← Chapters

သဲလွန်စများ

Vol. 61 Ch. 849

သဲလွန်စများ

Vol. 61 Ch. 849

လူ ၁၀၀ နီးပါး၏‌ ကျေးဇူးတင်ခြင်းကို ခံနေရသော်သော်လည်း ထန်ရှု၏စိတ်ထဲတွင် ပျော်ရွှင်၀မ်းမြောက်မှု တစ်စိုးတစ်စိမျှ မရှိချေ။ ထိုအစား သူ့မှာ စိုးရိမ်ပူပန်နေရ၏။ အခြားသူများက ဤအဆိပ်ခတ်မှုနောက်ကွယ်မှ တရားခံကို သိချင်နေကြမည်ဖြစ်သော်လည်း သူကတော့ ဤ‌မူးယစ်နဂါးဆေးမှုန့်ကို ဖော်စပ်သူများမှာ ကျင့်ကြံသူများဟုတ်၊မဟုတ် သိ‌ချင်နေမိသည်။ ကျင့်ကြံသူသာ ဖော်စပ်ခဲ့ပါ ထိုလူသည် အဆိပ်ပညာ၌ ကျွမ်းကျင်နှံ့စပ်သည့်.....ယုတ်မာကောက်ကျစ်သည့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေလိမ့်မည်။

“မစ္စတာထန်။ ၀မ်ထောင်”

ထန်ရှုသည် အခြားသူများ၏ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရသည်ကို ဘယ်တုန်းကမှ မကြိုက်မနှစ်သက်ခဲ့ချေ။ သူသည် ဤရက်စက်လှသည့် အဆိပ်ခတ်မှုကို ကြိုးကိုင်သူများအပေါ် ဒေါသူပုန်ထနေသော်လည်း ထိုသူများ၏သရုပ်မှန်ကို မသိရသဖြင့် အချေအတင် မဖြစ်လိုချေ။ သူတို့ကား ယုတ်မာသော ကျင့်ကြံသူများမဟုတ်ဘဲ လူကောင်းများဖြစ်နေလျှင် သို့မဟုတ် ယုတ်မာသောကျင့်ကြံသူများဖြစ်သော်လည်း သူ‌မချေမှုန်းနိုင်ပါက ပြဿနာများက သူ့အပေါ် တစ်သီတစ်တန်း ကျရောက်လာပေလိမ့်မည်။ သူသည် ထိုသူများကို မကြောက်သော်လည်း သူ့တွင်မိသားစုဝင်များ၊ သူငယ်ချင်းများ ရှိနေသေး၏။ ထိုသူများ၏တိုက်ခိုက်မှုဒဏ်မှ သူ ဂရုစိုက်သူအားလူံကို ကာကွယ်ပေးနိုင်မည်မဟုတ်‌ချေ။

ကျန်းရှင်းယွဲ့၏အသားအရည်မှာ ဖျော့တော့နေ၏။ သူမမှာ ထန်ရှု ချင်းလင်စီရင်စုသို့ လာခဲ့ခြင်းအား ကျေးဇူးတင်သွားမိ၏။ သူသာ ဤနေရာသို့ ရောက်မလာခဲ့လျှင် သူမ ရှန်ဟိုင်းမှ ထွက်ခွာလာမည်မဟုတ်သလို ကျန်းရှင်းယာ၏နေရာ၌ သူမအစား၀င်စရာလိုမည်မဟုတ်ချေ။

ထန်ရှု ဤနေရာ၌ ‌ရှိနေခြင်းက သူမ၏အသက်ကိုသာမက သူမအစ်မဖြစ်သူ၏အသက်ကိုပါ ကယ်ခဲ့သည်ဟု ဆိုနိုင်ပေသည်။

ယခုတွင် ထန်ရှုထွက်ခွာသွားတော့မည်ကို မြင်လိုက်ရသဖြင့် သူမက အလျင်အမြန် ပြောလိုက်၏။ “မစ္စတာ၀မ် ဒီနေ့ဖွင့်ပွဲမှာ ကျွန်မရဲ့တာ၀န်ကျေသွားပြီဆိုတော့ ခွင့်ပြုပါဦး”

ထိုသို့ပြောပြီးနောက် သူမက ၀မ်ရွှယ့်ကန်းကို ပြန်ဖြေချိန်ပင် မပေးဘဲ ထန်ရှုနှင့်အတူ ထွက်သွားရန် ပြေးလိုက်သွားတော့သည်။

ထိုအခိုက်အတန့်တွင် ၀မ်ရွှယ့်ကန်းမှာ စိတ်ရှုပ်ထွေးနေသလို ဒေါသူပုန်လည်း‌ ထနေ၏။ သူဖွင့်ပွဲသို့ ဖိတ်ကြားခဲ့သည့်လူများနှင့် သူ့ကို အဆိပ်ခတ်သတ်ရန် ကြံစည်သည်အထိ ကောက်ကျစ်စဉ်းလဲသူက မည်သူဖြစ်သည်ကို သူမသိချေ။ သူသည် ကျန်းရှင်းယွဲ့ ထွက်သွားသည်ကို ဂရုမစိုက်သော်လည်း ထန်ရှုထွက်သွားမည်ကို စိုးရိမ်ပူပန်ကာ၊ မနေနိုင်မထိုင်နိုင် ဖြစ်နေချေသည်။

“ကျေးဇူးပြု၍ နေပါဦးလား မစ္စတာထန်” ၀မ်ရွှယ့်ကန်းက ခန်းမ၀င်၀သို့ လျှောက်သွားနေသည့် ထန်ရှုအား အလောတကြီး လှမ်းတား၏။

“မစ္စတာ၀မ် ခင်ဗျားအတွက် အသက်ပေးရလောက်တဲ့အထိ ကျုပ်တို့ မရင်းနှီးသေးဘူး။ လူတစ်ယောက် ဒါမှမဟုတ် လူတချို့က ခင်ဗျားကို သေခြင်းတရားဆီ တွန်းပို့ချင်နေဝာာ ဒါမှမဟုတ် ခင်ဗျား တစ်သက်လုံး နလန်မထူနိုင်အောင် လုပ်ချင်နေတာပဲ။ ဒါက အသေအကြေဖြစ်လိုတဲ့ အမုန်းတရားပဲ။ ကျုပ် ဝင်ပါလို့ ကျုပ်အတွက် အကျိုးမရှိဘူး။ ကျုပ် အကြံပေးရရင် ခင်ဗျား အလုပ်ဆက်လုပ်လို့ရတယ် ဒါပေမဲ့ လုံခြုံတဲ့တစ်နေရာမှာ ပုန်းနေတာကောင်းမယ်”

“သူဌေးကို ဒီကိစ္စထဲ ဆွဲမထည့်သင့်ကြောင်း ကျုပ်သိပါတယ် သူဌေးထန်” ၀မ်ရွှယ့်ကန်းက ခါးသီးစွာ ပြောသည်။ “ဒါပေမဲ့ ကျုပ် ပုန်းနေမှာမဟုတ်ဘူး။ ဒါ့အပြင် ကျုပ် ပုန်းနေရင်တောင်မှ သူတို့သာ တကယ်ဆန္ဒရှိရင် နည်းလမ်းပေါင်းစုံသုံးပြီး ကျုပ်ကို သတ်ပစ်နိုင်တယ်”

“အဲ့ဒီလောက် ကြောက်နေရင်လည်း ခင်ဗျားရဲ့ လုပ်ငန်းတွေကို မြန်မြန်ရောင်းပြီး ငွေ‌တွေကို ခပ်ဝေးဝေးကို ယူသွား” ထန်ရှုက ဖြေသည်။ “ကျုပ် တခြားဘာမှ မပြောချင်ဘူး။ ဒါပေမဲ့ ကျုပ်ကို ချင်းချန်တောင်ပေါ် ခေါ်သွားပေးမယ့် ခင်ဗျားသားရဲ့မျက်နှာကြောင့် တစ်ခုတော့ပြောပြလိုက်မယ်။ မူးယစ်နဂါးဆေးမှုန်းက သာမန်လူတွေ ဖော်စပ်လို့ရတဲ့အရာမဟုတ်ဘူး။ နောက်ကွယ်မှာ ကျင့်ကြံသူတွေ ရှိရမယ်။ ဒါ့အပြင် အဲ့ဆေးမှုန့်ကို သန့်စင်ရတဲ့အလုပ်က အင်မတန် ပင်ပန်းတယ်။ ရလာတဲ့ဆေးမှုန့်ကို တန်ဖိုးတောင် ဖြတ်လို့မရဘူး။ ဒါကြောင့် ခင်ဗျားကို တဖက်လူက အရိုးစွဲအောင် မုန်းမနေဘဲ ဒီလိုယုတ်မာရက်စက်လွန်းတဲ့ အဆိပ်ခတ်မှုကို လုပ်မှာမဟုတ်ဘူး။ ကဲ ကျုပ် ပြောသင့်တာလည်း ‌ပြောပြီးပြီဆိုတာ့ ခွင့်ပြုပါဦး”

‘ကျင့်ကြံသူတွေတဲ့လား’

၀မ်ရွှယ့်ကန်း၏မျက်လုံးများသည် ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွား၏။ သာမန်လူများသာ ကြံစည်ခဲ့ခြင်းသာဆိုပါက သူ ဤမျှ ကြောက်ရွံ့နေမည်မဟုတ်ချေ။ ချန်းချန်ဘုန်းကြီးကျောင်းသို့ အချိန်အနည်းငယ်ကြာ ရှောင်တိမ်း၍ သူ့လုပ်ငန်းများကို တခဏ ရပ်ဆိုင်းထားမည်သာ။

သို့သော်....လုပ်ကြံသူများက ကျင့်ကြံသူများသာဆိုလျှင် ချင်းချန်ဘုန်းကြီးကျောင်းလည်း သူ့ကို ကာကွယ်ပေးနိုင်မည်မဟုတ်ချေ။ ဘုန်းကြီးကျောင်းကိုပင် ဒုက္ခရောက်သွားစေနိုင်၏။

‘ငါ အဝေးတစ်နေရာကို သွားရမယ်’

၀မ်ရွှယ့်ကန်း၏မျက်နှာအမူအရာကား တိကျပြတ်သားသော အရိပ်အယောင်များဖြင့် ပြည့်နှက်သွား၏။ သူသည် လူ့အဖွဲ့အစည်းမှမည်သူမဆို၏ရန်စခြင်း၊ လှည့်စားခံရခြင်းကို ငြိမ်မခံခဲ့ချေ။ လုပ်ကြံသူများက ကျင့်ကြံသူများဖြစ်နိုင်ချေရှိသည့်အတွက် အဝေးတစ်နေရာသို့ သွားရန် ဆုံးဖြတ်လိုက်သည်။ လူတစ်ယောက် မည်မျှပင် ချမ်းသာပါစေ..သေဆုံးသွားပါက အလဟဿဖြစ်သွားပေလိမ့်မည်။

“တစ်ခုလောက် တောင်းဆိုလို့ရမလား သူ‌ဌေးထန်။ သူဌေးကို ကျုပ်ပြဿနာထဲ ဆွဲမထည့်ဘူးလို့ ကတိပေးပါတယ်။ ကျုပ်သားကို ချင်းချန်တောင်ဆီ ခေါ်သွားပြီး ကျုပ်အစ်ကိုကြီးဆီမှာ အပ်ထားပေးဖို့ တောင်းဆိုချင်လို့ပါ”

“ဒါက ပြောနေစရာတောင်မလိုပါဘူး။ ကျုပ် ခေါ်သွားပေးပါ့မယ်” ထန်ရှုက ဖြေသည်။

သို့သော် သူနှင့်အတူ ထွက်လာသော ‌ဝမ်ထောင် ခေါင်းခါရမ်း၍ ကျယ်လောင်စွာ ပြော၏။ “ကျွန်တော်မသွားဘူး အဖေ။ လုံး၀မသွားနိုင်ဘူး။ တစ်ယောက်ယောက်က ကျွန်တော့်တို့မိသားစုကို သေစေချင်နေတာ ‌အဖေနဲ့ပဲ လိုက်ခဲ့မယ်”

“သောက်ပေါက်ပိတ်ထားစမ်း ငတုံးကောင်” ၀မ်ရွှယ့်ကန်းက ‌ဒေါသတကြီး‌ အော်၏။ “လုပ်ကြံတဲ့ကောင်တွေက ကျင့်ကြံသူတွေသာဆိုရင် မင်း ငါနဲ့‌နေရင် အချည်းနှီး သေသွားလိမ့်မယ်ကွ။ မင်းသာ ချင်းချန်ဘုန်းကြီးကျောင်းမှာနေရင် ငါ စိတ်ပူစရာမလိုတော့ဘူး။ ငါတို့ မိသားစုလုပ်ငန်းကို မြန်မြန်ဖြေရှင်းပြီးတာနဲ့ လုံလောက်တဲ့ ငွေပမာဏရရင် ဒီနေရာကနေ ထွက်သွားတော့မှာ။ ငါ အခြေကျတာနဲ့ မင်းကို ခေါ်ဖို့ နည်းလမ်းရှာမှာပါ”

“ကျွန်တော်....” ၀မ်ထောင်က စကားပြောရန် ပြင်လိုက်သော်လည်း ထန်ရှုက တား၏။

“မင်းအဖေပြောတာမှန်တယ်။ မင်း ဒီမှာနေလို့ ဘာကောင်းကျိုးမှမရှိဘူး။ ၀န်ထုပ်၀န်ပိုးပဲဖြစ်နေမှာ” ထန်ရှုက ပြောသည်။ “မင်းအဖေရဲ့ အလုပ်ကိစ္စတွေမှာ အနှောင့်မယှက်မဖြစ်ရအောင် ချင်းချန်ဘုန်းကြီးကျောင်းကိုပဲ သွားကြတာပေါ့”

မိနစ်အနည်းငယ်ကြာသော် ထန်ရှုနှင့် တခြားလူများသည် ကားပါကင်နေရာသို့ ရောက်ရှိလာ၏။ မိုအားဝူ၊ ကျင်းရှီနှင့် အခြားသူများကို တွေ့လိုက်ရသည့်အခါ ထန်ရှု၏မျက်ခုံးများက တွန့်ချိုးသွားလေသည်။ သူသည် ‌သိုးနှင့်ကြက်အား စွပ်ပြုတ်မတိုက်ခင်အချိန်တွင် မိုအားဝူတို့ကို မီးဖိုချောင်ထဲရှိ သံသယဖြစ်စရာလူများအား ရှာဖွေစေခဲ့သည်။ ယခုတွင် သူတို့အားလုံး ပြန်ရောက်နေပြီဖြစ်ရာ ‌အ‌‌ဖြေတစ်ခု ရှရှိခဲ့ကြောင်း ထင်ရှား၏။

“နှစ်ယောက် ဖမ်းမိပါတယ် သူဌေး” မိုအားဝူက ၀မ်ထောင်နှင့် ကျန်းရှင်းယွဲ့ကို တစ်ချက်ကြည့်၍ ခပ်တိုးတိုး ပြောသည်။

“သူတို့ ဘယ်မှာလဲ” ထန်ရှုက မေး၏။

မိုအားဝူက ကားတံခါးကို လက်ညှိုးထိုး၍ ဖြေလေသည်။ “အထဲမှာပါ။ သူတို့ပုံစံတွေအရ နှစ်ယောက်လုံးက ကိုယ်ခံပညာရှင်တွေပဲ။ ဒီနေ့လာကြတဲ့ အသိုင်းအဝိုင်းအရ သိုင်းပညာရှင်တွေ ဖြစ်နိုင်ပါတယ်”

ထန်ရှုက ခေါင်းညိတ်၍ ကားဆီ လျှောက်သွား၏။ သူက တံခါးကို ဆွဲဖွင့်လိုက်ရာ ကြိုးတုတ်ခံထားရသော သက်လတ်ပိုင်းလူနှစ်ယောက်ကို တွေ့ရသည်။ သူတို့၏ဒွာရကိုးပေါက်မှ သွေးများ ထွက်နေပြီး အသက်မရှူကြတော့ချေ။

“သေသွားတာလား” မိုအားဝူက မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။

ထန်ရှု ထိုလူနှစ်ယောက်၏ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ရာ အဆိပ်သောက်၍ သတ်သေသွားကြောင်း တွေ့လိုက်ရသည်။ သို့သော် သူတို့၏လက်များကို ကြိုးတုပ်ထားခဲ့သဖြင့် အစောကတည်းက ကြိုတင် အဆိပ်ကို ငုံထားခဲ့ခြင်းဖြစ်လိမ့်မည်။ သူတို့ကို ဖမ်းမိသည်နှင့် အဆိပ်ဆေးလုံးကို ဝါးစားလိုက်ကြမည်သာ။

၎င်းအခြင်းအရာကိုက ပြဿနာတစ်ရပ်ဖြစ်နေလေပြီ။ ထန်ရှုမှာ အလောင်းနှစ်လောင်းကို ကြည့်၍ ခေါင်းပင်ကိုက်လာ၏။ ဤသို့ ကံဆိုးမှုမျိုးနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း ကြိုတင်သိရှိခဲ့ပါက ဗီလာဖွင့်ပွဲအား တက်ရောက်ရန် သဘောတူခဲ့မည်မဟုတ်ပေ။

သူ့အနောက်ရှိ ၀မ်ထောင်နှင့် ကျန်းရှင်းယွဲ့တို့မှာ အလောင်းများအား ကြောက်ရွံ့တုန်လှုပ်စွာ ကြည်နေ့ကြ၏။ တစ်ယောက်ကား ‌ဒုတိယမျိုးဆက်သူဌေးသား၊ နောက်တစ်ယောက်အား အသေးစားစီးပွားရေးလုပ်ငန်းရှင်ဖြစ်လေရာ ခန္ဓာကိုယ်ရှိ အပေါက်တိုင်းမှ သွေးထွက်နေသည့် အလောင်းများကို အဘယ်သို့ မြင်ဖူးကြမည်နည်း။ ထန်ရှု၊ မိုအားဝူနှင့် ကျင်းရှီတို့သာ ရှိမနေပါက ထွက်ပြေးပြီးသား ဖြစ်နေလိမ့်မည်။

“ထ..ထန်...ထန်ရှု။ ကျွန်မတို့ ဘာလုပ်ကြမလဲ” ကျန်းရှင်းယွဲ့မှာ သတိပင်မထားမိဘဲ ထန်ရှု၏လက်မောင်းကို ကိုင်၍ တုန်လှုပ်စွာ မေးလိုက်မိသည်။

“စိတ်မပူပါနဲ့။ ဒီလူနှစ်ယောက်က ရုပ်သေးရုပ်တွေပဲ။ သူတို့နောက်ကွယ်က ကြိုးကိုင်နေတဲ့လူက အခုထိ ပေါ်မလာသေးဘူး” ထန်ရှုက သူမကျောပြင်လေးအား ခပ်ဖွဖွ ပုတ်၍ ပြောသည်။ “မင်းအစ်မဆီ ပြန်ဖို့ အားဝူကို ထည့်ပေးလိုက်မယ်။ ပြီးရင်...ချင်းလင်စီရင်စုကနေ ချက်ချင်း ထွက်သွားတော့”

ကျန်းရှင်းယွဲ့မှာ အနည်းငယ် စိတ်ငြိမ်သွား၏။ သို့သော် သူမက ရုတ်တရက် အခြေအနေကို သတိရသွားပြီး ချက်ချင်း ဖုန်းထုတ်၍ ကျန်းရှင်းယာအား ဖုန်းခေါ်လိုက်၏။ သူမအစ်မနှင့် အချိန်အနည်းငယ် စကားပြောပြီး ဘေးကင်းကြောင်း အတည်ပြုပြီးသည့်အခါ၌ ချက်ချင်း ဖုန်းချလိုက်လေသည်။

“အခု ကျွန်မ မမဆီ ပြန်လို့မဖြစ်ဘူး ထန်ရှု”

“ဘာလို့လဲ” ထန်ရှု ဇဝေဇဝါဖြစ်သွားသည်။

“ဒီနေ့မတော်တဆမှုက ထူးဆန်းပြီး မသင်္ကာစရာကောင်းတယ်။ အခုအချိန်ထိတောင် နောက်ကွယ်က လုပ်ကြံတဲ့လူကို မသိရသေးဘူးလေ” ကျန်းရှင်းယွဲ့က ပြောသည်။ “သူတို့က ဖြစ်လာမယ့်အကျိုးဆက်တွေကို ဂရုစိုက်တဲ့ပုံမပေါ်ဘူး။ ၀မ်ရွှယ့်ကန်းကို သတ်ဖို့ ကြံစည်တာ ဖြစ်နိုင်‌ပေမယ့် ပစ်မှတ်ထဲ ကျွန်မပါနေရင်ရော။ သေချာအောင် ကျွန်မ ရှင်နဲ့ပဲလိုက်ခဲ့မယ်”

ထန်ရှုက မျက်မှောင်ကြုတ်၍ ပြော၏။ “ဒါပေမဲ့ မင်းရဲ့အစ်မက....”

“အပြင်လူတွေက ကျွန်မအစ်မအခြေအနေကို မသိကြသေးဘူး” ကျန်းရှင်းယွဲ့က ကြားဖြတ်ပြောသည်။ “ကျွန်မပြန်မသွားမချင်း ဟိုတယ်ကို အာရုံစိုက်မှာမဟုတ်ဘူး။ ပြီးတော့ မမကို အခုချက်ချင်း ရှန်ဟိုင်းကိုပြန်ပြီး ကျွန်မကို စောင့်နေဖို့ အကြောင်းကြားလိုက်မယ်”

“ဒါပေမယ့် ညီမ မမရှင်းယာဆီ ပြန်ရမယ်” ကျန်းရှောင်ယုက ရုတ်တရက် ဖြတ်ပြော၏။

ထန်ရှုက တခဏ တွေးတောပြီးနောက် ခေါင်းညိတ်လိုက်သည်။ “မင်းပြောတာ အကျိုးအကြောင်းသင့်တယ်။ ဒီမိန်းက‌လေး မင်းအစ်မနဲ့အတူ ရှန်ဟိုင်းကို ပြန်လို့ရ‌အောင် ငါ ဂူထောင်နဲ့ ကျန်းကျွေ့ကို ထည့်ပေးလိုက်မယ်။ မင်းက ငါနဲ့နေခဲ့မယ်ဆိုတော့ မင်းရဲ့နာမည်ကို သုံးပြီး လူတွေရဲ့အာရုံကို ဖမ်းထားလို့ရတယ်။ ဒါ‌ပေမယ့် ငါတို့က ချင်းချန်တောင်အတွင်းပိုင်းထဲထိ သွားမှာနော်။ မင်းရဲ့ခန္ဓာကိုယ်က ခံနိုင်ရည်ရှိပါ့မလား”

ထန်ရှု၏စီစဉ်မှုသည် ကျန်းရှင်းယွဲ့အား စိတ်ကျေနပ်စေပြီး သူမက လေးနက်တည်ကြည်စွာ ပြော၏။ “ရှင် ခံနိုင်ရည်ရှိတယ်ဆိုရငိ ကျွန်မလည်း လုပ်နိုင်မှာပါ”

“ကောင်ပြီလေ။ ဒါတို အတည်ဖြစ်သွားပြီ” ထန်ရှုက ပြောသည်။ “ဂူထောင်၊ ကျန်းကျွေ့ မင်းတို့နှစ်ယောက်လုံး ဒီမိန်းကလေးကိုခေါ်သွား။ ချင်းလင်စီရင်စုမှာ ကြာကြာမနေကြနဲ့။ ရွှဲ့ရှ၊ ဟိုက်ရွှန်း ဒီအလောင်းနှစ်လောင်းကို ရှင်းပစ်လိုက်။ ခြေရာလက်ရာမကျန်ခဲ့စေနဲ့”

ယောက်ျားလေးယောက်က လက်ယှက်အရိုအသေပေးကာ အမိန့်အတိုင်း လုပ်ဆောင်ကြတော့သည်။

နာရီ၀က်ကြာသော် ထန်ရှုတို့ငါးယောက်အဖွဲ့သည် ချန်းချန်တောင်အပြင်ဘက်ရှိ တောင်ထိပ်တစ်နေရာတွင် ရပ်နေကြ၏။ ထန်ရှုက စီးကရက်တစ်လိပ်ကို မီးညှိ၍ နှစ်ရှိုက်မျှဖွာလိုက်စဉ် သူ့အရှေ့၍ ပုံရိပ်နှစ်ခုက ရိပ်ခနဲ ပေါ်လာလေသည်။

“အလောင်းနှစ်လောင်းကို ရှင်းပြီးသွားပါပြီ သူဌေး။ ဘာအစနအနမှ မကျန်ခဲ့ပါဘူး” ရွှဲ့ရှက လက်ယှက်အရိုအသေပေးရင်း အစီအရင်ခံ၏။ ထန်ရှုက ခေါင်းညိတ်၍ ဟောဟဲလိုက်နေသော ၀မ်ထောင်နှင့် ကျန်းရှင်းယွဲ့အား လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက ပြော၏။ “ဒီမှာ ခဏနားကြစို့။ မိနစ် ၂၀ ကြာရင် ဆက်သွားကြမယ်။ ၀မ်ထောင် ချန်းချန်ဘုန်းကြီးကျောင်းဆီရောက်ဖို့ ဘယ်လောက် လိုသေးလဲ”

၀မ်ထောင်က အသက်ပြင်းပြင်းနှစ်ချက်ရှူသွင်း၍ တောင်၏မြောက်ဘက်ကို ကြည့်ကာပြောသည်။ “တောင်တက်လမ်းအတိုင်းသွားရင် ကျွန်တော်တို့ မနက်ဖြန်ညနေလောက် ရောက်လိမ့်မယ်။ ကျွန်တော် နောက်ထပ်လမ်းတစ်လမ်းကို သိတယ်။ ဒါပေမဲ့ အဲလမ်းက‌ တောအုပ်အတွင်းပိုင်းထဲမှာဆိုတော့ သားရဲတွေပေါပြီး အန္တရာယ်တော့များတယ်”

“သာမန်သားကောင်တွေက ငါ့တို့အတွက် အန္တရာယ်မရှိဘူး အေးဆေး” ထန်ရှုက သာမန်ကာလျှံကာ ပြော၏။

၀မ်ထောင်က ထန်ရှု၏အခြားသရုပ်မှန်ကို သတိရသွားသဖြင့် ခေါင်းညိတ်ကာ ‌ဆက်ပြောသည်။ “အစ်ကိုကြီးထန် ရှိတဲ့အတွက် ကျွန်တော်စိတ်မပူပါဘူး။ ပြဿနာက...ကျွန်တော်တို့ တောင်မတက်ခင် ရေနဲ့အစားအစာတွေ ယူမလာခဲ့မိဘူး။ ဗိုက်ဆာပြီး ရေငတ်လို့ ဒုက္ခရောက်မှာကို စိုးရိမ်မိတယ်”

“ဟားဟား” ထန်ရှုက ရယ်လိုက်သော်လည်း ခေါင်းခါရမ်း၍ ဘာမှမပြောချေ။

“ငါတို့အတွက် ရေရော၊ အစားအစာရောက အရေးမပါတဲ့အတွက် သယ်မလာလည်း ကိစ္စမရှိဘူး” မိုအားဝူက ခပ်ပြတ်ပြတ် ပြော၏။ “ဒါ့အပြင် ဒီတောအုပ်က နေရာတိုင်းမှာ သစ်သီးတွေနဲ့ပြည့်နေတာပဲလေ”

***

All Chapters