← Chapters

နာမည်ကျော်ကြားပြန်ခြင်း

Vol. 61 Ch. 847

နာမည်ကျော်ကြားပြန်ခြင်း

Vol. 61 Ch. 847

ဝမ်ရွှယ့်ကန်းသည် မြို့တစ်ဝန်းဖြန့်ကျက်ထားသော လုပ်ငန်းစုဖြင့် ချင်းလင်စီရင်စုတွင် အချမ်းသာဆုံးဖြစ်ကောင်းဖြစ်လိမ့်မည်၊ သို့သော် ဘီလျံနာကျောက်ရှန်းမင်းနှင့် ယှဉ်လျှင် အကွာကြီးကွာနေသေးလေသည်။ ထို့ကြောင့် ဝမ်ရွှယ့်ကန်းက  လေးလေးစားစား ပြန်ဖြေသည်။ “ညီကျောက်ကတော့ နောက်ပြီ။ ကျွန်တော်က စီးပွားလုပ်ငန်းရှင်သေးသေးလေးပါဗျာ။ ညီကျောက်နဲ့ အကွာကြီးကွာပါတယ်။ ဒါပေမဲ့ မအားမလပ်တဲ့ကြားကနေ အခုလိုတက်ရောက်ပေးလို့ ကျွန်တော် ကျေးဇူးအများကြီးတင်မိပါတယ်။ ကဲဒါဆို VIP အခန်းမှာ လက်ဖက်ရည်ပြင်ထားတယ် အဲဒီသွားပြီး စကားလေးဘာလေး ‌ပြောကြစို့လား”

“ကောင်းတာပေါ့” ကျောက်ရှန်းမင်းက အပြုံးဖြင့် ပြောသည်။

သူတို့နှစ်ယောက် ဝတ္တရားအရ နှုတ်ဆက်၍ VIP အခန်းသို့ ရောက်သောအခါ ကျောက်ရှန်းမင်းသည် မေး၏။ “ရွှေခွက်အင်ပါယာဗီလာဖွင့်ပွဲကို တခမ်းတနား လုပ်ထားတာပဲနော် အစ်ကိုဝမ်။ ဒီလာတုန်းက စီးပွားရေးလုပ်ငန်းရှင်နည်းနည်းပါးပါးနဲ့ ကျွန်တော်တွေ့ခဲ့တယ်။ နာမည်ကြီးကျန်းရှင်းယာကို ဖိတ်ဖို့ ခင်ဗျားတော်တော်လေး အကုန်ကျခံထားတယ်ဆို ဟုတ်လား”

“ဟုတ်တယ် အဲဒီလူတွေက ကျွန်တော်ဖိတ်ထားတဲ့ မိတ်ဆွေတွေလေ” ဝမ်ရွှယ့်ကန်းက ပြုံးကာ ပြောသည်။ “ကျန်းရှင်းယာကိုတော့ ဖွင့်ပွဲမှာ သီချင်းဆိုပေးဖို့ ချင်းလင်စီရင်စုကို ဖိတ်ထားတာ”

“မိုက်တယ်ဗျာ အစ်ကိုဝမ်ရာ” ကျောက်ရှန်းမင်းက မျက်လုံးများကို မှေးကာ သက်ပြင်းချသည်။ “ကျွန်တော့်ကုမ္ပဏီက မနှစ်တုန်းက ဝန်ထမ်းအသစ်ကြိုဆိုပွဲလုပ်တယ်လေ။ ကျန်းရှင်းယာကို အဲဒီပွဲမှာ လာဖျော်ဖြေပေးလို့ ငွေတော်တော်များများ ကမ်းလှမ်းခဲ့ဖူးတယ်။ သူ ငြင်းလိုက်တာ ဆိုးလွန်းတာပဲ။ ဒီအပိုင်းမှာတော့ ကျွန်တော် အစ်ကိုဝမ်ကို မယှဉ်နိုင်ပါဘူး”

‘လီးကိုယှဉ်လေ..’ ဝမ်ရွှယ့်ကန်းက ကြိတ်ဆဲလိုက်သည်။ ကျောက်ရှန်းမင်းကို သူ သိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်၏။ ဤလူသည် ကျိကျိတက်ချမ်းသာသော်လည်း အလွန်ကပ်စေးနှဲသဖြင့် ကျန်ရှင်းယာကို ကမ်းလှမ်းသည့်ပမာဏအရ သူမလာလျှင်ပင် ထူးဆန်းနေလိမ့်မည်။

ဝမ်ရွှယ့်ကန်းမှာတော့ သူမအတွက် သန်းချီအကုန်ခံခဲ့ရလေသည်။ ကျန်းရှင်းယာကို အောင်အောင်မြင်မြင် ဖိတ်နိုင်ဖို့ အဆက်အသွယ်များဆီမှ အကူအညီတွေလည်း တောင်းခံခဲ့ရသည်။

အလ္လာပသလ္လာပပြောပြီးနောက် တံခါးအခေါက်ခံလိုက်ရပြီး ဝမ်ရွှယ့်ကန်း၏ သက်လတ်ပိုင်းအမျိုးသမီးအတွင်းရေးမှူးသည် ဝင်လာကာ အသံတိုးတိုးဖြင့် တင်ပြ၏။ “သူဌေး သခင်လေးဝမ်က မစ္စတာထန်ရယ်၊ စူပါစတားကျန်းရှင်းယာနဲ့အတူ အခုလေးတင် ရောက်လာပါတယ်”

ဝမ်ရွှယ့်ကန်း အံ့ဩသွားသည်။ သူ့သားနှင့် ထန်ရှုက မိတ်ဆွေအပေါင်းအသင်းဖြစ်၍ အတူလာသည်က မထူးဆန်းသော်လည်း ကျန်းရှင်းယာကရော ဘယ်နှယ့်ကြောင့် အတူပါလာသနည်း။

ထို့နောက် သူသည် ကျောက်ရှန်းမင်းကို ကြည့်၍ ပြုံးလျက် ဆို၏။ “သွားခွင့်ပြုပါဦး ညီကျောက်။ ဧည့်သည်တွေကို ကြိုစရာရှိသေးလို့ပါ။ နောက်ကျ နာမည်ကြီးလူတစ်ယောက်နဲ့ မိတ်ဆက်ပေးပါဦးမယ်”

ကျောက်ရှန်းမင်းက ဝမ်ရွှယ့်ကန်းကို တားကာ မေးသည်။ “ဒီလိုတို့လို့တန်းလန်းနဲ့ မချန်ခဲ့ပါနဲ့ဗျာ အစ်ကိုဝမ်ကလည်း အဲဒီလူက ဘယ်သူတုန်း”

“မကြာခင် သိလာရပါလိမ့်မယ်” ဝမ်ရွှယ့်ကန်းက လျှို့ဝှက်သောအပြုံးဖြင့် ပြုံးရင်း ချက်ချင်း ပြန်ဖြေသည်။

ထိုသို့ပြောပြီးနောက် သူသည် သက်လတ်ပိုင်းအမျိုးသမီးအတွင်းရေးမှူးနှင့်အတူ ခပ်သုတ်သုတ် ထွက်လာ၏။ လှေကားထစ်သို့ သူ လျှောက်လာသည့်အချိန်မှာပဲ ထန်ရှုနှင့် ကျန်းရှင်းယာက သူ့သားဝမ်ထောင်နှင့်အတူ တက်လာသည်ကို တွေ့လိုက်ရသည်။

“သူဌေးတန်၊ မစ္စကျန်း။ နှစ်ယောက်သား အနုပညာနယ်ပယ်ကနေ တစ်ယောက်ကိုတစ်ယောက် သိထားကြတဲ့ပုံပဲ” ဝမ်ရွှယ့်ကန်းက ပြုံးလျက် နှုတ်ဆက်သည်။

“ကျုပ်တို့ သိနေတာတော့ နည်နည်းကြာပါပြီ။ ဒါပေမဲ့ ချင်းလင်စီရင်စုမှာ တွေ့ရလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး” ထန်ရှုက ပြန်ဖြေသည်။

ဝမ်ရွှယ့်ကန်းက လျင်မြန်စွာ သဘောပေါက်သွားသည်။ “တစ်ယောက်နဲ့တစ်ယောက်သိထားပြီးသား ဆို‌တော့လည်း မိတ်ဆက်ပေးစရာမလိုတော့ဘူးပေါ့။ ကဲ ဒါဆို နှစ်ယောက်သား အနားယူရအောင် VIP အခန်းတွေဘက် လိုက်ပို့ပေးပါ့မယ်။ အခမ်းအနားက နောက်နာရီဝက်နေရင် စတော့မှာဆိုတော့ နှစ်ယောက်လုံးကို အားကိုးမယ်‌နော်”

“ကျုပ်ကတော့ ဒီတိုင်း ပွဲလာတက်တာပါ သူဌေးဝမ်” ထန်ရှုက ပြောသည်။ “ပွဲမှာ ကျုပ်အနေနဲ့ ကူညီနိုင်တာလည်း များများစားစား မရှိပါဘူးဗျာ။ ပြီးတော့ သီချင်းဆိုမှာက ရှင်းယာဆိုတော့ ကျုပ်အတွက် ဝင်ပါစရာလည်း မလိုပါဘူး”

“ကျွန်မကတော့ ရှင့်အတွက် ငွေရှာပေးရဦးမှာပေါ့‌နော် သူဌေး။ ဒီလိုဆိုတော့လည်း အပင်ပန်းခံရုံပဲ ရှိတော့တာပေါ့လေ” ကျန်ရှင်းယွဲ့က အပြုံးလေးဖြင့် ဝင်ပြောသည်။

သူဌေးတဲ့လား

ဝမ်ရွှယ့်ကန်းမှာ မယုံနိုင်‌သော မျက်လုံးများဖြင့် ကျန်းရှင်းယွဲ့ကို ကြည့်ကာ ... “မစ္စကျန်း သူဌေးတန်က ခင်ဗျားကုမ္ပဏီရဲ့.... “

“... ရှယ်ယာအစုနည်းနည်းပိုင်တာပါ” ထန်ရှုက ကပျာကယာ ဝင်ပြောသည်။ “ကျုပ်မိတ်ဆွေတစ်ယောက်က အဲဒီတုန်းက ရှယ်ယာနည်းနည်းဝင်ပေးဖို့ ဖိတ်ခဲ့တယ်လေ။ ကျုပ်လည်း မငြင်းနိုင်တာနဲ့ အဲ့လိုဖြစ်သွားတယ်။ သူ့ဟာသတွေ နားထောင်မနေပါနဲ့ သူဌေးဝမ်ရယ်”

ဝမ်ရွှယ့်ကန်းမှာ အတန်ငယ်ကြက်သီးဖြန်းဖြန်း ထသွားမိသည်။ ထန်ရှု့အပြောက ပေါ့ပါးသော်လည်း ကျန်းရှင်းယာအလုပ်လုပ်နေသော ဖျော်ဖြေတင်ဆက်ရေးကုမ္ပဏီကို တည်ဆောက်ခဲ့သူများ၏နောက်ခံများအား သူ သိလေသည်။ သို့ထိတိုင် .... မထင်မှတ်ဖွယ်ကောင်းစွာနှင့် ထန်ရှုနှင့် ဤလူများက မိတ်ဆွေအပေါင်းသင်းများ ဖြစ်နေ၏။ ဤလူငယ်ကို အတင်းအကြပ်ရှယ်ယာဝင်ခိုင်းနိုင်သည်အထိ ရင်းနှီးမှတော့ အလွန်ကောင်းမွန်သော ဆက်ဆံ‌ရေး ရှိလိမ့်မည်။

‘ထန်ရှုမှာ .... နောက်ခံတစ်ခု ရှိတာလည်း ဖြစ်လောက်မယ်’

ထိုအတွေးက ဝမ်ရွှယ့်ကန်း၏စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။ သူ့မျက်နှာသည် အပြုံးဖြင့် ရုတ်တရက် ဝင်းပလာပြီး ကောက်ချက်ချ၏။ “ငယ်ငယ်လေးနဲ့ သိပ်အလားအလာရှိတာပဲ သူဌေးတန်ရေ။ ကျုပ်သားကိုလည်း နည်းနည်းလမ်းပြကူညီပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်”

“မိတ်ဆွေအချင်းချင်းပဲ ကူညီရမှာပေါ့ဗျာ” ထန်ရှုက ခေါင်းညိတ်သည်။

ဤသို့ဖြင့် အလ္လာပသလ္လာပြောပြီးနောက် VIP အဆောင်ဘက်သို့ သူတို့ ရောက်လာကြသည်။ လက်ဖက်ရည်နှင့် အချိုပွဲများ ချပေးနေစဉ် ဝမ်ရွှယ့်ကန်းက ပြုံးပြုံးဖြင့် ဆိုသည်။ “ဒီနေရာမှာ နားနားနေနေ စကားပြောကြပါဦး ဂုဏ်သရေရှိ လူကြီးမင်းများနဲ့အမျိုးသမီးတို့။ ကျုပ်တော့ သွားကြိုစရာဧည့်သည့်တွေ ရှိသေးလို့ သွားလိုက်ဦးမယ်။ ထောင် ၊ မစ္စတာတန်နဲ့ မစ္စကျန်းကို သေသေချာချာဧည့်ခံနော်၊ လိုအပ်တာမှန်သမျှ လိုက်လုပ်ပေးလိုက်”

“နားလည်ပါပြီ အဖေ” ဝမ်ထောင်က ကျန်းရှင်းယာကို တစ်ချက်လှမ်းကြည့်ကာ ပြန်ဖြေသည်။

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဖွင့်ပွဲအား ကျင်းပလေပြီ။ ယခုတွင် ကျန်းရှင်းယွဲ့သည် အခမ်းအနားမှူးဖြစ်သလို၊ သူမအစ်မကိုယ်စား သီချင်းဆိုလိမ့်မည်။ သူမ အ‌ရောင်းစင်တာ၏ ဝင်ပေါက်တွင် ပေါ်လာသောအခါ လူပေါင်းများစွာ အားပေးကြွေးကြော်ကြ၏။ စူပါးစတားတစ်ယောက်၏ လွှမ်းမိုးမှုကြောင့် အနည်းဆုံးထောင်ဂဏန်းမျှ ဤပွဲသို့ တက်ရောက်လေသည်။

ကျန်းရှင်းယွဲ့သည် သူမအစ်မကျန်းရှင်းယာ မဟုတ်သော်လည်း နည်းနည်းလေးမှ စိတ်လှုပ်ရှားနေပုံမပေါ်ဘဲ အပြုံးလေးဖြင့် မိုက်ခ်ကို ယူလိုက်၏။ “မင်္ဂလာပါ လူကြီးမင်းတို့... “

စကားပြောပြီးနောက် ကျန်းရှင်းယွဲ့သည် မိုက်ခ်အား သူမဘေးရှိ ဝမ်ရွှယ့်ကန်းဆီ ကမ်းပေး၏။ ‌‌ရွှေခွက်အင်ပါယာဗီလာ၏ ပိုင်ရှင်ဖြစ်သည်နှင့်အညီ ဝမ်ရွှယ့်ကန်းက အဖွင့်အမှာစကားပြောသည်။ “မစ္စရှင်းယာပြောသွားတာကို ထပ်မပြောတော့ပါဘူး‌ဗျာ။ ဒါပေမဲ့ ခင်ဗျားတို့အားလုံး ပေးခဲ့တဲ့ အကူအညီတွေအတွက် ကျုပ် ကျေးဇူးတင်မိပါတယ်။ ပြီးတော့ ဒီပွဲကို မအားမလပ်တဲ့ကြားက တကူးတက လာရောက်တက်ရောက်ပေးတဲ့ နာမည်ကြီးဧည့်သည်တွေနဲ့လည်း မိတ်ဆက်ပေးချင်ပါတယ်။ ကျုပ်ဘေးကလူကတော့ မြို့တော်ဝန်ပါ...”

“ဒီတစ်ယောက်ကတော့ အောင်မင်္ဂလာရွှေလုပ်ငန်းစုရဲ့ ပိုင်ရှင် ကျောက်ရှန်းမင်းဖြစ်ပါတယ်....

“ဒီလူကတော့ ကျုပ်တို့ ချင်းလင်စီရင်စုရဲ့ စီးပွားရေးရာဝန်ကြီးဌာနခေါင်းဆောင် စီရင်စုအကြီးအကဲပါ.... “

“ကဲ နောက်ဆုံးအနေနဲ့ သိပ်ကျော်ကြားတဲ့ ဧည့်သည်တစ်ယောက်နဲ့ ခင်ဗျားတို့အားလုံးကို မိတ်ဆက်ပေးပါ့မယ်....”

ဝမ်ရွှယ့်ကန်းသည် ဤနေရာအထိ စကားပြောပြီးနောက် လူတိုင်း ခန့်မှန်းကြည့်နိုင်အောင် ချက်ချင်း ရပ်လိုက်သည်။ သို့သော် ဤအခိုက်အတန့်တွင် ဝမ်ရွှယ့်ကန်း၏အမူအရာတစ်ခုတည်းကတင် ဤအထူး VIP သည် သာမန်လူမဟုတ်ကြောင်း ပြောနိုင်ကြသဖြင့် လူပေါင်းထောင်ချီ အံ့အားသင့်ကုန်ကြ၏။ ကျောက်ရှင်းမင်း၊ အရာရှိများနှင့် မြို့တော်ဝန်ပင် အတော်လေး အံ့ဩသွားဟန်တူသည်။

ဝမ်ရွှယ့်ကန်းသည် လူတန်းကြီး၏အဆုံးအထိ လျှောက်သွားပြီး ထန်ရှုဆီ လာသည်။ သူက ထန်ရှုကို  သူရပ်နေခဲ့သောနေရာသို့ ဆွဲခေါ်သွားကာ စိတ်လှုပ်တရှားဆိုလေသည်။ “ဒီလူက ဟိုးအဝေးကြီးက လာတဲ့ ဧည့်သည့်တစ်ယောက်ပါ။ ခမ်းနားသောထန်လုပ်ငန်းစုရဲ့ ပိုင်ရှင် မစ္စတာထန်။ သူ့ကို ကြင်နာတတ်တဲ့ နှလုံးသားနဲ့ အရည်အချင်းရှိတဲ့ ဆရာဝန်အဖြစ်လည်း လူသိများကြပါတယ်။ နတ်ဆေးသမားတော် ထန်ရှုတဲ့လေ”

ထန်ရှုတဲ့လား

ထိုအခိုက်တွင် မြို့တော်ဝန်နှင့် ကျောက်ရှန်းမင်းဆီမှ တအံ့တဩရေရွတ်သံများအပါအဝင် လူအုပ်ကြီး အုံးအုံးကျွက်ကျွက် ဆူညံသွားသည်။ ခမ်းနားသောထန်လုပ်ငန်းစု၏ ဂုဏ်သတင်းသည် တစ်ရက်ပြီးတစ်ရက် ပိုမိုအောင်မြင်လာခဲ့၏။ စီရင်စုတွင် မသိသူမရှိသည်အထိပင် ထင်ရှားကျော်ကြားလာခဲ့လေသည်။ ၎င်း၏ဥက္ကဋ္ဌက ဤနေရာသို့ ရောက်လာခဲ့ချေပြီ။ မည်မျှမထင်မှတ်ထားဖွယ်ကောင်းသနည်း။

ထို့အပြင် ဤနေရာရှိ လူတိုင်းနီးပါး နတ်ဆေးသမားတော်လေး ထန်ရှုအကြောင်း ကြားဖူးကြသည်။ နတ်ဆေးသမားတော်ထန်ရှု၏နာမည်သည် အဓိကမီဒီယာများ၏ နဖူးစည်းကို အမြဲသိမ်းပိုက်ထားခဲ့ပြီး မရေမတွက်နိုင်သောလူများ၏ လေးစားရိုသေမှုကိုလည်း ရရှိခဲ့လေသည်။

“ဘုရားဘုရား။ ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံကြီးရဲ့ နတ်ဆေးသမားတော်လေး ထန်ရှုက ခမ်းနားသောထန်လုပ်ငန်းစုရဲ့ ပိုင်ရှင်လည်း ဖြစ်နေမယ်လို့ မထင်ထားဘူး။ ချင်းလင်စီရင်စုရဲ့ အချမ်းသာဆုံးမိသားစုကတော့ တကယ်နာမည်အတိုင်းပဲဟေ့။ နတ်ဆေးသမားတော်လို နာမည်ကြီးတစ်ယောက်ကို ဒီပွဲလာတက်အောင် ဖိတ်နိုင်တယ်”

“ဒါ သတင်းကြီးပဲဟေ့။ ဒီလိုနာမည်ကြီးဆယ်လီတစ်ယောက်ကို မြင်လိုက်ရမှတော့ ငါ့ဘဝတော့ အလကားမဖြစ်တော့ဘူး”

“ငါတော့ ဒီနေ့ ဒီကို လာခဲ့တာ တော်တော်ကံကောင်းတာပဲ။ မဟုတ်ရင် ဒီလောက်အံ့ဩစရာကောင်းတဲ့လူတစ်ယောက်ကို ဘယ်လိုလုပ်မြင်ရတော့မှာလဲ”

“တကယ်အံ့ဩစရာကြီးဟေး။ ခမ်းနားသောထန်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌက ဒီလောက်ငယ်ပေမယ့် တရုတ်တိုင်းရင်းဆေးရုံးကြီးရဲ့ နတ်သမားတော်လေးလည်း ဖြစ်နေမယ်လို့ ထင်မထားဘူး။ သူက ငါ့အိုင်ဒေါကွ မင်းသိလား”

“မယုံနိုင်အောင်ပဲ....”

“..”

ထန်ရှုမှာ စင်မြင့်အောက်ရှိ စိတ်လှုပ်ရှားနေသောမျက်နှာများကို မြင်လျှင် မပြုံးချင်ပြုံးချင်သာ ပြုံးပြနေကြသည်။ သူသည် ဤနေရာသို့ ပိုးနီပန်းအတွက် လာခဲ့သော်လည်း ယခုတော့ လူရှေ့သူရှေ့ မျက်နှာထွက်ပြန်ရပြလေပြီ။ သူ၏နာမည်ဂုဏ်သတင်းနှစ်ခုလုံး တစ်ပြိုင်တည်းပင် မိတ်ဆက်ခံလိုက်ရသည်။ ထိုအခြင်းအရာကြောင့် သူ့မှာ သိုသိုသိပ်သိပ် နေချင်လျှင်တောင် နေမရတော့ပေ။

“ကဲ နောက်အပိုင်းအတွက် သူဌေးထန် အမှာစကားလေးဘာလေး ပြောပေးပါဦး” ဝမ်ရွှယ့်ကန်းက ပြုံးလျက်ပြောသည်။

“သူဌေးဝမ် ဒါက နည်းနည်းမသင့်တော်ရာမရောက်ဘူးလား” ထန်ရှုက ကပျာကယာပြောသည်။ “ဒီမှာ မြို့တော်ဝန်ရော၊ အရာရှိတွေရော၊ လုပ်ငန်းရှင်တွေ‌ ရှိနေတယ်လေ။ ကျုပ်လိုလူ ဒီနေရာမှာအမှာစကားပြောဖို့က .... “

ကျောက်ရှန်းမင်းသည် မြို့၏ အချမ်းသာဆုံး၊ အင်အားအကြီးဆုံးဖြစ်၍ အလွန်မာနကြီး၏။ လူတစ်ဆုပ်မျှကိုသာ သူ ကြည့်ရပြီး စိတ်တိုင်းကျသူမှာလည်း နည်းပါးသည်။ သို့သော် သူသည် ထန်ရှုကို အမှန်တကယ်လေးစားသူ ဖြစ်၏။ ထန်ရှုက ခမ်းနားသောထန်လုပ်ငန်းစု၏ပိုင်ရှင် ဖြစ်၍ကြောင့်သာမက တရုတ်တိုင်းရင်းဆေးအရာ၌ သူ၏အောင်မြင်မှုများကြောင့်လည်း ပါသည်။

ထို့ကြောင့် ကျောက်ရှန်းမင်းသည် ရှေ့တစ်လှမ်းတက်ကာ အပြုံးဖြင့် ပြော၏။ “သူဌေးထန်က အဝေးကြီးက လာခဲ့ရတာဆိုတော့ ကျုပ်တို့ရဲ့ အထူးဧည့်သည်တော်ပါဗျာ။ ခင်ဗျားမှ စကားပြောဖို့ မထိုက်တန်ရင် ကျုပ်တို့တစ်ယောက်မှ ဒီနေရာမှာ စကားမပြောရဲတော့မှာ စိုးရွံ့မိပါတယ်”

ထန်ရှုက ပြုံး၍ ခေါင်းခါလိုက်သည်။ “အာ သူ‌ဌေး‌ကျောက်တောင် ဒီလိုပြောမှတော့ ကျုပ်လည်း သတ္တိလေးမွေးပြီး စကားနည်းနည်းပြောရတော့မယ်ထင်တယ်။ ဒီလိုမိတ်ဆွေတွေနဲ့ ဆုံတွေ့ခွင့်ရလို့ ရွှေခွက်အင်ပါယာဗီလာဖွင့်ပွဲကို တက်ရောက်ရတာ အင်မတန် ကံထူးသလို ခံစားရပါတယ်ခင်ဗျာ။ ဒီလိုစကားပြောခွင့်ရတာလည်း အင်မတန် ဝမ်းသာမိပါတယ်။ ဒီဗီလာရဲ့ ဖွင့်ပွဲ အောင်မြင်စွာ ပြီးဆုံးပါစေလို့ ကျုပ် စိတ်ရင်းနဲ့ ပြောချင်ပါတယ်ဗျ။ ဒီဗီလာလည်း ထင်ရှားကျော်ကြားလာပြီး ဝယ်ယူသူတွေ မျက်စိကျပါစေလို့လည်း ကျုပ် ဆုတောင်းပေးပါတယ်။ ကဲ ဒီလောက်ပါပဲဗျာ။ ကျေးဇူးတင်ပါတယ်”

ဝမ်ရွှယ့်ကန်းက ထန်ရှုကမ်းပေးသော မိုက်ခ်ကို ယူ၍ စိတ်လှုပ်ရှားစွာ ပြောသည်။ “မစ္စတာထန်ဆီက ဒီလိုမင်္ဂလာရှိတဲ့စကားတွေနဲ့အတူ ဟော့ဒီရွှေခွက်အင်ပါယာဗီလာကို ဝယ်သူလို့ရပါပြီလို့ ကြေညာပါတယ်။ ဗီလာကို ဝယ်ယူဖို့ စိတ်ဝင်စားတဲ့ မိတ်ဆွေတွေ၊ ဧည့်သည်တွေအနေနဲ့ ကျုပ်တို့ရဲ့ အရောင်းစင်တာကို သွားရောက်နိုင်တယ်ခင်ဗျာ။ ပြီးတော့ မနက်ခင်းမှာ ဗီလာတစ်ခု ဝယ်ယူတဲ့ လူကြီးမင်းတို့အားလုံးကို နေ့လည် ၁၂ နာရီမှာ ကျင်းပမယ့် နေ့လည်စာစားပွဲကို တက်ရောက်ဖို့ ဖိတ်မန္တကပြုလိုပါတယ်။ အဲဒီမှာ ကျုပ်တို့ရဲ့ နာမည်ကြီးအဆိုတော် မစ္စကျန်းရှင်းယာက သီဆိုဖျော်ဖြေပါလိမ့်မယ်ခင်ဗျာ”

များမကြာမီ ဝမ်ရွှယ့်ကန်းနှင့်အခြားသူများသည် အရောင်းစင်တာထံမှ VIP နားနေဆောင်သို့ ပြန်လာကြ၏။ အတော်များများက ထန်ရှု၏နာမည်ဂုဏ်သတင်းကြောင့် ထန်ရှုထံ လာရောက်မိတ်ဆက်ကြသည်။ ထို့နောက် ထန်ရှုမှာ နားနေဖို့ ဝမ်ထောင်နှင့်အတူ ခေါင်းမိုးထပ်သို့ ခိုးထွက်လာရတော့သည်။

“မင်းအဖေက တော်တော်စီးပွားရေးလုပ်တတ်တာပဲ” ထန်ရှုက စီးကရက်ကို မီးညှို၍ ခေါင်းမိုးထပ်တွင် တင်ပျဉ်ခွေထိုင်ပြီးနောက် ပြောသည်။

“သူဘယ်လောက် အကွက်မြင်တတ်မြင်တတ် အစ်ကိုကြီးထန်ကိုတော့ မယှဉ်နိုင်ပါဘူး” ဝမ်ထောင်က အပြုံးဖြင့် ပြောသည်။ “အစ်ကိုကြီးရဲ့ ကုမ္ပဏီ ခမ်းနားသောထန်လုပ်ငန်းစုက ကျွန်တော်အပါအဝင် လူတိုင်းရဲ့နားထဲမှာ မိုးခြိမ်းသံလိုပဲ သိလား။ အစ်ကိုကြီးရဲ့နောက်ခံကို သိသိချင်းချင်း အဖေ ဘယ်လောက်မြန်မြန်မျက်နှာပြောင်းသွားတာကိုရော မြင်လိုက်လား”

“ဟားဟားဟား” ထန်ရှုက ရယ်လျက် တုံ့ပြန်သည်။

နှစ်ယောက်သား အတန်ကြာစကားပြောနေကြ၏။ ၁၂ နာရီထိုးခါနီးမှ ခေါင်းမိုးထပ်မှ ဆင်းလာပြီး နေ့လည်စာတည်ခင်းဧည့်ခံမည့် ခန်းမသို့ သွားလိုက်ကြလေသည်။

***

All Chapters