုတ်ပါဘူး” ကျန်းရှင်းယွဲ့က ခေါင်းခါကာ ပြောသည်။ “ပြီးတော့ ညီမလေးသီချင်းဆိုတာက မမလောက် မကောင်းဘူး ထင်လို့လား”
“ညီမလေး သီချင်းဆိုတာက ကောင်းပါတယ်ကွယ်။ မမတို့နဲ့ လူရင်းမဟုတ်ရင် ဘယ်သူမှ ခွဲတတ်မှာမဟုတ်ပေမယ့်... “ ကျန်းရှင်းယာက ပြောသည်။
“မမ ညီမလေးပြောတာ အရင်နားထောင်ပေးလို့ရမလား” ကျန်ရှင်းယွဲ့က ကြားဖြတ်ပြောသည်။ “အခု မမမျက်လုံးကိုပဲ ကြည့်လိုက်။ နီရဲပြီး မို့အစ်နေတာပဲ။ ပြီးတော့ မမ စိတ်ညစ်နေတယ်လေ။ မနက်ဖြန် ဖွင့်ပွဲသွားတက်ရင် ပြောစရာဆိုစရာတွေ သေချာပေါက်ဖြစ်ကုန်မယ်။ နော် ဒါကြောင့် စကားသေချာပြောရအောင်။ မမ ပွဲရဲ့အလယ်မှာ တစ်ခုခုဖြစ်သွားရင် မမနာမည်ကို တော်တော်လေး ထိခိုက်မှာ။ အတင်းအဖျင်းတွေဆိုတာလည်း မြန်သပနဲ့။ မမကို အဲဒီလိုအပုပ်ချဖို့ သူတို့ကို အခွင့်အရေးပေးမယ့်အစား ဒီပွဲအတွက် ညီမလေး မမကိုယ်စား ဝင်လိုက်တာ ပိုမကောင်းဘူးလား”
“ဒါက...” ကျန်းရှင်းယာ တွန့်ဆုတ်နေသည်။
“ကဲပါ အဲဒီလိုပဲ ဆုံးဖြတ်ထားကြတာပေါ့ နော်” ကျန်းရှင်းယွဲ့က ပြုံးကာ ပြောသည်။ “နေပါဦး နေ့လည်စာ စားပြီးပြီလား။ ညီမလေး တစ်ညလုံးကားမောင်းလာတော့ ဗိုက်နည်းနည်းဆာနေတယ်။ ဟော့ဒီ ဟာနေတဲ့ ဗိုက်ထဲ တစ်ခုခုဖြည့်ဖို့ လိုနေပြီ”
“မမ တစ်ခုခုစီစဉ်ပေးဖို့ ဟိုတယ်စားသောက်ဆိုင်ကနေ တစ်ယောက်ယောက် လှမ်းခေါ်လိုက်မယ်” ကျန်းရှင်းယာက အလျင်အမြန်ပြောသည်။
နောက်တစ်နေ့
ထန်ရှု ယခုလေးတင် မနက်စာစားပြီး၍ ကြယ်ငါးပွင့် ဆန်းပေါင်ဟိုတယ်၏ ဧည့်ခန်းသို့ လာသောအခါ အနက်ရောင်ကုတ်ကို ဝတ်ထားပြီး မက်စ် (နှာခေါင်းစည်း)နှင့် နေကာမျက်မှန်တပ်ထားသော ကျန်းရှင်းယွဲ့သည် ကျန်းရှောင်ယုနှင့် ထောင့်တွင် ထိုင်နေ၏။ သူတို့က သူ့ကို မြင်သည်နှင့် အပြေးအလွှား နှုတ်ဆက်သည်။
“မင်းက ..”
ထန်ရှုသည် သေချာကြည့်လျှင် ကျန်းရှင်းယာနှင့် ကျန်းရှင်းယွဲ့ကို ခွဲတတ်သော်လည်း ဤအခိုက်အတန့်တွင် ထိုအမျိုးသမီးက မက်စ်ခ်နှင့် နေကာမျက်မှန်လည်း တပ်ထားသဖြင့် ခွဲရခက်နေ၏။
“မစ္စတာထန်၊ ရွှေခွက်အင်ပါယာဗီလာဖွင့်ပွဲကို ရှင်လည်း သွားတက်မှာမလား၊ တူတူသွားကြတာပေါ့” ကျန်းရှင်းယွဲ့က အပြုံးလေးဖြင့် ဆိုသည်။
“မင်းကြည့်ရတာ မင်းအစ်မကို ဘယ်လိုနားချရမလဲ သိတဲ့ပုံပဲ” ထန်ရှုက ပြန်ဖြေပြီး ပြုံးပြသည်။ “ဒါပေမဲ့ ငါနဲ့အတူသွားချင်ရင် ငါ့သူငယ်ချင်းဆီ သွားတာလည်း လိုက်ခဲ့ရလိမ့်မယ်။ ငါက သူနဲ့ အတူသွားဖို့ လုပ်ထားတာမလို့”
“ဒီမှာ သူငယ်ချင်းတွေ ရှိတယ်ပေါ့” ကျန်းရှင်းယွဲ့ အံ့အားသင့်သွားသည်။
“ဘာလဲ ငါက ဒီမှာ သူငယ်ချင်းမရှိရဘူးလား” ထန်ရှုက အပြုံးဖြင့် မေးသည်။
“မဟုတ်ပါဘူး ကျွန်မက ရှင်ဘာကြောင့် ချင်းလင်စီရင်စုကို လာတာလဲ သိချင်ရုံပါ” ကျန်းရှင်းယွဲ့က ကပျာကယာ လက်ခါယမ်းကာ ပြောသည်။ “ကဲ ဒါဆိုလည်း ရှင့်မိတ်ဆွေဆီ ကျွန်မကို ခေါ်သွားလည်း အဆင်ပြေပါတယ်။ ပြီးရင် ပွဲကျင်းပတဲ့နေရာကို အကုန်အတူတူ တန်းသွားလို့ရတာပေါ့”
ထန်ရှုသည် အတန်ငယ်တွေဝေနေပြီးနောက် ခေါင်းညိတ်ကာ ပြောသည်။ “ဒါဆိုလည်း အဲဒီလိုလုပ်ကြတာပေါ့”
ကျန်းရှင်းယွဲ့သည် သူမအစ်မသက်တော်စောင့်၏ ကားကို မယူဘဲ ယခုတွင် သူမ၏ယာယီ မန်နေဂျာဖြစ်၍ ရှေ့ခုံ၌ ထိုင်လိုက်သော ကျန်းရှောင်ယုနှင့်အတူ ထန်ရှုကားနောက် လိုက်သွား၏။
“ဦးလေးကြီး ဖြေးဖြေးမောင်းနော်။ မမရှင်းယွဲ့က ကားမူးတတ်လို့”
မိုအားဝူသည် ကျန်းရှင်းယွဲ့ကို တစ်ချက်ကြည့်ပြီးနောက် စကားတစ်ခွန်းမဆိုဘဲ ကားစက်နှိုးကာ ဝမ်ထောင်၏နေအိမ်သို့ လျင်မြန်စွာ မောင်းသွား၏။
ဆယ်မိနစ်ကြာသော် ကားက ဝမ်ထောင့်အိမ်ဝတွင် ရပ်လိုက်သည်။ ထန်ရှုနှင့် ကျန်းရှင်းယွဲ့ ခြံထဲ ဝင်လာသည့်အခါ ဝမ်ထောင်က တက်တက်ကြွကြွဖြင့် အိမ်အပြင်ပင် ရောက်နေလေပြီ။
“ဟမ်”
ဝမ်ထောင်သည် ကျန်းရှင်းယွဲ့ကို မြင်လျှင် မျက်လုံးများ ပုတီးစေ့တမျှ ပြူးကျယ်သွား၏။ ကျန်းရှင်းယွဲ့ ထန်ရှုနှင့်အတူ သူ့ဆီ ရောက်လာပြီးနောက်မှ သူ့မှာ အိပ်မက်မှ နိုးထလာသကဲ့သို့ စိတ်နှင့်ကိုယ်ပြန်ကပ်သွားသည်။ သူက ကမန်းကတန်း လက်ဆန့်ကာ ပြောသည်။ “ဟယ်လို မစ္စရှင်းယာ။ ကျွန်တော်က ဝမ်ထောင်ပါ။ ဝမ်ရွှယ့်ကန်းက ကျွန်တော့်အဖေပါခင်ဗျာ။ ရွှေခွက်အင်ပါယာဗီလာကတော့ ကျွန်တော်တို့မိသားစုရဲ့ ပိုင်ဆိုင်မှုပါ”
ကျန်းရှင်းယွဲ့၏မျက်ဝန်းထဲတွင် ရွှံရှာသောအရိပ်အယောင်ရှိသော်လည်း ကောင်းစွာဖုံးကွယ်ခံထားရ၏။ သူမက ဝမ်ထောင်နှင့် လက်ဆွဲမနှုတ်ဆက်ဘဲ ထန်ရှုကို ကြည့်သည်။
ဝမ်ထောင်၏ တဏှာကြီးသောအကျင့်စရိုက်နှင့် မိန်းမရှုပ်သောစရိုက်အား ထန်ရှု ကြားဖူးပြီးသားဖြစ်၍ သူက အပြုံးလေးဖြင့် ပြောလိုက်သည်။ “ကြည့်ဦး ကြည့်ဦး အလှလေးမြင်တာနဲ့ ငါ့ကို မြင်တောင်မမြင်တော့ဘူးပေါ့ ဟမ်။ ဒါတောင် ငါတို့က သူငယ်ချင်းကောင်းတွေပါလို့ မင်းပြောခဲ့သေးတယ်”
ဝမ်ထောင်သည် ငိုင်နေပြီး သူ့လက်သူ ပြန်ရုတ်ကာ ခြောက်ကပ်ကပ် ရယ်၏။ “စိတ်မကွက်ပါနဲ့ အစ်ကိုကြီးထန်ရာ။ လူတိုင်း မိန်းမလှလေးတွေကို ကြိုက်တာပဲမဟုတ်လား။ ပြီးတော့ မစ္စရှင်းယာကို ကျွန်တော် အခုလိုပထမဆုံးမြင်ဖူးတာဆိုတော့ သဘောကျမိတာလည်း ပုံမှန်ပဲမဟုတ်ဘူးလား။ ကဲကဲ အထဲဝင်ပြီး စကားလေးဘာလေး ပြောကြတာပေါ့”
“အထဲတော့ ဝင်မနေတော့ပါဘူး။ မင်းဆေးသောက်ဖို့သာ အချိန်ပေးလိုက်။ ဒါ့အပြင် ငါတို့က ရွှေခွက်အင်ပါယာဖွင့်ပွဲကို အမှီသွားရဦးမှာ။ ငါမှန်းတာမှန်ရင် သူတို့ အဲဒီမှာ ပြင်ဆင်ပြီးသင့်နေပြီ” ထန်ရှုက ပြောသည်။
ဝမ်ထောင်က တခဏစဉ်းစားပြီး ပြန်ဖြေသည်။ “ဟုတ်ကဲ့။ ဒါဆို လမ်းပေါ်မှာလည်း စကားပြောလို့ရပါသေးတယ်”
ထိုသို့ပြောပြီးနောက် ဝမ်ထောင်သည် ဗီလာထဲ ခပ်သုတ်သုတ်ပြန်မပြေးသွားခင် ကျန်းရှင်းယွဲ့ကို တစ်ချက်ခိုးကြည့်သွားခဲ့သေး၏။
ကျန်းရှင်းယွဲ့က ဝမ်ထောင်၏ကျောပြင်မှ အကြည့်လွှဲပြီးနောက် ခပ်တိုးတိုး ပြောသည်။ “ကျွန်မ သူ့ကို မကြိုက်ဘူး။ သူ့မျက်လုံးတွေမှာ တဏှာတွေပဲပြည့်နေတာ။ အဲဒီလူက လူကောင်းမဟုတ်ဘူး”
“လူတိုင်း မိန်းမလှလေးတွေကို ကြိုက်တယ်လို့ သူ ပြောခဲ့တာပဲမဟုတ်လား” ထန်ရှုက မထူးခြားသလို ပြောသည်။ “ဘယ်သူက မင်းကို ဒီလောက်လှအောင် လုပ်ပေးတာလဲ။ မင်းကို လူတွေကြည့်ကြတာ ပုံမှန်ပဲ။ ဒါပေမဲ့ မင်းပြောသလို အဲဒီအကောင်စုတ်လေးက သာမန်လူတွေထက် ပိုတဏှာကြီးတယ်။ သူ့ကို မကြိုက်ရင် ခပ်တန်းတန်းသာနေ”
“ကျွန်မ ခပ်တန်းတန်းနေမှာပါ။ ဒါပေမဲ့ ရှင့်စကားမှာ ထောက်စရာတစ်ခုရှိတယ်” ကျန်းရှင်းယွဲ့က ခေါင်းညိတ်သည်။
“ဘာလဲ” ထန်ရှုမှာ ဇဝေဇဝါ ဖြစ်သွားလေသည်။
“လူတိုင်း မိန်းမလှလေးတွေကို ကြိုက်တယ်ဆိုပေမယ့် အဲဒီစာကြောင်းက မှားတယ်။ ဘာကြောင့်ဆိုတော့ ကျွန်မဘေးက လူက အဲဒီလိုလူမဟုတ်နေလို့ပဲ” ကျန်းရှင်းယွဲ့က ပြောသည်။
“အဟမ်း အဟမ်း... “ ထန်ရှုက ချောင်းဟန့်ပြီး ထိုအကြောင်းထပ်မပြောတော့ပေ။
ရွှေခွက်အင်ပါယာဗီလာ
တောင်တက်လမ်းသည် အလွန်ကျယ်ပြီး ချင်းချန်တောင်အစွန်အဖျားက အမြင်ဆုံးတောင်ထိပ်၏အခြေရှိ ခမ်းနားကြီးကျယ်သော ဂိတ်တစ်ဂိတ်သို့ သွားရာလမ်းမနှင့် ဆက်နေ၏။ အဆိုပါဂိတ်သည် မီတာသုံးဆယ်ထက်ပိုသော အမြင့်နှင့်အကျယ်ရှိပြီး အနက်ရောင်ယူနီဖောင်းများနှင့် လုံခြုံရေးဆယ်ယောက်ကျော်က ဧည့်သည်ကားများ၏ အဝင်အထွက်ကို စစ်ဆေးနေကြသည်။
လောလောဆယ်တွင် အနက်ရောင်ဇိမ်ခံကားတစ်ကားထဲတွင် သက်လတ်ပိုင်းလူနှစ်ယောက်သည် ဒရိုင်ဘာ၏ ယာဉ်မောင်းလိုင်စင်နှင့် ကားအချက်အလက်များ အစစ်ဆေးခံနေရသည်ကို ကြည့်ရင်း ထိုင်နေ၏။ အနက်ရောင်ဇိမ်ခံကား ဂိတ်ထဲ ဖြည်းဖြည်းချင်း ဝင်လာသောအခါ တစ်ယောက်က ပြောသည်။ “ဝမ်ရွှယ့်ကန်းရဲ့ အစ်ကိုအကြီးဆုံးက ချင်းချန်ရဲ့ ဘုန်းကြီးကျောင်းရဲ့ လက်ထောက်ကျောင်းထိုင်ဆရာတော်၊ ကျောင်းရဲ့ အာဏာရှိပုဂ္ဂိုလ်တစ်ယောက်ပဲ။ ငါတို့ ချင်းချန်ဘုန်းကြီးကျောင်းကို မြေလှန်တော့မှာဆိုတော့ သူ့လည်း သတ်လိုက်ကြရအောင်”
ပါးပေါ်၌ အရုပ်ဆိုးဆိုးအမာရွတ်တစ်ခုရှိသည့် သက်လတ်ပိုင်းလူနောက်တစ်ယောက်က မျက်လုံးများ မှေးကျဉ်း၍ ပြန်ဖြေသည်။ “ဟုတ်တယ် ချင်းချန်ဘုန်းကြီးကျောင်းရဲ့ လက်ချက်ကြောင့် ငါတို့ညီအစ်ကိုခြောက်ယောက် သေခဲ့ရပြီး ငါတို့လေးယောက်ကတော့ ကံကောင်းထောက်မလို့ လွတ်မြောက်လာခဲ့တာ။ အခု လက်စားချေဖို့ ဒီနေရာကို ရောက်လာပြီဆိုမှတော့ ကြီးကျယ်သွားအောင် လုပ်ကြစို့. အကုန်လုံးကိုလည်း သတ်ပစ်ကြစို့။ ဒါပေမဲ့ လူတွေလည်း များလွန်းတယ်။ မျက်လုံးတွေလည်း များတယ်။ ဒါကြောင့် ငါတို့ သေချာစဉ်းစားဖို့လိုမယ်”
“စဉ်းစားနေစရာမလိုဘူး။ ငါ မူးယစ်နဂါးဆေးမှုန့်တချို့ ယူလာတယ်”
“ဘယ်လို” အမာရွတ်မျက်နှာက တအံ့တဩ ဆိုသည်။ “ပိုင်ကျန့် မင်းကွာ မြောင်ဝမ်ထန်ကို ဘယ်လိုယုံကြည်ပြီး အဲဒီနိုင်ငံခြားသားအဆိပ်ဗေဒပညာရှင်ဆီက မူးယစ်နဂါးဆေးမှုန့်ကို ယူလာခဲ့တာတုန်း။ ဒီကို သယ်လာတယ်တဲ့လား။ မူးယစ်နဂါးဆေးမှုန့်ကို ဒီသာမန်လူတွေအပေါ်မှာ သုံးချင်တယ်လို့တော့ မပြောနဲ့နော်။ အဲဒါ ဖြုန်းတီးလွန်းရာရောက်တယ်ကွ။ မင်းက ကြက်တစ်ကောင်ကို သားသတ်သမားရဲ့ ဓားနဲ့သတ်ဖို့ လုပ်နေသလိုပဲ”
“မူးယစ်နဂါးဆေးမှုန့်နဲ့ ဝမ်ရွှယ့်ကန်းကို သတ်တာက မတန်တာသိပေမယ့် သိပ်အများကြီးမသုံးပါဘူးဟ” ပိုက်ကျန့်က ပြန်ပြောသည်။ “ဒီနေ့ပွဲအတွက် မူးယစ်နဂါးဆေးမှုန့် ဆယ်ဖုံတစ်ဖုံပဲ သုံးရင်တောင် အဲဒီခွေးမသားဝမ်ရွှယ့်ကန်း တစ်အိုးတော့ သောက်မိဦးမှာပဲ။ သူ ကံကောင်းလို့ မသေရင်တောင်မှ လူတွေအများကြီး ဒီမှာသေကြမှာဆိုတော့ သူ ပြဿနာအကြီးအကျယ် တက်လိမ့်မယ်။ ဟီးဟီး... ပြီးရင် ဝမ်ရွှယ့်ကန်းကို ကလဲ့စားချေဖို့ သေသွားတဲ့မိသားစုဝင်တွေ အယောင်ဆောင်ပြီး ငါတို့လူတွေ လွှတ်လိုက်မယ်လေ”
“ဘယ်လောာက်ပိုင်လိုက်သလဲ” အမာရွတ်မျက်နှာက ပြောသည်။ “အဲဒီအတိုင်းသာဆို ငါတို့ ဝမ်ရွှယ့်ကန်းကို သတ်နိုင်ရုံတင်မကဘူး သူ့စီးပွားရေးကိုလည်း ဖျက်စီးနိုင်မယ်။ ဝမ်ရွှယ့်ကန်းနဲ့ သူ့မိသားစုကတော့ သေရမယ့်ကံပါနေတဲ့ပုံပဲ”
ပိုင်ကျန့်သည် ခေါင်းငြိမ့်ပြီးနောက် အေးစက်စက်မပြောခင် မြောက်ဘက်ကို ကြည့်လိုက်သည်။ “ငါတို့ညီအစ်ကိုတွေ အဲဒီကမ်းပါးကနေ ပြုတ်ကျခဲ့ရတာ ၂၄ နှစ်ရှိပြီ။ ဒါပေမယ့် ကံကောင်းပြီး ကျင့်ကြံသူဖြစ်အောင် လုပ်ပေးခဲ့တဲ့ လူနဲ့ တွေ့ခဲ့တယ်။ အခြေခံကောင်းလို့ အဆိပ်တာအိုဆရာသခင်ရဲ့ ဂိုဏ်းသားတွေလည်း အောင်အောင်မြင်မြင် ဖြစ်လာခဲ့တယ်။ ကလဲ့စားပြန်ချေဖို့ ၂၄ နှစ်လုံး ဆင်းရဲဒုက္ခခံခဲ့ရတာ။ ဒီတစ်ခေါက်တော့ ချင်းချန်ဘုန်းကြီးကျောင်းရဲ့လူတွေကို တစ်ယောက်မကျန် သုတ်သင်ရမယ်”
“အေးဆေး သုတ်သင်နိုင်မှာပါ” အမာရွတ်မျက်နှာက ပြောသည်။ “ဒီနှစ်တွေမှာ ငါတို့ထိန်းကျောင်းပေးခဲ့တဲ့ ပညာရှင်တွေအားလုံး တောင်ပေါ် ကြိုတက်ထားပြီးပြီ။ ငါတို့အမိန့်ရတာနဲ့ ချင်းချန်ဘုန်းကြီးကျောင်းကလူတွေကို ချက်ချင်း သတ်ပေးလိမ့်မယ်”
ရွှေခွက်အင်ပါယာဗီလာ၏အတွင်း၊ သုံးထပ်အရောင်းစင်တာ၏ နှစ်ထပ်ပေါ်က ကျယ်ကျယ်ဝန်းဝန်းရုံးထဲ၌ ဝမ်ရွှယ့်ကန်းသည် နာမည်ကြီးဧည့်သည်နှစ်ယောက် ရောက်လာမည်ကို မျှော်လင့်နေသောမျက်နှာဖြင့် စောင့်နေ၏။
သူသည် ဤပွဲအတွက် ချင်းလင်စီရင်စုအစိုးရ၏ အာဏာပိုင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့တော်ဝန်များနှင့် စီးပွားရေးမိတ်ဖက်များအပါအဝင် လူအတော်များများကို ဖိတ်ထားလေသည်။ စီးတီးဟဲဗီးစက်ရုံလုပ်ငန်းစုမှ ဥက္ကဌကျောက်ရှန်းမင်းပင် ဤပွဲကို လူကိုယ်တိုင်တက်ရောက်ဖို့ ကတိပေးခဲ့၏။
“သူဌေး သူဌေးကျောက် လာနေပြီပါရှင့်”
သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်က အခန်းထဲ ဝင်လာပြီး ပြတင်းပေါ်အရှေ့၌ ရပ်နေသော ဝမ်ရွှယ့်ကန်းကို ကြည့်သည်။
ဝမ်ရွှယ့်ကန်းက သူမဘက်လှည့်၍ ခေါင်းညိတ်ကာ ပြန်ဖြေသည်။ “သူ့ကို ကြိုဖို့ အခုချက်ချင်း ထွက်လာခဲ့မယ်။ VIP အခန်း ၃ ကိုလည်း ရှင်းလင်းထား။ ငါ သူဌေးကျောက်ကို အဲဒီအခန်းဆီ ခေါ်လာခဲ့မယ်”
“ဟုတ်ကဲ့ပါသူဌေး”
ကျောက်ရှန်းမင်းသည် ဗိုက်ပူပူ သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်၏။ အသောက်အစားများပြီး မိန်းမလိုက်စားသော အကျင့်များကြောင့် သူ၏အသားအရေသည် ဖျော့ဖပ်နေသည့်တိုင် သူကား ထင်ထားသည်ထက်ပို၍ အရှိန်အဝါကြီးမားသော မြို့၏အကြီးဆုံးလုပ်ငန်းစု၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူ့ဘေးတွင် လုပ်ငန်းရှင်ပေါင်းများစွာ ဝိုင်းနေ၏။ ဝမ်ရွှယ့်ကန်း သူ့ကို ကြိုဖို့ ထွက်လာသည်ကို မြင်လျှင် သူက ပြုံး၍ ပြောသည်။ “မတွေ့ရတာ လနဲ့ချီပြီနော် အစ်ကိုဝမ်။ ဒါတောင် ခင်ဗျားက ဒီလောက်တက်ကြွနေတုန်းပဲ။ ဟုတ်သား ဒီနေ့က ခင်ဗျားရဲ့ ရွှေခွက်အင်ပါယာဗီလာဖွင့်ပွဲမလား။ မကြာခင် ချက်လက်မှတ်တွေ အိတ်ထဲ ဝင်လာတော့မှာဆိုတော့ ဒီလိုတက်ကြွပျော်ရွှင်နေတာလည်း မဆန်းပါဘူးဗျာ။ ဟုတ်တယ်မလား အစ်ကိုဝမ်။ လာလာ ကျွန်တော်လည်း အစ်ကိုဝမ်ကို ကြိုဂုဏ်ပြုထားရမယ်”
***