← Chapters

အသက်သခင်ကျေးဇူးရှင်

Vol. 61 Ch. 848

အသက်သခင်ကျေးဇူးရှင်

Vol. 61 Ch. 848

နေ့လည်စာစားပွဲအတွက် ခန်းမထဲသို့ ထန်ရှုတို့ ဝင်လာသည့်အခါ ဧည်သည့်တစ်ရာကျော်နီးပါး ထိုင်နေကြလေပြီ။ ဝန်ထမ်းက သူတို့ကို ဝမ်ရွှယ့်ကန်းထိုင်စောင့်နေသော စားပွဲဝိုင်းသို့ ခေါ်သွားသည်။ ဝမ်ရွှယ့်ကန်းက ကမန်းကတန်း ထကာ ပြုံးလျက် ပြောသည်။ “သူဌေးထန်၊ မစ္စကျန်း ကျေးဇူးပြုပြီး ထိုင်ကြပါ”

ကျန်းရှင်းယွဲ့က ဣန္ဒြေရရထိုင်လိုက်‌‌‌သော်လည်း ထန်ရှုက ချက်ချင်း မထိုင်။ ခန်းမထဲ ဝင်ဝင်ချင်း ရင်းနှီးနေ‌သောအနံ့ကို သူ ရလိုက်သော်လည်း မည်သည့်အရာမှန်း မမှတ်မိပေ။ သူသည် စကားလက်ဆုံကျနေ‌သော ဧည်သည့်တစ်ရာနီးပါးကို မျက်လုံးဝေ့ကြည့်ပြီး မျက်မှောင်ကြုတ်နေ၏။

အနံ့၏ အရင်းအမြစ်ကို သူ မတွေ့ခဲ့သော်လည်း သူ၏ဆဋ္ဌမအာရုံက မူမမှန်မှုကို ခံစားလိုက်ရ၍ သူ့အား နိုးကြားသွားစေသည်။

“ဘာဖြစ်လို့လဲ သူဌေးတန်”

အံ့လည်း အံ့ဩ၊ တစ်မျိုးလည်းဖြစ်နေ‌သော အမူအရာဖြင့် ဝမ်ရွှယ့်ကန်းသည် ထန်ရှုကို မသင်္ကာသလို ကြည့်၏။

ထန်ရှုက အတန်ကြာနှုတ်ဆိတ်နေပြီးနောက် ဖြည်းဖြည်းချင်း ထိုင်သည်။ ထို့နောက် သူက ခေါင်းခါကာ ပြောသည်။ “ဘာမှမဟုတ်ပါဘူး။ ရင်းနှီးနေတဲ့ အနံ့ကို ရသလိုလိုရှိလို့ပါ”

ဝမ်ရွှယ့်ကန်းက တဟားဟား ရယ်ကာ ထိုင်လိုက်သည်။ “မစ္စတာထန်က ဒီနေရာနဲ့ ရင်းနှီးနေတယ်ဆိုမှတော့ ကျုပ်နေရာကို သဘောကျတယ်လို့ ဆိုလိုတာပေါ့နော်။ သဘောကျတယ်ဆို ကျုပ်ရဲ့ ရွှေခွက်အင်ပါယာဗီလာမှာ ဗီလာချန်ထားပေးပါ့မယ်။ ဒီကို လာပေးတဲ့အတွက် လက်ဆောင်အနေနဲ့ ကြိုက်တဲ့ဗီလာကိုသာ ရွေးလိုက်ပါ”

“ရပါတယ်ဗျာ။ စေတနာအတွက် ကျေးဇူးတင်ပါတယ် မစ္စတာဝမ်” ထန်ရှုက ခေါင်းခါသည်။ “တစ်ခုခုရှိရင်တောင် ကျုပ်အနေနဲ့ ဒီမှာ ခဏတဖြုတ်ပဲ နေနိုင်တာဆိုတော့ ဗီလာတစ်ခုပိုင်ထားရင်တောင်မှ နေစရာအချိန်မရှိပါဘူး”

ဝမ်ရွှယ့်ကန်းသည် ခေါင်းညိတ်ရုံသာ ညိတ်၍ ဆက်ပြောခြင်းမပြုတော့ပေ။

တခဏကြာသော် ထန်ရှုဘေးတွင် ထိုင်နေ‌သော ကျန်းရှင်းယွဲ့မှာ စင်မြင့်ပေါ်သို့ ဖိတ်ခေါ်ခံရသည်။ သူမသည် ဧည့်သည်အားလုံးအတွက် သီချင်းသုံးပုဒ်ဆို၏။ သူမအသံက အလွန်လှပပြီး သီချင်းဆိုသောပုံစံမှာ အစ်မဖြစ်သူ ကျန်းရှင်းယာနှင့် အတန်ငယ်မတူသော်လည်း ပရိသတ်ထဲတွင် ဂီတပညာရှင်တစ်ယောက်မှ မပါ၍ မခွဲတတ်ပေ။

သီချင်းအဆိုကဏ္ဍ ပြီးဆုံး၍ အရန်အဆိုတော်များ စင်ပေါ် တက်လာသောအခါ ကျန်းရှင်းယွဲ့သည် ထန်ရှုဘေးခုံသို့ ပြန်လာပြီး ထိုင်လိုက်၏။ သို့သော် သူမမျက်ဝန်းများက အတန်ငယ်ထူးခြားနေပြီး မည်သူမှ မကြားနိုင်သော အသံဖြင့် တိုးတိုးမေးလိုက်သည်။ “ထန်ရှု ဘာဖြစ်လို့လဲ။ ရှင် ဒီရောက်လာကတည်းက စိတ်နဲ့ကိုယ်မကပ်သလိုပဲ”

“အနံ့တစ်ခု ရလား” ထန်ရှုက မျက်မှောင်ကြုတ်လျက် မေးသည်။

အနံ့တဲ့လား

“စောစောကလည်း ရှင် ရင်းနှီးတဲ့အနံ့ရတယ်လို့ မစ္စတာဝမ်ကို ပြောခဲ့တယ်မဟုတ်လား” ကျန်းရှင်းယွဲ့က ပြောသည်။ “ဒါပေမဲ့ ကျွန်မတော့ ဘာအနံ့မှမရပါဘူး။ အခုတင် အစားအသောက်တွေ လာချထားတာဆိုတော့ ရှင်အနံ့ခံကောင်းလွန်းလို့ ရလိုက်တာလည်း နေမှာပေါ့”

“မဟုတ်ဘူး” ထန်ရှုက ခေါင်းခါကာ ပြောသည်။ “ငါတို့ ခန်းမထဲ ဝင်ဝင်ချင်း အနံ့တစ်ခုရှိနေတယ်။ အနံ့က ခပ်ပြင်းပြင်းဆေးနံ့၊ ဆေးဟင်းရည်တွေထဲမှာ ဆေးပင်တွေ ထည့်သုံးထားရင် ပုံမှန်ဆို ငါ ပြောနိုင်တယ်။ အခု အဲဒီအနံ့ကို သိပ်ရင်းနှီးနေပေမယ့် ဘာဆေးပင်မှန်း ဘာကြောင့်မှန်း ငါ မပြောနိုင်ဘူး”

“အဲဒီလောက်ထူးဆန်းတာလား” ကျန်းရှင်းယွဲ့ အံ့အားသင့်သွားသည်။

ထန်ရှုသည် တခဏတိတ်ဆိတ်သွားသော်လည်း သူ ခံစားနေရသော အန္တရာယ်က ပိုမိုအားကောင်းလာည်။ စားပွဲဝိုင်းရှိ လူတိုင်းနှင့် ခွက်ချင်းတိုက်ပြီး လျှောက်ပတ်ကြည့်ဖို့ ဆင်ခြေတစ်ခုရှာရန် တွေးနေသည့်အချိန်မှာပင် သူ၏အမူအရာသည် ပြောင်းလဲသွားပြီး သူ့မျက်လုံးများက ခန်းမ၏ဝင်ပေါက်သို့ ရောက်ရှိသွား၏။

အသားနှပ်များ သယ်လာသော ဝန်ထမ်းတစ်ဒါဇင်ကျော်ရှိပြီး သူတို့အနားရောက်လာလေလေ အနံ့က ပြင်းလာလေလေဖြစ်သည်။ အနံ့သည် ထန်ရှု အသက်ရှူမသွင်းဘဲနှင့်တောင်မှ သူ့နှာခေါင်းထဲ ဝင်ရောက်လာ၏။

“အနံ့ရလား” ထန်ရှုက ကျန်းရှင်းယွဲ့ဘက် လှည့်ကာ တိုးတိုးမေးသည်။

“ဘာအနံ့လဲ” ကျန်းရှင်းယွဲ့က ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် ထန်ရှုကို ကြည့်ကာ ပြန်မေးလေသည်။ “ဘာကို အနံ့ရလို့လဲ။ စောစောက ရင်းနှီးတဲ့အနံ့ပဲလား။ မရဘူး... ငါ ဘာလို့ ဘာအနံ့မှမရတာလဲ”

ထန်ရှု၏အမူအရာ ပြောင်းလဲသွားပြီး သူက ငေါက်ခနဲ ထရပ်သည်။ သူသည် အသားနှပ်ပွဲများ သယ်လာသော ဝန်ထမ်းများ၏ လမ်းအရှေ့တွင် ပိတ်ရပ်၍ မေးလိုက်ရာ ခန်းမထဲရှိ ဧည့်သည်တစ်ရာကျော်ခန့်မှာ အံ့အားသင့်သွားပြီး တိတ်ဆိတ်သွားကြ၏။ “ဒီအသားနှပ်ဟင်းကို ငါ အရင်မြည်းလို့ရမလား”

“ဗျာ ဘယ်လို” ဝန်ထမ်းမှာ ထန်ရှု၏နောက်ခံကို သိသော်လည်း နာမည်ကြီးသော နတ်ဆေးသမားတော်ထန်ရှုက ထိုမျှထူးဆန်းဆန်းတောင်းဆိုခြင်းကြောင့် ဆွံ့အသွားလေသည်။

ဝမ်ရွှယ့်ကန်းမှာ ဘာဖြစ်နေမှန်းမသိသော်လည်း ချက်ချင်း ထလာပြီး ထန်ရှုကို မေးသည်။ “ဘာဖြစ်နေတာလဲ မစ္စတာထန်”

“ကျုပ် ဒီအသားနှပ်ဟင်းကို အရင်ဆုံးမြည်းရလိမ့်မယ်” ထန်ရှုက ပြောသည်။

“မစ္စတာထန်၊ ဗိုက်ဆာနေရင်တောင်မှ ဒီလိုလုပ်ဖို့တော့ မလိုဘူးမလား” ဝမ်ရွှယ့်ကန်းက အပြုံးဖြင့် ပြောသည်။ “ဒီဟင်းကို ကြိုက်ရင် ကျုပ် ခင်ဗျားအတွက် များများပို့ခိုင်းလိုက်ပါ့မယ်”

ထန်ရှုက ခေါင်းခါကာ အိုးအဖုံးကို ဖွင့်လိုက်သည်။ ထနေသောအငွေ့များထံမှ ဆေးပင်တချို့၏အနံ့ကို ရလိုက်သည့်အခါ သူ့နှလုံးသားတုန်ရီသွားလေသည်။

“ဇင်အစေ့နက်၊ ကျူပင်သေ၊ ကင်းမြီးကောက်သစ်သီး....”

ထန်ရှုသည် ချက်ချင်း မျက်နှာပျက်သွားပြီး အခိုင်အမာကြေညာလိုက်၏။ “ဒီဟင်းပွဲ အဆိပ်ခတ်ခံထားရတယ်”

“ဘယ်လို”

ထန်ရှုစကားကို ကြားပြီးနောက် ခန်းမအတွင်းရှိ လူတိုင်း အထိတ်တလန့် ထရပ်လိုက်ကြသည့်အချိန် ဝမ်ရွှယ့်ကန်းက အလျင်အမြန် ပြောသည်။ “မှားများမှားနေသလား မစ္စတာထန်။ ဒီဟင်းက ဘယ်လိုလုပ်အဆိပ်ရှိမှာလဲ။ စီရင်စုထဲက စားဖိုမှူးတွေကိုပဲ ဖိတ်ထားတာလေ၊ သူတို့က ဘယ်လိုလုပ်အဆိပ်ခတ်မှာတုန်း”

ကျန်းရှင်းယွဲ့သည် ထန်ရှုဘေးသို့ အပြေးအလွှားရောက်လာကာ ပြောသည်။ “ဒီလိုမဟုတ်မမှန်မပြောနဲ့လေ ထန်ရှု။ ဒီအသားနှပ်က အဆိပ်ရှိတယ်လို့ ရှင် အတပ်ပြောနိုင်လို့လား”

“ဟုတ်တယ် မနောက်ကောင်းဘူးနော် အစ်ကိုထန်” ဝမ်ထောင်ကလည်း ကမန်းကတန်း ပြောသည်။

ထန်ရှု၏မျက်လုံးများ အေးစက်သွားသည်။ “ဒီခန်းမထဲ ဝင်ကတည်းက ဒီအနံ့ကို ငါ တန်းရခဲ့တာ။ ဘယ်ကလာမှန်း မသိပေမယ့် အခုတော့ သိသွားပြီ။ ဒီအနံ့က ခင်ဗျားတို့အားလုံးရဲ့အရှေ့က အသားနှပ်ဆီက လာနေတာပဲ”

“ဇင်အစေ့နက်က အေးစိမ့်နေတဲ့ ယင်မြေကြီးမှာ ပေါက်တဲ့ အဆိပ်အပင်တစ်ပင်ပဲ။ အဲဒီအစေ့ရဲ့အမျှင်လေးတစ်မျှင်ကတောင် ဝေလငါးတစ်ကောင်ကို သတ်နိုင်တဲ့အထိ အဆိပ်ရှိတယ်”

“ကျူပင်သေကတော့ ပုပ်ဆွေးနေတဲ့အလောင်းတွေအပေါ်မှာ ပေါက်တာ။ အထူးသဖြင့် နှလုံးနေရာမှာ။ ဒီကျူပင်သေ ကြီးထွားလာဖို့အတွက် ခုနစ်ပတ်တိုင်တိုင် သွေးနဲ့ လောင်းပေးဖို့ လိုအပ်တယ်”

“ကင်းမြီးကောက်သစ်သီးမှာတော့ အဆင့်မြင့်အဆိပ်ဓာတ်တွေ ပါတယ်။ သစ်သီးရဲ့အရောင်က မီးခိုး‌ရောင်ဖြစ်ပြီး ကင်းမြီးကောက်နဲ့ ဆင်တယ်။ သစ်သီးက အင်မတန်အေးတဲ့ ဒေသတွေမှာပဲ သီးတာ”

ထန်ရှုသည် ဤနေရာအထိ ရှင်းပြပြီးသောအခါ လက်သီးဆုပ်ပြီးနောက် ဆယ်စက္ကန့်ခန့် တိတ်ဆိတ်သွားသည်။ “ဒီအင်မတန် အဆိပ်ပြင်းတဲ့ ပါဝင်ပစ္စည်းသုံးမျိုးကို လူပေါင်းရာချီသတ်နိုင်တဲ့ အဆိပ်တစ်ခုအဖြစ် ဖော်ဆောင်ဖို့ အသုံးပြုလို့ရတယ်။ ဒါပေမဲ့ ဒီဟင်းမှာ အဆိပ်ရှိတဲ့ တခြားဆေးပင်တွေလည်း ရောနေလောက်တယ်။ ဒါပေမဲ့ ကြောက်စရာအကောင်းဆုံးက ဒီဆေးပင်တွေမဟုတ်ဘူး.... ရေနဂါးနှလုံးသွေးပဲ”

“အစ်ကိုကြီးပြောတာက သိပ်မထူးဆန်းလွန်းဘူးလား” ဝမ်ထောင်က မေးသည်။ “ကျွန်တော် တစ်ခါမှ မကြားဖူးတဲ့ အဆိပ်တွေကို အသာထား၊ ရေနဂါးရဲ့နှလုံးသွေးက တည်တောင်မတည်ရှိဘူးလေ။ ဘယ်လိုလုပ် ဒီကမ္ဘာမှာ ရေနဂါးနှလုံးသွေးကို ရှာနိုင်မှာလဲ”

ထန်ရှုက သူ့ကို သနားစရာလူသဖွယ် ကြည့်ကာ ပြောသည်။ “မင်းတစ်ခါမှ မကြားဖူး၊ မမြင်ဖူးတာနဲ့ပဲ မတည်ရှိဘူးလို့ မဆိုလိုဘူးကွ။ ရှေးဟောင်းတိုင်းရင်းဆေးမှတ်တမ်းတွေမှာ ငါ ဒီအဆိပ်အကြောင်း ဖတ်ထားပြီးသား။ သူ့နာမည်က မူးယစ်နဂါးဆေးမှုန့်။ မူးယစ်နဂါးဆေးမှုန့်ရဲ့ အမှုန့်လေးတစ်ဖုံကို ရေတစ်ခွက်နဲ့ ရောပြီး အသားဟင်းထဲ ထည့်လိုက်ရင် ဒီနေရာက လူတိုင်းကို အဆိပ်ခတ်နိုင်တာ မင်းသိလား”

ခန်းမထဲရှိ လူတိုင်းမှာ ရုတ်တရက် အလွန်အောဂလီဆန်လာကြပြီး သူတို့ရှေ့ရှိ ဟင်းခွက်ကို ကြည့်ရင်း ကြောက်စရာမြေပွေးများအား ကြည့်နေရသကဲ့သို့ ခံစားလာရတော့သည်။

“သွား တိရစ္ဆာန်တစ်ကောင် သွားရှာချည်။ ကြောင်ဖြစ်ဖြစ် ၊ ခွေးဖြစ်ဖြစ်၊ ကြက်ဖြစ်ဖြစ် ၊ ဖြစ်ဖြစ် သိုးဖြစ်ဖြစ် ရှာလာခဲ့” ထန်ရှုက မာထန်ထန် အမိန့်ပေးသည်။ “မြန်မြန်လုပ်ကြ”

“ဟုတ်ကဲ့” ဝန်ထမ်းသည် အမိန့်ကို ကြားလျှင်ချင်း အပြေးအလွှား ထွက်သွား၏။ သူက အားသိပ်ထုတ်မနေဘဲ ကြက်တစ်ကောင်နှင့် သိုးတစ်ကောင် သယ်လာလေသည်။

“ဟင်းတစ်ဇွန်းခပ်ပြီး သူတို့ပါးစပ်ထဲ ထည့်လိုက်” ထန်ရှုက ပြောသည်။

“ဟုတ်”

ဝန်ထမ်းများသည် ဟင်းရည်တစ်ဇွန်းအား ကြက်နှင့်သိုး၏ ပါးစပ်ထဲ အတင်းထိုးထည့်ပေးလိုက်၏။ ထို့နောက် ထန်ရှုအမိန့်အတိုင်း ၎င်းတို့ကို ချုပ်ထားသည်အား ဖြေလျော့ပေးလိုက်သည်။

နှစ်မိနစ်နေသော် ကြက်နှင့်သိုးကို စောင့်ကြည့်နေသော ဝမ်ထောင်က ဇဝေဇဝါ မေးသည်။ “အကောင်းကြီးပဲမဟုတ်ဘူးလား”

ဝမ်ရွှယ့်ကန်းလည်း အလျင်အမြန် ဝင်ပြောသည်။ “ဒီဟင်းပွဲက အဆိပ်ရှိမရှိ စမ်းသပ်ဖို့ သူတို့ကို သုံးခဲ့တာမဟုတ်ဘား။ အခုကြည့်ဦး အကောင်းအတိုင်းပဲလေ”

ထန်ရှုက စကားတစ်ခွန်းပြန်မပြောဘဲ ကြက်နှင့်သိုးကို ငုံ့ကြည့်နေသည်။ စက္ကန့်သုံးဆယ်ကြာသောအခါ ထွက်ပြေးဖို့ ကြိုးစားခဲ့သော ကြက်မှာ ရုတ်တရက် ဘုန်းခနဲ လဲကျသွားတော့သည်။

“ဟာ သွေးတွေ ပါးစပ်ထဲက စီးကျနေပါလား။ မျက်လုံးကိုလည်း ကြည့်ဦး ဘယ်လိုလုပ်နီရဲနေတာလဲ” တချို့က အထိတ်တလန့် အော်ကြလေသည်။

ချက်ချင်းပင် လူတိုင်း ကြက်သီးမွေးညင်းထလာကြသည်။ သူတို့သည် အသက်ငင်နေသော ကြက်ကို ကြည့်ရင်း ကြောက်လန့်နေကြ၏။

ကြက်ကို မြင်တွေ့ပြီးနောက် ထန်ရှုက သိုးကို ကြည့်သည်။ တစ်မိနစ်ကြာသည့်အခါ သိုးလည်း ဖြေးဖြေးချင်း လဲကျသေဆုံးသွားလေပြီ။

“သေ သေသွားပြီ”

အဆိပ်ကြောင့် ကြက်သေသွားသည့်အခါ အခန်းထဲလူတိုင်း ထိတ်လန့်သွားခဲ့ကြသော်လည်း သိုးလည်း သေသွားပြီးနောက်တွင်တော့ သူတို့အားလုံး ထွက်ပြေးချင်လာကြသည်။

ဝမ်ရွှယ့်ကန်းမှာ ရေခဲရိုက်ခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံးတောင့်တင်းသွားပြီး တွေဝေစွာ ရေရွတ်နေသည်။ “ဘယ်သူက ဟင်းထဲ အဆိပ်ခတ်ထားတာလဲ။ ဘယ်သူက ဒီနေရာက လူတိုင်းကို သေစေချင်တဲ့အထိ ယုတ်မာရက်စက်နိုင်တာလဲ”

ထန်ရှုက မျက်မှောင်ကြုတ်လျက် မေးသည်။ “တစ်ယောက်ယောက်ကို အတိုက်အခံများ လုပ်မိသေးလား မစ္စတာဝမ်”

ဝမ်ရွှယ့်ကန်းသည် ပါးစပ်ဟလိုက်သော်လည်း မည်သို့ဖြေရမှန်း မသိပေ။ သူ့လုပ်ငန်းက ကြီးမားသည်မဟုတ်ပါလော။ ယခုတလော မည်သူကိုမှ အတိုက်အခံမလုပ်ခဲ့လျှင်တောင်မှ အတိတ်တုန်းက ရန်ကြွေးများစွာ ရှိခဲ့လေသည်။ စီးပွားရေးလောကသားများအတွက် အပြစ်ကင်းဖြူစင်စွာ နေထိုင်ပြီး မည်သူ့ကိုမှ မထိပါးဖို့ကား မဖြစ်နိုင်ပေ။

ထန်ရှုသည် အတန်ကြာတိတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း ပြောသည်။ “ရဲခေါ်လိုက်။ ဒီကိစ္စက တော်တ်ောလေးကြီးတယ်။ ဒီအ‌ဆိပ်ရဲ့ တရားခံကို မရှာနိုင်သရွေ့ ကျုပ်တို့ ဘာကိုမှစားမဝင်တော့တဲ့အထိ ထိတ်လန့်နေလိမ့်မယ်”

ဝမ်ရွှယ့်ကန်းသည် ကျေးဇူးတင်နေသောမျက်လုံးများဖြင့် ထန်ရှုကို ကြည့်ကာ ပြောသည်။ “ကျုပ် အခုချက်ချင်း ရဲခေါ်လိုက်ပါ့မယ် မစ္စတာ။ ခင်ဗျား ဒီနေ့ ရှိနေပေးတာ တကယ် ဘုရားမတာပဲ‌ဗျာ။ မဟုတ်ရင် ကျုပ်တို့အားလုံး...”

သူက အဆုံးထိမပြောသော်လည်း လူတိုင်း ရှင်းလင်းစွာ မြင်နေရလေသည်။ ထန်ရှုသာ ယနေ့ ဤနေရာတွင် ရှိမနေခဲ့လျှင် သူတို့အားလုံး အဆိပ်မိ၍ သေဆုံးသွားကြလိမ့်မည်။

သူက ... လူတိုင်း၏ အသက်သခင်ကျေးဇူးရှင်ဖြစ်၏။

***

All Chapters